← Chapters

မျိုးရိုးစဉ်ဆက်နှိမ်နင်းခြင်း

Vol. 38 Ch. 558

မျိုးရိုးစဉ်ဆက်နှိမ်နင်းခြင်း

Vol. 38 Ch. 558

"ရွှားလားလား"

သူတို့ရှေ့ရှိ ရေကန်ကြီးမှာ ရုတ်တရက်အေးခဲစပြုလာပြီး လူအမြောက်အများကလည်း တင့်တယ်ကြောမော့သည့်ဟန်ပန်ဖြင့် ဆင်းသက်လာကြသည်။ ထိုလူများထဲတွင် ယောကျာ်းရော မိန်းမများပါ ပါဝင်လေသည်။ အများစုကတော့ သက်ကြီးပိုင်းများဖြစ်ကြသည်။ သူတို့၏ဆံပင်များက ဖြူနေကြသော်ငြား အသားအရေကတော့ အလွန်နူးညံ့လွန်းလှသဖြင့် နတ်ဘုရားအရောင်အဝါများပင် ထုတ်လွှတ်နေချေသည်။

ဤအုပ်စုထဲမှာ မနေ့က တွေ့ခဲ့ရသည့် ဒုတိယအကြီးအကဲလည်း ပါရှိပြီး အရှေ့ဆုံးမှာတော့ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က နေရာယူထားသည်။ သူ့တွင် လေးထောင့်စက်စက်မျက်နှာသဏ္ဍာန်ရှိပြီး ရှည်လျားလှသော မုတ်ဆိတ်မွေးတို့ကြောင့် ဒေါသထွက်ပြစရာမလိုပါဘဲ ကြောက်မက်ဖွယ်ကောင်းသော ဩဇာအာဏာတစ်ရပ်ကို ထုတ်လွှတ်နေချေသည်။

"ဝေ့အာ"

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲက သုန်းဝေ့ကို ထူပေးလိုက်၏။

"ဆရာ..ကျွန်တော် ဆရာ့ကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ"

လျှပ်တစ်ပြက်အတွင်းမှာပင် သုန်းဝေ့၏ရင်ထဲရှိ မကျေနပ်ချက်များက ပေါက်ကွဲထွက်လာသည်။

"ဆရာ.. ကျွန်တော့်အတွက် လက်စားချေပေးရမယ်နော်"

"အခုလိုစော်ကားခံခဲ့ရတဲ့အတွက် ငါ မင်းအစား သေချာပေါက်လက်စားချေပေးမယ်"

အနက်ရောင်ဝတ်အကြီးအကဲက ပြင်းထန်လှသော အရှိန်အဝါတစ်မျိုးဖြင့် ပြောလိုက်လေသည်။

"ကလေးတို့.. မင်းတို့ ဝေ့အာကို လုပ်ခဲ့တာက နည်းနည်းတော့ မလွန်လွန်းဘူးလား"

"ကျုပ်တို့က လွန်တယ်တဲ့လား"

ကျန်းမုန့်လောင်က ဘာမှမပြောရသေးခင်မှာပင် ဝမ်လင်က မထိန်းနိုင်တော့ဘဲ ဝင်ပြောလိုက်၏။

"ကျုပ်ဘာသာ အေးအေးဆေးဆေးကားမောင်းလာတာကို ဒီငတုံးက ကျုပ်ကိုပိတ်တားပြီး ရိုက်နှက်ခဲ့တဲ့အပြင် ချန်းထန်မြစ်ထဲကိုတောင် ပစ်ချခဲ့သေးတယ်။ ကျုပ်ရဲ့ညီအစ်ကိုကသာ လာမကယ်ခဲ့ဘူးဆိုရင် ကျုပ်လည်း အသက်ရှင်တော့မှာမဟုတ်ဘူး။ အဲဒါကို ခင်ဗျားက ကျုပ်တို့ကို လွန်လွန်းတယ်လို့ လာပြောနေတယ်ပေါ့။ ခင်ဗျားက မျက်နှာပြောင်တိုက်နေတာလား"

