← Chapters

ဒါက ဘယ်မိသားစုကပါလိမ့်

Vol. 38 Ch. 565

ဒါက ဘယ်မိသားစုကပါလိမ့်

Vol. 38 Ch. 565

"ဟုန်းရီ.. လေယာဉ်အဆင်သင့်ပဲလား"

"မစ္စတာကျန်း အဆင်သင့်ပါပဲ။ အချိန်မရွေးသွားလို့ရပါပြီ"

ဟုန်းရီက ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ပြောသင့်လားမပြောသင့်လားဆိုတာ သေချာမသိတဲ့ ကိစ္စတစ်ခုတော့ရှိပါတယ်"

"ဟုန်းရီ.. မင်း ဘယ်တုန်းက ဝေ့လည်ကြောင်ပတ်လုပ်တတ်သွားတာလဲ။ ဘာတွေများ ပြောရခက်နေတာလဲ"

"ရှင့်သူငယ်ချင်း မစ္စတာကျူးရဲ့အခြေအနေက သိပ်တော့မကောင်းဘူး။ ဒါပေမဲ့ သူက ဒီအကြောင်းကို ရှင့်ကို သိစေချင်ပုံမရဘူး။ အဲဒါကြောင့်..."

"ဘာဖြစ်တာလဲ"

ကျန်းမုန့်လောင်၏အမူအရာကား ရုတ်ခြည်းလေးနက်သွားလေသည်။ ယောကျ်ားတစ်ယောက်က သူငယ်ချင်းအများကြီး မလိုအပ်ပေ။ ယုံကြည်ကိုးစားထိုက်သူနည်းနည်းရှိလျှင် လုံလောက်လေပြီ။ သူ့အတွက်မူ ကျူးရှောင်ယွီက ထိုကဲ့သို့သောလူတစ်ယောက်ပင်။

"မစ္စတာကျူးက မူးယစ်ဆေးတိုက်ဖျက်မှုစစ်ဆင်ရေးတစ်ခုမှာ ဒဏ်ရာရခဲ့ပါတယ်။ သူ့ဘယ်ဘက်ခြေထောက်ကလည်း ဖြတ်လိုက်ရတာမို့ သူ့ယောက္ခမက တော်တော်ခါးခါးသီးသီးဖြစ်နေတာ"

ဟုန်းရီက သူ(မ)သိထားသမျှ သတင်းအားလုံးကို ပြောပြလိုက်သည်။

"ငါ့ကို ဘာလို့ စောစောက မပြောတာလဲ"

ကျန်းမုန့်လောင်၏လေသံမှာ အလွန်ဒေါသထွက်သွားလေဟန်ပင်။ ဤသည်မှာ သူ ဟုန်းရီကို ဆူပူမာန်မဲဖူးသည့် ပထမဆုံးအကြိမ်ပင်။

အမှန်တကယ်တွင် ဟုန်းရီ စိတ်ပူနေကြောင်း သူသိပါသည်။ သို့သော် ကျူးရှောင်ယွီ၏လက်ရှိအခြေအနေကြောင့် သူ့မှာ စိတ်အေးအေးမထားနိုင်ခဲ့ပေ။

ယခု သူသည် ကမ္ဘာတစ်ဝက်စာလောက်ရှိသော စည်းစိမ်များကို အမွေဆက်ခံထားရပြီဖြစ်၏။ နေ့တိုင်းနေ့တိုင်းလည်း အဆင့်မြင့်ဘဝတစ်ခုတွင် နေထိုင်နေရပြီး သာမန်လူတစ်ယောက် မတတ်နိုင်သော အရာအားလုံးကို ခံစားနေရသည်။ သူ အလွန်သက်သောင့်သက်သာရှိနေလေပြီ။

သို့သော် သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် သူ့ညီအစ်ကိုကတော့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရသည့်အပြင် ခက်ခက်ခဲခဲရှင်သန်နေရပြီး သူ့ယောက္ခမကပါ သူ့မိဘများ ဝယ်ယူထားသောအိမ်ကို ရောင်းချပစ်ဖို့ ဖိအားပေးနေလေသည်။ ဤသည်ကို မည်သို့လက်ခံပေးရမည်နည်း။

