ဒါက ငါ့နယ်မြေဆိုတာ ရှင်းနေတာပဲ"
Vol. 38 Ch. 562
"ဘယ်လောက်လဲဆိုတာသာ ပြောလိုက်ပါ။ ကျုပ်တို့ လျော်ပေးပါ့မယ်"
သုန်းရှောင်းခမျာ ယခုအခြေအနေတွင် ဘာမှဆွေးနွေးညှိနှိုင်းခွင့် မရှိတော့ချေ။ ဤသည်မှာ သူ့အသားကို လှီးထုတ်ပေးလိုက်ရသလို နာကျင်ရသော်ငြား အသက်ဆုံးရှုံးရသည်ထက်တော့ သာပါသေးသည်။
"ကျုပ် အများကြီးမတောင်းဆိုပါဘူး။ အမေရိကန်ဒေါ်လာသုံးရာဘီလီယံနဲ့တင် ဒီကိစ္စကို အဆုံးသတ်လိုက်တာပေါ့"
ကျန်းမုန့်လောင်မှာ ထိုအဘိုးကြီးကို နည်းနည်းလောက်သနားသွားရသည်။ ထိုကဲ့သို့သော တပည့်တစ်ယောက်ရှိနေခြင်းမှာ ရှစ်ဘဝစာလောက် ကံဆိုးခြင်းပင်။
"ကောင်းပြီလေ။ သုံးရာဘီလီယံဆိုတော့လည်း သုံးရာဘီလီယံပေါ့"
အမေရိကန်ဒေါ်လာသုံးရာဘီလီယံဆိုသည်မှာ များပြားလှသော ပမာဏတစ်ခုဖြစ်သော်ငြား အံတင်းတင်းကြိတ်၍ ကြိုးစားလျှင်မူ ရအောင် ရှာနိုင်ပါသေးသည်။
"သက်ဆိုင်ရာပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးဖို့အတွက် နှစ်ရက်အတွင်း စီစဉ်ခိုင်းလိုက်ပါ့မယ်"
"ကောင်းတယ်"
ကျန်းမုန့်လောင်ကလည်း စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြသည်။ သူ့ဘက်က အသာစီးရထားသည့်အတွက် နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများ လှည့်ကွက်ထုတ်သုံးလာမည်ကို စိုးရိမ်စရာမလိုပေ။
လူလည်း ကယ်ပြီးပြီ။ ပိုက်ဆံလည်းရပြီးပြီဖြစ်ရာ နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများမှာ သူတို့ ထွက်သွားကြတော့မည်ဟု ထင်လိုက်သည်။ သို့သော် ကျန်းမုန့်လောင်ကို ကြည့်ရသည်မှာ ထွက်သွားရန် စိတ်ကူးမရှိသည့်အလားပင်။
"လူကြီးမင်း.. ခင်ဗျားလိုချင်တာ အကုန်ရပြီးပြီလေ။ အခု ပြန်သင့်ပြီမဟုတ်ဘူးလား"
"ပြန်ရမှာလား။ ကျုပ်တို့က ဘာလို့ပြန်ရမှာလဲ။ ခင်ဗျားတို့ကမှ ပြန်သင့်တာမဟုတ်ဘူးလား"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်လေဟန် အမူအရာဖြင့် ပြန်ပြောလိုက်၏။
"ဘာ?"
