ဒီလိုရူးနှမ်းတဲ့တောင်းဆိုမှုမျိုး တစ်ခါမှမကြားဖူးဘူး
Vol. 38 Ch. 557
နိဗ္ဗာန်ကျွန်းက အလွန်ကျယ်ဝန်းပြီး မှော်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကောင်းကင်ဘုံဖျားအဆင့် သိုင်းပညာရှင်တစ်ယောက်ပင် ဤတောအုပ်ကို ဖြတ်သန်းသွားရန်အတွက် နာရီပေါင်းများစွာအချိန်ယူရသည်။ သို့သော် ကျန်းချီယွမ် ဤနေရာမှ ပထမဆုံးအကြိမ်ထွက်စဉ်က နှစ်ရက်နီးနီးကြာမြင့်ခဲ့သည်။
ပထမဆုံးအကြိမ် ထွက်လာရစဉ်က မည်မျှအထိ ခက်ခဲခဲ့ကြောင့် ကျန်းချီယွမ် အမှတ်ရနေဆဲပင်။ နေ့ခင်းဘက်တွင် သွားလာနေရင်း အသံမထွက်မိအောင် သတိထားရပြီး ညဘက်တွင်မူ အမှောင်ထုထဲတွင် ထိုသတ္တဝါများ၏ တိုက်ခိုက်မှုကို မခံရစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်သည့်အနေနှင့် မြေစာပုံကြီးထဲတွင် မြုပ်နှံထားခဲ့ရသည်။ သို့မဟုတ် အလွန်အန္တရာယ်များသော နေရာတစ်ခုကို ရှာရသည်။
သို့သော် ဤတစ်ခေါက်တွင်မူ မောက်မာပြီး ထင်ပေါ်စွာနေထိုင်ခြင်း၏ အဓိပ္ပာယ်ကို သူ(မ) နားလည်လိုက်လေပြီ။
သူတို့က သူတို့၏ခြေရာလက်ရာကို ဖုံးကွယ်ရန်လည်း စိတ်မကူးကြသလို စကားအကျယ်ကြီးပြောပြီး ပေါ့တီးပေါ့ဆနေကြသည်။ ကျန်းမုန့်လောင်ဆိုလျှင် သူစက်ပစ္စည်းထဲမှာ သီချင်းပင် အကျယ်ကြီး ဖွင့်ထားသေးသည်။ နိဗ္ဗာန်ကျွန်းပေါ်ရှိ လူတွေသာ ဤအခြင်းအရာကိုမြင်ပါက သူတို့အား ရူးသွပ်သွားကြပြီဟု ထင်ကြမည်ဖြစ်၏။
သို့တိုင် သူတို့က အလွန်အစွမ်းထက်ကြောင်းကိုမူ ကျန်းချီယွမ် ဝန်ခံရပေလိမ့်မည်။
ဝင့်ကြွားလှသော သူတို့၏အပြုအမူကြောင့် တောနက်ထဲတွင် ပုန်းအောင်းနေသော အစွမ်းထက်သတ္တဝါများကို သေချာပေါက်ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ဤသည်မှာ စွန့်စားရေးအစီအစဉ်မဟုတ်တော့ဘဲ ချက်ပြုတ်ရေးအစီအစဉ်တစ်ခုဖြစ်သွားသည်မှာ ထင်ရှားလှ၏။
စူပါဘော်ဒီဂတ်တစ်ဦးနှင့် အလားသဏ္ဌာန်တူသော ဝမ်ချိုင်က သူတို့အနားတွင် နိုးနိုးကြားကြားနေပြီး အန္တရာယ်အရိပ်အယောင်ကို ခံစားမိသည်နှင့် သတိပေးဖို့ အသင့်ပြင်ထားသည်။
ထို့ပြင် အချိန်အများစုတွင် ကျန်းမုန့်လောင်ကိုယ်တိုင်တောင် ဘာမှမလုပ်လိုက်ရပေ။ လမ်းတစ်လျှောက်ရှိ သတ္တဝါများကို ထိုခွေးကသာ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှင်းပစ်ခဲ့သည်။