ဤအကြောင်းကို မည်သူမှမသိသလို သူ့ကိုလည်း မည်သူကမှ အပြစ်မတင်သော်ငြား ထိုသို့တွေးမိရုံမျှဖြင့် ကျန်းမုန့်လောင် စိတ်ထဲ ရတက်မအေးသလို ခံစားရသည်။

"လေယာဉ်ကို အဆင်သင့်ပြင်ထားလိုက်။ ငါ အခုချက်ချင်း သုန်းကျီမြို့ကို သွားမယ်"

"တောင်းပန်ပါတယ် မစ္စတာကျန်း.. ကျွန်မ ပေါ့ဆမိသွားပါတယ်"

သူ(မ) အမှားလုပ်မိသွားကြောင်း ဟုန်းရီလည်း ကောင်းကောင်းသိသည်။

"ထားလိုက်တော့။ ဒီကိစ္စက မင်းအပြစ်မဟုတ်ပါဘူး။ ရှောင်ယွီက ငါ့ကိုမသိစေချင်တာလေ။ မင်းက သူ့ဆန္ဒကို လေးစားပေးခဲ့တာ။ မင်းအပြစ်မဟုတ်ပါဘူး"

ကျန်းမုန့်လောင်လည်း စိတ်အေးအေးထားလိုက်သည်။

"ဒါပေမဲ့ ငါက အခု ဘယ်လိုလူစားမျိုးဖြစ်နေပြီလဲဆိုတာ သူမသိဘူးလား"

ကျန်းမုန့်လောင် သိချင်မိသည်။

"ငါတို့ ဒီလောက်ရင်းနှီးတဲ့ဟာကို ဒီအကူအညီလောက်လေးကို ငါက မကူညီနိုင်စရာလား"

အကယ်၍ ကျူးရှောင်ယွီသာ အကူအညီတောင်းလာပါက ဒေါ်လာထောင်ဂဏန်းမျှသာ ပေးရသော ဧည့်ခံပွဲနှင့် ထောင်ဂဏန်းပေးရသော ဗီလာများကို ပေးရမည်ဆိုလျှင်ပင် ကျန်းမုန့်လောင်ကတော့ မျက်တောင်တစ်ချက်ခတ်မည်မဟုတ်ပေ။ သူတို့၏ခင်မင်မှုက ညီအစ်ကိုအရင်းအချာများနှင့် မခြားပေ။

"မစ္စတာကျန်း.. မစ္စတာကျူးက မူးယစ်ဆေးတိုက်ဖျက်ရေးဌာနက ထွက်လာခဲ့တာ မကြာသေးပါဘူး။ တာဝန်ထမ်းဆောင်နေတဲ့အချိန်တုန်းက သူ့အချိန်တော်တော်များများကို မူးယစ်ရာဇာတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကုန်ဆုံးခဲ့တာမို့လို့ အွန်လိုင်းပေါ်က ကိစ္စတွေကို စောင့်ကြည့်နေဖို့ အချိန်မရှိဘူးလေ။ ဒီတော့ ရှင့်လက်ရှိအနေအထားကို သူမသိတာလည်း မထူးဆန်းပါဘူး"

"အမှန်ပဲ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ အခြားရှုထောင့်မှ စဉ်းစားကြည့်လျှင် သူသာ ကျူးရှောင်ယွီဆိုပါက သူလည်း အကူအညီတောင်းမည်မဟုတ်ချေ။

ကျူးရှောင်ယွီ၏စိတ်ထဲတွင် ကျန်းမုန့်လောင်က တက္ကသိုလ်မှ ဘွဲ့ရထားခါစလူတစ်ယောက်ပင်။ သူ့အနေနှင့် သူ့ကိုယ်သူထောက်ပံ့နိုင်ပြီး အိမ်ငှားခနှင့် နေ့စဉ်ကုန်ကျစရိတ်များကို လောက်ငှအောင်ရှာနိုင်လျှင်ပင် တော်လှလေပြီ။ သို့ဖြစ်လေရာ သူ့ကို ကူညီပေးနိုင်မည့် ငွေပိုငွေလျှံဟူ၍ အဘယ်မှာရှိမည်နည်း။

"ဒီကောင်တော့ တော်တော်များသွားပြီ"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်မိသည်။

