← Chapters

ငါတို့က အသက်စွန့်ပြီး လာခဲ့ရတာ

Vol. 38 Ch. 561

ငါတို့က အသက်စွန့်ပြီး လာခဲ့ရတာ

Vol. 38 Ch. 561

"ဘာအဓိပ္ပာယ်လဲ"

နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများမှာ ကျန်းမုန့်လောင်၏စကားများကြောင့် အံ့အားသင့်သွားရာမှ သတိပြန်မဝင်လာသေးချေ။

ကျင့်ကြံရေးတဲ့လား။ သူတို့က သိပ္ပံပညာကို ယုံကြည်ကြသူများပင်။ နတ်ဘုရားများနှင့် သရဲတစ္ဆေများကို မယုံကြည်ချေ။

"ကောထန် ဆရာအူချီဟာအီတာ့ချိရဲ့စွမ်းအားကို ငှားချင်တယ်"

သိပ်မကြာခင်ကမှ ကျန်းမုန့်လောင်သည် ခွန်အားအမှတ်အမြောက်အများကို စုဆောင်းထားသည်ဖြစ်ရာ ယခုဆိုလျှင် အလွန်ချမ်းသာနေပြီဟ ဆိုနိုင်လေသည်။

လျှပ်တစ်ပြက်အတွင်းမှာပင် ဖော်ပြ၍မစွမ်းသာသော စွမ်းအားတစ်ရပ်က ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်လာပြီး လူတစ်ယောက်၏စွမ်းအားက ဤမျှအထိပြင်းထန်နိုင်ကြောင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ကြုံခံစားလိုက်ရသည်။

Thor၏ခွန်အားနှင့်မတူသည်မှာ ဤစွမ်းအားသည် စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်စွမ်းအားအဆင့်ကို မြစ်ဖျားခံထားခြင်းပင်။

"ဝှစ်!"

သူ့မျက်ဝန်းများက နီရဲရဲသွေးဆုံလည်မျက်လုံးများအဖြစ် ပြောင်းလဲသွားသည်မှာလျှပ်တစ်ပြက်အတွင်းမှာပင် အရာအားလုံးကို စုပ်ယူပစ်တော့မည့်အလားပင်။

"ဆူဆာနို အို!"

"အုန်း!"

အံ့ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး မီတစ်ရာကျော်မြင့်သော အပြာရောင်ဘီလူးတစ်ကောင်ဟာ ကျန်းမုန့်လောင်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုဘီလူးကြီးက ဘယ်ဘက်လက်ထဲတွင် ဓားတစ်လက်ကိုကိုင်ထားပြီး ညာဘက်လက်တွင်မူ ဒိုင်းတစ်ချပ်ကို ကိုင်စွဲထားသည်။ ထိုမြင်ကွင်းမှာ နတ်ဘုရားမတစ်ပါး ဆင်းသက်လာသလိုပင်။

"ဒါ..ဒါက အဓိပ္ပာယ်မရှိလိုက်တာ!"

ဝမ်လင်ခမျာ ကျန်းမုန့်လောင်ဆင့်ခေါ်လိုက်သော ဆူဆာနိုအိုကို မော့ကြည့်လိုက်မိသည်။

ကျန်းမုန့်လောင်က အစွမ်းထက်လှကြောင်း သူသိပါသော်ငြား ပထမဆုံးအကြိမ်အဖြစ် အစွမ်းထုတ်ပြသည်ကို မြင်လိုက်ရချိန်မှာ အံ့သြမိဆဲသာ။ ထိုကဲ့သို့သော စွမ်းအားမျိုးမှာ လူသားများတွင် ရှိနိုင်သည်လော။

ထိုစွမ်းအားမျိုးကို ဝမ်လင် လက်ခံနိုင်ခဲ့ခြင်းမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ရောက်ဖူးသောကြောင့်ပင်။ အူချီဟာအီတာ့ချ်ကို မဆိုထားနှင့်။ အယ်လ်ထရာမန်းကိုပင် သူ မြင်ဖူးသည်။

