ရသာမြိန်နိဗ္ဗာန်ကျွန်း
Vol. 38 Ch. 556
ကျန်းမုန့်လောင်လည်း မြားပျား၏ခေါင်းနှင့် အဆိပ်ဆူးချွန်ကို ဆွဲဖြုတ်ပြီး တစ်ကိုက်ကိုက်လိုက်သည်။
"ဝိုး.. ဒါက ဩစတြေးလျကျောက်ပုစွန်ထက်တောင် ပိုကောင်းနေသေးတယ်"
မြားပျား၏အသားက အလွန်နူးညံ့ပြီး အလွန်ဝါးလို့ကောင်းနေလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားချေ။ သူ့ခြံထဲက ကိုဘေးဩစတြေးလျကျောက်ပုစွန်ကတောင် ဤမျှအထိ အရသာမရှိချေ။
သူလည်း မနေနိုင်တော့သဖြင့် နောက်တစ်ကိုက်ထပ်ကိုက်လိုက်သည်။ အခွံက စိတ်ကျေနပ်ဖွယ်ကောင်းအောင် ဂျွတ်ခနဲမြည်သံ ထွက်လာပြီး အသားက နူးညံ့ကာ ဝါးလို့ကောင်းသည်။
"ငါလည်း စားကြည့်လို့ရလား"
လုရီယောင်က အစောပိုင်းက တိုက်ခိုက်မှုကြောင့် ကြောက်လန့်သွားဟန်မရှိဘဲ ထူးဆန်းလှသော သတ္တဝါတစ်ကောင်၏အသားကို ရဲရဲဝံ့ဝံ့ကိုက်ကြည့်လိုက်သည်။
"ဘုရားရေ… အရမ်းအရသာရှိတာပဲ။ ငါ ဒီလိုအရသာမျိုးကို တစ်ခါမှမစားဖူးဘူး"
"ငါ့ကိုလည်း တစ်ကိုက်လောက်ပေးဦး"
သူတို့နှစ်ယောက် စိတ်လှုပ်ရှားနေတာကို မြင်သောအခါ ဝမ်လင်ကလည်း မတောင်းဘဲ မနေနိုင်တော့ချေ။
"ဝိုး အရသာရှိလိုက်တာ"
"ဝုတ် ဝုတ် ဝုတ်"
လက်ဖဝါးအရွယ်ခန့်ရှိသော မြားပျားတစ်ကောင်ကို လူသုံးယောက်နှင့် ခွေးတစ်ကောင် မျှစားလိုက်သောအခါ တစ်ကိုက်နှစ်ကိုက်မျှဖြင့် ကုန်သွားလေသည်။
"ဒါက…"
နိဗ္ဗာန်ကျွန်းတွင် ရှစ်နှစ်ကြာအောင် နေထိုင်ခဲ့သူတစ်ယောက်အဖို့ ကျန်းချီယွမ်မှာ မြားပျားက ဤနေရာရှိ သတ္တဝါများထဲတွင် အားအနည်းဆုံးအကောင်များထဲမှ တစ်ကောင်ဖြစ်သော်ငြား မဟာသခင်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်ပင် ဒုက္ခတွေ့နိုင်ကြောင်း ကောင်းကောင်းနားလည်ထားသည်။
ထို့ပြင် ပုံမှန်ဆိုလျှင် မြားပျားများက အုပ်စုဖွဲ့၍ နေထိုင်တတ်ကြသည်။ သူတို့က အနီးအနားရှိ မိုးသစ်တောထဲတွင် ပုန်းအောင်းနေပြီး ရုတ်တရက်တိုက်ခိုက်တတ်သည်။ ခမ်းနားကြီးကျယ်လှသော သားကောင်ကြီးများနှင့်ယှဉ်လျှင် သေစေနိုင်သော သူတို့၏တိုက်ခိုက်မှုများကြောင့် အသေအပျောက်အများဆုံးပင်။
နိဗ္ဗာန်ကျွန်းပေါ်ရှိ လူတွေကလည်း ဤသတ္တဝါကို ရှောင်ရှားကြသည်ချည်းသာ။ သူတို့ကတော့ မြားပျားကို ကျောက်ပုစွန်လို စားနေကြသတဲ့လား။
