← Chapters

လူဆိုးထိန်းဌာနမှ လူသစ်ကလေး ( ၂ )

Vol. 6 Ch. 94

လူဆိုးထိန်းဌာနမှ လူသစ်ကလေး ( ၂ )

Vol. 6 Ch. 94

သူ ငယ်စဉ်ကတည်းက အဆင့်အတန်းခွဲခြားမှုများကို မြင်တွေ့ခဲ့ဖူးပြီး မည်သို့ ကိုင်တွယ်ရမည်ကို သိထားသည်။

ထို့ပြင် သူက သတိကြီးစွာဖြင့် သူ့ကို ဂိုဏ်းဝင်ခွင့်တံဆိပ်ပြား ပေးခဲ့သည့် လူနှင့် ပတ်သက်၍ ခေါင်းဆောင်ကို မမေးမြန်းခဲ့ချေ။

ထိုလူသာ ဆန္ဒရှိလျှင် ပေါ်လာရမည်ဖြစ်သည်။ သူသာ လူလုံးထွက်မပြချင်သည့်ဆန္ဒရှိနေပါက ရွှီချင်းကလည်း အဖြေကို အတင်းအကြပ် လိုက်ရှာနေမည် မဟုတ်ပေ။

“ သမားတော်ကြီးပိုင်ရဲ့ စောင့်ရှောက်မှုကြောင့်တော့ မဟုတ်ဘူး ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။

နှစ်နာရီကြာပြီးနောက် အပြင်ဘက်ကောင်းကင်ကြီး မှောင်မည်းသွားပြီဖြစ်သည်။ တိတ်ဆိတ်နေသော အခါသမယဝယ် ရွှီချင်း၏မျက်လုံးများ ပွင့်လာပြီး အထဲတွင် ချီတုံချတုံဖြစ်နေသည့်အရိပ်အယောင်များ ယှက်သန်းနေသည်။

သူ၏ကျင့်ကြံခြင်းအမြန်နှုန်းက ယမန်နေ့ကနှင့်ယှဉ်လျှင် များစွာ နှေးကွေးသွားသည်ကို သူ အာရုံခံမိလိုက်ပြီး အကြောင်းအရင်းကိုလည်း သူ သိသည်။

သူ၏ခန္ဓာကိုယ်ကို ဗူးတစ်လုံးနှင့် ချိန်ထိုးကြည့်ပါက ယမန်နေ့က ဗူးများသည် အလွတ်များသာ ဖြစ်ကြသည်။ ထို့ကြောင့် သူ ထွေထွေထူးထူး အားစိုက်ထုတ်နေစရာမလိုဘဲ ဝိညာဉ်စွမ်းအားအမြောက်အမြားကို စုပ်ယူနိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါ ဗူးများက ပြည့်လျှံနေပြီဖြစ်ရာ အပြင်ဘက်လောကမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူရန်အလို့ငှာ သူ၏စုပ်အားကို တိုးမြှင့်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ပေ။

“ ဒီလိုမှမဟုတ်ရင် အားစိုက်ထုတ်စရာမလိုဘဲ ဝိညာဉ်စွမ်းအားတွေ စီးဝင်လာအောင် လုပ်ရမယ်။ ဒါပေမဲ့ အဲဒါဆိုရင် အပြင်ဘက်မှာ ဝိညာဉ်စွမ်းအားတွေ အများကြီး ရှိနေမှရမယ် ”

ရွှီချင်းက ခေါင်းငုံ့၍ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်၍ ဘေးရှိ လှေနံရံကို ညွှန်လိုက်သည်။

သူညွှန်လိုက်သည့်နေရာမှ ရုတ်တရက် အလင်းတန်းများ ဖြာထွက်လာပြီး လှေတစ်ခုလုံး လင်းထိန်သွားသည်။ ယင်းက မန္တန်အစီအရင်တစ်ခုဖြစ်ပေသည်။

