လူထူးလူဆန်းကိုဖမ်းမလို့လား
Vol. 18 Ch. 243
အခန်း (၂၄၃) လူထူးလူဆန်းကိုဖမ်းမလို့လား
နံနက်အရုဏ်တက်။
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာသည်။ သူ အမြန်ဆုံး ပြန်လာခဲ့သည့်တိုင် နေထွက်ခါနီးအချိန်မှသာ ပြန်ရောက်လာခဲ့သည်။
သူက ခြံဝန်းဆီသို့ မသွားတော့ဘဲ မရဏဂူသို့သာ တန်းလာခဲ့၏။ သူရရှိထားသည့် ဒဏ်ရာများကို ကုသရဦးမည် မဟုတ်ပါလား။
သူ့လက်မှဒဏ်ရာကတော့ အတော်လေးသက်သာနေပြီဖြစ်ပြီး ကျိုးသွားသည့်အရိုးများလည်း ပြန်ဆက်နေပြီ ဖြစ်သည်။
ဒဏ်ရာသိပ်မပြင်းထန်သည့်အတွက် ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက သူ ထိုမျှ မြန်မြန်ဆန်ဆန် ပြန်လည်သက်သာလာမည် မဟုတ်ပေ။
ယခုတစ်ကြိမ်တိုက်ပွဲတွင် အလွန်တရာ စွမ်းအားမြင့်မားသူ (၂)ယောက်နှင့် ရင်ဆိုင်ခဲ့ရလေရာ အစစ်အမှန်အင်မော်တယ်အဆင့်ဆိုသည်မှာလည်း အတော်လေး အသုံးမကျသည့်အဆင့်ဟု သဘောပေါက်လာခဲ့သည်။
သူစိတ်ကူးထားသလိုပင် နဝမတောင်ထွတ်တွင် ဂူအောင်းရင်းဖြင့် တန်ခိုးစွမ်းအားမြင့်မားသည်ထက်မြင့်မားအောင် ကျင့်ကြံခြင်းက အကောင်းဆုံး ဖြစ်သည်။
သို့သော်…
"ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်ရှီးဟယ်… အဲဒီလူက ဘာလဲ"
"နတ်ဘုရားတစ်ပါးလား ၊ ဒါမှမဟုတ် ဂုဏ်ပုဒ်တစ်ခုလား"
နဝမတောင်ထွတ်စာကြည့်တိုက်မှ စာအုပ်များထဲတွင်ရော ခွန်လွန်တောင်စာကြည့်တိုက်မှ စာအုပ်များထဲတွင်ရော ထိုအမည်ကို ကျန်းလန် တစ်ခါမှ မကြားခဲ့ဖူးပေ။
အချိန်အားမှသာ ရှေးဟောင်းာအုပ်များထဲတွင် ထိုနာမည်ကို ရှာဖွေကြည့်ရပေမည်။
ထို့ပြင် ထိုပုဂ္ဂိုလ်ပြောသွားသည်မှာ သူ့နာမည်ကို 'တ' လိုက်ရုံဖြင့် သူ့အသက်ကို ကယ်တင်ပေးမည်ဟူ၍ ဖြစ်၏။
ကျန်းလန်က ငတုံးမဟုတ်ပေ။
ထိုသူပြောသည့်စကား မှန်သည် ၊ မှားသည်ကို သူ မသိရှိနိုင်ပေ။ မှန်ချင်မှလည်း မှန်ပေလိမ့်မည်။
ထိုစကားသာ အမှန်ဖြစ်ပါက သူက ထိုပုဂ္ဂိုလ်၏ နာမည်ကို 'တ' လိုက်သည်နှင့် တစ်ဖက်လူက သူ့ကို အာရုံခံမိသွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျန်းလန်အတွက် အန္တရယ်များလွန်းလှသည်။
ထိုသူ၏နာမည်ကို 'တ' လိုက်မိချိန်တွင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားက သက်ရောက်မှု ရှိပါဦးမည်လား။
အကယ်၍ သစ်ရွက်အမြင်တန်ခိုးစွမ်းအားက သက်ရောက်မှု ရှနေမည်ဆိုလျှင် သူ အကူအညီတောင်းသည်ကို တစ်ဖက်လူက အာရုံခံနိုင်ပါမည်လား။