သို့သော် အခြားလူများအတွက်မူ ကမ္ဘာခြားထားသော ဤအကာအရံကို ချိုးဖျက်နေသည့် ဤမြင်ကွင်းကြောင့် သူတို့၏လောကအမြင်များ ပျက်စီးသွားရန် လုံလောက်ပြီဖြစ်၏။

အထူးသဖြင့် ဧကရာဇ်ချပ်ဝတ်ကြောင့် ယခုအထိ အလန့်မပြေသေးသော သုန်းဝေ့ပင်။ နာရူတိုထံမှ ဆူဆာနိုအိုကိုပင် သူတို့ရှေ့သို့ ဆင့်ခေါ်နေလေပြီ။ သူ့ဒဏ်ရာများကြောင့်သာ မဟုတ်ပါက အိပ်မက်မက်နေလေသလားဟုပင် တွေးမိမည်သာ။

"အုန်း!"

အပြာရောင်ဘီလူးကြီးက ခြေတစ်လှမ်းရှေ့တိုးလိုက်လေရာ ပြင်းထန်လှသော အင်အားကြောင့် နိဗ္ဗာန်ကျွန်းတစ်ကျွန်းလုံးလည်း ယမ်းခါသွားချေသည်။

"သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"

သုန်းရှောင်းက အံ့ဖွယ်ဖြစ်ရပ်အမျိုးမျိုးကို ကြုံတွေ့ဖူးသူဟု သူ့ကိုယ်သူသတ်မှတ်ထားသော်ငြား ဤအဖြစ်ကိုမူ သူ မည်သို့ရှင်းပြရမှန်း မသိတော့ပေ။

အန်နီယွန်ဖျက်ဆီးခြင်းအမြောက်ကတင် သူ့ကို သေလောက်အောင်ကြောက်လန့်စေခဲ့သည်။ ထိုအမြောက်ထက် များစွာသာလွန်သော ဘီလူးကြီး၏စွမ်းအားကို သူ ခံစားမိသည်။

"ဖျက်ဆီးပစ်!"

ကျန်းမုန့်လောင်က ဧရာမအပြာရောင်ဘီလူးကြီးကို အမိန့်ပေးလိုက်သည်။ သူကလည်း ဓားတယမ်းယမ်းဖြင့် အကာအရံနားကို တိုးသွားလေသည်။

"အုန်း"

အလင်းမျက်နှာပြင်တစ်ခုလုံး အပြင်းအထန်တုန်ခါသွားပြီး ပြန်လည်ကောင်းမွန်စပြုလာသော အက်ကွဲကြောင်းများမှာ နောက်တစ်ကြိမ်ပြန်ပေါ်လာသည်။

ဤတိုက်ခိုက်မှုက ဘီလူးကြီး၏ ရုပ်ပိုင်ဆိုင်ရာခွန်အားကို ထုတ်သုံးထားရုံသက်သက်သာ။

"ဒုန်း!"

ဤတစ်ခေါက်တွင် အကာအရံမှာ ထိခိုက်သွားပြီး အကာအရံထဲရှိ အက်ကွဲကြောင်းများမှာ တစ်ဖန်ပြန်ကျယ်လာချေသည်။

"အုန်း!"