ဝမ်လင်က သဘောမကျသည့်အရာတစ်ခုခုကိုမြင်တိုင်း တစ်ဖက်လူက လူကြီးတစ်ယောက်ဖြစ်နေလျှင်ပင် ကျောသားရင်သားမခွဲခြားဘဲ ထိပ်တိုက်ရင်ဆိုင်တတ်သူပင်။

"ဝေ့အာက အရင်အမှားလုပ်ခဲ့တယ်ဆိုရင်တောင် အခုလိုဒဏ်ရာရနေတာကိုမြင်မှတော့ မင်းတို့ ရပ်သင့်ပြီမဟုတ်ဘူးလား။ ငါတို့နိဗ္ဗာန်ကျွန်းရဲ့လုပ်ငန်းစုတွေကိုပါ ဘာလို့တိုက်ခိုက်ရတာလဲ"

နိဗ္ဗာန်ကျွန်း၏ လုပ်ငန်းစုများမှာ တစ်ညတည်းအတွင်း အပြင်းအထန်တိုက်ခိုက်ခံခဲ့ရပြီး စာရင်းဝင်ကုမ္ပဏီအများအပြား၏ ပိုင်ဆိုင်မှုတန်ဖိုးများလည်း အကြီးအကျယ်ကျဆင်းခဲ့ပြီး ရှယ်ယာရှင်များကို ကြောက်လန့်စေခဲ့သည်။

"ခင်ဗျားရဲ့တပည့်က ကျုပ်ကို အကြောင်းမဲ့သက်သက် အရင်လာရိုက်နှက်ခဲ့တာလေ။ ဒီတော့ လျော်ကြေးတောင်းသင့်တယ်မဟုတ်လား။ သူက ကျုပ်ညီအစ်ကိုရဲ့အိမ်ကိုလည်း ဖျက်ဆီးခဲ့သေးတယ်။ ဒီအတွက်လည်း လျော်ကြေးပေးရမှာပေါ့။ 'အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပေးဆပ်ရသလို အကြွေးကိုလည်း ပြန်ဆပ်ရမှာပေါ့။ မဟုတ်ဘူးလား။ ခင်ဗျားတို့က ကိုယ့်အကြွေးကိုယ် မဆပ်ချင်မှတော့ ကျုပ်တို့ကလည်း ကိုယ့်နည်းလမ်းနဲ့ကိုယ် ဖြေရှင်းရတာပေါ့"

"မင်းတို့ တော်တော်လွန်နေပြီလို့ မထင်ဘူးလား။ ငါတို့နိဗ္ဗာန်ကျွန်းသားတွေက အရှုပ်ထုပ်တွေကို သဘောမကျပေမဲ့ လွယ်လွယ်နဲ့ ရန်စလို့ရတဲ့လူတွေတော့ မဟုတ်ဘူး"

ထိုအကြီးအကဲက ဩဇာအာဏာအပြည့်ဖြင့် ပြောလိုက်၏။

"သေစမ်း။ ဒါကြီးကတော့ အဓိပ္ပာယ်မရှိလိုက်တာ။ ခင်ဗျားတို့ဘက်က အရင်စမှားတာ အသိသာကြီးကို အခုကျတော့ ပန်းနုသွေးပြနေတယ်ပေါ့။ ပြီးတော့ ကျုပ်ကောင်မလေးရဲ့မိသားစုကို နိဗ္ဗာန်ကျွန်းပေါ်မှာ ပိတ်လှောင်ထားတာကတော့ ဘာသဘောလဲ"

"ကျန်းချီယွမ်… မင်းက အပြင်လူတွေကိုကူညီပြီး ငါတို့နိဗ္ဗာန်ကျွန်းကို အာခံနေတာလား"

ထိုအကြီးအကဲ၏အနောက်ရှိ အမျိုးသမီးသိုင်းပညာရှင်တစ်ဦးက ဆိုလာလေသည်။

"ဆရာ..ကျွန်မ…"

"ငါ မင်းကို ငါ့တပည့်အဖြစ် မသတ်မှတ်တော့ဘူး"