ထိုအချိန်၌ မန္တန်အစီအရင်က အပြည့်အဝ အသက်ဝင်လာပြီး အပြင်ဘက်မှ ဝိညာဉ်စွမ်းအားများကို နှေးကွေးသော်လည်း အဆက်မပြတ် စုပ်ယူနေသည်။ ထိုအကြောင်းအရင်းကြောင့် လှေပေါ်တွင် ကျင့်ကြံသည်က ပြင်ပလောကတွင် ကျင့်ကြံသည်ထက် ပို၍မြန်ဆန်နေရခြင်း ဖြစ်သည်။

ထိုမန္တန်အစီအရင်က ဝိညာဉ်စွမ်းအားများကို စုစည်းပေးသော မန္တန်အစီအရင်ဖြစ်၏။

“ စွမ်းအင်ရင်းမြစ်ကို ငါ အဆင့်မြှင့်တင်ရမယ် ”

ရွှီချင်း အတွေးနက်သွားရသည်။ မှော်လှေအကြောင်း ဖော်ပြထားသည့် ကျောက်စိမ်းပေလွှာထဲတွင် ကုန်ကြမ်းပစ္စည်းများဖြင့် လှေကို တိုးတက်အောင် မြှင့်တင်ခြင်းအပြင် နောက်ထပ်အရေးတကြီး မြှင့်တင်ရမည့် အရာတစ်ခုလည်း ရှိသေးကြောင်း သူ သိခဲ့ရသည်။

၎င်းမှာ စွမ်းအင်ရင်းမြစ် ဖြစ်သည်။

၎င်းသည် လှေကလေး၏ အခရာကျဆုံး အစိတ်အပိုင်းဖြစ်သည်။ လူ့နှလုံးသားကဲ့သို့ ၎င်းက လှေကလေး၏ စွမ်းအားကို အဆုံးအဖြတ်ပေးပြီး လှေကလေး၏ အစိတ်အပိုင်းများအနက် အပြောင်းအလဲလုပ်ရမည့် ဈေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။

အစပထမတွင် သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားအားလုံး၏ မှော်လှေကလေးများ၏ စွမ်းအင်ရင်းမြစ်က ဝိညာဉ်စွမ်းအင်များကို စုစည်းစေနိုင်သော မန္တန်အစီအရင်သာ ဖြစ်သည်။ ၎င်းတို့က ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်ပြီး အပိုစွမ်းအင်ရင်းမြစ်တစ်ခုအနေဖြင့် သိုလှောင်ပေးသည်။

၎င်းတို့၏အစွမ်းက မလုံလောက်ဘူးဟူ၍ ခံစားရပါက ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းကာ မန္တန်အစီအရင်၏အစွမ်းကို မြှင့်တင်နိုင်သည်။

ယင်းအပြင် တချို့သန္ဓေပြောင်းသားရဲများ၏ နှလုံးသားများသည်လည်း စွမ်းအင်ရင်းမြစ်များအတွက် အကောင်းဆုံးပစ္စည်းများ ဖြစ်ကြသည်။ စွမ်းအင်ရင်းမြစ်က အစွမ်းထက်လေလေ ဝိညာဉ်စွမ်းအားစုစည်းစေနိုင်သော မန္တန်အစီအရင်၏ အစွမ်းသည်လည်း ကြီးမားလာလေလေပင်။ ယင်းအပြင် လှေ၏ကာကွယ်နိုင်စွမ်းနှင့် အမြန်နှုန်းတွင်လည်း စွမ်းအားအပြည့်အဝ အသုံးချလာနိုင်သည်။

ထိုသို့မဟုတ်ဘဲ စွမ်းအင်ရင်းမြစ်သာ အရည်အသွေးမကောင်းပါက မည်မျှပင် အပြင်ပန်းကုန်ကြမ်းပစ္စည်းများ ဖြည့်သွင်းနေစေကာမူ စွမ်းအားအပြည့်အဝ ထုတ်ဖော်ရန် အလွန် ခက်ခဲနေမည်ဖြစ်သည်။

