← Chapters

ငါက Bitcoinကိုပြောတာ

Vol. 38 Ch. 564

ငါက Bitcoinကိုပြောတာ

Vol. 38 Ch. 564

ကျူး‌ရှောင်ယွီ၏ယောက္ခမဖြစ်သူ ဝမ်လိကျွမ်းက မျက်နှာထားတင်းတင်းဖြင့် ကျူးရှောင်ယွီ၏ မင်္ဂလာဦးအိမ်သို့ အတင်းဝင်ရောက်လာသည်။ သူ(မ)၏မျက်နှာထက်တွင် အထင်အမြင်သေးမှု၊ ရွံရှာမှုနှင့် ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူ(မ)၏ဘေးတွင်မူ ပိန်လှီလှသော အဘိုးကြီးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ရှိနေချေသည်။ ထိုမိန်းကလေးမှာ သူ့အား လေးနှစ်တိတိစောင့်ဆိုင်းခဲ့သော ယဲ့ဝေပင်။

"အမေ"

ယဲ့ဝေက ဝမ်လိကျွမ်း၏လက်မောင်းကို ယမ်းခါလိုက်သည်။

"ရှောင်ယွီရဲ့အခြေအနေကိုလည်း သိသားနဲ့။ ဒီမင်္ဂလာဦးအိမ်ကို ဝယ်ဖို့အတွက် သမီးတို့ ချေးလို့ရနိုင်သမျှ ချေးခဲ့ရတာ။ သူ ဒီလောက်ပဲ တတ်နိုင်တယ်"

"ပါးစပ်ပိတ်ထား"

ဝမ်လိကျွမ်းက ထိုမိန်းကလေးကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။

"နင် ကိုယ်ဝန်ရှိနေလို့သာမဟုတ်ရင် ငါက ဒီလက်ထပ်ပွဲကို သဘောတူမယ်များ ထင်နေတာလား။ မသန်စွမ်းတဲ့လူတစ်ယောက်ကို လက်ထပ်မယ်တဲ့။ သူတောင်းစားတစ်ယောက်ကိုသာ လက်ထပ်လိုက်ပါ့လား။ ငါ့မှာတော့ နင့်ကို ထူးချွန်ထက်မြက်တဲ့ ယောကျ်ားတွေနဲ့ မိတ်ဆက်ပေးခဲ့ရတာ။ ဒါပေမဲ့ နင်ကတော့ အဲဒါကိုစိတ်တိုင်းမကျဘဲ ဆင်းရဲတဲ့ စစ်သားတစ်ယောက်ကိုပဲ ဇွတ်ယူချင်နေတာ"

ဝမ်လိကျွမ်းက အသိအမှတ်ပြုလွှာနှင့် ဆုတံဆိပ်များဖြင့် ပြည့်နှက်နေသော နံရံကို လက်ညှိုးထိုးပြလိုက်၏။

"ဒီပစ္စည်းတွေက ဘာအသုံးဝင်လဲ။ လစာနဲ့ မသန်စွမ်းထောက်ပံ့ကြေးလေး နည်းနည်းလောက်က တစ်လကို ယွမ်ထောင်ဂဏန်းလေးပဲ ရတာ။ မနှစ်တုန်းက ငါ နင်နဲ့မိတ်ဆက်ပေးခဲ့တဲ့ အထွေထွေမန်နေဂျာဝမ်ရဲ့သားက အိမ်ခြံမြေလုပ်ငန်းလုပ်တာ။ တစ်နှစ်ကို ယွမ်ဆယ်သန်းကျော်လောက် ဝင်တယ်။ နင် ရူးသွားတာလား"

"အထွေထွေမန်နေဂျာဝမ်ရဲ့သားက ရုပ်မချောပေမဲ့ နင် သူ့ကို မကြိုက်ရင်တောင် ဒါရိုက်တာကျန်းရဲ့သားက ရုပ်လည်းချောတယ်။ အခုဆိုရင် ဗျူရိုမှာ အလုပ်လုပ်နေတာ။ တစ်နှစ်ကို နှစ်သိန်းဝန်းကျင်ရှာနိုင်နေပြီ။ အဓိကကတော့ သူ့လုမှုအဆင့်အတန်းက မြင့်တယ်ဟဲ့"

ကျူးရှောင်ယွီ၏မိဘများကလည်း အိမ်ထဲတွင် ကိစ္စတချို့ဆွေးနွေးနေကြသည်။ သို့သော် ထိုအမျိုးသမီးကြီးကတော့ သူ့သမီးနှင့် သားမက်လောင်းရှေ့မှာပင် ကျူးရှောင်ယွီ၏ဂုဏ်သိက္ခာကို မထောက်ထားခဲ့ချေ။