"ဟုန်းရီ င့ါညီအစ်ကိုရဲ့မင်္ဂလာပွဲက စုတ်တီးစုတ်ပဲ့မဖြစ်ရဘူး။ ငါတို့ ဘယ်လိုလုပ်လို့ရလဲ"

"ဖိတ်စာတွေက ပို့ပြီးသွားပြီဆိုတော့ ဧည့်သည်တော်တော်များများကလည်း အခုလောက်ဆိုရင် အဲဒီဟိုတယ်ကိုပဲ သွားနေကြလောက်ပြီ။ နေရာပြောင်းဖို့ နောက်ကျသွားပါပြီ"

ဟုန်းရီက ဆို၏။

"အပြင်ပန်းအနေအထားကို ပြောင်းလို့မရဘူးဆိုရင် အတွင်းပိုင်းကိုပဲ ပြောင်းကြတာပေါ့"

"ကောင်းတယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"အခုချက်ချင်း ကမ္ဘာအနှံ့က အလတ်ဆတ်ဆုံးနဲ့ အကောင်းဆုံးပါဝင်ပစ္စည်းတွေကို သုန်းကျီမြို့ကို ပို့မယ်။ ပြီးရင် ကမ္ဘာ့အတော်ဆုံးစားဖိုမှူးတွေကို ဟိုတယ်ကိုလာခဲ့ဖို့ ဖိတ်ကြားလိုက်။ အမေရိကန်ဒေါ်လာတစ်သန်းပဲတောင်းတောင်း နှစ်သန်းပဲတောင်းတောင်း ငါ ဂရုမစိုက်ဘူး။ ကြိုးတုပ်ပြီးခေါ်လာရမယ်ဆိုရင်တောင် ရအောင်ခေါ်လာခဲ့"

"နားလည်ပါပြီ မစ္စတာကျန်း.. ရှင့်အိမ်မှာ ဝန်ဆောင်မှုပေးနေရတဲ့ စားဖိုမှူးအဖွဲ့တစ်ဖွဲ့လည်းရှိပါတယ်။ သူတို့ကိုရော လာခိုင်းလိုက်ရဦးမလား"

"သူတို့ကိုပါ ခေါ်ခဲ့လိုက်။ အတော်ဆုံးလူတွေကို ခေါ်လာခဲ့"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"ပြီးတော့ နံရိုးခုတ်ဖို့အတွက် ကိုင်ဘွန်ဓားရယ် သစ်ကြားသီးခွဲဖို့အတွက် ကောင်းကင်ကာပြန်တံဆိပ်တုံးနဲ့ အသားလှီးဖို့ ရွှမ်းယွမ်ဓားကို ယူခဲ့လိုက်။ မမေ့စေနဲ့နော်"

"လက်ချုပ်ဝတ်စုံတွေကို ချုပ်ဖို့အတွက် အချိန်မရတော့ဘူးဆိုရင် အသင့်ချုပ်ဝတ်စုံတွေကို သွားဝယ်ချေ။ ကမ္ဘာထိပ်တန်းဒီဇိုင်နာတွေရဲ့လက်ရာကို ငါလိုချင်တယ်"

"မင်္ဂလာယာဉ်တန်းအတွက် ဇိမ်ခံကားလုံလုံလောက်လောက်မရှိဘူးဆိုရင် နိုင်ငံအနှံ့ ဒါမှမဟုတ် ကမ္ဘာအနှံ့ကနေ သွားသယ်ဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်တွေကိုသာ သုံးလိုက်။ အနည်းဆုံးတော့ Rolls-Royceဖြစ်ရမယ်နော်"

...

ယနေ့ကား မင်္ဂလာနေ့လေးတစ်နေ့ဖြစ်သောကြောင့် ကျူးရှောင်ယွီက ကောင်းမွန်စွာဝတ်စားထားပြီး စိတ်အားထက်သန်နေချေသည်။ မနက်အစောကြီးကတည်းက သူ့သတို့သမီးကို သွားခေါ်ရန် အဆင်သင့်ဖြစ်နေချေသည်။

ဤမင်္ဂလာပွဲအတွက် သူ့ရဲဘော်ဟောင်းတော်တော်များများက သတို့သားအရံလုပ်ပေးရန် အထူးခွင့်ကို ယူထားရသည်။ ချမ်းသာသော မိသားစုများမှ သူ့တိုက်ပွဲဖော်များကလည်း မင်္ဂလာယာဉ်တန်းအဖြစ် ပါဝင်ပေးရန် သူတို့၏ကိုယ်ပိုင်ကားများကို မောင်းလာကြသည်။