ထိုသူ၏ အမည်ကို 'တ' လိုက်သည်နှင့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားက အလုပ်မလုပ်တော့လျှင် သူ မည်သူမည်ဝါဖြစ်ကြောင်း တစ်ဖက်လူက ကျိန်းသေ သိရှိသွားပေမည်။
ကျန်းလန် ခေါင်းခါယမ်းလိုက်ပြီး ထိုအကြောင်းများကို ဆက်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သေချာသည့်ကိစ္စတစ်ခုမှာ ထိုပုဂ္ဂိုလ်က အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ထို့ပြင် ထိုသူတွင် ထူးခြားသည့် စွမ်းရည်တစ်ခုလည်း ရှိသည်။
နောက်တစ်ချက်မှာ ထိုသူက ခွန်လွန်တောင်မှ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။
ထိုသူပြောသလို ခွန်လွန်ဝတ်ကျောင်းတော်သို့သွားရောက်ရန်ကတော့…
ကျန်းလန်အနေဖြင့် ထိုနေရာသို့ သွားရောက်ရန် ရည်ရွယ်ချက် မရှိပေ။
သူက သူလျှိုတစ်ယောက်မဟုတ်ဘဲ ခွန်လွန်တောင်မှ တပည့်တစ်ယောက်ဖြစ်သော်လည်း ထိုနေရာသို့ အလျင်စလို သွားရောက်စရာ မလိုပေ။
ခွန်လွန်ဝတ်ကျောင်းတော်အကြောင်းကို စာအုပ်စာပေများထဲတွင် ကြားဖူးသော်လည်း မည်သည့်နေရာတွင် တည်ရှိသည်ကို ကျန်းလန် မသိရှိပေ။
တိုတိုပြောရန်လျှင် သူ တစ်ဖက်လူပြောသည့်စကားများအတိုင်း လိုက်လုပ်မည် မဟုတ်ပေ။ ထိုစကားများက သူ့ကို ထောင်ချောက်ဆင်ခြင်းလည်း ဖြစ်နိုင်သည်။
ထိုသူ နောက်ဆုံးပြောသွားသည့် အကြံပေးစကားကိုလည်း ကျန်းလန် သိပ်အရေးမစိုက်ပေ။ လက်ရှိ သူ့အဆင့်ဖြင့်ဆိုလျှင် ခွန်လွန်တောင်ကို ရန်ဘက်ပြုနိုင်မည် မဟုတ်ပေ။
သို့သော် တစ်နေ့နေ့တစ်ချိန်ချိန် ခွန်လွန်တောင်နှင့် ရန်သူများဖြစ်လာလျှင်လည်းကိစ္စ မရှိပေ။ သူက ရန်သူဆိုလျှင် အရှင်မထားတတ်သည့် စိတ်ထားရှိပြီး ထိုစိတ်ထားက ပြောင်းလဲခြင်းမရှိ တစ်သမတ်တည်း ဖြစ်သည်။
ကျန်းလန် ဒဏ်ရာများကို ဆေးကုသရန် အာရုံစိုက်လိုက်သည်။ ဒဏ်ရာများ သက်သာလာသည်အထိ စောင့်ဆိုင်းပြီးမှ ဆရာဖြစ်သူကို သွားတွေ့ရမည် ဖြစ်၏။
မျက်လုံးများမမှေးမှိတ်ခင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ကျန်းလန် တစ်ချက်ကြည့်လိုက်သည်။ ရေကန်နံဘေးတွင် အဖြူရောင်နဂါးလေးက ခွေခွေလေးရှိနေပြီး သူမ ဘာလုပ်နေသည်ကို ကျန်းလန် မသိရှိနိုင်ပေ။
ကျောက်စိမ်းရေကန်အတွင်းသို့ စိမ့်ဝင်နေသည့် အနက်ရောင်တစ္ဆေချီစွမ်းအားများကတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကြည့်ရသည်မှာ ဤကိစ္စက တောအုပ်ထဲမှ သေခြင်းရှင်ခြင်းတိုက်ပွဲနှင့် အမှန်တကယ် ဆက်စပ်နေဟန် ရှိသည်။
