← Chapters

ကျွန်မတို့က အလုပ်သမားတွေပါ

Vol. 38 Ch. 570

ကျွန်မတို့က အလုပ်သမားတွေပါ

Vol. 38 Ch. 570

ယာဉ်တန်းက ဟိုတယ်ဝင်ပေါက်သို့ ရောက်လာချိန်မှာ ဟိုတယ်အပြင်ဘက်တွင် ပိုစတာကြီးတစ်ခု ချိတ်ထားကြောင်း မြင်လိုက်ရလေသည်။

"မစ္စတာကျူးရှောင်ယွီနဲ့ မိန်းကလေးယဲ့ဝေတို့ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်"

ဤပိုစတာမှာ ဟိုတယ်ဝင်ပေါက်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး လမ်းသွားလမ်းလာတိုင်း မြင်နိုင်လောက်အောင် ကြီးမားလှသည်။

"ဟင်? ဒီနေ့ ဒီဟိုတယ်မှာကျင်းပမဲ့ တခြားမင်္ဂလာပွဲတွေလည်း ရှိပါသေးတယ်။ သူတို့မင်္ဂလာပွဲရဲ့ ကြေညာချက်တွေကရော ဘယ်ရောက်သွားတာလဲ"

ကျူးရှောင်ယွီခမျာ အနည်းငယ် နားမလည်နိုင်ဖြစ်သွားရသည်။ ကျန်းနန်နွေဦးဟိုတယ်မှာ နာမည်ကြီးလှသော နေရာတစ်ခု မဟုတ်သော်ငြား မင်္ဂလာဧည့်ခံပွဲများကို ရက်ကောင်းရက်မြတ်မျိုးမှာ ကျင်းပချင်ပါက တစ်နှစ်ကြိုတင်ပြီး စာရင်းပေးရကြောင်း လူတိုင်းသိထားကြသည်။

အကယ်၍ ကြိုတင်စာရင်းသွင်းမထားပါက ငွေရှိလျှင်ပင် နာမည်သိပ်မရှိသည့်ဟိုတယ်ကို ရွေးရုံကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ချေ။ အကြောင်းမှာ ဟိုတယ်က စောင့်နိုင်သော်ငြား မင်္ဂလာရက်မြတ်ကိုတော့ လွဲချော်သွားလို့မဖြစ်ပေ။

"ခွင့်ပြုပါဦး. ရှင်တို့က မစ္စတာကျူးရှောင်ယွီနဲ့ မိန်းကလေးယဲ့ဝေလား"

ချိုသာစွာပြုံးနေသည့် ဝန်ထမ်းတစ်ယောက်က သူတို့နားသို့ ချဉ်းကပ်လာသည်။

"ဟင်?"

ကျူးရှောင်ယွီ၏မျက်နှာထက်ဝယ် အံ့အားသင့်လေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုစဉ်က သူကိုယ်တိုင် ဟိုတယ်ကို ဘိုကင်လာတင်ခဲ့ခြင်းပင်။ ထိုအချိန်တုန်းက ဤနေရာရှိ ဝန်ထမ်းအားလုံးနှင့် တွေ့ဆုံခဲ့သော်လည်း ယခု ဤဧည့်ခန်းမထဲတွင် ရှိနေသူများထဲမှ တစ်ယောက်ကိုမှ သူ မသိပေ။

ထို့ပြင် ကျန်းနန်နွေဦးဟိုတယ်၏ ဝန်ထမ်းအားလုံးက သပ်ရပ်သောဝတ်စုံပြည့်များကို ယူနီဖောင်းအဖြစ် ဝတ်ဆင်ခဲ့ကြကြောင်း သူ မှတ်မိသေးသည်။ ယခုမူ သူတို့အားလုံးက ရိုးရာတရုတ်ဝတ်စုံများကို ပြောင်းဝတ်ထားကြသည်။ ဤဝတ်စုံက ဟိုတယ်နာမည်နှင့် လိုက်ဖက်ညီနေတာတော့ အမှန်ပင်။

ဟိုတယ်က ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် ဤမျှအထိကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်ခဲ့လေသလား။

"အဲ့ဒီရိုးရာဝတ်စုံတွေက စျေးမနည်းလောက်ဘူးနော်!"

