← Chapters

ငါ့အီတလီအမြောက်ရဲ့အရသာကို မြည်းကြည့်လိုက်

Vol. 38 Ch. 559

ငါ့အီတလီအမြောက်ရဲ့အရသာကို မြည်းကြည့်လိုက်

Vol. 38 Ch. 559

အနက်ရောင်သတ္တဝါကြီးကို တစ်စုံတစ်ယောက်က နှိမ်နင်းလိုက်သည်။ မဟုတ်သေးပေ။ ခွေးတစ်ကောင်က နှိမ်နင်းလိုက်ခြင်းပင်ဖြစ်သည်။

ဒီကမ္ဘာပေါ်မှာ ဘာနိယာမမှ မရှိတော့ဘူးလား။

နိဗ္ဗာန်ကျွန်း၏ကျွန်းသခင်သုန်းရှောင်း ဤနိဗ္ဗာန်ကျွန်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်က ဤမကောင်းဆိုးဝါးကြီး၏ လက်ထဲတွင် သေလုမျောပါးဖြစ်ခဲ့ရသည်။

မူလကတည်းက သြဇာအရှိန်အဝါကြီးမားသော ကမ္ဘာမြေပေါ်ရှိ မျိုးစိတ်တစ်ခုဖြစ်ပြီး နိဗ္ဗာန်ကျွန်း၏ မှော်ဆန်သော ပတ်ဝန်းကျင်အနေအထားဖြင့် အင်အားပြည့်ဖြိုးလာသော ဤသတ္တဝါကြီးကို ဟွာရှားဒဏ္ဌာရီလာပုံပြင်များတွင် ထည့်သွင်းလိုက်ပါက ရှေးဟောင်းသားရဲကောင်တစ်ကောင်အဖြစ် သတ်မှတ်ခံရမည်မှာ သေချာပေါက်ပင်။

စွမ်းအားအရာတွင် ထျန်းယွမ်အဆင့်ကို ကျော်လွန်နေပြီဖြစ်ရာ ဤသတ္တဝါကြီးကို ကမ္ဘာပေါ်ရှိ မည်သူကမှ သုတ်သင်နိုင်မည်မဟုတ်ဟု သုန်းရှောင်း ယုံကြည်ထားသည်။

သို့သော် ယခုမူ ပြိုင်ဘက်ကင်းလှပါသည်ဟု သူ မှတ်ယူထားသော သတ္တဝါကြီးက သာမန်ခွေးတစ်ကောင်ကို ကြောက်လန့်နေသည်။ တိုက်ပင်မတိုက်လိုက်ရပါဘဲ တစ်ပါးသူ၏ လက်အောက်ခံတစ်ယောက် ဖြစ်သွားခဲ့သည်။ ဤသည်မှာ သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်၏။

"ဝုတ် ဝုတ် ဝုတ်"

ဝမ်ချိုင်က ထိုသတ္တဝါကြီးကို နှစ်ချက်မျှဟောင်လိုက်သည်။ အမိန့်တစ်ခုခု ပေးလိုက်ပုံရသည်။ ထိုသတ္တဝါကြီးက ရှေ့ခြေထောက်ဖြင့် မတ်တတ်ထရပ်ပြီး အတားအဆီးထဲတွင် ပုန်းအောင်းနေသောလူများကို သူ့ခြေထောက်တိုတိုလေးများဖြင့် လက်ညှိုးထိုးပြသည်။

သို့သော် ထိုအနက်ရောင်သတ္တဝါကြီးက မကျေမချမ်းအော်ဟစ်သံနှစ်သံကို ထုတ်လွှတ်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ဝမ်ချိုင်က အတားအဆီးကို ဖျက်ဆီးရန်အတွက် ထိုသတ္တဝါကြီးအား အမိန့်ပေးရန် ကြိုးစားလိုက်သည်။ သို့သော် သူ့မှာသာ ထိုသို့လုပ်နိုင်စွမ်းရှိပါက အစကတည်းက နိဗ္ဗာန်ကျွန်းပေါ်ရှိ မည်သူမှ သူ့လက်က လွတ်နိုင်မည်မဟုတ်ပေ။

