← Chapters

ခွန်လွန်ဂိုဏ်းချုပ်လား

Vol. 18 Ch. 244

ခွန်လွန်ဂိုဏ်းချုပ်လား

Vol. 18 Ch. 244

အခန်း (၂၄၄) ခွန်လွန်ဂိုဏ်းချုပ်လား

နေ့လည်ခင်းအချိန်။

မရဏဂူထဲတွင် မရဏအငွေ့အသက်များဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။

ထိုမရဏအငွေ့အသက်များက ကျန်းလန်၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားပြီး သွေးကြောများအတွင်း လှည့်ပတ်စီးဆင်းသွားသည်။

ကျန်းလန် အသက်တစ်ချက်ရှူထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ့ဒဏ်ရာများအားလုံး ပျောက်ကင်းလုနီးပါး ဖြစ်နေပေပြီ။

အနာရွတ်များကတော့ ပျောက်ကင်းခြင်း မရှိသေးပေ။ ထိုအနာရွတ်များကို အမြန်ပျောက်စေချင်လျှင် ဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိနိုင်သည်။

ထို့ကြောင့် ကျန်းလန်က အနာရွတ်များကို ဒီအတိုင်းပင် ထားလိုက်သည်။ အချိန်တန်လျှင် ပျောက်သွားမည်ပင်။

တစ္ဆေတံခါးအတွင်းမှ အလွန်တရာစွမ်းအားမြင့်မားသူနှင့်သာ မတိုက်ခိုက်ခဲ့ရလျှင် သူ ဒဏ်ရာရလာမည် မဟုတ်ပေ။

ထို့ပြင် ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်ရှီးဟယ် ကြောင့်သာ…

ဟုတ်ပေ၏။ ထိုသူက သူ့အသက်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကျန်းလန်က ထိုသူကို လုံး၀ စိတ်မဝင်စားပေ။

သူ အန္တရယ်ကင်းရန်သာ အဓိကဖြစ်လေရာ နောက်ရက်အနည်းငယ်အတွင်း နဝမတောင်ထွတ်တွင်ပင်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

သူ အေးအေးဆေးဆေး ကျင့်ကြံရဦးမည် ဖြစ်သည်။

အခြေအနေများ တည်ငြိမ်သွားမှ ထိုသူနှင့်ပတ်သက်သည့်အချက်အလက်များကို စာအုပ်များတွင် ရှာဖွေဖတ်ရှုရန် စဉ်းစားထားသည်။

လောလောဆယ်တွင်တော့ မလှုပ်ရှားသေးသည်က အကောင်းဆုံးဖြစ်သည်။ ထို့ပြင် ငရဲတံခါးမှ မရဏအငွေ့အသက်များကလည်း ပေါက်ကွဲထွက်နေလေရာ သူ့အနေဖြင့် အခွင့်အရေးကို လက်မလွှတ်ဘဲ ကျင့်ကြံရန် လိုအပ်သည်။

မနေ့ညက တိုက်ပွဲအပြီးတွင် အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်က သိပ်ပြီးအသုံးမဝင်လှကြောင်း သူ နားလည်ခဲ့ရသည်။

အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်သည်အထိ အလျှင်အမြန် ကျင့်ကြံပြီး တာအိုကိုနားလည်အောင် ကြိုးစားရမည် ဖြစ်သည်။

သူသာ မိုးကောင်းကင်အင်မော်တယ်တစ်ပါးဆိုလျှင် ယမန်နေ့ညတိုက်ပွဲတွင် ယခုကဲ့သို့ ဒဏ်ရာရလာမည်မဟုတ်ပေ။ ထို့အတူ ဧကရာဇ်ရှီးဟယ်ကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်ဆိုသူက ခွန်လွန်တောင်မှ ဖြစ်နိုင်သော်လည်း သိပ်တော့မသေချာလှပေ။

ခွန်လွန်တောင် ၊ တောင်ထွတ် (၉)ခုမှာ တောင်သခင်အများစုကို ကျန်းလန်တွေ့မြင်ဖူးသည်။

စတုတ္ထတောင်ထွတ် ၊ ဆဋ္ဌမတောင်ထွတ်နှင့် သတ္တမတောင်ထွတ်မှ တောင်သခင်များကိုတော့ ပန်းချီကားထဲတွင်သာ တွေ့မြင်ဖူးပြီး ပြင်ပတွင် တွေ့မြင်ဖူးခြင်း မရှိပေ။