မင်္ဂလာပွဲကိုတက်ရောက်ကြသည့် ဧည့်သည်ထဲတွင် အထည်လုပ်ငန်းလုပ်ကိုင်သူများလည်း ပါဝင်သည်။ ထိုရိုးရာဝတ်စုံ၏လက်ရာနှင့် ကုန်ကြမ်းပစ္စည်းများမှာ တန်ဖိုးမနည်းလှကြောင်း တစ်ချက်ကြည့်ရုံဖြင့် အတပ်သိနိုင်သည်။ ယခုလိုအရည်အသွေးမျိုးရှိသည့် ပိုးသားကို ဈေးကွက်ထဲမှာ အရည်အသွေးမြင့်ပစ္စည်းအဖြစ် သတ်မှတ်နိုင်သည်။

"ဝန်ထမ်းတွေအကုန်လုံးက ဘာလို့များ အဆိုပြိုင်ပွဲက ကြယ်ပွင့်တွေနဲ့ တူနေရတာလဲ?"

နောက်တစ်ယောက်က မှတ်ချက်ပေးလာပြန်သည်။ အမျိုးသားဝန်ထမ်းများက အရပ်ရှည်ပြီး ခန့်ညားသလို အမျိုးသမီးဝန်ထမ်းများကလည်း လှပပြီး ကျက်သရေရှိကြသည်။ ဤစံနှုန်းက သုန်းကျီမြို့ရှိ အကောင်းဆုံးဟိုတယ်များထက်ပင် ပိုမြင့်နေသည်မဟုတ်လား။

ကျန်းနန်နွေဦးဟိုတယ်က ဒုတိယအဆင့် ဟိုတယ်တစ်ခုမျှသာဖြစ်၏။ ဤဟိုတယ်က ဘယ်တုန်းကများ ယခုလို ချမ်းသာကြွယ်ဝသွားရလေသလဲ။

"ကျွန်တော်က ကျူးရှောင်ယွီပါ။ မန်နေဂျာဟွမ်ကို ရှာပေးပါဦး"

သူ ဟိုတယ်ကို ဘိုကင်လုပ်တုန်းက ဤဟွမ်မျိုးရိုးနှင့် လုပ်ထားခဲ့ခြင်းပင်။

"တောင်းပန်ပါတယ် မစ္စတာကျူး... ကျွန်မတို့ဟိုတယ်က ပိုင်ရှင်ပြောင်းသွားတာမို့ ဝန်ထမ်းတွေကိုလည်း အကုန်အစားထိုးလိုက်ပါပြီ။ မန်နေဂျာဟွမ်က ဒီမှာ အလုပ်မလုပ်တော့ပါဘူး"

"ဒါဆို ကျွန်တော့်မင်္ဂလာဧည့်ခံပွဲကရော..."

ကျူးရှောင်ယွီ စိတ်ပူသွားရသည်။ သူ စရံငွေလည်း ပေးထားခဲ့ပြီးပြီဖြစ်ရာ ယခုအချိန်ကျမှ ဟိုတယ်ဘက်က သဘောတူညီချက်များကို မလိုက်နာဘူးဆိုလျှင် သို့မဟုတ် စျေးနှုန်းကို ထပ်တင်လိုက်မည်ဆိုလျှင် ပြဿနာတက်နိုင်သည်။

"မစ္စတာကျူး စိတ်ချပါ။ ဒီနေ့ ရှင်ရဲ့မင်္ဂလာပွဲကို ကျွန်မတို့ အပြည့်အဝတာဝန်ယူပေးမှာပါ။ ဟိုတယ်တစ်ခုလုံးက ရှင်တို့မင်္ဂလာဇနီးမောင်နှံနှစ်ယောက်ကိုပဲ ဝန်ဆောင်မှုပေးမှာပါ!"