ဤလူသားများက သူ့ကို ခဏခဏရန်စခဲ့ကြသည်။ နိဗ္ဗာန်ကျွန်းပေါ်ရှိ ဤလူများကို အခြားသူများထက် သူကတောင် ပိုပြီးသတ်ချင်နေသေးသည်။

"ဟားဟားဟား"

သုန်းဝေ့က အော်ရယ်ပြန်သည်။

"မင်းတို့ အဲဒီသတ္တဝါကြီးကို ထိန်းချုပ်နိုင်တယ်ဆိုတော့ရော ဘာဖြစ်သေးလဲ။ မင်းတို့ အထဲကိုဝင်လို့မရသေးဘူးမဟုတ်လား။ လစ်လိုက်စမ်းပါ"

သုန်းဝေ့က ဆက်ခြိမ်းခြောက်‌နေပြန်သည်။

"ကျန်းချီယွမ်.. မင်းမိဘတွေကို ပြန်တွေ့ချင်သေးတယ်ဆိုရင် နိဗ္ဗာန်ကျွန်းရဲ့လုပ်ငန်းစုတွေကို ဆက်ဖိနှိပ်မထားဖို့နဲ့ နိဗ္ဗာန်ကျွန်းကို နောက်တစ်ခါလာမထိပါးဖို့ သူတို့ကို နားချလိုက်"

"ရှင်..."

ကျန်းချီယွမ်လည်း သုန်းဝေ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်မိသည်။

"စက်ဆုပ်ဖို့ကောင်းတဲ့လူ.. အရှက်မရှိတဲ့လူယုတ်မာ"

"သေစမ်း အရှက်မရှိလိုက်တာ"

ဝမ်လင်က လက်သီးတင်းတင်းဆုပ်လိုက်မိသော်ငြား ဘာမှမလုပ်နိုင်ချေ။

"ဟားဟားဟား.. မင်းတို့တွေ ငါ့ကိုစိတ်တိုနေပေမဲ့ ဘာမှမလုပ်နိုင်ဖြစ်နေတဲ့ပုံစံကို မြင်ရတာ ကျေနပ်တယ်ဟေ့"

"တော်တော့"

သုန်းရှောင်းက သုန်းဝေ့၏စကားကို ဖြတ်ပြောလိုက်၏။

"မင်းက ဒီနေ့အထိတောင် ငါတို့ကို အရှက်ခွဲချင်သေးတာလား။ ဒီကပ်ဘေးက မင်းကြောင့်ဖြစ်တာနော်။ ဒါတောင် မင်းက အသိတရားမရှိသေးဘူး"

"လူကြီးမင်းတွေနဲ့ အမျိုးသမီးတို့... မတိုက်ခိုက်ဖူးဘဲ တစ်ယောက်အကြောင်းတစ်ယောက် မသိဘူးဆိုသလိုပဲ။ မင်းတို့တွေက ဘယ်သူတွေလဲဆိုတာ မေးလို့ရမလား။ ဘယ်သူ့တပည့်တွေလဲမသိဘူး"

ကျန်းမုန့်လောင်တို့ကိုယ်တိုင် လှုပ်ရှားလာသည်ကို သူ မမြင်ရသေးသော်ငြား သုန်းဝေ့၏အပြောနှင့် ဝမ်ချိုင်၏ထူးခြားစွမ်းရည်များကို ထောက်ဆကြည့်ပြီးနောက် သုန်းရှောင်းလည်း သူတို့ကို အထင်မသေးရဲချေ။ အထူးသဖြင့် သူတို့၏ဇစ်မြစ်ကို အလွန်သတိထားနေရသည်။

အသက်ငယ်ပါသော်ငြား အလွန်အရည်အချင်းရှိနေချေသည်။ သူတို့နောက်တွင် ကြိုးကိုင်နေသူတစ်ယောက်ယောက် မရှိဘူးဆိုပါက သူ ယုံနိုင်မည်မဟုတ်။ ထိုအမည်မသိပုဂ္ဂိုလ် သို့မဟုတ် အမည်မသိအဖွဲ့အစည်း၏ အမျက်ဒေါသကို သူတို့၏နိဗ္ဗာန်ကျွန်းက ခံနိုင်ရည်ရှိပါ့မလားဆိုသည်ကို သေချာစဉ်းစားရပေမည်။

"ဟွာရှားနိုင်ငံ၊ ကျန့်ကျယ်ခရိုင်၊ ကျန်းနန်မြို့၊ ရီထျန်းဂိုဏ်းခေါင်းဆောင် ကျန်းမုန့်လောင်!"