ထိုအဘွားကြီးက ဆူပူကြိမ်းမောင်းလေတော့သည်။

"အပြင်လူတွေကို နိဗ္ဗာန်ကျွန်းထဲ ခေါ်လာတာက ကျွန်းရဲ့ပထမဆုံးစည်းမျဉ်းကို ဖောက်ဖျက်လိုက်တာပဲ။ အခုကစပြီး မင်းက နိဗ္ဗာန်ကျွန်းနဲ့ မသက်ဆိုင်တော့ဘူး"

"တော်လိုက်တော့"

ဝမ်လင်က ကျန်းချီယွမ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ကျုပ် ခင်ဗျားတို့ကို စကားအပိုတွေ ထပ်မပြောတော့ဘူး။ လျော်ကြေးပေးပြီး သူတို့ကိုလွှတ်ပေး။ ဒါဆို ကျုပ်တို့ ချက်ချင်းထွက်သွားပေးမယ်"

"ဟာသပဲ"

ထိုအကြီးအကဲက လှောင်ပြောင်သရော်လိုက်၏။

"နိဗ္ဗာန်ကျွန်းက မင်းတို့ ဝင်ချင်တိုင်းဝင်ပြီး ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာများ မှတ်နေလား"

"ဒါဆို အတားအဆီးထဲက ထွက်ပြီး ကျုပ်တို့ကို လာတိုက်လှည့်လေ"

ကျန်းမုန့်လောင်က အစောကမှ လိပ်တင်လိုက်သော အင်္ကျီလက်များကို ပြန်ဖြေချလိုက်သည်။

"ဆရာ.. ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်လို့မဖြစ်ဘူး"

သုန်းဝေ့က ချက်ချင်းဝင်ပြောလေသည်။

"ဝမ်လင့်ဆီမှာ ထျန်းယွမ်အဆင့်စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နိုင်တဲ့ နည်းပညာမြင့်လက်နက်တစ်ခု ရှိတယ်။ ဒီကိုလာတဲ့လမ်းမှာလည်း ကျန်းမုန့်လောင်က ဧရာမအိမ်မြှောင်ကြီးကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာ"

"တကယ်လား"

ထိုအကြီးအကဲ၏မျက်နှာမှာ အနည်းငယ်ပိုလေးနက်တည်ကြည်သွားသည်။

ဤလူများက မည်မျှအထိထူးခြားလှကြောင်း ဒုတိယအကြီးအကဲထံမှ ကြားထားပြီးဖြစ်သော်ငြား သူကိုယ်တိုင်တော့ မမြင်ရသေးပေ။

ဧရာမအိမ်မြောင်ကြီးက နိဗ္ဗာန်ကျွန်းထဲသို့ လမ်းမှားဝင်ရောက်လာသည့် တိုင်ရန်နိုဆောရက်စ်အုပ်စုတစ်စု၏ အကြွင်းအကျန်ပင်။ သူတို့က ရှစ်မီတာကျော်ရှည်လျားပြီး သုံးမီတာမြင့်ပြီး ခွန်အားကလည်း အနောက်တိုင်းမိစ္ဆာနဂါးနှင့် တစ်တန်းတည်းဖြစ်ပြီး ထျန်းယွမ်အဆင့်ငါး သိုင်းပညာရှင်တစ်ဦးနှင့်ပင် ယှဉ်နိုင်သည်။

နိဗ္ဗာန်ကျွန်း၏ အရှင်သခင်ကိုယ်တိုင်ပင် ထိုအကောင်နှင့် ရင်ဆိုင်ရပါက အနိုင်ရနိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းသာရှိပြီး သတ်ပစ်ရန်မူ မဖြစ်နိုင်ပေ။

သို့တိုင် ကျန်းမုန့်လောင်ဟုခေါ်သော ဤလူငယ်လေးကမူ တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်တဲ့လား။ သူ့ခွန်အားက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေပြီလဲ။

"ကြောက်သွားပြီလား"

နိဗ္ဗာန်ကျွန်းသားများဘက်က ချက်ချင်းမတုံ့ပြန်လာသည်ကို မြင်သောအခါ ဝမ်လင်က ဆောင့်ကြွားဆောင့်ကြွားလုပ်ပြလေတော့သည်။

"ကြောက်ရင် လျော်ကြေးပေးပြီး လူတွေကို လွှတ်ပေးလိုက်တော့"