သုန်းဝေ့ခမျာ ပါးစပ်အဟောင်းသား ဖြစ်နေလေတော့သည်။ ဤသည်မှာ သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်၏။ သူကိုယ်တိုင်က ဒဏ္ဍာရီလာအဆင့်ဖြစ်သော စစ်သည်တစ်ယောက်ဖြစ်သော်လည်း ယခုလိုတော့ မစွန့်စားရဲချေ။
"ငါ ဗိုက်မဝသေးဘူး"
ကျန်းမုန့်လောင်က ဝမ်ချိုင်ကို ကန်လိုက်သည်။
"ငါက မင်းရဲ့သခင်နော်။ မင်းက ငါနဲ့ အစာလာလုနေတာပေါ့။ နောက်ဆုံးတစ်ကိုက်ကို မင်းယူသွားတာကွ"
"ဝုတ် ဝုတ် ဝုတ်"
ဝမ်ချိုင်ကလည်း မကျေမနပ်ဖြစ်လေဟန်ဖြင့် ပြန်ဟောင်လေသည်။
လူတိုင်းလည်း မြင်လိုက်တာပဲ။ သူ့ဘာသာ လက်မြန်တာကို အပြစ်တင်လို့ရရိုးလား။
"ကျန်းချီယွမ် မြားပျားတွေအများကြီး ဘယ်နားမှာရှိလဲဆိုတာသိလား။ ငါ နည်းနည်းလောက်ထုပ်ပိုးပြီး စားဖို့ယူသွားမလားလို့"
"ကျွန်မ…"
ကျန်းချီယွမ်ခမျာ နိဗ္ဗာန်ကျွန်းပေါ်တွင် ဤမျှအထိရဲတင်းသူမျိုး တစ်ခါမှမမြင်ဖူးချေ။
သူတို့ ရူးနေကြတာလား။ ဒါမှမဟုတ် နိဗ္ဗာန်ကျွန်းပေါ်က မကောင်းဆိုးဝါးတွေက အန္တရာယ်မရှိတော့တာလား။ ထျန်းယွမ်အဆင့်ပညာရှင်တစ်ယောက်တောင် သတိထားရတဲ့ ဒီနေရာကို သူတို့တွေ နည်းနည်းပါးပါးမလေးစားပေးနိုင်ဘူးလား။
"အင်း..မြားပျားတွေက အစုလိုက်အအုံလိုက်နေတတ်တဲ့အကောင်တွေလေ။ ဒီနားမှာ အသိုက်တစ်ခုရှိလောက်တယ်"
"ဝမ်ချိုင်! လိုက်ရှာချေ။ မျိုးဖြုတ်သုတ်သင်ရေးစီမံကိန်း!"
"ဝုတ်!"
ဝမ်ချိုင်ကလည်း ပြန်ဖြေလိုက်ပြီးနောက် ပတ်ပတ်လည်ရှိ ချုံပုတ်များဆီသို့ ပြေးသွားလိုက်သည်။ ထို့နောက် အနံ့ခံအာရုံစူးရှမှုကြောင့် မြားပျားများ၏အနံ့ကို ချက်ချင်းရှာတွေ့လိုက်သည်။
"ကျန်းမုန့်လောင် ရှင့်ခွေးတော့ ဘာမှမဖြစ်လောက်ပါဘူးနော်"
ကျန်းချီယွမ်က စိုးရိမ်တကြီးမေးလိုက်သည်။
"မပူပါနဲ့။ ငါ့ခွေးက သာမန်ခွေးမဟုတ်ဘူး"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။ တစ်နှစ်လောက် ပြဒါးရှင်လုံးများကို စားသုံးထားပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် သူနှင့်အတူ အချိန်ဖြုန်းနေကျဖြစ်သော ဝမ်ချိုင့်တွင် အံ့မခန်းအစွမ်းများ ရှိသည်။
"ဝုတ်"
ကြောက်မက်ဖွယ်ဟိန်းဟောက်သံတစ်သံကြားဝယ် မလှမ်းမကမ်းမှ မျက်စိကျိန်းလောက်သော မီးလျှံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"သွားကြစို့"
ကျန်းမုန့်လောင်နှင့် အခြားလူများက သုန်းဝေ့ကိုဆွဲခေါ်ပြီး အပြေးအလွှားသွားကြလေတော့သည်။