"ရီထျန်းဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင် ဝမ်လင်!"

"ဝုတ် ဝုတ် ဝုတ်!"

(ရီထျန်းဂိုဏ်းရဲ့ အစောင့်အကြပ်နတ်သားရဲ ဝမ်ချိုင်)

"ရီထျန်းဂိုဏ်းလား"

သုန်းရှောင်းခမျာ တိတ်ဆိတ်သွားရလေသည်။ ယခင်က ရှေးဟောင်းသိုင်းပညာရှင်မိသားစုအမြောက်အများဆီက ဤဂိုဏ်းအကြောင်း ကြားထားဖူးပုံပင်။ သို့သော် သူ အသေးစိတ်မေးကြည့်လိုက်သောအခါ သူတို့က ပြစ်မှုတစ်ခုခုကျူးလွန်မိမည်ကို စိုးရိမ်နေသည့်အလား ရီထျန်းဂိုဏ်းအကြောင်း ထပ်မပြောပြကြတော့ချေ။

ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့က ရီထျန်းဂိုဏ်းထဲကလား။

ထို့ပြင် ကျန်းမုန့်လောင်က ဂိုဏ်းခေါင်းဆောင်တဲ့လား။ မဖြစ်နိုင်ပေ။ ကျန်းမုန့်လောင်ကသာ ဂိုဏ်းခေါင်းဆောင်ဆိုပါက အံ့ဖွယ်ကောင်းသော သူ့စွမ်းအားများမှာ ဘယ်ကရောက်လာလေသလဲ။

"ဂိုဏ်းခေါင်းဆောင်ကျန်းရဲ့ဆရာက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား"

"ဆောရီး။ ကျွန်တော်က ကိုယ့်ဘာသာသင်ယူထားတာ"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်၏။

ဤစကားကို သုန်းရှောင်းကတော့ သေချာပေါက်မယုံပေ။ ကိုယ့်ဘာသာသင်ယူသတဲ့လား။ မည်သူကများ ကိုယ်တိုင်​လေ့လာသင်ယူပြီး အသက်နှစ်ဆယ်ကျော်လေးဖြင့် ထျန်းယွမ်အဆင့်ငါးရှိသော သတ္တဝါကြီးတစ်ကောင်ကို ချက်ချင်းသတ်နိုင်မည်နည်း။

"ဂိုဏ်းခေါင်းဆောင်ကျန်း... မင်းမြင်တဲ့အတိုင်း မင်း ဘယ်လောက်စွမ်းစွမ်း အတားအဆီးကိုတော့ ကျော်မလာနိုင်ဘူးလေ။ ဒီနေရာမှာဆက်နေနေရင် အချိန်ကုန်လူပန်းတာပဲရှိမယ်။ ကျုပ်တို့ ဆွေးနွေးညှိနှိုင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ"

"ကောင်းပြီလေ။ နားထောင်ကြည့်တာပေါ့"

ကျန်းမုန့်လောင်လည်း ဘာများဆွေးနွေးမလဲဆိုသည်ကို သိချင်မိသည်။

"ဂိုဏ်းခေါင်းဆောင်ကျန်း ကျုပ်တပည့်သုန်းဝေ့က ဒီလောက်အထိ ဒဏ်ရာရထားပြီးပြီဆိုတော့ အဆင်အခြင်မဲ့တဲ့ သူ့လုပ်ရပ်တွေအတွက် ပေးဆပ်ပြီးသွားပြီလို့ ပြောနိုင်ပါတယ်။ ဒီကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်ကြရအောင်။ မင်း နိဗ္ဗာန်ကျွန်းက ထွက်သွားမယ်ဆိုရင် ချီယွမ်ရဲ့မိသားစုကို လောကီကမ္ဘာထဲ ပြန်နိုင်ဖို့အတွက် လူလွှတ်ပြီး ပို့ပေးပါ့မယ်။ ပြီးတော့ သူနဲ့ မစ္စတာဝမ်ရဲ့ပတ်သက်မှုကိုလည်း ဆက်မနှောင့်ယှက်တော့ပါဘူး"