သူ(မ)တစ်သက်တွင် ဤမျှစွမ်းလှသော ခွေးတစ်ကောင်ကို မမြင်ဖူးကြောင်း ကျန်းချီယွမ် ဝန်ခံရပေမည်။ မီတာဝက်မျှပင် မရှိသော ခွေးတစ်ကောင်က သုံးမီတာမြင့်သော သတ္တဝါတစ်ကောင်ကို အသေကိုက်သတ်ပစ်သည့်မြင်ကွင်မျိုးကို မြင်ဖူးရဲ့လား။
ပါးစပ်ထဲက မီးလုံးတွေကို ထုတ်လွှတ်နိုင်သော ခွေးတစ်ကောင်ကို မြင်ဖူးရဲ့လား။ ကိုယ့်ကိုယ့်ကိုယ် အာဂူမွန် သို့မဟုတ် တိုင်ရန်နိုမွန်ဟုများ ထင်နေလေသလား။
ကျန်းမုန့်လောင်နှင့် အခြားသူများအတွက်မူ သူတို့၏အစားသမားစိတ်ဓာတ်ကို အပြည့်အဝထုတ်ဖော်ခဲ့ကြသည်။ နိဗ္ဗာန်ကျွန်းပေါ်တွင် စား၍ရနိုင်သမျှအရာတိုင်းကို အလွတ်မပေးခဲ့ကြချေ။
ယခုလိုသာဆက်စားနေပါက ကျွန်းပေါ်ရှိ ဂေဟစနစ်ကြီးတော့ ပြိုလဲရပေလိမ့်မည်။
ဝမ်လင်က မယုံနိုင်လောက်အောင် ထူးခြားသော ဧကရာဇ်ချပ်ဝတ်တန်ဆာကို ဆင့်ခေါ်နိုင်ခဲ့ခြင်းကပင် အလွန်အံ့ဩဖို့ကောင်းနေပြီဖြစ်သော်လည်း ကျန်းမုန့်လောင်က ထျန်းယွမ်အဆင့် သတ္တဝါတစ်ကောင်ကို လက်သီးတစ်ချက်တည်းနှင့် ထိုးသတ်ပစ်လိုက်သည်ကို မြင်သောအခါ သူ(မ) လုံးဝယုံကြည်သွားလေတော့သည်။
"ဝမ်လင် ကျန်းမုန့်လောင်မှာ ခွန်အားအဆင့် ဘယ်လောက်ရှိတာလဲ"
ကျန်းချီယွမ်က ဝမ်လင့်ကို သတိကြီးကြီးထားပြီး မေးလိုက်သည်။ ထျန်းယွမ်အဆင့်သတ္တဝါတစ်ကောင်ကို ဤမျှလွယ်လင့်တကူရှင်းပစ်နိုင်ခဲ့သည့်အတွက် သူသည် အနည်းဆုံးတော့ ထျန်းယွမ်အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်လောက်တော့ ရှိလိမ့်မည်မဟုတ်လား။ သို့တည်းမဟုတ် သူတို့၏ကျွန်းသခင်ထက်ပင် ပိုအစွမ်းထက်နိုင်သည်။
"ကိုယ်လည်း မသိဘူး"
ဝမ်လင်က ခေါင်းခါယမ်းပြသည်။
"ကိုယ့်ညီအစ်ကိုက ဘယ်လောက်တောင်အစွမ်းထက်လဲဆိုတာ မနေ့ညကမှ သိလိုက်ရတာ"
"ရှင့်ရဲ့ဧကရာဇ်ချပ်ဝတ်က…"
"သူ့ဆီက ငှားထားတာ။ ဘယ်လိုလဲ။ တအားခန့်တယ်မလား"
"သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"
...
သူတို့က အောင်နိုင်သူများအလား ဆက်လက်ချီတက်ခဲ့ကြပြီး သူတို့ကို လူ သို့မဟုတ် ဗုဒ္ဓကပင် မတားဆီးနိုင်ခဲ့ပေ။ ကျန်းချီယွမ်နှင့် သုန်းဝေ့တို့ခမျာ နိဗ္ဗာန်ကျွန်းက ဤမျှအထိလုံခြုံသောနေရာတစ်ခုဖြစ်ကြောင်း ပထမဆုံးအကြိမ်အဖြစ် သိလိုက်ရသည်။
သိုင်းပညာမတတ်သော လုရီယောင်နှင့် သေလုမြောပါးဖြစ်နေသော သုန်းဝေ့တို့ကြောင့် နိဗ္ဗာန်ကျွန်း၏ ဗဟိုချက်သို့ ရောက်ရှိရန် အချိန်သုံးနာရီနီးပါးကြာမြင့်ခဲ့သည်။
ထိုနေရာကား သဘာဝရေကန်တစ်ကန်ဖြစ်ပြီး ထိုရေကန်ထဲတွင် ကျွန်းကြီးတစ်ကျွန်းရှိ၏။ ထိုနေရာကား ဆယ်မီတာမျှပင်မကျယ်ဝန်းသော တူးမြောင်းတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ပြီး ကျွန်းပတ်ပတ်လည်ရှိ ကျုံးတစ်ခုနှင့်ပင် ဆင်တူနေသည်။