တတိယမြောက်ရိုက်ချက်မှာတော့ အကာအရံက ကျန်းမုန့်လောင်၏စွမ်းအားကို တောင့်မခံနိုင်တော့ဘဲ စွမ်းအင်အပိုင်းအစများအဖြစ် တဖြည်းဖြည်းမျောလွင့်ပျောက်ကွယ်သွား၏။

ဖြစ်စဉ်တစ်ခုလုံးမှာ ငါးစက္ကန့်ပင် မကြာလိုက်ပေ။

ယခုမူ အကာအရံက လုံးဝဖျက်ဆီးခံလိုက်ရလေပြီ။ နိဗ္ဗာန်ကျွန်း၏ ဗဟိုရှိ ဧရာမသစ်ပင်ကြီးမှာ ပြင်းထန်လှသော ထိုးနှက်ချက်ကြောင့် သေဆုံးသွားရလေပြီ။ အရွက်များမှာ ညှိုးခြောက်ကုန်ပြီး ချက်ချင်းဆိုသလို အဝါရောင်ပြောင်းကာ အကာအရံကို ပြန်ပြုပြင်နိုင်စွမ်းလည်း မရှိတော့ပေ။

ဘီလူးကြီး၏ရုပ်သွင်ကလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး ပျက်စီးသွားသော အကာအရံရှေ့တွင် ကျန်းမုန့်လောင်တစ်ယောက်သာ ကျန်ရစ်တော့သည်။ သူက ထိုလူများကို ခံစားချက်ကင်းမဲ့သောအကြည့်ဖြင့် ကြည့်နေလေသည်။

"တွေ့လား။ ခင်ဗျားတို့ရဲ့အခွံက ကျုပ်ကို လုံးဝမတားနိုင်ဘူး"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"ဒါက..."

ထိုအချိန်မှာ သုန်းဝေ့၏ခြေထောက်များ ပျော့ခွေစပြုလာသည်။

ကျန်းမုန့်လောင်၏ ရိုးရှင်းလှသော ရိုက်ချက်သုံးချက်က သူတို့၏ခိုကိုးရာကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားမျိုးကသာ သူတို့ကို လာထိမှန်ပါက ပြာမှုန်မျှပင် ကျန်ရစ်ခဲ့မည်မဟုတ်ချေ။

"ခုနတုန်းက မင်းကို အထဲဝင်သတ်လှည့်လို့ ပြောလိုက်တာမလား"

ကျန်းမုန့်လောင်က သုန်းဝေ့ကိုကြည့်၍ ပြောလိုက်လေသည်။

"ငါ့တစ်သက် ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားမျိုးကို တစ်ခါမှမကြားဖူးဘူး။ ဒါပေမဲ့ ငါက သူများကို ကူညီတတ်တဲ့လူဆိုတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"

"ဝမ်ချိုင်!"

"ဝုတ်!"

(သူတို့ကိုသွားဖမ်းချေတော့ ညီလေး)

ထိုသတ္တဝါကြီးကလည်း ခပ်တိုးတိုးဟိန်းဟောက်သံနှင့်အတူ နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများထံသို့ တဖြည်းဖြည်းတိုးကပ်သွားသည်။

"ဆရာ ကယ်ပါဦး"

သုန်းဝေ့က သုန်းရှောင်းအနောက်တွင် ဝင်ပုန်းလိုက်သည်။ လူကြီးဆန်သော သူ့အမူအရာကလည်း ချက်ချင်းပျောက်ကွယ်သွားပြီး ထိုအခိုက်အတန့်လေးမှာ လုံးဝပြိုလဲသွားလေသည်။

သုန်းရှောင်းမှာမူ စိတ်ပျက်အားငယ်နေခဲ့သည်။ သူသည် လူတစ်ယောက်ကို နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ပြုစုစောင့်ရှောက်ခဲ့ပြီး သူ့သားသမီးအရင်းတစ်ယောက်နှယ် သဘောထားခဲ့သည်။ ယခုလည်း သူ့ကို ကယ်တင်ချင်ပါသော်ငြား သူ့အနေနှင့် ဘာများတတ်နိုင်မည်နည်း။

သူ့ရှေ့ရှိ သတ္တဝါကြီးက ထျန်းယွမ်အဆင့်ကိုပင် ကျော်လွန်နေသည်ဖြစ်ရာ လက်ဝါးတစ်ချက်စာမျှဖြင့် သုန်းရှောင်းကို သတ်ပစ်နိုင်သည်။