နိဗ္ဗာန်ကျွန်းသားများမှာ အံ့အားသင့်သွားကြလေသည်။ သူက ဘာကိုဆိုလိုသလဲ။ နိဗ္ဗာန်ကျွန်းကို သိမ်းပိုက်ဖို့ ကြံရွယ်နေလေသလား။
"ဂိုဏ်းခေါင်းဆောင်ကျန်း အဲဒါက ဘာအဓိပ္ပာယ်လဲ။ ကျုပ်တို့ လွှတ်ပေးရမဲ့လူတွေကိုလည်း လွှတ်ပေးပြီးပြီ။ ပေးရမဲ့လျော်ကြေးငွေကိုလည်း ပေးပြီးပြီလေ။ မင်းက ကျုပ်တို့ပိုင်နက်ကို သိမ်းပိုက်ချင်နေတုန်းလား"
အကြီးအကဲတစ်ယောက်က ဝင်ပြောလာလေသည်။
"ခင်ဗျားတို့ပိုင်နက်ဆိုတာက ဘာသဘောလဲ။ ဒါက ခင်ဗျားတို့ပိုင်နက်ပါလို့ ဘယ်သူကပြောလဲ။ သက်သေရှိလို့လား"
ကျန်းမုန့်လောင်က စိန်ခေါ်လိုက်လေသည်။
"ကျုပ်တို့ ဒီကျွန်းပေါ်မှာ အနှစ်တစ်ရာနေခဲ့တာလေ။ ဒါနဲ့တင် မလုံလောက်ဘူးလား"
သုန်းရှောင်းက ပြန်ပြောလိုက်၏။
"ဟမ်။ ဒီလိုသဘောတရားနဲ့သာဆိုရင် ကျုပ် ဒီကမ္ဘာပေါ်မှာနေလာတာ အနှစ်နှစ်ဆယ်ရှိပြီ။ ဒီလိုဆိုရင် ဒီကမ္ဘာကြီးက ကျုပ်အပိုင်ပေါ့"
"မင်းက တော်တော်ယုတ္တိမရှိတာပဲ"
နိဗ္ဗာန်ကျွန်းပေါ်ရှိ အကြီးအကဲတစ်ယောက်က အော်ပြောလိုက်သည်။
"မင်းမှာ အင်အားရှိတိုင်း လုပ်ချင်တာလုပ်လို့ရတယ်လို့ ထင်နေတာလား"
"အမှန်ပဲ။ ခင်ဗျားပြောတာမှန်တယ်။ ခွန်အားရှိတယ်ဆိုတာက လုပ်ချင်တာလုပ်လို့ရတာပဲမဟုတ်လား။ ဒေါသထွက်လို့လား"
ကျန်းမုန့်လောင်၏စကားအဆုံးမှာပင် ဝမ်ချိုင်နှင့် ကြမ်းကြုတ်ရက်စက်လှသော သားရဲကောင်ကြီးက ခြိမ်းခြောက်လေဟန်ဖြင့် အရှေ့သို့ တိုးလာကြသည်။
အမှန်ပင်။ သူတို့က သူ့ထက် ပိုအင်အားနည်းနေချေသည်။ ကျန်းမုန့်လောင်ကသာ အကြမ်းဖက်သောနည်းလမ်းဖြင့် ဆုံးဖြတ်မည်ဆိုပါက သူတို့မှာ ခုခံနိုင်စွမ်းမရှိပေ။
"ပြန်လာခဲ့"
ကျန်းမုန့်လောင်က ထိုသားရဲကောင်ကြီးနှင့် ဝမ်ချိုင်ကို ပြန်ခေါ်လိုက်သည်။
"ဝမ်ချိုင်.. မင်း ဘာဖြစ်နေတာလဲ။ ငါ မင်းကို သင်မပေးထားဘူးလား။ အကြမ်းဖက်ဖို့ချည်းပဲ တွေးမနေနဲ့။ သူတော်ကောင်းတရားနဲ့ လူတွေကို အနိုင်ယူရမှာလို့"
"မင်းက သူတော်ကောင်းတရားတွေဘာတွေ လာပြောရဲသေးတယ်ပေါ့"
နိဗ္ဗာန်ကျွန်းသားများမှာ အရှက်မရှိသူများကို မြင်ဖူးပါသော်ငြား ယခုလောက်အထိ အရှက်ကင်းမဲ့ခြင်းမျိုးကိုမူ တစ်ခါမှမမြင်ဖူးပေ။
အစောကပင် သူတို့၏အကာအရံကို အီတလီအမြောက်နှင့် ပစ်ခတ်ခဲ့သူမှာ မည်သူနည်း။
ဆူဆာနိုအို၏ရိုက်ချက်သုံးချက်ဖြင့် သူတို့၏အကာအရံကို ပြိုလဲသွားစေခဲ့သူမှာ မည်သူနည်း။
အစောတုန်းက သုန်းဝေ့ကို ကန်ကျောက်ထိုးနှက်နေသူမှာ မည်သူနည်း။
အရာအားလုံးကို အကြမ်းဖက်မှုနှင့် ဖြေရှင်းဖို့ စဉ်းစားနေသူမှာ မည်သူနည်း။