နိဗ္ဗာန်ကျွန်းပေါ်တွင် လေ့ကျင့်ကြသူများအားလုံးက ဤကျွန်းပေါ်တွင် နေထိုင်ကြပြီး ရေကန်ကမူ အခြားအရာများအားလုံးနှင့် အကွာအဝေးခြားထားပေးသည့် သဘာဝအတားအဆီးတစ်ခုအလားပင်။
"ဒါက နိဗ္ဗာန်ကျွန်းရဲ့ဗဟိုချက်ပဲ"
ကျန်းချီယွမ်က ပြောလိုက်၏။
ရုတ်ခြည်းပင် ခွေးသေတစ်ကောင်အလား မလှုပ်မယှက်ဖြစ်နေခဲ့သော သုန်းဝေ့က ခွန်အားများ ပြည့်ဝသွားပြီး ဝမ်ချိုင်၏ပါးစပ်ထဲမှ အလွတ်ရုန်းသွားသည်။
ဝမ်ချိုင်က မွေးရာပါဗီဇအရ ပျင်းရိပြီး အစားမက်သောခွေးတစ်ကောင်ဖြစ်သည့်အပြင် ယခုလေးတင်မှ ဗိုက်ပြည့်အောင် စားသောက်ထားလေရာ ပုံမှန်ဆိုလျှင် ယခုလိုအချိန်မျိုးတွင် တစ်ရေးအိပ်ခြင်း သို့မဟုတ် ခွေးမလေးများနှင့် ပရောပရည်လုပ်ရင်း အိပ်မောကျနေလောက်ပြီ။
သုန်းဝေ့က လေထဲသို့ လွှားခုန်လိုက်ပြီး ရေကန်ထဲသို့ တန်းတန်းမတ်မတ်ခုန်ဆင်းလိုက်ချေသည်။
"ဆရာ..ကျွန်တော့်ကိုကယ်ပါဦး ဆရာ"
"ဝုတ် ဝုတ်"
သုန်းဝေ့လွတ်သွားသဖြင့် ဝမ်ချိုင်လည်း မျက်နှာပျက်ရတော့မည်ဖြစ်၏။ ထို့ကြောင့် သူက သုန်းဝေ့နောက်ကို ချက်ချင်းပြေးလိုက်လေတော့သည်။
"သတိထား"
ကျန်းချီယွမ် မတားလိုက်နိုင်ခင်မှာပင် ဝမ်ချိုင်က ခုန်သွားလေပြီ။
"ဒုန်း"
သူ့ခမျာ သံမဏိတံခါးတစ်ချပ်ကို ဝင်တိုက်မိလိုက်သည့်အလားပင်။ ရေကန်၏တစ်ဖက်ခြမ်းတွင် ဧရာမတံတိုင်းတစ်ခု ရှိနေပုံရ၏။ ဝမ်ချိုင်ခမျာ အနီရောင်အလင်းတန်းတစ်ခု ခြံရံလျက် အပြင်းအထန်လွင့်ထွက်လာသည်။
ထို့နောက် နာနာကျင်ကျင်ညည်းညူကာ မြေပြင်ပေါ်သို့ အကြမ်းပတမ်းပြုတ်ကျသွားသည်။
သို့သော် သေစေနိုင်လောက်သည့် ဒဏ်ရာများတော့ မရခဲ့ပေ။ ဝမ်ချိုင်ကလည်း မတ်တတ်ထရပ်လိုက်ပြီး ကျန်းမုန့်လောင်၏ခြေထောက်များကို အားတက်သရောပွတ်သပ်ကာ အလွန်စိတ်ထိခိုက်နေဟန်တူသည်။
"ကောင်းပါပြီ။ ကောင်းပါပြီ။ မင်း မတရားသလိုခံစားလိုက်ရမှန်း ငါသိပါတယ်"
ကျန်းမုန့်လောင်က သူ့ပါးစပ်ထဲသို့ ပြဒါးရှင်လုံးအမြောက်အများကို ထိုးထည့်ပေးလိုက်သည်။
"သောက်ကျိုးနည်းဘာတွေဖြစ်နေတာလဲ"
ကျန်းမုန့်လောင် မေးလိုက်မိသည်။
"ကျွန်မတို့နိဗ္ဗာန်ကျွန်းကို ဒီလိုနာမည်မျိုးပေးထားရတဲ့ အကြောင်းအရင်းက ဒီနေရာမှာ အရမ်းထူးခြားတဲ့ အတားအဆီးတစ်ခုရှိနေလို့ပဲ"
ကျန်းချီယွမ်က ရှင်းပြလိုက်သည်။