"ကောင်းပြီ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒါပေမဲ့ ကျုပ်ဆီမှာ အကြွေးတင်နေတဲ့ အမေရိကန်ဒေါ်လာဘီလီယံနည်းနည်းကိုလည်း ပြန်ဆပ်ရဦးမှာနော်"

"ဒါဆို ဆွေးနွေးစရာမရှိတော့ဘူးပေါ့"

ကျန်းမုန့်လောင်ကို အမေရိကန်ဒေါ်လာဘီလီယံတချို့ ပေးရန်မှာ လုံးဝမဖြစ်နိုင်ချေ။ ဤခေတ်ထဲတွင် နိဗ္ဗာန်ကျွန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးနှင့် အရင်းအမြစ်များကို မရှိမဖြစ်လိုအပ်သည်။

"အဲဒီလိုဆိုရင် ဒီနေရာမှာပဲ စောင့်နေပြီး ဘယ်သူက နောက်ဆုံးအထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

သုန်းရှောင်းက ဆက်လက်ညှိနှိုင်းဆွေးနွေးရန် စိတ်မရှည်တော့ကြောင်း သိသာလှ၏။

နိဗ္ဗာန်ကျွန်း၏ဂေဟစနစ်မှာ သူတို့အတွက် လုံလောက်ပေသည်။ အဆိုးဆုံးဖြစ်လာပါက သူတို့အနေနှင့် ဤကျွန်းထဲက ထွက်မသွားရုံသာ။ ကျန်းမုန့်လောင်က ဤနေရာတွင် တစ်သက်လုံးထိုင်စောင့်နေနိုင်မည်တဲ့လား။ သူ့မှာ နေထိုင်ရှင်သန်ရမည့် ဘဝတစ်ခု မရှိတော့ဘူးလား။

"သွားကြစို့"

သုန်းရှောင်းက ထိုသို့ပြောပြီးနောက် သူ့လူများကို ရေကန်ထဲရှိ ကျွန်းပေါ်ကို ပြန်ခေါ်သွားရန် ပြင်လိုက်၏။

"ခင်ဗျားတို့ သွားလို့ရပြီလို့ ​ပြောမိလို့လား"

ကျန်းမုန့်လောင်က ရုတ်တရက်ပြောလိုက်လေသည်။

"ကျန်းမုန့်လောင် ငါတို့သွားချင်ရင် သွားမှာပဲ။ မင်း ဘာလုပ်နိုင်လဲ"

"ငါ မင်းတို့အခွံကို တကယ်မဖောက်နိုင်ဘူးလို့ ထင်နေတာလား"

ကျန်းမုန့်လောင်လည်း အေးတိအေးစက်ပြုံးလိုက်လေသည်။

"ခင်ဗျားတို့တွေက ကျုပ်ဆိုတဲ့ ကျန်းမုန့်လောင်ကို အထင်သေးနေတာပဲ"

"ကောထန်.. ဂေါ့စ်ရဲ့ နောက်ဆုံးပေါ်တီထွင်မှု အီတလီအမြောက်နဲ့ လဲလှယ်မယ်"

ပစ္စည်းအမည် : အီတလီအမြောက်

သိပ္ပံအမည် : အန်နီယွန်ဖျက်ဆီးခြင်းအမြောက်

ကုန်ကျစရိတ် : အန်နီယွန်အမြောက်က သူ့တစ်ခုတည်းကို ဆင့်ခေါ်ရင် ခွန်အားအမှတ်ကို မကုန်ခမ်းစေနိုင်တဲ့ နည်းပညာလက်နက်တစ်မျိုးဖြစ်ပြီး ကိုင်တွယ်သုံးစွဲဖို့အတွက် စွမ်းအင်သလင်းကျောက်တစ်လုံးလိုအပ်ပါတယ်