ဧကရာဇ်ရှီးဟယ်က ထိုတောင်သခင်(၃)ပါးထဲမှ တစ်ပါးဖြစ်လေမည်လား။ သို့ရာတွင် တောင်သခင်များဆိုလျှင်လည်း ထိုမျှ တန်ခိုးစွမ်းအား မြင့်မားနိုင်မည် မဟုတ်ပေ။

"ခွန်လွန်တောင်က ဧကရာဇ်ရှီးဟယ်"

တောင်သခင် (၉)ပါးတွင် မည်သူမှ ထိုသို့သောနာမည်ဂုဏ်ပုဒ်မျိုး မရှိပေ။

ထို့ပြင် ထိုနာမည်ကို တောင်သခင်များ တစ်ခါမှ ပြောကြားဖူးခြင်း မရှိပေ။ ဆရာဖြစ်သူသည်ပင် သူ့ကို တစ်ခါမှ ပြောမပြခဲ့ဖူးပေ။

ဖြစ်နိုင်ခြေအရှိဆုံးသူမှာ…

ခွန်လွန်တောင် အဓိကတောင်ထွတ်ကြီး (၉)ခုကို ချုပ်ကိုင်ထားသူ…။

ခွန်လွန်တောင်တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ခွန်လွန်ဂိုဏ်းချုပ်သာလျှင် ဖြစ်နိုင်သည်။

ခွန်လွန်ဂိုဏ်းချုပ်၏တည်ရှိမှုကို ကျန်းလန် အမြဲတမ်း ကြားဖူးသိရှိနေခဲ့သော်လည်း တစ်ခါမှ တွေ့မြင်ဖူးခြင်းမရှိသလို သတင်းကြားသိရခြင်းလည်း မရှိပေ။

ပဉ္စမတောင်ထွတ် မှော်ရုံနယ်မြေတွင် သူလျှိုတစ်ယောက်က ခွန်လွန်ဂိုဏ်းချုပ်အကြောင်း ပြောခဲ့ဖူးသော်လည်း ထိုစကားများက တန်ဖိုးမရှိလှပေ။

သို့ရာတွင် ခွန်လွန်ဂိုဏ်းချုပ်တွင် "ဧကရာဇ်ရှီးဟယ်" ဆိုသည့် နာမည်မျိုးတော့ ရှိမနေနိုင်ပေ။ သို့ပေသိ မဖြစ်နိုင်ဟုလည်း မဆိုနိုင်ပြန်ပေ။

ထိုပုဂ္ဂိုလ်က ခွန်လွန်ဝတ်ကျောင်းတော်တွင် သူ့ကိုလာရှာရန် ကျန်းလန်ကို မှာကြားခဲ့သည်။ ကျန်းလန်ကတော့ ထိုသို့ပြုလုပ်ရန် အစီအစဉ် မရှိပေ။

ထိုသူပြောသွားသည့် စကားတစ်ခွန်းကတော့ ကျန်းလန်အတွက် အတော်လေးအကျိုးရှိသည်။

"ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ ခွန်လွန်တောင်က ရန်သူတွေအပေါ် မသက်ညှာတတ်ဘူး" ဆိုသည့် စကားဖြစ်သည်။

ထိုစကားကိုကြည့်ခြင်းအားဖြင့် ခွန်လွန်တောင်က ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အခြားသောအင်အားစုများထက် စွမ်းအားနည်းပါးခြင်းမရှိကြောင်း သက်သေပြနေသည်။

ဤသည်က သူ အေးအေးဆေးဆေး ကျင့်ကြံနိုင်ခွင့်ရမည့် သတင်းကောင်း ဖြစ်၏။

အရင်ဆုံး ဆရာ့ကိုကျော်တက်ရပေမည်။ နောက်တော့ ခွန်လွန်တောင် ဂိုဏ်းချုပ်ကို ကျော်တက်ရမည် ဖြစ်သည်။ ထိုအချိန်သို့ရောက်လာလျှင် သူ့တန်ခိုးစွမ်းအားများကို လူတိုင်းသိအောင် ထုတ်ဖော်ပြသလိုက်၍လည်း ဘာပြဿနာမှ မဖြစ်နိုင်တော့ပေ။