ထိုအတွေးကြောင့် ရွှီချင်းက အံတင်းတင်းကြိတ်လိုက်ပြီး သူ့၌ရှိသော ဝိညာဉ်ကျောက်တုံးဆယ်တုံးအနက် တစ်တုံးကို ထုတ်၍ မန္တန်အစီအရင်ပေါ် တင်ထားလိုက်သည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးပျောက်သွားပြီး မှော်လှေကလေး တုန်ခါသွားသည်။

မန္တန်အစီအရင်မှ အလင်းတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး မှော်လှေက လေပွေတစ်ခုအသွင် ပြောင်းလဲသွားဟန်တူသည်။ ဝိညာဉ်စွမ်းအားများက ယခင်ကထက် သိပ်သည်းလာပြီး အရပ်မျက်နှာအနှံ့ရှိ ဝိညာဉ်စွမ်းအားများကို အတင်းအကြပ် စုပ်ယူနေတော့သည်။

ရွှီချင်းက ချက်ချင်း ကျင့်ကြံလိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏ကျင့်ကြံခြင်းအမြန်နှုန်းက အဆပေါင်းများစွာ မြန်ဆန်နေတော့သည်။

မိုးသောက်ယံရောက်သောအခါ ရွှီချင်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ခရမ်းရောင်အလင်း ဝင်းလက်သွားသည်။

“ ပင်လယ်အသွင်ပြောင်းပညာရပ်၊ အဆင့်ခြောက် ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ပေခြောက်ရာရှည်သော ဝိညာဉ်ပင်လယ်တစ်စင်းကို အာရုံခံမိလိုက်သည်။ ၎င်းက ယခင်ကထက် ပေတစ်ရာသာ ရှည်လာပါသော်လည်း ထိုပေတစ်ရာအရှည်သည်ပင် နေရာများစွာကို လွှမ်းခြုံသွားကာ ပို၍ပင် နက်ရှိုင်းသောအနက်အထိ ရောက်သွားသည်။

ထို့ကြောင့် ထုထည်အားဖြင့် များစွာ ကြီးမားလာသည်ဟု ဆိုနိုင်သည်။ အရေးကြီးဆုံးအချက်က ၎င်းတို့၏ တန်ခိုးအစွမ်းသည်လည်း ပြောင်းလဲသွားခြင်း ဖြစ်သည်။

“ ဒီလိုသာ ဆက်သွားနေရင် နောက်ထပ်ရက်နည်းနည်းလောက်ဆို ပင်လယ်အသွင်ပြောင်းပညာရပ်က တောင်တန်းပင်လယ်ပညာရပ်နဲ့ အဆင့်အတူတူကို ရောက်သွားတော့မှာပဲ ”

ရွှီချင်းက ထိုအမြန်နှုန်းနှင့်ပတ်သက်၍ အလွန် အားရကျေနပ်နေသည်။ သူ သက်ပြင်းချနေရသည့်အချက်မှာ ကျင့်ကြံခြင်းအသုံးစားရိတ်က ကြီးမားလွန်းနေခြင်း ဖြစ်သည်။

တစ်ညအတွင်း ဝိညာဉ်ကျောက်တုံးတစ်တုံး ကုန်သွားခဲ့ပေသည်။

ထိုအချိန်၌ အပြင်ဘက်ရှိ ကောင်းကင်ကြီးက လင်းထိန်လာပြီဖြစ်သည်။ ရွှီချင်းက သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီး အလုပ်စရန် မှော်လှေထဲမှနေ၍ လူဆိုးထိန်းဌာနသို့ ထွက်လာခဲ့သည်။

လူဆိုးထိန်းဌာနတွင် အလုပ်လုပ်ရခြင်းသည် တာဝန်သာမက လစာပါ ရသည်။ ဂိုဏ်းတံဆိပ်ပြားထဲရှိ သတင်းအချက်အလက်အရ တစ်လလျှင် စွမ်းဆောင်မှုရမှတ်သုံးထောင် ရမည်ဖြစ်သည်။