နှစ်တစ်ရာကျော်ကြာအောင် နေထိုင်ခဲ့သော အကြီးအကဲတစ်ယောက်အနေနှင့် မိသားစုမေတ္တာဆိုသည်မှာ သူ့အတွက်တော့ အပိုထပ်ဆောင်းသာယာမှုတစ်ခု ဖြစ်သော်ငြား တန်ဖိုးအထားဆုံးအရာတော့ မဟုတ်ချေ။

သားတစ်ယောက်ကို ဆုံးရှုံးသွားလျှင် ပြန်အစားထိုးနိုင်သည်။ တပည့်တစ်ယောက်ဆိုလျှင် ပြောနေစရာပင် မလိုချေ။

ယခု အကာအရံ ပျက်စီးသွားပြီဖြစ်လေရာ ကျန်းမုန့်လောင်တို့အဖွဲ့က ယခုချက်ချင်းပြန်သွားမည်ဆိုလျှင်ပင် နိဗ္ဗာန်ကျွန်းရှိ ပြင်ပမှ ကျူးကျော်ဝင်ရောက်လာမည့် သတ္တဝါများမှာ သူတို့ နေ့စဉ်လေ့ကျင့်ရာနေရာများကို အလွယ်တကူ ဖောက်ထွင်းဝင်ရောက်နိုင်ပြီဖြစ်၏။

များများစားစားပင် မလိုအပ်ချေ။ ဤနေရာမှ ထွက်မသွားပါက ထျန်းယွမ်အဆင့်သတ္တဝါငါးကောင်မျှဖြင့် သူတို့အားလုံး ကိစ္စတုံးသွားနိုင်သည်။

"ခင်ဗျား သူ့ကိုကယ်တင်မှာလား"

ကျန်းမုန့်လောင်က သုန်းရှောင်းကို ကြည့်လိုက်လေသည်။

"ကျုပ်..ကျုပ် သူ့ကိုမသိဘူး"

"ဆရာ"

သုန်းဝေ့ခမျာ သူ့အား အမြဲတစေချစ်ခင်မြတ်နိုးခဲ့သော ဆရာဖြစ်သူက သူ့အား စွန့်လွှတ်ဖို့ ရွေးချယ်လိုက်သည့်မြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်၍ မျက်ရည်များ ဝဲတက်လာသည်။

"ဝမ်ချိုင်.. မင်းရဲ့နောက်လိုက်ကို သူ့ကိုမသတ်ဖို့ ပြောထားလိုက်"

"ဝုတ် ဝုတ် ဝုတ်"

ထိုသတ္တဝါကြီးက သူ့ခြေတံတိုတိုလေးများကို ဆန့်ထုတ်၍ သုန်းဝေ့ကို လှမ်းဖမ်းလိုက်ပါသော်ငြား မည်သူကမှ မတားရဲကြချေ။

"ဒုန်း"

သုန်းဝေ့ခမျာ ခွေးသေတစ်ကောင်အလား ကျန်းမုန့်လောင်၏ခြေရင်းသို့ ပစ်ပေါက်ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများမှာ ပြန်ပွင့်သွားပြီး ချက်ချင်းဆိုသလို နာနာကျင်ကျင်အော်ဟစ်ကာ အံတင်းတင်းကြိတ်ထားလိုက်မိသည်။

ကျန်းမုန့်လောင်ကလည်း သူ့ဖင်ကို ဆောင့်ကန်လိုက်၏။

"မင်း ခုနတုန်းကတော့ တအားမိုက်ပြနေတာမလား။ ငါ့ရှေ့မှာ ခုန်ပေါက်ပြနေခဲ့တာမလား။ မင်းပဲ ငါ့ကိုရိုက်ခိုင်းထားတာလေ"

"ဒုန်း"

"ဟန်ဆောင်နေတုန်းလား"