"အခုချက်ချင်း ကျေးဇူးပြုပြီး ကျုပ်ပိုင်နက်ထဲက ချက်ချင်းထွက်သွားပေးပါ"
ကျန်းမုန့်လောင်က နိဗ္ဗာန်ကျွန်းရှိ ထွက်ပေါက်ဘက်ကို လက်ညှိုးထိုးပြလေသည်။
"ကျန်းမုန့်လောင် မင်း ငါတို့ကို တအားအနိုင်မကျင့်နဲ့နော်"
နိဗ္ဗာန်ကျွန်းပေါ်ရှိ လူတော်တော်များများမှာ အသက်တစ်ရာကျော်သူများပင်။ တော်တော်များများက လောကီကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေခဲ့သည်မှာ ကြာလှလေပြီ။ သူတို့ကို သွားခိုင်းပါက ဘယ်ကိုသွားရမလဲဆိုသည်ကိုပင် မသိကြတော့ချေ။ နိဗ္ဗာန်ကျွန်းက သူတို့၏အိမ်ပင်။
"ကျုပ် ဘယ်သူ့ကိုမှ အနိုင်ကျင့်နေတာမဟုတ်ဘူးနော်။ ခင်ဗျားတို့ကို ကျုပ်ပိုင်နက်ထဲက ထွက်သွားခိုင်းတာကတော့ တရားမျှတမှုလည်းရှိတယ်။ ဥပဒေနဲ့လည်းညီတယ်။ ဘယ်နိုင်ငံ ဘယ်ဒေသကပဲကြည့်ကြည့် ကျုပ်လုပ်တာ မှန်တယ်"
"ဒါက မင်းရဲ့နယ်မြေဖြစ်ကြောင်း ဘာသက်သေရှိလို့လဲ"
"ကျုပ်မှာ ပိုင်ဆိုင်မှုစာချုပ်ရှိတယ်"
ကျန်းမုန့်လောင်က အခြားမည်သူမှ မမြင်ဖူးသည့် အနီရောင်စာအုပ်လေးတစ်အုပ်ကို ထုတ်ပြလိုက်သည်။
နိဗ္ဗာန်ကျွန်းဝင်ပေါက်ရှိ ပင်လယ်ရေပြင်ဧရိယာမှာ အများပိုင်ရေကြောင်းတစ်ခုဖြစ်သော်ငြား ပတ်ပတ်လည်ရှိ နိုင်ငံလေးနိုင်ငံ၏ ပူးတွဲစီမံခန့်ခွဲမှုအောက်မှာ နိုင်ငံတကာပိုင်အဖြစ် ရှိနေခဲ့သည်။
မထွက်ခွာခင် တစ်ညအလိုကပင် ထိုပင်လယ်ပြင်တစ်စိတ်တစ်ပိုင်းကို ဟုန်းရီအား ဝယ်ခိုင်းခဲ့သည်။
ဤသည်မှာ မည်သူမှ ဖြတ်သန်းသွားလာခြင်းမရှိသော ပင်လယ်ဧရိယာတစ်ခုဖြစ်သောကြောင့် ထိုနိုင်ငံများအတွက်မူ ဘာအဓိပ္ပာယ်မှမရှိပေ။ ဤနေရာမှာ ငါးဖမ်းကွင်းလည်း မဟုတ်သလို ငါးအရင်းအမြစ်များလည်း မရှိပေ။
ထိုနိုင်ငံလေးနိုင်ငံအတွက်တော့ ဤနေရာကား လုံးဝအရေးမပါချေ။
ထို့ပြင် ကျန်းမုန့်လောင်က ထိုနေရာလေးများအတွက် အမရိကန်ဒေါ်လာသန်းတစ်ရာစီပေးခဲ့သောကြောင့် သူတို့ကလည်း ဤပင်လယ်ပြင်ကို ပျော်ပျော်ကြီး ရောင်းချခဲ့ကြပြီး ဤနေရာကို ကျန်းမုန့်လောင်ပိုင်ဆိုင်ကြောင်း သက်သေပြနိုင်သည့် ဆက်စပ်စာရွက်စာတမ်းများကိုပါ ထုတ်ပေးခဲ့ကြသည်။
ဤသက်သေအထောက်အထားမှာ တစ်ကမ္ဘာလုံးအတွက် အကျုံးဝင်သည်။
"ကိုယ့်ဘာသာကြည့်လိုက်။ ဒီဧရိယာရဲ့ရေမိုင်၁၅မိုင်ပတ်လည်က ကျုပ်ပိုင်တာ။ ဒီနိဗ္ဗာန်ကျွန်းလည်း ပါတယ်။ ဒီတော့ ပြောစမ်းပါဦး။ ဒီနေရာက ကျုပ်ပိုင်နက်မဟုတ်ဘူးလား"
"မင်း အရှက်မဲ့လိုက်တာ"
နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများမှာ ကျန်းမုန့်လောင်ကိုစိုက်ကြည့်ရင်း မျက်လုံးများ နီရဲကုန်ကြသည်။
အမေရိကန်ဒေါ်လာသန်းဂဏန်းလောက်က နိဗ္ဗာန်ကျွန်းအတွက် နည်းပါးလှသော ပမာဏတစ်ခုပင်။ သူတို့လည်း ဤပင်လယ်ပြင်ဧရိယာကို အသာလေးဝယ်ယူနိုင်သည်။
သို့သော် မည်သူကများ ပိုင်ရှင်မဲ့နေရာတစ်ခုအတွက် ပိုက်ဆံသုံးချင်မည်နည်း။ ထို့ပြင် ယခုလိုလူသူကင်းမဲ့သည့် နေရာတစ်ခုအတွက်နှင့် ကမ္ဘာပေါ်ရှိ မည်သူကမှ သူတို့နှင့် အချေအတင်ဖြစ်ချင်ကြလိမ့်မည်မဟုတ်ပေ။
ကျန်းမုန့်လောင်ကဲ့သို့သော လူတစ်ယောက်က စည်းကမ်းကလနားကြီးသူတစ်ယောက်ဖြစ်ပြီး ပင်လယ်ပြင်ပိုင်ဆိုင်မှုအတွက် ငွေသုံး၍ ဝယ်ယူကာ ပိုင်ဆိုင်မှုလက်မှတ်များနှင့်အတူ သူတို့ထံသို့ လာရောက်ညှိနှိုင်းကြလိမ့်မည်ဟု သူတို့ ထင်မထားချေ။
သူတို့ ကံဆိုးမိုးမှောင်ကျသွားသလို ခံစားလိုက်ရသည်။
တိုက်ခိုက်ရာတွင်လည်း မနိုင်သလို ကျိုးကြောင်းသင့်ပြောဆိုရာတွင်လည်း သူတို့ဘက်က မှားနေသေးသည်။ သူတို့ မည်သူ့ကိုများ အပြစ်ပြုခဲ့မိလေသလဲ။
ထိုအချိန်မှာတော့ လူတိုင်းဟာ သုန်းဝေ့ကိုသာ ဒေါသပုံချကြရတော့သည်။ အသုံးမကျသည့် ဤလူက မိန်းမတစ်ယောက်အတွက်နှင့် ကျန်းမုန့်လောင်လို လူတစ်ယောက်ကို အပြစ်မပြုခဲ့လျှင် သူတို့အနေနှင့် ယခုလိုကိစ္စမျိုး ကြုံရမည်မဟုတ်ပေ။
သို့တိုင် သူတို့က သူတို့အားနည်းချက်ကိုတော့ ပြန်သုံးသပ်ကြခြင်းမရှိပေ။ သူတို့သာ ကောင်းကောင်းမွန်မွန်နေပြီး ကျန်းချီယွမ်၏မိဘများကို ခြိမ်းခြောက်စရာတစ်ခုအဖြစ် မသုံးခဲ့ပါက ကျန်းမုန့်လောင်ကလည်း ဤအတိုင်းအတာအထိ လုပ်မည်မဟုတ်ပေ။
"သွားကြစို့"
အကြိမ်ကြိမ်စဉ်းစားပြီးနောက်မှာတော့ သုန်းရှောင်းလည်း အလျှော့ပေးဖို့သာ ဆုံးဖြတ်လိုက်သည်။
သူတို့အနေနှင့် နိဗ္ဗာန်ကျွန်း၏ ကျင့်ကြံရေးအရင်းအမြစ်များကို ဆုံးရှုံးလိုက်ရသော်လည်း သူတို့၏ဂိုဏ်းကတော့ ကျယ်ပြောပြီး သန်မာလှသည်ဖြစ်ရာ လောကီကမ္ဘာတွင် အသစ်ပြန်စရမည်ဆိုလျှင်ပင် အောင်မြင်အောင် လုပ်နိုင်သေးသည်။ သုန်းရှောင်းသာ ရှိနေသေးသရွေ့ နိဗ္ဗာန်ကျွန်းလည်း ပျက်စီးသွားမည်မဟုတ်ချေ။
"ဟိုနားမှာ ဗီလာတစ်လုံးဆောက်ပြီး ကန်ရေကို သွယ်ယူလိုက်"
"ဒီနေရာမှာ ဂေါက်ကွင်းတစ်ခု ဆောက်လို့ရတယ်"
"အဲဒီနေရာကို ဘာဘီကျူးကင်တဲ့နေရာအဖြစ် ဖန်တီးလို့ရတယ်။ ဘာမှလုပ်စရာမရှိရင် ဒီနေရာကိုလာပြီး အဲဒီမကောင်းဆိုးဝါးတွေရဲ့ အသားလတ်လတ်ဆတ်ဆတ်ကို အမဲလိုက်ပြီး စားလို့ရတာပဲ"
...