ထို့ကြောင့် ရွှီချင်း လွန်စွာ အလေးအနက် ဖြစ်နေတော့သည်။ နေထွက်ပြီး မကြာခင် လူဆိုးထိန်းဌာနကို သူ ရောက်သွားသည်။ သူက ရွှမ်ဌာနခွဲကို လျှောက်လာခဲ့ပြီး ခေါင်းဆောင်နှင့် အမှတ်ခြောက်အသင်းဝင်များကို မြင်လိုက်ရသည်။

တစ်သင်းလုံးတွင် လူနှစ်ဆယ်ကျော်ရှိသည်။ အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ပြီး သူတို့အားလုံး ထူးခြားသော ရုပ်ရည်သွင်ပြင်ရှိကြသည်။ သူတို့တစ်ယောက်စီတိုင်းမှ ထူးကဲသော ကျင့်ကြံခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူတို့သည်လည်း ရွှီချင်းကို မြင်သွားကြသည်။ သို့သော် သူတို့ထဲမှ အများစုက အေးတိအေးစက်ဖြစ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ထိတ်လန့်နေသည့်အလားပင်။

ရွှီချင်းက ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူတစ်ယောက်ဖြစ်၍ ငြိမ်သက်စွာဖြင့် လူအားလုံးနှင့် ခပ်ကွာကွာနေလေသည်။ မကြာခင် အခန်းထဲမှ အမှတ်ခြောက်အသင်းခေါင်းဆောင်က ပန်းသီးတစ်လုံးကို စားရင်း ပျင်းရိပျင်းတွဲဟန်ဖြင့် လျှောက်လာသည်။

“ ဒီနေ့တာဝန်ကလည်း အပြင်ထွက်ပြီး လက်ကျန်ညဉ့်ငှက်အဖွဲ့ဝင်တွေကို ရှာရမယ် ”

“ ဒီတော့ မင်းတို့အားလုံး ရာဇဝတ်ကောင်တွေကိုပဲ မျက်စိဒေါက်ထောက်ကြည့်မနေကြနဲ့။ အဲဒါက ဆုကြေးငွေအများကြီး ရမှာဆိုပေမဲ့ ညဉ့်ငှက်အဖွဲ့ကလည်း ငါတို့အတွက် နောက်ကျ သော့ချက်ဖြစ်လာမှာ။ မှတ်ထား၊ သဲလွန်စတစ်ခုခုတွေ့ရင် ရန်သူကို သတိမပေးနဲ့။ ဌာနကို ပြန်လာပြီး သတင်းပို့။ ဌာနက သတင်းအချက်အလက် မှန်၊မမှန် စစ်ဆေးပြီး တိကျသေချာတဲ့အစီအစဉ် လုပ်ပေးလိမ့်မယ် ”

“ ကဲ၊ အားလုံးပဲ အလုပ်စလို့ရပြီ ”

ခေါင်းဆောင်၏စကားဆုံးသောအခါ အမှတ်ခြောက်အသင်းဝင်များအားလုံး လူစုခွဲသွားကြသည်။ ဤတစ်ကြိမ်တွင် ခေါင်းဆောင်က ရွှီချင်းနှင့်အတူ လိုက်ပါမလာဘဲ ရွှီချင်းကို ရာဇဝတ်ကောင်စာရင်းမှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာကလေးတစ်ခုကို ပေးကာ တစ်ယောက်တည်း လှုပ်ရှားစေလိုက်သည်။ ထိုအစီအစဉ်အတွက် ရွှီချင်းအနေဖြင့် အတွန့်တက်နေစရာ အကြောင်းမရှိချေ။ ထို့ကြောင့် လူဆိုးထိန်းဌာနမှ ခပ်သွက်သွက်ထွက်လာသည်။ အချိန်အများစုတွင် သူက မှောင်ရိပ်ခိုကာ သွားနေ၏။