သင်္ချိုင်းဂူတစ်ခုနီးနီး ကြီးမားသော ပျားအုံတစ်ခုက မီးမြိုက်မြိုက်လောင်နေလေပြီ။ အနည်းဆုံးမြားပျားအကောင်ခုနစ်ဆယ်ရှစ်ဆယ်လောက်က မြေပြင်ပေါ်မှာ မီးလောင်ကျွမ်းနေပြီး ဝမ်ချိုင်ကတော့ ဗိုက်ကားအောင် ပွဲတော်တည်နေလေပြီ။
"သေစမ်း။ မင်းတို့ရဲ့ကိရိယာတွေကိုယူကြ"
"ငါ့အတွက်လည်းချန်ထားဦး"
"ဘာတွေလုနေကြတာလဲ။ အဲဒီလောက်အများကြီးလည်း မစားနိုင်ဘဲနဲ့"
"အား ကျွမ်းသွားပြီ"
"ရီရီ ငါယူလာခိုင်းထားတဲ့ ဇီယာမှုန့်နဲ့ ငရုတ်ကောင်းမှုန့်တွေက ဘယ်မှာလဲ"
"ဒီမှာရော့.. ကြက်သွန်နီလိုသေးလား"
"နံနံပင်လက်တစ်ဆုပ်စာလောက် ထပ်ထည့်လိုက်"
လူတစ်သိုက်က မီးပုံဘေးမှာ ဝိုင်းထိုင်လိုက်ကြပြီး ယခုအထိမီးလောင်ကျွမ်းနေဆဲဖြစ်သော ပျားအုံကိုပါ ပေါင်းလိုက်သော် စခန်းချမီးပုံပွဲတစ်ခု ကျင်းပနေသည့်အလားပင်။
အားလုံး ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည်ကို မြင်သောအခါ ကျန်းချီယွမ်လည်း ရဲတင်းသောအတွေးတစ်ခုကို တွေးလိုက်မိသည်။ သူ(မ)လည်း နည်းနည်းလောက်မြည်းကြည့်သင့်သလား…
"အင်း စားလို့ကောင်းလိုက်တာ.."
"ဘယ်လိုလဲ။ အရသာရှိတယ်မလား။ မင်းတို့တွေက အစားအသောက်ကောင်းကို တန်ဖိုးမထားတတ်ကြဘူးပဲ။ ဒီနေရာမှာ နှစ်ပေါင်းများစွာနေလာပြီးတာတောင် တစ်ခါမှမစားဖူးဘူး။ နှမြောဖို့ကောင်းလိုက်တာ။ ရော့ အလှလေး.. ဆာတေးဆော့စ်နဲ့ မြည်းကြည့်လိုက်"
သူက ပြောလိုက်၏။
"နောက်တစ်ကောင်ပေးပါဦး"
"ဝူးဝူးဝူး ငါလည်းစားချင်တယ်လေ"
ဘေးနားတွင် ပစ်ပယ်ခံထားရသော သုန်းဝေ့ခမျာ သူတို့အားလုံး စားသောက်နေသည်ကိုကြည့်ရင်း သွားရည်ယိုနေရုံသာတတ်နိုင်လေသည်။
"ဝေါင်း"
အစောပိုင်းတုန်းက အာ့ကုန်းဇီ၏မီးတောက်က တောထဲတွင် ပုန်းအောင်းနေသော အခြားသတ္တဝါများကို ဆွဲဆောင်မိလိုက်ဟန်ပင်။ ဒိုင်နိုဆောတစ်ကောင်နှင့် ဆင်တူပြီး နှစ်မီတာမြင့်သော သတ္တဝါတစ်ကောင်က သစ်ပင်တစ်ပင်ပေါ်မှ ရုတ်တရက်ခုန်ဆင်းလာသည်။
"ဒါက ကိုချိနဂါးတစ်ကောင်းပဲ"
ကျန်းချီယွမ်က တအံ့တဩရေရွတ်လိုက်သည်။
"အဲဒါက ဒဏ္ဍာရီလာအဆင့် သားရဲတစ်ကောင်နော်။ သူ့ရဲ့ကိုက်ဖြတ်အားက ဆယ်တန်ကျော်တယ်။ ပြီးတော့ တစ်စက္ကန့်ကို မီတာတစ်ရာကျော်အထိ အမြင့်ဆုံးအရှိန်နဲ့ပြေးနိုင်တယ်"