"ဒုန်း"

"ငါ အခုရောက်နေပြီလေ။ မင်းကိုလည်း ရိုက်နှက်နေတုန်းပဲ။ မင်း ဘာလုပ်ချင်လဲ"

"ဒုန်း"

"မင်းပဲ မင်းကိုကောင်းကောင်းဆုံးမပေးဖို့ တောင်းဆိုထားတာလေ။ ကဲ ရော့.. ထိန်းမထားတော့ဘူး"

ကျန်းမုန့်လောင်က သူ့အား အကြိမ်ရေအနည်းငယ်ခန့် ရက်ရက်စက်စက်ကန်ပြီးနောက် အဆုံးမှာတော့ သုန်းဝေ့ခမျာ မျက်ဆန်လည်ပြီး မေ့မျောသွားလေတော့သည်။

ကျန်းမုန့်လောင်လည်း သုန်းဝေ့ကို ဘေးသို့ ကန်ချလိုက်ပြီးနောက် ဝမ်လင်တို့နှင့်အတူ အထဲသို့ ဝင်သွားလိုက်၏။

"ချီယွမ်ရဲ့မိဘတွေကရော"

ဝမ်လင်က မေးလိုက်၏။

"ဒါမှမဟုတ် ခင်ဗျားတို့က သူတို့ကိုဗန်းပြပြီး ကျုပ်တို့ကို ခြိမ်းခြောက်ချင်သေးတာလား"

ယခုလိုအခြေအနေမျိုးတွင် နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများမှာ အဘယ်မှာလုပ်ရဲတော့မည်နည်း။

ကျန်းမုန့်လောင်၏စွမ်းအားက အံ့မခန်းသန်မာလွန်းလှသည်။ သူသည် ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကို မည်သူသိနိုင်မည်နည်း။ သူက ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေနိုင်သည်သာ။

ကျန်းမုန့်လောင်ကသာ ဆန္ဒရှိပါက သူတို့ ကျန်းချီယွမ်၏မိဘနှစ်ပါးကို လက်ဖျားနှင့် မထိနိုင်သေးခင်မှာပင် သူတို့အားလုံးကို ရှင်းထုတ်ပစ်လိုက်နိုင်သည်။

ထိုအချိန်ကျလျှင် နိဗ္ဗာန်ကျွန်းပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်မည်မဟုတ်။

"မြန်မြန်လုပ်။ မင်းတို့ လူသွားမခေါ်သေးဘူးလား"

သုန်းရှောင်းက အမိန့်ပေးလိုက်သည်။ အကြီးအကဲတစ်ယောက်က အမြန်ပြေးသွားပြီးနောက် ကျန်းချီယွမ်၏မိဘများကို တရိုတသေခေါ်ဆောင်လာခဲ့သည်။

ကျန်းချီယွမ်၏မိဘများမှာ သာမန်မဟာသခင်အဆင့် သိုင်းပညာရှင်များသာ။ သူတို့၏လွတ်လပ်ခွင့်ကို ပိတ်ပင်ခံထားရသော်ငြား သူတို့ကတော့ သိပ်မကြောက်ခဲ့ပါချေ။ ဤသည်မှာ နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများက သူတို့ကို အန္တရာယ်မပြုရဲကြောင်း ထင်ရှားလှသည်။

ကျန်းချီယွမ်၏မိဘများလည်း နားမလည်နိုင်လောက်အောင်ပင်။ သူတို့၏သမီးက မည်သူ့ကို ခေါ်လာခဲ့လေသလဲ။

သုန်းဝေ့က နိဗ္ဗာန်ကျွန်းသခင် ရွေးချယ်ထားသော တပည့်မဟုတ်လား။ သူက ယခု မြေကြီးပေါ်မှာ သေတစ်ဝက်ရှင်တစ်ဝက်ဖြင့် အဘယ်ကြောင့်လဲကျနေရသလဲ။