အမှောင်ထဲမှနေ၍ လမ်းများထက်တွင် ခပ်သွက်သွက်သွားနေသော လူများနှင့် ဈေးဆိုင်အမျိုးမျိုးကို သူ ကြည့်ခဲ့ပြီး မြို့ကြီး၏ ပေါကြွယ်ဝမှုကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ရသည်။

လမ်းတွင် သူ ငယ်ငယ်က စားချင်ခဲ့သော " ပီးထျန်ဟူလု " ရောင်းနေသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ပီးထျန်ဟူလုတစ်ချောင်း သွားဝယ်လိုက်ပြီး အဆိပ်ခတ်မထားကြောင်း အတည်ပြုပြီးနောက် စားလိုက်ပြီး အမှောင်ရိပ်ခို၍ ဆက်သွားလိုက်သည်။

သူသည် ရာဇဝတ်ကောင်စာရင်းကို ဖတ်ရှုခဲ့ပြီဖြစ်ပြီး မည်သည့်အတွက် ခေါင်းဆောင်က အဖွဲ့ဝင်များအား ရာဇဝတ်ကောင်များကိုသာ စောင့်ကြည့်မနေရန် သတိပေးသည်ကို နားလည်သွားသည်။ ထိုရာဇဝတ်ကောင်များအတွက် ဆုကြေးငွေက မက်မောစရာဖြစ်နေသည်။ အနိမ့်ဆုံးဆုကြေးသည် ဝိညာဉ်ကျောက်တုံးဆယ်တုံးဖြစ်ပြီး အမြင့်ဆုံးဆုကြေးက ဝိညာဉ်ကျောက်တုံးရာပေါင်းများစွာ ဖြစ်သည်။

မကြာခင် နေမွန်းတည့်အချိန်ကို ရောက်လာပြီဖြစ်သည်။ ယခုအချိန်တိုင်အောင် အချိုသီးများကို ဖြည်းညင်းစွာ စားနေသော ရွှီချင်းသည် ဆတ်ခနဲ ရပ်သွားပြီး အဝေးတစ်နေရာရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။

ထိုနေရာ၌ အလွန်ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပါသော်လည်း သိသာထင်ရှားသော ခန္ဓာကိုယ်ကောက်ကြောင်းကို ဖုံးကွယ်မထားနိုင်သည့် အမျိုးသမီးတစ်ဦးရှိသည်။ ထိုအမျိုးသမီးသည် လမ်းသွားလမ်းလာများထံမှ အိတ်နှစ်အိတ်ကို ကျင်လည်စွာ ခိုးယူနေသည်။

သူမက သူမ၏အရည်အချင်းကို အလွန်ယုံကြည်မှုရှိဟန်တူသည်။ လူအုပ်ထဲမှ ထွက်လာပြီးနောက် သူမ၏နှုတ်ခမ်းက ကွေးညွတ်သွားပြီး အားရကျေနပ်သောအပြုံးတစ်စ လှစ်ခနဲ ထွက်ပေါ်လာသည်။

သို့သော်လည်း မနီးမဝေးရှိ လမ်းထောင့်တစ်နေရာတွင် ရှိနေသော ရွှီချင်း၏ အသက်မဲ့နေသော မျက်နှာကို မြင်သောအခါ ထိုအမျိုးသမီး၏အပြုံး ရပ်သွားသည်။

မကြာခင် ထိုအမျိုးသမီးက ရှက်သွားဟန်ဖြင့် ခေါင်းငုံ့သွားကာ ထွက်ခွာရန်ပြင်လိုက်ပါသော်လည်း မျက်လုံးထောင့်စွန်းမှနေ၍ ရွှီချင်း လျှောက်လာနေသည်ကို သတိထားမိလိုက်သည်။