သူ(မ)၏စကားမှာ မမှားပေ။ ကျူးရှောင်ယွီက ဂုဏ်ပုဒ်အများကြီးရှိထားသော်ငြား လူမှုအသိုင်းအဝိုင်းမှာ လက်တွေ့ဆန်လှသည်။ သူ့ဝင်ငွေက ဤအဆင့်၁၈ရှိသော မြို့ထဲတွင် မငတ်ရုံလောက်သာ ရှိ၏။

သူ့တပ်ဖွဲ့ထဲရှိ အကျိုးခံစားခွင့်များက စုငွေများနှင့် လူမှုဖူလုံရေးကြေးများအပါ အသင့်အတင့်ကောင်းမွန်သော်ငြား အစိုးရဝန်ထမ်းများနှင့် ယှဉ်လိုက်လျှင်မူ သူ့ဝင်ငွေက နည်းပါးနေဆဲသာ။ တစ်လကို ယွမ်သုံးထောင်လေးထောင်ခန့်သာ ရှိ၏။

ကျန်းနန်နွေဦးဟိုတယ်ရှိ စားပွဲတစ်လုံးစာဈေးနှုန်းမှာ ၁၈၈၈ယွမ်ရှိကြောင်း သူ(မ) ယခင်က ပြောထားသည်။ ဤသည်မှာ မင်္ဂလာပွဲလောကတွင် အလွန်နည်းပါးလှသော ဈေးနှုန်းတစ်ခုဟု ယူဆနိုင်သည်။ သို့သော် သူ(မ)တောင်းဆိုထားသည့် အခြားဟိုတယ်များက အခြေခံဧည့်ခံစားပွဲတစ်လုံးလျှင် ၃၈၈၈ယွမ် ပေးရသည်။

ထိုပမာဏမှာ သုန်းကျီမြို့ထဲတွင် သိပ်မများလှပေ။ ဒေသခံများကလည်း နည်းနည်းပါးပါးမေးမြန်းစုံစမ်းလိုက်သည်နှင့် ကျန်းနန်နွေဦးဟိုတယ်၏ စံနှုန်းများအကြောင်း သိနိုင်ပေသည်။

သို့သော် ဤပမာဏမှာ ကျူးရှောင်ယွီ တတ်နိုင်သည့် နောက်ဆုံးပမာဏပင်။

ဝမ်လိကျွမ်း၏ တောင်းဆိုချက်များမှာ အလွန်မြင့်မားလှ၏။ သတို့သမီးတင်တောင်းငွေကို အနည်းဆုံး ၁၈၈၈၈၈ယွမ်ပေးရမည်ဖြစ်ပြီး အနည်းဆုံး ရွှေငါးဆင်စာအပြည့်ပေးရမည့်အပြင် နေအိမ်ကလည်း အနည်းဆုံး ၁၂၀စတုရန်းမီတာရှိရမည်ဖြစ်၏။

ကျူးရှောင်ယွီတို့လို သာမန်မိသားစုတစ်ခုက ထိုကဲ့သို့သော တောင်းဆိုချက်များကို မည်သို့ဖြည့်ဆည်းပေးနိုင်မည်နည်း။

ဤသည်မှာ အဆင့်၁၈မြို့တော်တစ်ခု ဖြစ်သော်ငြား သုန်းကျီမြို့ထဲတွင် ပိုကောင်းသော နေရာတစ်ခုရရန်အတွက်ဆိုလျှင် တစ်စတုရန်းမီတာကို ယွမ်နှစ်သောင်းဝန်းကျင် ပေးရသည်။ သိပ်နေချင်စဖွယ်မကောင်းသော နေရာမျိုးမှာပင် တစ်စတုရန်းမီတာကို တစ်သောင်းသုံးထောင် သို့မဟုတ် တစ်သောင်းလေးထောင်ခန့်တော့ ရှိသည်သာ။

ကျူးရှောင်ယွီမှာ သူ့စုငွေအားလုံးနှင့် ပင်စင်ကြေးများကို ထုတ်သုံးပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ခြင်းပင်။ ကျန်တာကိုတော့ သူ့မိဘများ၏ စုငွေများကို သုံးခဲ့ရသည်။