ကျန်းလန် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ ဒဏ်ရာများကို ဆေးကုသရန်အတွက် မျက်လုံးများကိုသာ မှိတ်လိုက်လေတော့၏။
***
လျိုကျင်းက…
"ခွန်လွန်ဝတ်ကျောင်းတော်ကိုဖွင့်ပြီး တပည့်ရင်းတွေကို ဝတ်ကျောင်းတော်ထဲဝင်ခိုင်းမယ်"
ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်လှစ်ခြင်းက အတော်လေး ဒုက္ခများသည့်ကိစ္စဖြစ်ပြီး ရရှိသည့်အကျိုးအမြတ်က ကြီးမားခြင်း မရှိပေ။ ထို့ကြောင့် သိပ်ပြီး မတန်ဟု ဆိုရမည်။
ကျိုးကျုန်းထျန်းက…
"ခွန်လွန်ဝတ်ကျောင်းတော်ကို ဖွင့်လိုက်ရင် အဲဒီလူထူးလူဆန်းကို မျှားခေါ်နိုင်မှာလား"
မြောင်ယွဲ့က ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
"အဲဒီလူကို မျှားခေါ်နိုင်မှာ မဟုတ်ဘူး"
ထို့နောက် သူမက ဘေးနားရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်ရင်း စကားဆက်ပြောသည်။
"ဒီလူထူးလူဆန်းက ခွန်လွန်တောင်မှာ ရှိနေတာ သေချာတယ် ၊ ဒါပေမဲ့ ဘယ်သူမှ သူ့အကြောင်း မသိနိုင်ကြဘူး ၊ သူ့ကို မျက်စိရှေ့မှာတွေ့မြင်ရင်တောင်မှ သူ့ပုံစံကို ဖုံးကွယ်ထားတာကြောင့် ဘာမှ အသုံးမဝင်ဘူး"
သူမက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး…
"ပြီးတော့ ဒီလူက အရမ်းအပုန်းကောင်းတယ် ၊ ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်တယ်ဆိုတာနဲ့ သူက အရမ်းသတိထားနေလိမ့်မယ် ၊ ဒါပေမဲ့ သူက ခွန်လွန်တောင်က တပည့်တစ်ယောက်ဆိုရင်တော့ ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်တဲ့ကိစ္စကို အနည်းနဲ့အများ စိတ်ဝင်စားမှု ရှိနိုင်တယ် ၊ ဒါပေမဲ့ သူ စိတ်ဝင်စားတာက သူ့ကျင့်ကြံခြင်းအဆင့်အတွက် အထောက်အကူဖြစ်နိုင်မလားဆိုတာလောက်ပဲ ဖြစ်လိမ့်မယ် ၊ ကျန်တာအသုံးမဝင်ဘူး… ၊ ဒါပေမဲ့…"
ခဏမျှ တိတ်ဆိတ်နေပြီးမှ မြောင်ယွဲ့က ဆက်ပြောသည်။
"ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်ရှီးဟယ်… ၊ ဒီဂုဏ်ပုဒ်က ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာတောင် မှတ်တမ်းတင်ထားတာ ခပ်ရှားရှားပဲ"
"သူသာ ဒီနာမည်အကြောင်း သိချင်တယ်ဆိုရင် အဲဒီနာမည်နဲ့ပတ်သက်တဲ့စာအုပ်တွေ လိုက်ရှာမှာပဲ ၊ ဒီအချက်ကိုသာ ဖမ်းမိနိုင်ရင် ဒီလူဘယ်သူလဲဆိုတာကို ပစ်မှတ်ရထားရှာဖွေရမယ့်လူစာရင်းက ဘောင်ကျဉ်းလာမှာပါ"