အဆင့်တစ်စွမ်းအင်သလင်းကျောက်တစ်လုံးက အဖျက်စွမ်းအင်၁၀ယူနစ်ကို ထုတ်လုပ်နိုင်ပြီး တစ်လုံးလျှင် ခွန်အားအမှတ်၂မှတ် ကျသင့်သည်။

အဆင့်နှစ်စွမ်းအင်သလင်းကျောက်တစ်လုံးက အဖျက်စွမ်းအင်၂၀ယူနစ်ကို ထုတ်လုပ်ပေးနိုင်ပြီး တစ်လုံးလျှင် ခွန်အားအမှတ်၁၀မှတ် ကျသင့်သည်။

အဆင့်သုံးစွမ်းအင်သလင်းကျောက်တစ်လုံးက အဖျက်စွမ်းအင်၃၀ယူနစ်ကို ထုတ်လုပ်ပေးနိုင်ပြီး တစ်လုံးလျှင် ခွန်အားအမှတ်၅၀မှတ် ကျသင့်သည်။

အဆင့်လေးစွမ်းအင်သလင်းကျောက်တစ်လုံးက အဖျက်စွမ်းအင်၄၀ယူနစ်ကို ထုတ်လုပ်ပေးနိုင်ပြီး တစ်လုံးလျှင် ခွန်အားအမှတ်၁၀၀မှတ် ကျသင့်သည်။

အဆင့်ငါးစွမ်းအင်သလင်းကျောက်တစ်လုံးက အဖျက်စွမ်းအင်၅၀ယူနစ်ကို ထုတ်လုပ်ပေးနိုင်ပြီး တစ်လုံးလျှင် ခွန်အားအမှတ်၂၀၀ ကျသင့်သည်။

ဤသလင်းကျောက်များမှာ တကယ်တမ်းတွင်မူ သိပ်သည်းဆမြင့်သော သဘာဝစွမ်းအင်ခရစ္စတယ်တစ်မျိုးပင်။ ထိုသလင်းကျောက်ကို ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ မီးတောင်တစ်တောင်တွင် နေရာအနှံ့၌ ရှိ၏။ ပုံမှန်ဆိုလျှင် ထိုအရာကို သုတေသနလုပ်ရန်အတွက် ကောက်ယူသွားတတ်ကြပြီး တန်ဖိုးကြီးအရာတစ်ခုဟုလည်း သဘောမထားကြချေ။

သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ထိုအရာများကို ထုတ်ယူလာရန်အတွက်မူ ခွန်အားအမှတ်များစွာကို လိုအပ်ပေသည်။

"ဘွန်း!"

ကြီးမားလှသော အမြောက်ကြီးတစ်လက်က ကျန်းမုန့်လောင်ရှေ့ရှိ မြေပြင်ပေါ်၌ ရုတ်တရက်ပေါ်လာခဲ့သည်။

ထိုအမြောက်၏ပြောင်းက သုံးမီတာခန့်ရှည်လျားပြီး အချင်းမှာ ရေချိုးကန်တစ်လုံးနီးပါး ကျယ်ဝန်းကာ အနောက်ဘက်တွင်လည်း ကြီးမားလှသော သတ္တုအစိတ်အပိုင်းတစ်ခု တပ်ဆင်ထားသဖြင့် အလွန်အင်အားကောင်းသည့် မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေသည်။

"ဟားဟားဟား အမြောက်တဲ့လား။ မင်းက ဒီအမြောက်နဲ့ အတားအဆီးကို ဖောက်မလို့လား"

သုန်းဝေ့က အကျယ်ကြီးအော်ရယ်လိုက်၏။ နည်းပညာလက်နက်တစ်ခုက မည်မျှအထိ ကြီးကျယ်ခမ်းနားနိုင်မည်နနည်း။