"အာ? တခြားလူတွေကရော။ ဒီနေ့ တခြားမင်္ဂလာပွဲသုံးခုနဲ့ ဘွဲ့နှင်းသဘင်တစ်ခု ရှိသေးတယ်လို့ ကျွန်တော်သိထားတာ"

"ဟုတ်ပါတယ်။ သူဌေးက ကျန်တဲ့ပွဲအခမ်းအနားတွေအားလုံးကို ဖျက်သိမ်းလိုက်ပါပြီ"

"ဖျက်သိမ်းလိုက်တာလား?"

"ဟုတ်ပါတယ်။ သူဌေးက ဆံပင်ပညာရှင်နဲ့ မိတ်ကပ်ပညာရှင်တွေကို ရှင်တို့ရဲ့ဟိုတယ်အခန်းထဲမှာ အသင့် စီစဉ်ထားပြီးပါပြီ။ သတို့သမီးနဲ့အတူ သွားပြင်ဆင်လို့ ရပါတယ်"

"ကျွန်တော်တို့က ပြင်ဆင်ပြီးသား..."

ကျူးရှောင်ယွီခမျာ စကားပြောဖို့ ဟန်ပြင်လိုက်သော်လည်း ဧည့်ကြိုက သူ့စကားကို အဆုံးသတ်ဖို့ အခွင့်အရေးမပေးချေ။

"မစ္စတာကျူး.. ကျွန်မတို့သူဌေးက မင်္ဂလာပွဲအတွက် သတို့သားဝတ်စုံနဲ့ မိန်းကလေးယဲ့အတွက် သတို့သမီးဝတ်စုံကို တတိယမြောက်လက်ဖွဲ့အဖြစ် ပြင်ဆင်ထားပါတယ်"

"မင်းတို့သူဌေးက သူလား"

ကျူးရှောင်ယွီ ယခုမှသာ နားရည်လည်တော့သည်။ လျှို့ဝှက်ဆန်းကြယ်လှသော သူ့သူငယ်ချင်းက ဤဟိုတယ်၏ ပိုင်ရှင်အသစ်ဖြစ်နေပေသည်။

သူ့ကို မျက်နှာပွင့်စေမည့် မင်္ဂလာပွဲတစ်ခု ဖြစ်မြောက်စေဖို့အတွက် စျေးကြီးလှသော ကားတန်းကြီးနှင့် သန်းနှစ်ဆယ်ကျော်တန် စိန်လက်စွပ်တစ်ကွင်းအတွက် ငွေကြေးအမြောက်အများသုံးစွဲခဲ့ပြီး ယခုလည်း ဟိုတယ်တစ်ခုလုံးကိုပါ ဝယ်ပစ်လိုက်သည်။

ကျန်းနန်နွေဦးဟိုတယ်က နာမည်သိပ်မကြီးသော်လည်း သန်းဂဏန်းအနည်းငယ်လောက်နှင့် ဖြေရှင်းနိုင်မည့်နေရာမျိုးလည်း မဟုတ်ပေ။ ထို့ပြင် ဝန်ထမ်းအားလုံးကို လဲလှယ်ပြီး အခြားလူများ၏ ပွဲအခမ်းအနားများကို ဖျက်သိမ်းခဲ့ခြင်းအတွက် လျော်ကြေးများ၊ နစ်နာကြေးများ အစရှိသော ကုန်ကျစရိတ်များမှာ သန်းဆယ်ဂဏန်းသာမရှိလျှင် ဖြေရှင်း၍မဖြစ်နိုင်ပေ။

"မစ္စတာကျူး ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ!"