"ဒီကျွန်းရဲ့ဗဟိုမှာ ရှေးဟောင်းသစ်ပင်တစ်ပင်ရှိတယ်။ အဲဒီအပင်မှာ ကျွန်းပတ်ပတ်လည်မှာ အတားအဆီးကြီးတစ်ခုကို ဖန်တီးနိုင်တဲ့ မှော်ဝင်စွမ်းအားမျိုးရှိတယ်။ အဲဒီအရာက ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့်မပေးဘူး"
"ဒါဆို သူက ဘယ်လိုဝင်သွားတာလဲ"
ကျန်းမုန့်လောင်က သုန်းဝေ့ကို လက်ညှိုးထိုးပြလိုက်၏။
"ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ ဒီဟာရှိနေလို့လေ"
ကျန်းချီယွမ်က သူ(မ)လည်တိုင်ထက်ရှိ အဆောင်လက်ဖွဲ့တစ်ခုနှင့်တူသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒီထဲမှာ အဲဒီသစ်ပင်ကရတဲ့ သစ်သားပြားလေးတွေပါတယ်။ ဒီသစ်သားပြားတွေကို သယ်ထားတဲ့လူတွေကပဲ အထဲကိုဝင်နိုင်တာ။ မဟုတ်ရင် အဲဒီစွမ်းအားကြောင့် တွန်းထုတ်ခံရမှာ"
"ဒီစွမ်းအားက သာမန်တော့မဟုတ်ဘူးပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ ထျန်းယွမ်အဆင့်ဆရာသခင်တစ်ယောက်၏ ခွန်အားမျိုးနှင့် ထျန်းယွမ်အဆင့် သိုင်းပညာရှင်တစ်ယောက်ထက် ပိုသန်မာသော ခန္ဓာမျိုးပိုင်ဆိုင်ထားသော ဝမ်ချိုင်ပင် လွင့်ထွက်သွားခဲ့ရသည်။ ဤအတားအဆီးကို လျှော့တွက်၍ မရနိုင်ချေ။
"ဟားဟားဟား မင်းတို့ အထဲကိုဝင်လို့မရတော့ဘူးမလား"
သုန်းဝေ့က တစ်ဖန် စိတ်ကြီးဝင်သွားပြန်သည်။
"ငတုံး..ကျန်းချီယွမ်ရဲ့သစ်သားပြားကိုသုံးပြီး ငါဝင်လာလို့မရဘူးလား"
ကျန်းမုန့်လောင်က ရယ်လိုက်၏။
"မရဘူး"
ကျန်းချီယွမ်က ပြောလိုက်၏။
"ကျွန်မတို့ သစ်သားပြားကို ပထမဆုံးအကြိမ်သုံးတုန်းက အဲဒီပေါ်ကို သွေးတစ်စက်ချပေးရတယ်။ ဒါက ဒီသစ်သားပြားကို မတော်တဆရှာတွေ့လိုက်တဲ့ အပြင်လူတွေ နိဗ္ဗာန်ကျွန်းထဲကို ဝင်မလာနိုင်အောင် ကာကွယ်ထားတဲ့ နည်းလမ်းတစ်ခုပဲ"
"ဘုရားရေ..ဒါက ဒီအန်အေလျှို့ဝှက်နံပါတ်နဲ့ လော့ချထားတာပဲ"
ကျန်းမုန့်လောင်မှာ မလှောင်ဘဲ မနေနိုင်ချေ။
"ကျန်းမုန့်လောင် မင်း ငါ့ကိုတိုက်ခိုက်နိုင်တော့ရော ဘာဖြစ်သေးလဲ။ အခု အထဲကိုတောင် မဝင်နိုင်ဘူးမလား"
သုန်းဝေ့က သူ့ကို အထဲမှ လှောင်ပြောင်နေချေသည်။
"ပြီးတော့ ကျန်းချီယွမ် ခွေးမ.. ငါ နင့်မိဘတွေကို သေချာပေါက်သတ်ပစ်မယ်"
နှစ်ရက်ကြာနှိပ်စက်ခံထားရပြီးနောက် သုန်းဝေ့မှာ အနည်းငယ်စိတ်ဖောက်နေချေသည်။ ကျန်းချီယွမ်အပေါ်ထားသော သူ့အချစ်က ရွံရှာမုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"သုန်းဝေ့.. မင်း တကယ်စွမ်းတယ်ဆိုရင် ထွက်ခဲ့လေ။ လိပ်လို အခွံထဲမှာဝင်ပုန်းနေတာ မရှက်ဘူးလား"