"ငါတို့နိဗ္ဗာန်ကျွန်းမှာ မင်းတို့ကို ရင်ဆိုင်နိုင်တဲ့လူ မရှိဘူးလို့ ထင်နေတာလား"

နိဗ္ဗာန်ကျွန်းသခင်က လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူ့စွမ်းအားများကို အဆုံးအထိ ထုတ်လွှတ်လိုက်၏။ ထိုအခါ မျက်စိနှင့်မြင်နိုင်သည့် အဖြူရောင်စွမ်းအင်တစ်ရပ်က နိဗ္ဗာန်ကျွန်းတစ်ခုလုံးကို လွှမ်းခြုံပစ်တော့မတတ် ဖြစ်သွားပြီး တောနက်ထဲတွင် ပုန်းအောင်းနေသော သတ္တဝါအများအပြားကို လှုံ့ဆော်လိုက်သည်။

"သူ ဘာလုပ်နေတာလဲ"

"မသိဘူး။ ကြည့်ရတာတော့ စူပါဆိုင်ယန်အဖြစ် အသွင်ပြောင်းမလို့နေမှာပေါ့"

"ဝေါင်း"

စကားအဆုံးမှာပင် ကျွန်း၏တစ်ဖက်ခြမ်းမှ ကြောက်မက်ဖွယ်ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်က သူတို့ထံသို့ ချဉ်းကပ်လာသည့်အလား ငှက်အုပ်တစ်အုပ်မှာ ကြောက်လန့်တကြားဖြင့် လေထဲသို့ ထပျံသွားသည်။

"ဝူစန်းနဲ့အတူ ပျော်ပါးလိုက်ပါဦး"

"ဝူစန်းလား။ အဲဒါက ဘာကြီးလဲ"

ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

"မကောင်းတော့ဘူး"

ကျန်းချီယွမ်၏မျက်နှာကား ဖြူရော်သွားလေသည်။

"ဝူစန်းဆိုတာက ကျွန်မ ရှင်တို့ကိုပြောပြခဲ့တဲ့ဟာလေ။ နိဗ္ဗာန်ကျွန်းပေါ်က အန္တရာယ်အများဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံးသတ္တဝါကြီး။ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကတောင် သူ့ခွန်အားက ထျန်းယွမ်အထွတ်အထိပ်အဆင့်ရှိတာ။ အခုလောက်ဆိုရင် ထျန်းယွမ်အဆင့်ကိုတောင် ကျော်နေလောက်ပြီ"

"ဟားဟားဟား အမ်ဘရော့စ်ရဲ့လက်ထဲမှာ သေရတာက မင်းတို့အတွက် ကောင်းချီးတစ်ခုပဲ"

သုန်းဝေ့က အားရပါးရအော်ရယ်ရင်း ပြောလိုက်၏။

"ဒုန်း"

"ဒုန်း"

ဧရာမသတ္တဝါကြီးတစ်ကောင်က သူတို့အနားသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသဖြင့် မီတာတစ်ရာရှည်လျားသော သစ်ပင်ကြီးများမှာ တစ်ပင်ပြီးတစ်ပင် လဲကျသွားကြသည်။

"ဝေါင်း"

ဧရာမအနက်ရောင်သားကောင်ကြီးတစ်ကောင်က တောအုပ်ထဲမှ ရုတ်တရက်ခုန်ထွက်လာသည်။

ဤသတ္တဝါကြီးက ဂေါ်ဇီလာတစ်ကောင်၏ခန္ဓာကိုယ်နှင့် ခြင်္သေ့တစ်ကောင်၏ခေါင်းကို ပေါင်းစပ်ထားပြီး ဆယ်မီတာကျော်မြင့်မားသည်။ သူ့ကြွက်သားများက ကီရာတင်အခွံမာများနှင့် ဖုံးလွှမ်းထားပီဲး ကြမ်းတမ်းခက်ထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေချေသည်။

"အမ်ဘရော့စ်.. သူတို့ကို တစ်စစီဖြစ်သွားအောင် ဆွဲဖြဲပစ်လိုက်။ ဟားဟားဟား"