ဟိုတယ်ကို ပြန်လည်မွမ်းမံဖို့ အချိန်မလုံလောက်သော်ငြား စံချိန်တင်ရလောက်သော အရှိန်ဖြင့် အရာအားလုံးကို အသစ်ပြန်လည်ဖန်တီးခဲ့သည်။ ပစ္စည်းဟောင်းအများအပြားကို အသစ်များဖြင့် အစားထိုးပစ်ခဲ့ပြီး မင်္ဂလာပွဲစင်မြင့်ကိုလည်း ဂရုတစိုက်စီစဉ်ထားသည်။

"ဟို... ဟိုလူက ဂီတနတ်ဘုရားမဟုတ်လား"

"မင်း အမြင်မှားတာပဲဖြစ်ရမယ်။ ဂီတနတ်ဘုရားက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေမှာလဲ"

"သေစမ်း။ ရုပ်က ချွတ်စွပ်ကြီးနော်။ အရည်အသွေးမြင့်အတုတော့ မဟုတ်ပါဘူးနော်? ကျန်းရွှယ်ယိုလား။ ဂျက်ကီချန်းလား"

"ကျွန်မတို့သူဌေးက ရှင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် ဖျော်ဖြေပေးဖို့ သူ့ကို ဖိတ်ကြားထားတာပါ"

ဟိုတယ်ဧည့်ကြိုက ပြောလာလေသည်။

"မင်းတို့သူဌေးက ပိုက်ဆံဘယ်လောက်တောင် သုံးထားတာလဲ"

"အဲ့ဒါတော့ ကျွန်မတို့လည်း မသိပါဘူး"

ဧည့်ကြိုမလေးက ပြုံးလျက် ပြောလာလေသည်။

"ဒါပေမယ့် သူဌေးက ဂီတနတ်ဘုရားတစ်ယောက်တည်းကိုတင် ဖိတ်ထားတာမဟုတ်ပါဘူး။ နာမည်ကြီးအဆိုတော်တွေနဲ့ ဩဇာအရှိန်အဝါရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေကိုလည်း ဖိတ်ကြားထားပါသေးတယ်။ ဒီနေ့ မင်္ဂလာပွဲကို နွေဦးဂါလာပွဲတော်ရဲ့ အစီအစဉ်မှူးက အစီအစဉ်တင်ဆက်ပေးမှာပါ။ သူတို့ အခု စင်နောက်မှာ အစမ်းလေ့ကျင့်နေလောက်ပါပြီ!"

"ဒါ... ဒါ​က တော်တော်လွန်လွန်းတယ်"

"ဒါက ငွေရဲ့အစွမ်းကို ပြသလိုက်တာပဲ!"

"ဝေဝေ.. နင့်ယောကျ်ားရဲ့သူငယ်ချင်းက ဘယ်သူလဲ"

ယဲ့ဝေ၏ သတို့သမီးအရံတစ်ယောက်က တိုးတိုးလေးကပ်မေးလိုက်သည်။

"ငါလည်း မသိဘူး"

ယဲ့ဝေ၏မျက်နှာထက်တွင် မွန်းကျပ်နေဟန် အမူအရာတစ်ခု ထင်ဟပ်နေသည်။ သူ(မ)တစ်ယောက်တည်းမဟုတ်ပေ။ ကျူးရှောင်ယွီကိုယ်တိုင်ပင် ဘာမှမသိရှာပေ။

"အရင်ဆုံး မိတ်ကပ်ပြင်ဖို့ခေါ်သွားပါရစေ!"

ဧည့်ကြိုက သူတို့ကို ဓာတ်လှေကားဆီသို့ ခေါ်သွားသည်။ ဆွေမျိုးသားချင်းများကတော့ ဧည့်ခံပွဲခန်းမထဲသို့ ရောက်နှင့်နေကြပြီး ကျန်ဧည့်သည်များက အနောက်က လိုက်လာကြ၏။

ဟိုတယ်အခန်းကျယ်ကြီးတစ်ခုသို့ ရောက်သော် လူတစ်စုက သူတို့ကို စောင့်နေကြသည်။

"သူက နိုင်ငံတကာမှာ နာမည်ကြီးတဲ့ မိတ်ကပ်ပညာရှင်မစ္စရှာရီယယ်လ်နဲ့ သူ့အဖွဲ့လေ။ ရှင့်ရဲ့ သတို့သားဝတ်စုံနဲ့ မိန်းကလေးယဲ့ရဲ့ မင်္ဂလာဝတ်စုံတွေက ဘေးအခန်းမှာ ရှိပါတယ်။ ကျွန်မ သွားလိုက်ပါဦးမယ်"