"ဟားဟားဟားဟား ထွက်လာစရာလား"
သုန်းဝေ့သာ ထွက်သွားလိုက်မည်ဆိုလျှင် တုံးအရာကျပေလိမ့်မည်။ ကျန်းမုန့်လောင်တို့တစ်သိုက်က မည်မျှကြောက်ဖို့ကောင်းကြောင်း သူသိထားပြီးသားပင်။ တစ်ခါထပ်ထွက်မိပါက ကိုယ့်သေတွင်းကိုယ်တူးနေသလို ဖြစ်သွားလိမ့်မည်။
"ဝင်လာရဲရင် ဝင်ခဲ့လေ"
သူက ကိုယ့်ပါးကိုယ်ရိုက်ပြီး အသံထွက်အောင် လုပ်လိုက်သည်။
"လာလေ။ ငါ့ကိုလာရိုက်လှည့်။ မင်းတို့တွေက သိပ်စွမ်းကြတယ်မလား။ မင်းတို့မိသားစုထဲက လူတိုင်းက သူမတူတဲ့ဆရာသခင်တွေမလား။ အခုကျမှ ဘယ်လိုလုပ်ပြီး အမှိုက်တွေဖြစ်သွားတာလဲ"
သုန်းဝေ့မှာ လွန်ခဲ့သည့်နှစ်ရက်တုန်းက မွန်းကျပ်မှုများကို အကုန်ဖွင့်ထုတ်ပစ်လိုက်လေတော့သည်။ ဤအတားအဆီး၏ ပြင်းထန်လှသောခွန်အားအကြောင်း သူ့ဆရာက သူ့ကိုပြောပြဖူးသည်။ ထျန်းယွမ်အထွတ်အထိပ်အဆင့်ရှိသော သိုင်းပညာရှင်တစ်ယောက်ပင် ၎င်းကို ဖျက်ဆီးနိုင်မည်မဟုတ်ချေ။
နိဗ္ဗာန်ကျွန်း၏တစ်ဖက်ခြမ်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင် ပုန်းအောင်းနေသည်။ ဤနိဗ္ဗာန်ကျွန်းကို ကျွန်းသခင် ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့စဉ်က ထိုအကောင်ကြီးကို ရန်စမိခဲ့သည်။
ထိုစဉ်တုန်းက ကျွန်းသခင်မှာ ထျန်းယွမ်အဆင့်ကို ရောက်ခါစသာရှိသေးသည်။ ထိုသတ္တဝါကြီး၏ ဟိန်းဟောက်သံတစ်သံတည်းနှင့် သူ့မှာ မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်ခဲ့ပေ။ သူ့မှာ ကံကောင်းထောက်မ၍ ဧရာမသစ်ပင်ကြီး၏ သစ်ကိုင်းတစ်ကိုင်းကို ရှာတွေ့ပြီး ဤနေရာသို့ ဝင်ရောက်နိုင်ခဲ့ခြင်းပင်။
ထိုသတ္တဝါကြီးက ဒေါသထွက်သည့်အချိန်တွင် ဤတောအုပ်၏ လေးပုံတစ်ပုံနီးပါးကိုပင် ဖျက်ဆီးနိုင်ပြီး ဂေဟစနစ်မှာလည်း ပြန်လည်ကောင်းမွန်ရန်အတွက် ဆယ်စုနှစ်များစွာ ကြာနိုင်ကြောင်း သိရသည်။
ထိုသို့သောသတ္တဝါကြီးကတောင် ဤအတားအဆီးကို မဖျက်ဆီးနိုင်ပါက ကျန်းမုန့်လောင်က လုပ်နိုင်မည်တဲ့လား။
"ဟားဟားဟား မင်း အထဲဝင်လို့မရဘူးမလား။ မင်း ငါ့ကိုရိုက်လို့မရဘူးမလား။ ငါ့မှာ အရိုက်ခံချင်လွန်းလို့ ယားနေပြီ။ ငါ့ကို လာကန်စမ်းပါဦး"
"သေစမ်း။ ငါ သည်းမခံနိုင်တော့ဘူး"
ကျန်းမုန့်လောင်က အင်္ကျီလက်ကို ခေါက်တင်လိုက်၏။
"ဒီလိုရူးနှမ်းတဲ့တောင်းဆိုမှုမျိုးကို ငါ့တစ်သက် တစ်ခါမှမကြားဖူးဘူး။ ဒီနေ့ ငါ ကျန်းမုန့်လောင် သူ့ကို သတ်ကိုသတ်ပစ်ရမယ်"
*******************