အမည် : အမ်ဘရော့စ်

မျိုးနွယ်စု : သန္ဓေပြောင်းခွေးမျိုးနွယ်

အလားအလာညွှန်ကိန်း : ၂၇

စွမ်းအင်ပြင်းအား : ၃၂ယူနစ်

အထူးစွမ်းရည် : ခွန်အား

"အမလေး ထျန်းယွမ်အဆင့်ကိုတောင် ကျော်နေတဲ့ အကောင်ကြီးပဲ"

ကျန်းမုန့်လောင်က ဤအကောင်ကြီး၏ အချက်အလက်များကို တစ်ချက်ကြည့်လိုက်သည်နှင့် သိလိုက်သည်။

"ဒီကောင်ကြီးကိုတော့ ငါ တကယ်မနိုင်ဘူး"

ကျန်းမုန့်လောင်လည်း အစွမ်းထက်သောကြောင့် ထျန်းယွမ်အထွတ်အထိပ်အဆင့် သတ္တဝါကြီးများကို တိုက်ခိုက်နိုင်သော်ငြား ဤအကောင်ကြီးကတော့ ထိုအဆင့်ကို ကျော်လွန်နေပြီဖြစ်ရာ သူ့စွမ်းရည်ထက် ကျော်လွန်နေလေပြီ။

"ဝုတ် ဝုတ် ဝုတ်"

ထိုအချိန်မှာပင် ဝမ်ချိုင်က တိုက်ခိုက်လိုကြောင်း အချက်ပြလာသည်။

"ဝမ်ချိုင်.. မင်း သူနဲ့မယှဉ်နိုင်ဘူး။ ပြားချပ်သွားလိမ့်မယ်"

"ဝုတ် ဝုတ် ဝုတ်"

ဝမ်ချိုင်က သူ့လက်အောက်ငယ်သားတစ်ယောက်ကို ခန့်အပ်ရန်အတွက် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ စွမ်းအားကို ငှားသုံချင်သည်ဟု ကျန်းမုန့်လောင်အား ဆိုလာလေသည်။

"လက်အောက်ငယ်သားတစ်ယောက် ခန့်အပ်မှာလား"

ကျန်းမုန့်လောင်မှာ တုံ့ခနဲဖြစ်သွားပြီးနောက် အမ်ဘရော့စ်ဟုခေါ်သော ဤသတ္တဝါကြီးက သန္ဓေပြောင်းခွေးမျိုးနွယ်တစ်ကောင်ဖြစ်ကြောင်း ရုတ်တရက်သဘောပေါက်လိုက်သည်။

ဘယ်လိုသန္ဓေပြောင်းပြောင်း ခွေးကတော့ ခွေးပါပဲ…

"ဝေါင်း"

အမ်ဘရော့စ်က ကောင်းကင်ထက်သို့မော်လျက် ဟိန်းဟောက်လိုက်လေရာ သူ့ဟိန်းဟောက်သံမှာ ဝံပုလွေအူသံနှင့် ဆင်တူသော အသံတစ်သံအဖြစ် ပြောင်းလဲသွားသည်။

"ကောင်းပြီလေ။ ဒီတစ်ခါတော့ မင်းကို ကြွားခွင့်ပေးလိုက်မယ်"

ကျန်းမုန့်လောင်ကလည်း ဝမ်ချိုင့်အား ခွန်အားအမှတ်များကို အသုံးပြုဖို့ ခွင့်ပြုလိုက်သည်။

ရုတ်ခြည်းပင် ကောင်းကင်တစ်ခုလုံး မှောင်မည်းလာပြီး မီတာတစ်ရာရှည်လျားသော ခွေးပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်လှသော ဖိအားတစ်ရပ်က ကျန်းမုန့်လောင်ကိုပင် ကြက်သီးတဖြန်းဖြန်းထသွားစေသည်။

"ဝမ်ချိုင်က ထူးကဲခွေးနတ်ဘုရားစွမ်းရည်ကို အသုံးပြုနေပါတယ်။ တစ်စက္ကန့်ကို ခွန်အားအမှတ်တစ်ရာ ဖြတ်တောက်နေပါပြီ"

"ဝေါင်း"