ဝမ်လင်ဆင့်ခေါ်ခဲ့သည့် ဧကရာဇ်ချပ်ဝတ်ဟုခေါ်သော အရာက အလွန်အထင်ကြီးဖို့ကောင်းသော အရာတစ်ခုပင်။ သို့သော် ထိုအရာမှာ ထျန်းယွမ်အဆင့်ရှိသော စွမ်းအားကိုသာ ထုတ်လွှတ်ပေးနိုင်သည်။ သူတို့၏အရံအတားကို ဖောက်ကွဲချင်ပါက ထိုစွမ်းအားထက် ဆယ်ဆပိုသာသော စွမ်းအားနှင့်ပင် မလောက်ပေ။

ဤအမြောက်က ခမ်းနား​ပုံမပေါ်သော်ငြား ထိုမျှကြီးကျယ်လှသောစွမ်းအားကို ထုတ်လွှတ်နိုင်လေမလား။

"ကျုပ်ရဲ့အီတလီအမြောက်က ဘယ်လောက်စွမ်းလဲဆိုတာ ခင်ဗျားတို့ကို ပြမယ်"

ကျန်းမုန့်လောင်က ခွန်အားအမှတ်တစ်ရာကိုသုံး၍ အဆင့်လေးစွမ်းအင်သလင်းကျောက်ကို လဲလှယ်လိုက်၏။

ထိုအရာမှာ ကျောက်မျက်တစ်တုံးနှင့် အလားသဏ္ဌာန်တူသော အနီရောင်စွမ်းအင်သလင်းကျောက်ဖြစ်ပြီး တောက်ပရွှန်းစိုနေသော်ငြား အထဲတွင် ကြောက်မက်ဖွယ်စွမ်းအင်များလည်း ကိန်းအောင်းနေချေသည်။

"အဲဒါက ဘာလဲ"

နိဗ္ဗာန်ကျွန်းသားများက ကျန်းမုန့်လောင်၏လက်ထဲရှိ ပစ္စည်းကို ကြည့်လိုက်ကြသည်။

"ရှေးဟောင်းသလင်းကျောက်တစ်ခုနဲ့တူတယ်"

တစ်စုံတစ်ယောက်က ခန့်မှန်းပြောဆိုလိုက်သည်။

"ဘာ? ရှေးဟောင်းသလင်းကျောက်လား"

ရှေးဟောင်းသလင်းကျောက်မှာ နိဗ္ဗာန်ကျွန်းပေါ်ရှိ အထွတ်အမြတ်ထားအပ်သော အရင်းအမြစ်တစ်ခုပင်။ ထိုအရာများမှာ သန့်စင်မှုအပေါ် မူတည်၍ အဆင့်အမျိုးမျိုးကွဲပြားသွားပြီး အရောင်ကလည်း ကွာခြားမှုရှိသည်။

ရှေးဟောင်းသလင်း​ကျောက်များကို ​သိုင်းပညာရှင်များ၏ လေ့ကျင့်မှုကို အရှိန်မြှင့်တင်ရာတွင် အသုံးများသည်။ ထူးခြားစွမ်းရည်ပါရမီရှိကြသော လူများပင် သူတို့၏စွမ်းရည်များကို မြှင့်တင်ရန်အတွက် ရှေးဟောင်းသလင်းကျောက်များ၏အစွမ်းကို စုပ်ယူနိုင်ကြသည်။

သို့သော် ထူးခြားသောပါရမီနှင့် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိထားသည့် လူများကသာ ထိုအရာကို အနည်းအကျဉ်းရနိုင်ခြင်းပင်။

ဤသည်မှာ အလွန်အဆင့်မြင့်သော ရှေးဟောင်းသလင်းကျောက်ပင်။

ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ အမြောက်နှင့်တူသော ဤအရာက ပစ်လွှတ်ရန်အတွက် ရှေးဟောင်းသလင်းကျောက်ကို လိုအပ်သည်တဲ့လား။ ဤကိရိယာမှာ ဘယ်လိုကိရိယာမျိုးလေလဲ။

*******************

All Chapters