သို့တိုင် ဝမ်လိကျွမ်း၏တောင်းဆိုမှုများကိုမူ မဖြည့်ဆည်းနိုင်သေးပေ။ ယဲ့ဝေတွင် ကိုယ်ဝန်ခြောက်လရှိနေသဖြင့် နောက်ဆုတ်၍မရတော့သောကြောင့်သာ မဟုတ်ပါက သူ(မ)လည်း ဤမင်္ဂလာပွဲကို သဘောတူမည်မဟုတ်ချေ။

ကျူးရှောင်ယွီ၏မိဘများမှာ ဒေါသကို မျိုသိပ်ထားရသဖြင့် တုန်ယင်နေချေသည်။

သူတို့၏သားဖြစ်သူက မသန်စွမ်းသူတစ်ယောက် ဖြစ်သွားသည်မှာ မှန်ပါသော်ငြား ဤသည်ကပင် သူတို့ဂုဏ်ယူရသော အရာတစ်ခုပင်။ သူက နိုင်ငံနှင့် လူမျိုးအတွက် ဒဏ်ရာရခဲ့ခြင်းဖြစ်လေရာ လူတိုင်းထံမှ လေးစားမှုကို ခံယူထိုက်သည်။

သို့သော် သူတို့အနေနှင့် ပြန်လည်းခံမပြောရဲပေ။ သူ့အခြေအနေအရဆိုလျှင် လက်တွေ့ဆန်လွန်းလှသော ဤလူမှုအဖွဲ့အစည်းထဲတွင် မိန်းမကောင်းတစ်ယောက်ကို ရှာဖွေရန်မှာ မလွယ်ကူလှပေ။ ယဲ့ဝေက သူ့ချို့ယွင်းချက်ကို စိတ်ထဲမထားသည့်အတွက် မကျေနပ်ချက်များကို မျိုသိပ်ထားရမည်ဆိုလျှင်ပင် သည်းခံမှဖြစ်ပေမည်။

"အမေ"

ကျူးရှောင်ယွင်က အံတင်းတင်းကြိတ်ထားရင်း ပြောလိုက်လေသည်။

"ဝေဝေ့အပေါ် မတရားသလိုဖြစ်သွားမှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့်မိသားစုမှာ ပိုက်ဆံမရှိတော့လို့ပါ"

"မင်းမှာ ပိုက်ဆံမရှိမှန်း သိတာပေါ့"

ဝမ်လိကျွမ်းက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလာလေသည်။

"ဒါပေမဲ့ မင်းမှာ နောက်ထပ်အိမ်တစ်လုံးရှိသေးတယ်မလား။ လက်ရှိပေါက်ဈေးနဲ့ဆိုရင် အဲဒီနေရာကို ခုနစ်သိန်းရှစ်သိန်းလောက်နဲ့ ရောင်းလို့ရပါတယ်"

ဝမ်လိကျွမ်းက ကလေးများ၏အနာဂတ်ကို ထည့်တွေးပေးနေဟန်ဖြင့် ပြောလာချေသည်။

"ခမည်းခမက်တို့.. ဒီလိုအသက်အရွယ်မျိုးမှာ ကလေးတွေအတွက်ပဲ ဖြည့်ဆည်းပေးရတော့မှာမလား။ ရှင်တို့ နှစ်သိန်းသုံးသိန်းလောက်ယူပြီး ကျေးလက်ဘက်မှာ ဗီလာသေးသေးလေးတစ်လုံး ဆောက်လို့ရတာပဲ။ ကျန်တဲ့ငွေနဲ့ မင်္ဂလာပွဲခမ်းခမ်းနားနားဖြစ်အောင်လုပ်ပြီး ကလေးတွေအတွက် ကားတစ်စီးဝယ်လို့ရတယ်လေ။ မကောင်းဘူးလား"

"မရဘူး"

ကျူးရှောင်ယွီက ချက်ချင်းခွန်းတုံ့ပြန်လိုက်၏။

"ကျွန်တော့်မိဘတွေက တစ်ဘဝလုံးအလုပ်ကြိုးစားခဲ့ကြတာ။ သူတို့မှာ ဒီအိမ်လေးတစ်လုံးပဲ ကျန်တော့တယ်။ ဒါကိုတော့ လုံးဝရောင်းလို့မရဘူး"

"ကောင်းပြီလေ"

ဝမ်လိကျွမ်းက သရော်လေသည်။

"ဒါဆို ငါ့သမီးကိုယူဖို့ မစဉ်းစားနဲ့"

သူ(မ)က ပြောလိုက်သည်။

"သွားကြမယ်။ အိမ်ပြန်မယ်"

"အမေ"

ယဲ့ဝေခမျာ ရုန်းကန်ပါသော်ငြား ဝမ်လိကျွမ်းလောက် မသန်သောကြောင့် ကျူးရှောင်ယွီကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်လေသည်။

"သား.. ငါတို့ ဒီအိမ်ကိုဝယ်လိုက်သင့်တယ်..."