ကျူးချင်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…
"ကျွန်မတို့က သူ့ကို ဖမ်းကြမလို့လား"
သူမက ခဏမျှစဉ်းစားပြီးမှ စကားဆက်ပြောလိုက်သည်။
"ဒါဖြင့် သူက ကျွန်မတို့လိုက်ရှာမှာကို စောင့်နေတာဆိုရင်ရော ၊ သူ့လျှို့ဝှက်ချက်ကို မထိန်းနိုင်တော့ရင် ကလေးတွေက လူကြီးတွေသိသွားမှာကို စောင့်နေတာမျိုးလေ"
ထိုစကားကိုကြားသည်နှင့် အားလုံးက ကျူးချင်ကို လှမ်းကြည့်လိုက်ကြသည်။
ကျူးချင် : "…………"
သူမက တောင်သခင်များအားလုံးထဲတွင် အငယ်ဆုံးဖြစ်ပြီး စိတ်ခံစားချက်များသူလည်း ဖြစ်သည်။
သူမ၏ ဂိုဏ်းတူအစ်မ (၂)ယောက်တွင် ချန်ရှီက နက္ခတ်ပညာကျွမ်းကျင်ပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်သူဖြစ်ပြီး မြောင်ယွဲ့ကတော့ ထက်မြက်လွန်းသူ ဖြစ်သည်။
သူတို့ (၂)ယောက်နှင့်ယှဉ်လျှင် သူမက အမြဲတမ်း လိုက်မမီနိုင် ဖြစ်ရသည်။ သူမ၏ လျှို့ဝှက်ချက်များကိုလည်း ထိုအစ်မ (၂)ယောက်က အမြဲတမ်း သိရှိနေကြသည်ပင်။
မြောင်ယွဲ့က တစ်ခဏမျှ စဉ်းစားနေရင်း…
"ဒါ အဓိပ္ပါယ်ရှိတယ် ၊ ဒါပေမဲ့ ဘယ်လိုပဲလိုက်ရှာလိုက်ရှာ သူ့ရဲ့တည်ရှိမှုကို ငါတို့ သိနိုင်မှာ မဟုတ်ဘူး ၊ ပြီးတော့ ကြည့်ရတာ… ဒီလူက ခွန်လွန်တောင်ကို ဒုက္ခပေးမယ့်သူတော့ မဟတ်ဘူး ၊ ဆိုတော့ ငါတို့အနေနဲ့လည်း သူ့ကို ဒုက္ခပေးစရာအကြောင်း မရှိပါဘူး"
ဖုန်းယီရှောက်က တည်ငြိမ်သည့်လေသံဖြင့်…
"ဒါပေမဲ့ သတိတော့ ထားရမှာပေါ့ ၊ သူက အမှားလေးတစ်ခုတစ်လေလောက်လုပ်တာကို အရေးစိုက်စရာမရှိပေမယ့် ပြဿနာကြီးကြီးမားမားရှာလာရင်တော့…"
ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…
"သူက ကျုပ်တို့နဲ့ ရန်ဘက်ဖြစ်မလာသရွေ့ သည်းခံနိုင်ပါတယ်ကွာ"
ထိုစဉ် မော့ကျန်းသုန့်က ရုတ်တရက် စကားဝင်ပြောလိုက်သည်။
"ဒါနဲ့… ခွန်လွန်တောင်ဝတ်ကျောင်းတော်ဖွင့်ဖို့က (၁၀)နှစ်လောက် ပြင်ဆင်မှုတွေ လုပ်ရဦးမှာမလား"
လျိုကျင်းက…
"တစ္ဆေတိုင်းပြည်က အတော်လေး ပြဿနာမွှေသွားတော့… နောက် နှစ်ပေါင်း (၂၀)လောက်နေမှပဲ ခွန်လွန်တောင် ဝတ်ကျောင်းတော်ဖွင့်တာ သင့်တော်လိမ့်မယ်"
ပြောပြီးသည်နှင့် သူက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်သည်။
သာမန်အခြေအနေများတွင် မော့ကျန်းသုန့်က စကားဝင်ပြောလေ့မရှိဘဲ ယခု ဝတ်ကျောင်းတော်ဖွင့်မည့်ကိစ္စကို စိတ်ဝင်တစားမေးမြန်းနေသည့်အတွက် သူ အနည်းငယ် အံ့အားသင့်နေဟန် ရှိသည်။