တကယ်တမ်းတွင် ဤတစ်ခေါက် ကျန်းချီယွမ် ကျွန်းပေါ်က ထွက်ခွာလာစဉ်က ကိုချိနဂါးတစ်ကောင် လိုက်ဖမ်းခြင်းကို ခံခဲ့ရသည်။ ကံကောင်းချင်တော့ သူ(မ)က ထွက်ပေါက်နှင့် နီးနေပြီဖြစ်သလို ထိုနဂါးကလည်း အကောင်ပေါက်လေးတစ်ကောင်ဖြစ်နေချေသည်။ သူ(မ)၏အဆင့်က မဟာသခင်အဆင့်ဖြစ်နေသောကြောင့်သာ အသက်ရှင်လွတ်မြောက်ခဲ့ခြင်းပင်။
ဤအကောင်မှာ နိဗ္ဗာန်ကျွန်းထဲတွင် လမ်းပျောက်နေသော ဒိုင်နိုဆောမျိုးဆက်တစ်ခု ဖြစ်ရမည်ဟု သူ(မ)တွေးလိုက်မိသည်။ သူ့ခန္ဓာကိုယ်မှာ အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး သာမန်ဒဏ္ဍာရီလာအဆင့်သခင်တစ်ယောက်တောင် မနည်းတိုက်ခိုက်ရပေလိမ့်မည်။
"ဝမ်ချိုင် အဲဒါ မင်းတာဝန်နော်"
"ဝုတ်"
ဝမ်ချိုင်က သွားကြားထိုးရင်း အရှေ့သို့ခုန်အုပ်ပြီး ကိုချိနဂါး၏လည်ပင်းကို ကိုက်ချလိုက်၏။
"ဂျွတ်"
ကြွပ်ဆတ်ဆတ်အသံတစ်သံ ထွက်လာပြီးနောက် ထက်ရှရှသွားများက နဂါး၏လည်ပင်းပေါ်ရှိ အကြေးခွံများကို ဖောက်ထွင်းပြီး သူ့လည်ချောင်းကို ခြေမွှပစ်လိုက်သည်။
ကိုချိနဂါးခမျာ ခပ်အုပ်အုပ်အသံဖြင့် အားနည်းစွာညည်းတွားရင်း မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားသည်။
"အဲဒီ..အဲဒီခွေးက ဒဏ္ဍာရီလာအဆင့်ကိုချိနဂါးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်ပေါ့"
ကျန်းချီယွမ်က ဝမ်ချိုင်ကိုလက်ညှိုးထိုးပြီး မယုံကြည်နိုင်လေဟန်ဖြင့် ကြည့်နေမိသည်။
သာမန်ခွေးတစ်ကောင်က သူ့အား ဤမျှအထိဝပ်တွားသွားအောင် လုပ်နိုင်ခဲ့သလဲဆိုသည်ကို သုန်းဝေ့ နားလည်လိုက်လေပြီ။ ဤသည်မှာ သာမန်ခွေးတစ်ကောင်မဟုတ်ပေ။ ဒဏ္ဍာရီလာအဆင့်သတ္တဝါတစ်ကောင်ကိုတောင် သတ်နိုင်သည့် ခွေးတစ်ကောင်ပင်။
သောက်ကျိုးနည်း ဒါက ဘာကြီးလဲ။
သူ ဘယ်လိုလူစားမျိုးတွေနဲ့ ပတ်သက်မိသွားတာလဲ။
သူ့သိုင်းပညာအစွမ်းက အလွန်အထင်ကြီးဖို့ကောင်းသည်ဟု သူ ထင်ခဲ့မိသော်ငြား ကျန်းမုန့်လောင်ကမူ ကျင့်ကြံရေးကို ဆက်ခံထားခြင်းလေလား။
အင်တာနက်ပေါ်ရှိ နာမည်ကြီးစကားတစ်ခုကို သူ သတိရလိုက်သည်။ သိုင်းပညာလေ့ကျင့်သူများအနေနှင့် ကျင့်ကြံသူများကို လုံးဝပြဿနာမရှာသင့်ပေ။
ဝမ်ချိုင်က ထိုအလောင်းကို ကျန်းမုန့်လောင်နားသို့ ဆွဲလာပြီး သူ့ကို နှစ်ချက်ဟောင်ပြလေသည်။
"မင်းပြောချင်တာက..ကင်စားကြည့်ချင်တာလား"
"ဝုတ်"
"ချွင်"
ထက်ရှလှသော သာမန်ဓားတစ်ချောင်းက ကျန်းမုန့်လောင်၏လက်ထဲမှ ရုတ်တရက်ထွက်ပေါ်လာသည်။