ဗလာကျင်းသွား​သော အိမ်ကြီးထဲတွင် ကျူးရှောင်ယွီနှင့် သူ့မိဘများသာ ကျန်ရစ်ခဲ့သည်။

"အဖေ အမေ.. ဒီကိစ္စကို ဘာမှညှိနှိုင်းနေစရာမလိုဘူး"

ကျူးရှောင်ယွီက ပြောလိုက်၏။

"ကျွန်တော့်ဘာသာ နည်းလမ်းရှာလိုက်ပါ့မယ်။ ကျွန်တော်နဲ့ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတချို့ ရှိပါသေးတယ်။ ကျွန်တော် သူတို့ကို ခယရမယ်ဆိုရင်တောင် ပိုက်ဆံရအောင်ချေးကြည့်ပါ့မယ်"

...

"ဒီဝတ်စုံနဲ့ လိုက်ရဲ့လား"

ကျန်းမုန့်လောင်က အသစ်စက်စက်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ်အပြန်ပြန်အလှန်လှန်ကြည့်ကာ စစ်ဆေးရင်း မေးလိုက်၏။

"အရမ်း​လိုက်တယ်"

လုရီယောင်က အလှပြင်ခုံရှေ့တွင် ထိုင်နေရင်း ပြောလိုက်သည်။ ထိုနေရာတွင် အထူးစီစဉ်မှုဖြင့် ဖိတ်ကြားထားရသော နိုင်ငံခြားမိတ်ကပ်ပညာရှင်တစ်ယောက်က သူ(မ)၏မိတ်ကပ်ကို လက်စသတ်ပေးနေသည်။

"ဒီနေ့ ဘာတွေပဲဖြစ်ဖြစ် ငါ့ညီအစ်ကိုကို အကြီးကျယ်ဆုံးလေးစားမှုမျိုး ပေးရမယ်"

ကျန်းမုန့်လောင်က ဆို၏။

"ဟုန်းရီ.. မင်းကိုပြောထားတဲ့ အရာတွေအကုန်လုံးကို လုပ်ထားပြီးပြီလား"

"မစ္စတာကျန်း အကုန်စီစဉ်ထားပြီးပါပြီ"

ဟုန်းရီကလည်း ပြန်ဖြေလိုက်သည်။

"သုန်းကျီမြို့တော်က ခေါင်းဆောင်တော်တော်များများကလည်း မစ္စတာကျူးရဲ့မင်္ဂလာပွဲကို တက်ရောက်ချင်နေကြတယ်"

ကျန်းမုန့်လောင်၏အကူအညီကြောင့် သုန်းကျီမြို့က ယခုဆိုလျှင် နိုင်ငံထဲတွင် အကြီးဆုံးပေါင်းစပ်ဆားကစ်လုပ်ငန်းအခြေစိုက်ရာတစ်ခု ဖြစ်လာခဲ့ပြီး တစ်နှစ်ဝင်ငွေကို လအနည်းငယ်အတွင်းမှာပင် ရရှိခဲ့သည်။

ထိုမျှသာမက မြို့တော်သို့ပြေးဆွဲမည့် အမြန်ရထားလမ်းဆောက်လုပ်ရေးကိုလည်း စိတ်အားထက်သန်စွာ ဆောင်ရွက်နေသည်။

ဒေသခံအရာရှိများ၏ အောင်မြင်မှုများကို သူတို့၏အထက်လူကြီးများက တစ်ညီတစ်ညွတ်တည်းအသိအမှတ်ပြုခဲ့ကြပြီး နောက်နှစ်ထဲတွင် သုန်းကျီမြို့ရှိ ခေါင်းဆောင်အများအပြား ရာထူးတိုးခံရနိုင်ခြေရှိ၏။

ဤအောင်မြင်မှုအများအပြားမှာ ကျန်းမုန့်လောင်၏ကျေးဇူးကြောင့်ပင်။

ကျန်းမုန့်လောင်၏အချစ်ဆုံးသူငယ်ချင်းက လက်ထပ်တော့မည်ဖြစ်ပြီး ကျန်းမုန့်လောင်ကိုယ်တိုင် ထိုပွဲကို တက်ရောက်မည်ဟု သတင်းကြားလိုက်ရသောအခါ သူတို့လည်း မည်မျှပင် အလုပ်များနေပါစေ ထိုမင်္ဂလာပွဲသို့ အချိန်ယူ၍ သွားရမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"ငါပြင်ခိုင်းထားတဲ့လက်ဆောင်ကရော"