ထိုပုံရိပ်ယောင်ကြီးက အမ်ဘရော့စ်ကို ဟိန်းဟောက်လိုက်လေရာ ဆယ်မီတာရှည်လျားသော အမ်ဘရော့စ်၏အသွင်အပြင်က ထိုပုံရိပ်ယောင်ရှေ့တွင် သေးကွေးသွားပုံပေါ်နေချေသည်။

ထူးကဲခွေးနတ်ဘုရားဆိုသည်မှာ အမတတစ်ပါးဖြစ်ပြီး ခွေးများ၏အရှင်သခင်ဖြစ်၏။ သူ့စွမ်းအားက ခွေးမျိုးနွယ်ဝင်များအားလုံးကို မျိုးရိုးဗီဇဖြင့် တိုက်ရိုက်နှိမ်နင်းနိုင်စွမ်းရှိသည်။

"အာဝူး"

အမ်ဘရော့စ်ကလည်း ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်နေသော အမူအရာတစ်ခုကို ဆင်မြန်းရင်း ခပ်တိုးတိုးအူလိုက်သည်။ သူက ဝမ်ချိုင့်ရှေ့တွင် ပြားပြားဝပ်၍ သူ့ခေါင်းကို မြေကြီးပေါ်အထိ ငုံ့လျှိုးထားသည်။

"ဒါက ဘာ..ဘာတွေဖြစ်နေတာလဲ"

နိဗ္ဗာန်ကျွန်းသူကျွန်းသားများမှာ ခမ်းနားကြီးကျယ်လှသော အမ်ဘရော့စ်၏ပုံစံကို မြင်ဖူးထားသည်။ သို့သော် ယခုမူ ဝမ်ချိုင်ဆင့်ခေါ်လိုက်သော ဧရာမပုံရိပ်ယောင်ကြီးကိုတော့ အံ့ဖွယ်တစ်ခုဟုပင် ဆိုရပေတော့မည်။

သူတို့က သိုင်းပညာရှင်များအနေနှင့် အထင်ကြီးဖို့ကောင်းလှသော်ငြား သူတို့၏ပြိုင်ဘက်များမှာမူ ကျင့်ကြံသူများ ဖြစ်နေခဲ့သည်။

အသက်နှစ်ဆယ်အရွယ်မျှဖြင့် ထျန်းယွမ်အဆင့်မကောင်းဆိုးဝါးများကို အနိုင်ယူနိုင်ခြင်းမှာ ကျင့်ကြံသူမဟုတ်ပါက ဘာများဖြစ်မည်နည်း။ သာမန်ခွေးတစ်ကောင်က အမ်ဘရော့စ်ကဲ့သို့သော ရှေးဟောင်းသတ္တဝါတစ်ကောင်ကို မည်သို့နှယ် အညံ့ခံလာအောင် လုပ်နိုင်မည်နည်း။

ဝမ်ချိုင်က ထူးကဲခွေးနတ်ဘုရား၏စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် အန္တရာယ်ပေးနိုင်စွမ်းမရှိသည့် သူ့မူလပုံစံကို ပြန်ပြောင်းလိုက်သော်ငြား သူ့နတ်ဘုရားစွမ်းအင်က မျိုးရိုးဗီဇဖြင့် အမ်ဘရော့စ်ကို နှိမ်နင်းနိုင်ခဲ့ပြီဖြစ်၏။ သို့ဖြစ်လေရာ ထျန်းယွမ်အဆင့်ကိုပင် ကျော်လွန်သွားပြီဖြစ်သော ဤသတ္တဝါကြီးကို အောင်အောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့သည်။

ဝမ်ချိုင်က အမ်ဘရော့စ်၏ခေါင်းပေါ်ကို ခုန်တက်ပြီး ဟောင်လိုက်သည်။

အမ်ဘရော့စ်၏မျက်လုံးများမှာ အတားအဆီးထဲရှိ လူများကို စိုက်ကြည့်လိုက်သည်။

ရုတ်ခြည်းပင် လူတိုင်း၏ရင်ထဲ တင်းကျပ်သွားရလေသည်။

ကိစ္စကတော့ ကြီးထွားသွားလေပြီ!

*****************

All Chapters