မော့ကျန်းသုန့်က…
"နှစ်ပေါင်း (၂၀)ဆိုတော့… အဲဒီအပြင် နောက်ထပ် (၁၀)နှစ်လောက် ထပ်ရွှေ့လို့ရော မရဘူးလား"
မော့ကျန်းသုန့်၏ စကားက အားလုံးကို အံ့အားသင့်သွားစေသည်။
မြောင်ယွဲ့က တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့်…
"ဂိုဏ်းတူအစ်ကိုက ကျန်းလန်အတွက် စိတ်ပူနေတာ မဟုတ်လား ၊ ကျန်းလန်က မရှိမှုအာကာသအဆင့်ကို အဆင့်တက်တော့မယ်ဆိုတော့ ခွန်လွန်ဝတ်ကျောင်းတော်မှာ သူ့အတွက် အခွင့်အရေးတစ်ခုခု ရစေချင်တာ မဟုတ်လား"
မော့ကျန်းသုန့် မည်သည့်စကားမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။
အားလုံးလည်း တစ်ခဏမျှ တိတ်ဆိတ်သွားကြသည်။
အတန်ကြာမှ လျိုကျင်းက အေးဆေးသည့်လေသံဖြင့်…
"ဒါဖြင့်လည်း ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်ဖို့ နှစ်ပေါင်း (၃၀)လောက် အချိန်ရွှေ့ကြတာပေါ့"
ပထမတောင်ထွတ်၏ တောင်သခင်က…
"ဒါပေမဲ့ ဟိုလူထူးလူဆန်းဘယ်သူလဲဆိုတာ စုံစမ်းလို့ရအောင် တပည့်တွေဆီကိုတော့ ဒီသတင်းဖြန့်ထားရမယ်"
လူထူးလူဆန်း မည်သူဖြစ်ကြောင်း ဖော်ထုတ်ရန်အတွက် အကြောင်းအရာလေးများကို အစဆွဲထုတ်ထားရမည် မဟုတ်ပါလား။
***
တစ္ဆေတိုင်းပြည်။
တစ္ဆေတိုင်းပြည်ဆိုသည်က တစ်နှစ်ပတ်လုံး တိမ်ညိုများ အုံ့ဆိုင်းနေလေ့ရှိပြီး နေသာသည့်နေ့ဆိုသည်က ခပ်ရှားရှားပင်။
အုံ့မှိုင်းနေသည့် တိမ်တိုက်များအောက်တွင် အိမ်တစ်အိမ်ရှိနေလေသည်။
အိမ်ရှေ့မြေကွက်လပ်တွင်တော့ ထင်းပုံတစ်ပုံရှိနေပြီး ထိုထင်းပုံထက်တွင် အစိမ်းရောင်မျက်နှာရှိသည့်လူငယ်လေးတစ်ယောက် ထိုင်နေ၏။
သူ့လက်ထဲတွင် သေးငယ်သည့် သစ်သားပြားလေးတစ်ခုကို ကိုင်ထားပြီး ဓားတစ်လက်ဖြင့် သစ်သားပြားပေါ်တွင် တစ်စုံတစ်ခုကို ရေးထွင်းနေသည်။
သူ့မျက်နှာသည်လည်း တည်ကြည်လေးနက်လျှက် ရှိလေ၏။
အတန်ကြာရေးထွင်းပြီးနောက် လူငယ်လေးက လက်ထဲမှဓားကို ချလိုက်သည်။ ပြီးနောက် စိတ်ကျေနပ်သွားဟန်ဖြင့် လက်ထဲမှ သစ်သားပြားလေးကို ကြည့်လိုက်သည်။
ထို့နောက် သစ်သားပြားထက်တွင်ရှိနေသည့် သစ်စသစ်မှုံများ သန့်စင်သွားစေရန် လေဖြင့် ဟူးကနဲ မှုတ်လိုက်သည်။
လူငယ်လေးက သစ်သားပြားလေးကို အလွန်ရိုသေလေးမြတ်သည့် မျက်နှာထားဖြင့် ကြည့်နေစဉ် အိမ်ထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာသည်။
"ချင်းမု… သား ဘာတွေလုပ်နေတာလဲ"