လက်ရှိအရေးကြီးကိစ္စမှာ ဧကရာဇ်ရှီးဟယ်ဆိုသူ မဟုတ်ပေ။ သူ တန်ခိုးစွမ်းအား မြင့်မားသည်ထက် မြင့်မားလောအောင် ကျင့်ကြံရန် ဖြစ်သည်။

"ဆရာ မကြာခင် ပြန်လာတော့မယ်ထင်တယ် ၊ နောက်မှ ဘာတွေဖြစ်ခဲ့လဲဆိုတာ သွားပြီးမေးရမယ်"

ဆရာဖြစ်သူကိုသွားတွေ့ရန် အလျှင်လိုစရာမရှိပေ။ မနက်ဖန်မှ သွားတွေ့၍လည်း အဆင်ပြေလေသည်။

ယနေ့တော့ ဆက်လက်ကျင့်ကြံရန်သာ ကျန်းလန် ဆုံးဖြတ်လိုက်သည်။

သို့သော်…

ခြံဝန်းအတွင်းသို့ တစ်စုံတစ်ယောက် ရောက်လာကြောင်း အစီအရင်က တုံ့ပြန်သတိပေးလာသည်။

ကျန်းလန် စိတ်ရှုတ်ထွေးသွားရ၏။

"ဂိုဏ်းတူအစ်မများလား"

ပုံမှန်ဆိုလျှင် ယခုက ဂိုဏ်းတူအစ်မ ရောက်လာရမည့်အချိန် မဟုတ်သေးပေ။

သို့ဆိုလျှင် ဆရာများ ဖြစ်နိုင်မည်လား။ ပို၍ပင် မဖြစ်နိုင်ပေ။

ဆရာဖြစ်သူက လာမည်ဆိုလျှင် မရဏဂူသို့သာ လာရောက်မည်ဖြစ်ပြီး ခြံဝန်းဆီသို့သွားမည် မဟုတ်ပေ။

မည်သို့မှမတတ်နိုင်စွာ ကျန်းလန် သွားကြည့်ရန် ဆုံးဖြတ်လိုက်ရတော့၏။

ရောက်လာသူက ရန်သူလည်း ဖြစ်နေနိုင်သည် မဟုတ်ပါလား။

တစ္ဆေတိုုင်းပြည်နှင့်တိုက်ခိုက်မှုက ပြီးဆုံးသွားပြီ ဖြစ်လေရာ ရန်သူတစ်ယောက်၏တိုက်ခိုက်လာမှုကတော့ မပြောပလောက်ပေ။

ခြံဝန်းဆီရောက်သည်နှင့် ကျန်းလန် စိတ်သက်သာရာရသွားရသည်။

အဘယ်ကြောင့်ဆိုသော်…

ခြံဝန်းအတွင်းရှိ ကျောက်တုံးဥယျာဉ်လေးထဲတွင် ကျောက်စိမ်းရုပ်လေးတစ်ရုပ်ပမာ လှပလွန်းသည့် မိန်းမငယ်လေးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

သူမက ကျောက်ဆောင်တစ်ခုထက်တွင် တက်ထိုင်နေပြီး ခြေထောက်များကို အောက်သို့ တွဲလောင်းချထားလေသည်။

"ဒီကျောက်ဆောင်ကြီးက သူတက်ထိုင်ဖို့များ လုပ်ထားတာကျလို့" ဟု ကျန်းလန် တွေးလိုက်၏။

အရင်က ရှောင်ယွိက ခြံဝန်းထဲတွင် ရေကန်တစ်ခုပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ကျန်းလန်က လက်မခံသောကြောင့် ကျောက်တုံးဥယျာဉ်လေးတစ်ခု ပြုလုပ်ပေးရန် သူမက ထပ်မံတောင်းဆိုခဲ့သည်။

ကျန်းလန်ကလည်း သူမတောင်းဆိုသည့်အတိုင်း ပြုလုပ်ပေးခဲ့၏။

သို့သော် ကျန်းလန်က ရှုမျှော်ခင်းအဖြစ် ကြည့်ရှုရန်သာ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုတော့ သူမတက်ထိုင်ဖို့ ဖြစ်သွားခဲ့လေပြီ။