"မစ္စတာဆယ်ဗီလီနဲ့ သူ့လက်ထောက်တွေက တစ်ပတ်လောက်အချိန်ပိုဆင်းပြီး မင်္ဂလာဂါဝန်နဲ့ဝတ်စုံကို ချုပ်ပေးထားပြီးပါပြီ။ ဒီမနက်ကပဲ ပို့ပေးထားပါတယ်။ ကျွန်မ အဲဒါကိုပို့​ပေးဖို့အတွက် လူစီစဉ်ထားပြီးပါပြီ"

"မစ္စတာကျန်းပြင်ဆင်ခိုင်းထားတဲ့ တခြားလက်ဆောင်တွေကိုလည်း လေယာဉ်နဲ့တင်ပို့လိုက်ပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲက ညနေခြောက်နာရီမှာ စမှာမို့ ကျွန်မတို့ နောက်ကျမှာမဟုတ်ပါဘူး"

"ကောင်းတယ်"

ကျန်းမုန့်လောင်ကား ခေါင်းတညိတ်ညိတ်။

"မစ္စတာကျန်း ငွေသားဘယ်လောက်လက်ဖွဲ့ဖို့ စီစဉ်ထားလဲ"

ဟုန်းရီက မေးလိုက်လေသည်။

"ရှင်တို့နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေဆိုရင်တောင် လက်ဖွဲ့ကိုတော့ ကျော်သွားလို့မဖြစ်ပါဘူး"

"အင်း.. စဉ်းစားလိုက်ဦးမယ်"

ကျန်းမုန့်လောင်က ဆို၏။

"ငါ ၈၈၈၈ပေးမယ်"

"ဟင်"

ဟုန်းရီခမျာ တုန်လှုပ်သွားလေသည်။

"မစ္စတာကျန်း.. အဲဒါက တအားတွန့်တိုရာမကျဘူးလား"

ကျန်းမုန့်လောင်က ဘယ်သူမို့လို့လဲ။ ကမ္ဘာ့အချမ်းသာဆုံးလူပင်။ ကမ္ဘာမြေ၏အုပ်စိုးသူပင်။ ကမ္ဘာတစ်ဝှမ်းရှိ ပိုင်ဆိုင်မှုတော်တော်များများမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်နည်းဖြင့်ဖြစ်စေ သူ့အပိုင်များပင်။

လူများနှင့် အေးအေးလူလူလောင်းကြေးထပ်လျှင်ပင် အမေရိကန်ဒေါ်လာတစ်ရာဘီလီယံက အနည်းဆုံးပင်။ သို့ဖြစ်လေရာ သူ့ညီအစ်ကို၏မင်္ဂလာပွဲတွင်မူ ဘာကြောင့်များ ဤမျှနည်းနည်းလေးကို ပေးရသလဲ။ ဤသည်မှာ ယခင်တုန်းက သူတို့ထားရှိထားသော ကတိကြောင့်လေလား။

မည်သို့ပင်ဖြစ်စေ သာမန်သူငယ်ချင်းတစ်ယောက်အတွက်ဆိုလျှင် ၈၈၈၈ယွမ်ဆိုသည်မှာ နည်းနည်းနောနောပမာဏတစ်ခုမဟုတ်ပေ။ ကျန်းမုန့်လောင်နှင့် ကျူးရှောင်ယွီတို့ ရင်းနှီးခဲ့စဉ်က သူသည် သာမန်မိသားစုမှ ကလေးတစ်ယောက်သက်သက်သာ။

"ငါက ဟွာရှားယွမ်ငွေ၈၈၈၈ယွမ်လို့ ပြောမိလို့လား"

"၈၈၈၈ဒေါ်လာလား"

ဟုန်းရီ စဉ်းစားကြည့်လိုက်ပါသော်ငြား ထိုပမာဏကလည်း မများသေးပေ။ ကျန်းမုန့်လောင်၏အကျင့်အရဆိုလျှင် ၈၈၈.၈ဘီလီယံမပေးဘူးဆိုလျှင်ပင် ၈၈.၈၈သန်းတော့ ပေးသင့်သည်မဟုတ်လား။

"ငါက Bitcoinကိုပြောနေတာ"

*********************

All Chapters