ချင်းမုဆိုသည့် လူငယ်လေးက လက်ထဲမှ သစ်သားပြားလေးကို သူ့မိခင်ကို ပြလိုက်ရင်း…
"ကြည့်ပါဦး အမေ…"
မိခင်ဖြစ်သူက သားငယ်ပြသည့် သစ်သားပြားလေးကို လှမ်းကြည့်လိုက်သည်။
သစ်သားပြားထက်တွင် လူတစ်ယောက်ပုံ ထွင်းထား၏။ ထိုသူ၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရသော်လည်း စွမ်းအားကြီးမားလွန်းသည့် လက်သီးချက်ကို အားမာန်အပြည့်ဖြင့် ထိုးနှက်နေသည့်ပုံသဏ္ဌန် ဖြစ်သည်။
အမျိုးသမီးက နားမလည်ဟန်ဖြင့်…
"ဒါက ဘာများလဲ"
ချင်းမုက စိတ်လှုပ်ရှားနေဟန်ဖြင့်…
"လက်သီးနတ်ဘုရားလေ…"
သူက ဆက်ရှင်းပြသည်။
"တစ္ဆေတံခါးကနေ ဝင်လာတဲ့သူတွေဆီက ကျွန်တော်သတင်းကြားတာ ၊ ဒီ လက်သီးနတ်ဘုရားက တစ္ဆေတံခါးကို လက်သီးနဲ့ထိုးပြီး အစိတ်စိတ်အမွှာမွှာခွဲချေပစ်လိုက်တာတဲ့ ၊ တစ္ဆေတံခါးကိုမှ မဟုတ်ဘူး ၊ တစ္ဆေစစ်သည်တော် (၅၀၀)ကိုလည်း သူက လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလို့ ကြားတယ် ၊ သူက စွမ်းအားကြီးမားလွန်းလို့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားလို့ သူ့ကို ခေါ်ကြတယ်တဲ့ ၊ နောက်ဆိုရင် ဒီနတ်ဘုရားကို ကျွန်တော် ကိုးကွယ်မယ်"
"သူ လောကမှာ အသက်ရှင်သန်နေမယ်ဆိုရင် ရန်သူတွေအများကြီးကို သတ်ဖြတ်ပေးပြီး ကျွန်တော့်ကို ကာကွယ်ပေးဖို့ ဆုတောင်းမယ် ၊ သူ လောကမှာ မရှိတော့ဘဲ သေဆုံးသွားခဲ့ရင်တော့ အေးချမ်းစွာ အနားယူပါစေလေ ၊ ကျွန်တော်က သူ့ရဲ့ 'လက်သီးနတ်ဘုရား' ဆိုတဲ့ ဂုဏ်ပုဒ်ကို အမွေဆက်ခံပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်ပစ်မယ်"
သူ့လက်သီးချက်အောက်တွင် သက်ရှိများစွာ သေကြေပျက်စီးသွားကြမည်ကို စိတ်ကူးယဉ်လျှက် လူငယ်လေး စိတ်လှုပ်ရှားနေလေသည်။
သူ့ကို ချီးမြှောက်နေကြသည့် လူအုပ်ကြီး၏ အထက်တွင်မတ်တတ်ရပ်လျှက် ၊ လက်သီးတစ်ချက်က အဆုံးမရှိသည့်သတ္တိကို ပေးစွမ်းသည်။
အမျိုးသမီးက သစ်သားပြားလေးထက်မှ ပုံသဏ္ဌန်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်မှတ်ချက်မှ မပြုပေ။
သူမက နူးညံ့သည့်လေသံဖြင့်…
"ထမင်းစားချိန်ရောက်ပြီလေ သားရဲ့… ၊ အဖေ့အတွက်လည်း ထမင်းပို့ပေးရဦးမယ်မဟုတ်လား"
"ဟမ်…"
မိခင်ဖြစ်သူစကားကြောင့် စိတ်ကူးယဉ်နေသည့် ချင်းမု သတိပြန်ဝင်လာသည်။
သူက သစ်သားပြားလေးကို အပေါက်ဖောက်ကာ ကြိုးဖြင့်ချည်ပြီး လည်ပင်းတွင်ဆွဲလိုက်သည်။
"ဟုတ်ကဲ့ပါ… အခုပဲ အဖေ့ဆီ ထမင်းသွားပို့လိုက်ပါ့မယ်"