ထို့ကြောင့် ထိုအမျိုးသမီးသည် အလွန်သတိထားသွားပါသော်လည်း ရွှီချင်းကို မမှတ်မိသေးချေ။ သို့သော် အန္တရာယ်ကို အလိုလိုသိနေသော ခံစားချက်ကြောင့် ရွှီချင်းကို ရှောင်ရှားရန် လူအုပ်ကြီးထဲ အလျင်အမြန် ပြေးဝင်သွားသည်။

သို့သော်လည်း ရွှီချင်းက ထိုအမျိုးသမီးကို မှတ်မိသွားသည်။

ထိုအမျိုးသမီးသည် လွန်ခဲ့သောညများက သူ့ကို ချောက်တွန်းကာ ထွက်ပေါက်ရှာသွားခဲ့သည့် အမျိုးသမီးဖြစ်သည်။

ထိုအမျိုးသမီးကြောင့် သူ ပထမဆုံးရောက်သည့်နေ့မှာပင် မလွှဲသာမရှောင်သာ လူသတ်ခဲ့ရသည်။

ထို့ကြောင့် ရွှီချင်းက လက်ထဲရှိ အသီးလက်ကျန်ကို ကိုက်လိုက်သည်။ ထို့နောက် သူ၏ညာလက် လှုပ်ရှားသွားပြီး တုတ်ချောင်းလေးက လျှပ်စီးလက်သည့်အလား လေဟုန်ခွင်း၍ အမျိုးသမီးထံ ပြေးဝင်သွားသည်။

၎င်းက လက်ဖျားခါရလောက်အောင် မြန်ဆန်လှသည်ဖြစ်၍ အမျိုးသမီးသည် သိသိသာသာ မျက်နှာပျက်သွားပြီး အချိန်မီ မရှောင်တိမ်းနိုင်ချေ။ လူအုပ်ကြားထဲ မရောက်ခင်မှာပင် ထိုအမျိုးသမီး၏ခြေထောက်ကို ဝါးတုတ်ကလေး ထိုးစိုက်သွားသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ ထိုအမျိုးသမီး၏ နူးညံ့ချောမွတ်သောခန္ဓာကိုယ်က မြေပြင်နှင့် သံရိုက်လိုက်သည့်ပမာ ဖြစ်သွားသည်။

သွေးပျက်ခမန်း စူးစူးဝါးဝါးအော်ဟစ်သံ ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် အားနွဲ့သောအမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်နေသည့်အလား အကူအညီတောင်းသည့်အသံများပါ လွင့်ပျံလာသည်။ ထိုအသံများကြောင့် ဘေးပတ်လည်ရှိ လူအုပ်ကြီးက အထိတ်တလန့်ဖြင့် အလျှိုအလျှို လူစုခွဲသွားကြသည်။

တချိန်တည်းမှာပင် တုန်ရီနေသော အမျိုးသမီး၏နားထဲသို့ ရွှီချင်း၏ အေးတိအေးစက်အသံ တိုးဝင်လာသည်။

“ ခင်ဗျား နောက်တစ်ခွန်း ထပ်ဟကြည့်၊ ခင်ဗျားပါးစပ်ကို စုတ်ပြတ်သပ်သွားအောင် ကျုပ် လုပ်ပစ်မယ် ”

ရွှီချင်း၏ သင်ယူနိုင်စွမ်းနှင့် တုပနိုင်စွမ်းက သူ၏မှတ်ဉာဏ်ကဲ့သို့ ကောင်းမွန်နေပေသည်။

https://mmxianxia.com/wp-content/uploads/2022/12/download.jpeg

ဘာသာပြန်သူမှတ်စု။ ပီးထျန်ဟူလုဆိုတာ အသီးတွေကို တုတ်ထိုးထားတာပါပဲ။ မြန်မာလိုအခေါ်အဝေါ် ဘယ်လိုလဲမသိတော့ တရုတ်လို " ပီးထျန်ဟူလု " လို့ပဲ ရေးလိုက်ပါတယ်။ အောက်မှာပုံလေး ထည့်ပေးထားပါတယ်။

All Chapters