"ဒါက တတိယအဆင့်လက်နက်လား"
"ဟုတ်တယ်။ ဒါက ဟွာရှားနိုင်ငံရဲ့ နတ်ဘုရားလက်နက်ဆယ်မျိုးထဲက တစ်ခုဖြစ်တဲ့ ချန်ယင်လေ။ အသားဖြတ်ဖို့ ကွက်တိပဲ"
ကျန်းမုန့်လောင်၏ ဟင်းချက်စွမ်းရည်ကို လျှော့တွက်၍ မရချေ။ သူက ကိုချိနဂါး၏ပေါင်တစ်ဖက်ကို တစ်ချက်တည်းနှင့်လှီးဖြတ်လိုက်ပြီး အသားတုံးလေးများကို ညီညီညာညာပိုင်းဖြတ်လိုက်သည်။ ထို့နောက် သူ့လက်စွပ်ဖြင့် သီးခြားနေရာလွတ်တစ်ခုမှ အကင်စက်တစ်ခုကို ထုတ်လိုက်၏။
"ဝှစ်"
အရိုးဖြူအေးခဲမီးတောက်က တောက်လောင်လာပြီး ကျန်းမုန့်လောင်၏အသေးစိတ်ထိန်းချုပ်မှုအောက်မှာပင် ကိုချိနဂါး၏အသားက တရှဲရှဲမြည်ပြီး အဆီများဝေ့လာသည်။
"အရည်အသွေးအကောင်းဆုံးပါဝင်ပစ္စည်းတွေက ရိုးရှင်းတဲ့ချက်ပြုတ်နည်းတွေနဲ့ပဲ ချက်ပြုတ်သင့်တာ။ သံလွင်ဆီ၊ ဇီယာမှုန့်၊ ငရုတ်ကောင်းဆား၊ ငရုတ်ကောင်းအနက်…"
"သေစမ်း ငါ သည်းမခံနိုင်တော့ဘူး"
ဝမ်လင်က အသားတစ်ပိုင်းကို ဆွဲယူပြီး သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
"ဟစ်…အိုး.."
"ဝုတ် ဝုတ် ဝုတ်"
...
အားရပါးရစားသောက်ပြီးနောက်တွင်မူ သူတို့အားလုံး ကျေနပ်အားရသွားသည်။ အသားက အလွန်အရသာရှိရုံသာမက အလွန်အာဟာရကြွယ်ဝသဖြင့် သူတို့ ထပ်မစားနိုင်တော့ပေ။
"ဟုတ်သားပဲ။ ငါတို့ ဒီကို ဘာလာလုပ်တာပါလိမ့်"
"တစ်ယောက်ယောက်ကို လာကယ်တာထင်တယ်နော်"
"ဪ ဟုတ်သားပဲ"
ကျန်းမုန့်လောင်လည် သူ့နဖူးသူ ရိုက်ချလိုက်မိသည်။
"သူတို့ကို အရင်ကယ်ရအောင်။ အဲဒါပြီးမှ ပြန်ရောက်ရင် စားဖို့အတွက် အကောင်နည်းနည်းလောက် အမဲလိုက်ကြတာပေါ့"
"ရှင်တို့ လူလာကယ်တယ်ဆိုတာကိုတော့ သတိရသေးတယ်ပေါ့"
ကျန်းချီယွမ်ခမျာ အနည်းငယ်မွန်းကျပ်မိသော်ငြား ကျန်းမုန့်လောင်ထုတ်ဖော်ပြသခဲ့သည့် ဆန်းကြယ်လှသောစွမ်းအားကြောင့် နည်းနည်းလောက်ပိုပြီးယုံကြည်မှုရှိလာသည်။ သူ(မ)၏မိဘများကို နိဗ္ဗာန်ကျွန်းမှ အမှန်တကယ်ကယ်ထုတ်နိုင်လောက်သည်။
"ကျန်းချီယွမ်.. ငါတို့စားလို့ရတာ ဘာရှိသေးလဲ။ ငါတော့ ဒီနေရာမှာ ဗီလာတစ်လုံးဆောက်မလားလို့ တွေးနေတာ။ မကြာမကြာ ဒီကိုလာပြီး အပန်းဖြေမယ်။ အမဲလိုက်ထွက်မယ်။ ဒီနေရာက အစားအသောက်တွေက အရမ်းအရသာရှိတယ်။ 'ရသာမြိန်နိဗ္ဗာန်ကျွန်း'လိုမျိုး အစီအစဉ်တစ်ခုမှာတောင် ပါလို့ရနိုင်မယ်ထင်တယ်.."
******************