နိဗ္ဗာန်ကျွန်း၏ အကာအရံကရော မည်သို့ဖြစ်သွားလေပြီလဲ။ အပြင်လူများက မည်သို့ စိတ်တိုင်းကျဝင်ထွက်နေနိုင်သလဲ။

ထို့ပြင် ဒဏ္ဍာရီနှင့်တူလှသော ထိုသတ္တဝါကြီးက ဟက်စကီးခွေးတစ်ကောင်၏ အနောက်တွင် ပုန်းအောင်းကာ သူ့လက်ဖဝါးများကို လျက်နေသတဲ့လား။

"သူတို့တွေကို ပြန်ပို့ဆောင်ပြီးပါပြီ။ ဂိုဏ်းခေါင်းဆောင်ကျန်း.. ကျေးဇူးပြုပြီး ကျုပ်တို့ကို သက်ညှာပေးပါ"

သုန်းရှောင်က အရိုအသေပေး၍ တောင်းပန်ခယလိုက်သည်။

နိဗ္ဗာန်ကျွန်းပေါ်ရှိ လူတိုင်း၏ ကံကြမ္မာမှာ ကျန်းမုန့်လောင်အပေါ် မူတည်နေလေပြီဖြစ်ရာ သူတိုလည်း ဝပ်တွားခယ၍ တောင်းပန်ရုံသာ ရှိတော့သည်။

"ဘာတွေပြောနေတာလဲ။ ကျုပ်က ကျိုးကြောင်းမဆင်ခြင်တတ်တဲ့လူနဲ့များ တူနေလို့လား"

ကျန်းမုန့်လောင်က သမာသမတ်ကျကျပြောလိုက်လေသည်။

"ကျုပ်က တရားမျှတမှုကို ဖော်ဆောင်ဖို့အတွက် ဒီကိုလာခဲ့တာ။ အခု လူတွေကိုလည်း ပြန်ရပြီဆိုတော့ ခင်ဗျားတို့သာ လျော်ကြေးပြန်ပေးသရွေ့ ကျုပ်တို့ကလည်း ကိစ္စကို ကျေအေးသွားပြီလို့ ယူဆပေးမှာပါ"

"အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံမလား"

သုန်းရှောင်လည်း အံတင်းတင်းကြိတ်ထားလိုက်မိသည်။

"တတိယအကြီးအကဲ.. ကျုပ်တို့ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို ဂိုဏ်းခေါင်းဆောင်ကျန်းကို လွှဲပြောင်းပေးလိုက်ပါ"

"ဘာကိုနှစ်ရာဘီလီယံလဲ"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်လေသည်။

"အဲဒါက အရင်ဈေးနှုန်းပါ။ ကျုပ်တို့က ဒီတောထဲအထိ လာခဲ့ရတာ.. မဟုတ်သေးဘူး လူကယ်ဖို့အတွက်နဲ့ ဒီအထိလာခဲ့ရတာဆိုတော့ တန်ရာတန်ကြေးကိုတော့ တိုးရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့လည်း ဒီလိုအန္တရာယ်များတဲ့နေရာတစ်ခုကို အသက်စွန့်ပြီးလာခဲ့ရတာမလား"

"အသက်စွန့်ပြီး လာခဲ့ရတာတဲ့လား"

ယခုလေးတင်မှ သတိပြန်ရလာသော သုန်းဝေ့ခမျာ နောက်တစ်ခါ ပြန်မေ့လဲတော့မတတ်ပင်။

မင်းတို့က စွန့်စားခန်းခရီးထွက်လာတဲ့ပုံများ ပေါက်နေလို့လား။ ဒီအထိ အဝစားသောက်ရင်း ရောက်လာခဲ့တာကို!

မင်း ဒီလိုစကားမျိုးပြောနေတာ လိပ်ပြာရောလုံရဲ့လား?

*****************

All Chapters