ကျန်းလန်က ခြံဝန်းထဲရောက်သည်နှင့် မေးမြန်းလိုက်သည်။

"ဂိုဏ်းတူအစ်မ… ဒီနေ့အားတာလား"

ရှောင်ယွိ လာရောက်ရသည့်အကြောင်းရင်းကိုတော့ ကျန်းလန်က မမေးမြန်းခဲ့ပေ။ သူ မေးလိုက်လျှင် ရှောင်ယွိနားလည်မှုလွဲသွားပြီး လာရောက်မလည်ပတ်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ကျန်းလန် ရုတ်တရက်ရောက်လာသည်ကိုတွေ့သည့်အခါ ရှောင်ယွိက အံ့အားသင့်သွားဟန်ဖြင့်…

"ဂိုဏ်းတူမောင်လေး အပြင်မှာ ရှိနေတာလား ၊ ကျွန်မက ရှင် တစ်ယောက်တည်း ကျင့်ကြံနေတယ် ထင်နေတာ"

ကျန်းလန်က ကျောက်တုံးဥယျာဉ်လေးထဲ လမ်းလျှောက်ဝင်လာပြီး ရှောင်ယွိကို မြင်သာနိုင်သည့်တစ်နေရာတွင် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

"ခြံဝန်းထဲလူဝင်လာရင် အစီအရင်တွေက တုံ့ပြန်တယ်လေ ၊ ဒီတော့ ဂိုဏ်းတူအစ်မရောက်လာတာကို သိတာပေါ့"

ရှောင်ယွိက ကျောက်ဆောင်မြင့်ကြီးထက်မှ ခုန်ချလာပြီး ကျန်းလန်အနားသို့ ရောက်လာသည်။

"ဒါဖြင့် ကျွန်မရောက်လာလို့ ဂိုဏ်းတူမောင်လေး အနှောက်အယှက် ဖြစ်သွားရပြီပေါ့"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"မဖြစ်ပါဘူး"

ကျင့်ကြံခြင်းအဆင့်တက်ရန် တံခါးပိတ်ကျင့်ကြံရသည့်အချိန်များတွင် သူက မရဏဂူအနီးသို့ လူရောက်လာလျှင်ပင် ထွက်ကြည့်မည် မဟုတ်ပေ။

တံခါးပိတ်ကျင့်ကြံခြင်းမဟုတ်ဘဲ သာမန်ကျင့်ကြံနေသည့် အချိန်များတွင်တော့ ကျန်းလန်က ပုံမှန်ပင် နေထိုင်ခြင်း ရှိလေရာ အပြင်ထွက်လာရခြင်းက သူ့အတွက် အနှောက်အယှက် မရှိပေ။

ရှောင်ယွိက ခေါင်းလေးကိုမော့ကာ ကျန်းလန်ကို စိုက်ကြည့်လိုက်ရင်း…

"ကျွန်မက နေ့တိုင်းလာမယ်ဆိုရင်ရော…"

ကျန်းလန်က…

"ရပါတယ်… ကိုယ်က ညဘက်တွေပဲ ကျင့်ကြံတာလေ"

ရှောင်ယွိက ကျန်းလန်၏အရပ်မြင့်ကြီးကို မီရန်အတွက် ခြေဖျားလေးများထောက်လိုက်ရင်း…

"ဒါဖြင့် ညဘက်တွေလည်း လာမယ်ဆိုရင်ရော"

ကျန်းလန်က မျက်ခုံးလေးများကို အသာတွန့်ချိုးရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဂိုဏ်းတူအစ်မ… အင်မော်တယ် မဖြစ်သေးဘူးမဟုတ်လား"

ခြေဖျားထောက်ထားသည့်အတွက် ရှောင်ယွိ အနည်းငယ်အရပ်မြင့်လာသလို ဖြစ်သွားသော်လည်း ကျန်းလန်၏အရပ်ကို မီခြင်း မရှိပေ။ သူ့အရပ်ကို မီချင်သည်ဆိုပါက လုန်ယွိအသွင်ဖြင့်ဆိုလျှင်ပင် ခြေဖျားထောက်မှ ရပေလိမ့်မည်။