ကျန်းမုန့်လောင်က ပြန်လည်ပြင်ဆင်ရေးအတွက် စိတ်အားထက်သန်စွာ စီစဉ်နေသည်ကိုကြည့်ရင်း နိဗ္ဗာန်ကျွန်းသားများမှာ ကူကယ်ရာမဲ့မှုကို နက်နက်ရှိုင်းရှိုင်းခံစားနေရသည်။ သူတို့ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နေရာမှာ တစ်စုံတစ်ယောက်၏ အပန်းဖြေစခန်းအဖြစ်သို့ ပြောင်းလဲသွားတော့မည်။ ဤသည်မှာ လုံးဝအမြစ်ပြတ်သွားသလို ခံစားရသည်။
"လောင်ကျန်း.. ဒါက နည်းနည်းတော့မလွန်လွန်းဘူးလား"
ဝမ်လင်က နိဗ္ဗာန်ကျွန်းပေါ်ရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများကိုကြည့်၍ သနားစိတ်ဝင်သွားရသည်။
"ဒီလူတွေထဲမှာ အပြစ်မရှိတဲ့လူတချို့လည်း ပါတယ်လေ။ ငါတို့ သူတို့ကိုတော့ နေစရာနေရာတစ်ခု ပေးသင့်တယ်မလား"
"ဟုတ်တယ်။ ဒီလူတွေထဲက လူတချို့က ကျွန်မအပေါ် တော်တော်ကောင်းခဲ့ကြတာ"
ကျန်းချီယွမ်က သူတို့ကိုယ်စား တောင်းပန်လိုက်သည်။
"ကောင်းပြီလေ"
ကျန်းမုန့်လောင်ကလည်း ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"သူတို့ကိုတော့ နေရာနည်းနည်းပေးလိုက်တာပေါ့"
ကျန်းမုန့်လောင်က ဆင်ခြင်တုံတရားမဲ့သူတစ်ယောက်လည်း မဟုတ်ပါချေ။ ဝမ်လင်၏စကားမှာ မှန်ပေသည်။ အဓိကတာဝန်ရှိသူများနှင့် တာဝန်ပျက်ကွက်ခဲ့သူများကို အပြစ်ပေးရုံမျှဖြင့် လုံလောက်လေသည်။
မည်သို့ပင်ဖြစ်စေ နိဗ္ဗာန်ကျွန်းက အကျယ်ကြီးပင်။ သူ့အတွက်လည်း နေရာအကျယ်ကြီး မလိုအပ်ပေ။ ဝူရှီကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ရာ နိဗ္ဗာန်ကျွန်းပေါ်တွင် တားမြစ်နယ်မြေဟူ၍ မရှိတော့ပေ။ သို့ဖြစ်လေရာ ဤလူများအတွက် နေထိုင်စရာနေရာနည်းနည်းချန်ထားပေးရန်မှာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။
"ကောင်းပြီ။ ဒါဆို ပြန်ကြစို့"
ကျန်းမုန့်လောင်က ဝမ်လင်၏ပခုံးကို ပုတ်လိုက်သည်။
"လောင်ကျန်း။ ငါ သိပ်အများကြီးမပြောတော့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်အတွက် ကျေးဇူးပဲ"
ဝမ်လင်က သူ့အား စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်နေချေသည်။ ကျန်းမုန့်လောင်၏အကူအညီကြောင့်သာ မဟုတ်ပါက ကျန်းချီယွမ်၏မိဘများကို ကယ်ဖို့ဝေးစွ။ သူ့အသက်ပင် အန္တရာယ်ရှိနိုင်သည်။
"ပေါက်ကရတွေမပြောစမ်းနဲ့"
ကျန်းမုန့်လောင်ကတော့ ရယ်ရယ်မောမောသာ။
"မင်း တကယ်ကျေးဇူးတင်တယ်ဆိုရင် ငါ့ကို အဖေလို့ခေါ်လိုက်လေ။ ဒါက တခြားဟာတွေထက်တောင် ပိုကောင်းသေးတယ်"
"သွားစမ်းပါ"
*********************