ထိုဧည့်ကြိုက ဤသို့ပြောပြီး ထွက်သွားလေသည်။

"ရှာရီယယ်လ်လား? တကယ်ကြီး ရှာရီယယ်လ်လား"

သတို့သမီးအရံအုပ်စုထဲရှိ ဝမ်လိကျွမ်း၏ တူမတစ်ယောက်က အံ့သြတကြီး အော်ပြောလိုက်လေသည်။

သူ(မ)က အထက်တန်းပြီးသွားသည့်နောက် အလှပြင်သင်တန်းကျောင်းကို သွားတက်ခဲ့ပြီး လက်ရှိမှာ အလှပြင်လုပ်ငန်းဖြင့် လုပ်ကိုင်နေသူဖြစ်သောကြောင့် ဤနယ်ပယ်အကြောင်း ကျွမ်းကျွမ်းကျင်ကျင်သိ၏။

ရှာရီယယ်လ်ဆိုသည်မှာ ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး မိတ်ကပ်ပညာရှင်များထဲက တစ်ယောက်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က အော်စကာ​ဆုပေးပွဲအတွက် မိတ်ကပ်ပြင်ဆင်မှုကိုလည်း သူ(မ)၏အဖွဲ့ကပင် တာဝန်ယူခဲ့ခြင်းဖြစ်၏။ ဤအဖွဲ့၏ တစ်ရက်စာအခကြေးငွေက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာပေးရသည်ဟု ကောလာဟလထွက်နေသည်။

သူ(မ)၏ကျွမ်းကျင်မှုတန်ဖိုးကို အသာထား။ သူ(မ) အသုံးပြုသော မိတ်ကပ်ပစ္စည်းများကပင် ခမ်းနားလှပြီဖြစ်၏။

ဤမင်္ဂလာပွဲက ရှာရီယယ်လ်တို့အဖွဲ့ကိုပင် ဖိတ်ကြားနိုင်ခဲ့လေသလား။ ထို့ပြင် ရှာရီယယ်လ်ကိုယ်တိုင် သူတို့ကို ပြင်ပေးမည့်ပုံပင်။

အော်စကာဆုပေးပွဲတုန်းကတောင် သူ(မ)၏အဖွဲ့ကသာ အလုပ်အားလုံးကို လုပ်သွားပြီး သူ(မ)က ညွှန်ကြားကြီးကြပ်ရုံသာ လုပ်ကိုင်ကြောင်း လူတိုင်းသိကြသည်။ ယခုလိုလူမျိုးကို ကိုယ်တိုင်အလုပ်လုပ်ခိုင်းနိုင်သည့် သူဌေးက ဘယ်လောက်တောင် ဩဇာရှိလိုက်လေမလဲ။

"ဆရာမရှာရီယယ်လ် ဒီနေ့ ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"

ကျူးရှောင်ယွီနှင့် ယဲ့ဝေတို့ကလည်း ယဉ်ယဉ်ကျေးကျေးပြောလိုက်ကြသည်။

"ယဉ်ကျေးနေစရာ မလိုပါဘူး"

ရှာရီယယ်လ်က ဟွာရှားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်လိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားပေ။

"ကျွန်မတို့က အလုပ်ခန့်ထားတဲ့ ဝန်ထမ်းတွေပါ။ ရှင်တို့သူငယ်ချင်းရဲ့ ကမ်းလှမ်းချက်ကလည်း ကျွန်မ မငြင်းနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လေ"

"ဒီတစ်ခေါက် ဆရာမရဲ့အခကြေးငွေက ဘယ်လောက်ရှိလဲလို့ ​မေးလို့ရမလား"

ယဲ့ဝေက မေးလိုက်၏။ ဤမေးခွန်းက နည်းနည်းရိုင်း​နေမှန်းသိသော်လည်း သူ(မ)ကတော့ ရဲရဲဝံ့ဝံ့မေးလိုက်လေသည်။

သို့သော် ရှာရီယယ်လ်ကတော့ ဤမေးခွန်းကြောင့် ရှက်လေဟန် မပြခဲ့ပေ။ ဤသည်မှာ ဖြေမရသော မေးခွန်းတစ်ခု မဟုတ်ချေ။

"ရှင်တို့သူငယ်ချင်းက ကျွန်မကို အမေရိကန်ဒေါ်လာ သန်းငါးဆယ်နဲ့ ကမ်းလှမ်းခဲ့တာ!"