ထိုစဉ်မှာပင် ရှောင်ယွိက ထောက်ထားသည့် ခြေဖျားများကို ပြန်ချလိုက်သည်။

ခြေဖျားထောက်ခြင်းဖြင့် ကျန်းလန်၏အရပ်ကို မမီနိုင်သည်ကို နားလည်သွားပြီးနောက် ခုံတစ်ခုထက်တွင် သွားထိုင်နေတော့၏။

"ကျွန်မက ဂိုဏ်းတူမောင်လေးထက် ကျင့်ကြံခြင်းအဆင့်မြင့်တာပဲလေ ၊ ဂိုဏ်းတူမောင်လေးထက်စောပြီး အင်မော်တယ် ဖြစ်မှာပဲလေ ၊ သြော်… ဒါနဲ့ အခု ဂိုဏ်းတူမောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိပြီလဲ"

ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်လိုက်ရင်း သူ့မျက်လုံးများက အမှတ်မထင် သူမ၏ရင်ဘတ်နေရာကို ကြည့်မိသွားသည်။

ပြားချပ်ချပ်နဲ့…။

ဤသည်က လုန်ယွိငယ်စဉ်က ပုံစံဖြစ်သည်။ အနာဂတ်တွင် ဤရှောင်ယွိလေးသည် လုန်ယွိအဖြစ်နှင့် တုနှိုင်းမမီသည့် အလှဧကရီလေး ဖြစ်လာမည်ဟု မည်သူ သိနိုင်ပါမည်နည်း။

ကျန်းလန် ဘာမှ မပြောဘဲ ငြိမ်နေသောကြောင့် ရှောင်ယွိက လှမ်းကြည့်လိုက်သည်။

ထိုအခါ သူမကို ကြည့်နေသည့် ကျန်းလန်နှင့် ရင်ဆိုင်လိုက်ရသည်။

ကျန်းလန်က သူမရင်ဘတ်နေရာကို ကြည့်နေကြောင်း ရိပ်မိလိုက်သည်နှင့် သူမက ထိုင်ခုံပေါ်မှ ဆင်းလိုက်ပြီး အခြားနေရာတစ်ခုသို့ တိတ်ဆိတ်စွာဖြင့် နေရာရွှေ့သွားတော့၏။

ကျန်းလန်က စိတ်ထဲမထားတော့ဘဲ သူမမေးသည့်မေးခွန်းကို ပြန်ဖြေလိုက်သည်။

"ဂိုဏ်းတူအစ်မနဲ့ ယှဉ်ရင်တော့ အများကြီးကွာတာပေါ့"

ရှောင်ယွိက သိချင်စိတ်ဖြင့်…

"ဘယ်လောက် ကွာတာလဲ"

ပြောရင်းဖြင့် သူမက ကျန်းလန်အနားသို့ လမ်းလျှောက်လာသည်။

ကျန်းလန်က သူမရင်ဘတ်ကိုကြည့်နေသည်ကို မတားဆီးခဲ့ပေ။ ဤဂိုဏ်းတူမောင်လေး၏ အကြည့်များကို သူမ ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

စကားပြောရင်းဖြင့် ရှောင်ယွိ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။

ဘာမှလည်း ကြည့်စရာ မရှိပါဘူး။

ထို့နောက် သူက ကျန်းလန်ရင်ဘတ်ကို ကြည့်လိုက်ပြန်၏။

အတူတူပဲ ပြားချပ်ချပ်ချင်းပဲကို ဂိုဏ်းတူမောင်လေးက ဘာတွေကြည့်နေတာပါလိမ့်။

ကျန်းလန်က တစ်ခဏမျှ စဉ်းစားနေပြီးမှ…

"ဘယ်လောက်ကွာတာလဲဆိုတော့… နှစ်ဆင့်လောက်ပေါ့"

ရှောင်ယွိက ယခုဆိုလျှင် မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့် ဖြစ်သည်။

သူက အစစ်အမှန်အင်တော်တယ် ၊ ကနဦးအဆင့် ဖြစ်လေရာ မည်မျှကွာခြားသည်ဟု ဆိုရပါမည်နည်း။ သူတို့ (၂)ယောက်က တကယ်လည်း ကျင့်ကြံခြင်းအဆင့်ကြီး (၂)ဆင့် ကွာခြားသည်ပဲ မဟုတ်ပါလား။

ရှောင်ယွိ ကျင့်ကြံခြင်းအဆင့်တက်ခြင်း အလွန်လျှင်မြန်လေရာ နောင်နှစ်ပေါင်း (၁၅၀) ဆိုလျှင် သူမက အင်မော်တယ် ဖြစ်လာတော့မည် ဖြစ်သည်။

နှစ်ပေါင်း (၁၅၀)အတွင်း ကျန်းလန်သည်လည်း မိုးကောင်းကင်အင်မော်တယ်အဆင့်ရောက်အောင် ကြိုးစားကျင့်ကြံရမည် ဖြစ်သည်။

မဟုတ်ပါက ရှောင်ယွိက သူ့ကို အမီလိုက်လာပေလိမ့်မည်။

ကျန်းလန်ပြောသည့်အဆင့် (၂)ဆင့်ကွာခြားသည်ဆိုခြင်းကို ရှောင်ယွိကတော့ တစ်မျိုးနားလည်သွား၏။

ကျန်းလန်က မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့်ရောက်လုနီးပြီဟု သူမက တွေးထင်လိုက်သည်။

လူသားကျင့်ကြံသူ ပါရမီရှင်တစ်ယောက်က နှစ်ပေါင်း (၃၀၀)ခန့်ကျင့်ကြံလျှင် မရှိမှုအာကာသအဆင့် ကနဦးအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

ထို့ကြောင့် နောက်ထပ်နှစ်ပေါင်း (၂၀) ၊ (၃၀) ခန့်ကြာလျှင် ကျန်းလန်က ကျင့်ကြံခြင်းအဆင့်တက်တော့မည် ဖြစ်သည်။ မကြာမီ သူမကို အမီလိုက်လာပေတော့မည်။

"ဂိုဏ်းတူအစ်မ ၊ အင်မော်တယ်ဖြစ်ဖို့ စမ်းသပ်ခံရခြင်း ရင်ဆိုင်မယ်ဆိုရင် ခွန်လွန်တောင်မှာပဲ ရင်ဆိုင်မှာလား ၊ ပြင်ပလောကကို ထွက်ခွာမှာလား"

ကျန်းလန်က ရုတ်တရက် မေးလိုက်သည်။ သူဆိုလျှင်တော့ ခွန်လွန်တောင်တွင် နေမည် မဟုတ်ပေ။

ရှောင်ယွိက တစ်ခဏမျှ စဉ်းစားနေပြီးမှ…

"ခွန်လွန်တောင်က အကျယ်ကြီးပဲ ၊ ဒီမှာပဲ စမ်းသပ်ခံခြင်းကို ရင်ဆိုင်မယ်ဆိုလည်း အဆင်ပြေပါတယ် ၊ ဒါပေမဲ့ အချို့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေကတော့ ပြင်ပလောကကိုထွက်ခွာပြီး အင်မော်တယ်တံခါးကို သူတို့ကိုယ်တိုင် ရှာဖွေကြတယ်"

ခဏနားပြီးမှ ရှောင်ယွိက ဆက်ပြောသည်။

"အချို့တော့ ပြင်ပလောကကိုသွားရင် စိတ်ချရတဲ့ ဂိုဏ်းတူညီငယ် ညီမငယ်တွေကို ခေါ်သွားကြတယ် ၊ သူတို့တွေက စောင့်ကြည့်ပေးတော့ အန္တရယ်ကင်းတာပေါ့ ၊ ဒါပေမဲ့ အချို့တွေကတော့ တစ်ယောက်တည်းပဲ သွားကြတယ် ၊ သူတို့ တောင်ပေါ်ပြန်လာရင်တော့ အောင်မြင်တယ်လို့ ယူဆရတာပေါ့ ၊ ကျရှုံးခဲ့ရင်တော့ ပြန်မလာကြတော့ဘူးပေါ့"

ပြီးမှ သူမက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျွန်မက ခွန်လွန်တောင် ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတော့ ပြင်ပလောကကို ထွက်ခွာလို့ရမယ် မထင်ဘူး ၊ ဒီတော့ ခွန်လွန်တောင်မှာပဲ စမ်းသပ်ခံခြင်းကို ရင်ဆိုင်ရမှာပေါ့ ၊ ဂိုဏ်းတူမောင်လေးကရော ဘယ်လိုလုပ်မှာလဲ"

All Chapters