"ဟစ်!"

"သန်းငါးဆယ်တဲ့လား။ ဘုရားရေ!"

"သူတို့ ရူးနေပြီပဲ။ ဒါ မင်္ဂလာပွဲကျင်းပနေတာမဟုတ်တော့ဘူး။ ပိုက်ဆံတွေကို မီးရှို့နေတာပဲ!"

ဤစကားကိုကြားသော် ကျူးရှောင်ယွီ၏ပါးစပ်ပင် ဆတ်ခနဲတွန့်သွားရသည်။

"မစ္စတာကျူး..အဲ့ဒီလောက်အထိလည်း အံ့ဩစရာမလိုပါဘူး။ ဒီပမာဏက ရှင်တို့သူငယ်ချင်းအတွက်တော့ သမုဒ္ဒရာထဲက ရေတစ်ပေါက်လိုပါပဲ"

ရှာရီယယ်လ်က ပြုံးစစဖြင့် ပြောလိုက်သည်။

"ပြီးတော့ ကျွန်မရဲ့အခကြေးငွေက ဟိုအခန်းထဲက သတို့သမီးဝတ်စုံရဲ့စျေးနှုန်းနဲ့ ယှဉ်လို့တောင်မရဘူး!"

"ဘာ? အဲ့ဒီသတို့သမီးဝတ်စုံက အမေရိကန်ဒေါ်လာ သန်းငါးဆယ်ထက် ပိုများတယ်လို့ ပြောချင်တာလား?"

"မင်္ဂလာဝတ်စုံတစ်စုံက ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်အထိ စျေးကြီးနိုင်ရတာလဲ"

"မြန်မြန်လာ ဝေဝေ..မြန်မြန်သွားကြည့်ရအောင်"

ယဲ့ဝေ၏မိသားစုဝင်များရော ကျူးရှောင်ယွီ၏ မိသားစုဝင်များပါ ကြောင်အကုန်ကြသည်။

ကျူးရှောင်ယွီနှင့် ယဲ့ဝေတို့လည်း ထိုအခန်းတံခါးဆီသို့ လျှောက်သွားပြီး ဖြည်းဖြည်းချင်းဖွင့်လိုက်ကြသည်။

ဤသည်မှာ မိန်းကလေးတိုင်း၏ အိပ်မက်ထဲက မင်္ဂလာဝတ်စုံတစ်ခုဖြစ်ပြီး ဖော်ပြ၍မရလောက်အောင် လှပနေချေသည်။ ဤဝတ်စုံကို ပိုင်ဆိုင်သူဟာ ကမ္ဘာပေါ်တွင် အပျော်ဆုံးမိန်းကလေးတစ်ယောက်ပင်။

ရှာရီယယ်လ်က အနားသို့ ချဉ်းကပ်လာသည်။

"ဒါက အီတလီဒီဇိုင်နာ မစ္စတာကင်းတုအန်းရဲ့ လက်ရာပါ။ အသေးစိတ်တွေအကုန်လုံးကို လက်နဲ့လုပ်ထားတာလေ။ သရဖူမှာလည်း ၄၀ကာရက်ရှိတဲ့ ရှားပါးသွေးရောင်စိန် ပါဝင်ပါတယ်။ ပြီးတော့ ဝတ်စုံတစ်ခုလုံးရဲ့ ကုန်ကြမ်းပစ္စည်းကုန်ကျစရိတ်ကတင် အမေရိကန်ဒေါ်လာသန်း၁၂၀ကျော်တယ်"

ရှာရီယယ်လ်က နောက်ပြောင်လိုက်သည်။

"ဒီဝတ်စုံကို ကျွန်မ ခိုးချင်စိတ်တောင် ပေါက်သွားပြီ"

*****************

All Chapters