သို့သော် ကျူးရှောင်ယွီကတော့ စိတ်အခြေအနေကောင်းလှချည်ရဲ့တော့ မဟုတ်ချေ။ လွန်ခဲ့သည့်နှစ်ရက်တုန်းက သူ့ယောက္ခမပြောသွားသည့် စကားများက သူ့ကို ခြောက်လှန့်နေဆဲပင်။ ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယဲ့ဝေ၏အမေက သူ(မ)ကို အိမ်ထဲကအိမ်ပြင် ထွက်ခွင့်မပေးခဲ့ပေ။

ယဲ့ဝေက သူ့ကို မက်ဆေ့ချ်ပို့ထားသည်။ အကယ်၍ သူ(မ)၏အမေက သူ(မ)ကို ကျူးရှောင်ယွီနှင့်အတူ လိုက်သွားခွင့်မပေးပါက သူ(မ)ကိုယ်တိုင် ကျူးရှောင်ယွီနှင့် ခိုးရာလိုက်ပြေးမည်ဟု ပြောထားသည်။ မည်သို့ပင်ဖြစ်စေ လုပ်ကိုင်စားသောက်နိုင်မည့် နည်းလမ်းများရှိသည်ဖြစ်ရာ သူ(မ)အမေ၏ကန့်ကွက်မှုကို ဘာကြောင့်များ သည်းခံနေရမည်နည်း။

ဤမက်ဆေ့ချ်ကြောင့် သူ့ချစ်သူကတော့ သူ့ဘက်တွင်ရှိနေကြောင်း သိရသဖြင့် ကျူးရှောင်ယွီခမျာ ဖြေသိမ့်နိုင်သေးသည်။

"အမေ အဖေ.. ကျွန်တော် ဝေဝေ့ကို သွားခေါ်လိုက်ဦးမယ်"

ကျူးရှောင်ယွီက သူ့ဝတ်စုံကို ပြန့်သွားအောင် ဆန့်လိုက်သည်။

"ကောင်းပြီ"

ကျူးရှောင်ယွီ၏အဖေက ကျူးရှောင်ယွီ၏ပခုံးကို ပုတ်ပေးလိုက်သည်။

"ဘာတွေပဲဖြစ်ဖြစ် တအားမလောနဲ့။ သည်းခံနိုင်သလောက်သည်းခံ။ ဝေဝေ့ကိုခေါ်လာဖို့က အရေးအကြီးဆုံးပဲ"

"နားလည်ပါပြီ အဖေ"

မင်္ဂလာယာဉ်တန်းကား Audi A6ကားက ဦးဆောင်လျက် ထွက်ခွာသွားလေပြီ။ အနောက်က ဘရန်းအမျိုးမျိုးရှိသော ကားများကလည်း လိုက်ပါသွားသည်။ လူချမ်းသာမိသားစုများ၏ မင်္ဂလာယာဉ်တန်းနှင့် မယှဉ်နိုင်သော်ငြား အနည်းဆုံးတော့ လေးစားသမှုရှိသေးသည်။

မိသားစုနှစ်စုက မဝေးလှသောကြောင့် မင်္ဂလာယာဉ်တန်းက မိနစ်လေးဆယ်မကြာခင်မှာပင် ယဲ့ဝေ၏အိမ်သို့ ရောက်လာခဲ့သည်။

"ဗြောက်"

ယဲ့ဝေဘက်က ဆွေမျိုးများက မင်္ဂလာယာဉ်တန်းကို မြင်သောအခါ ဗြောက်အိုးမီးပန်းများကို ဖောက်ကြသည်။ ကလေးများကလည်း အရှေ့သို့တိုးလာကြပြီး သကြားလုံးတောင်းရန်အတွက် မင်္ဂလာယာဉ်တန်းကို ဝိုင်းထားလိုက်သည်။

ဤသည်မှာ ဤဒေသ၏ ဓလေ့ထုံးတမ်းပင်။ ကျူးရှောင်ယွီကလည်း သေချာပြင်ဆင်ထားသဖြင့် မင်္ဂလာသကြားလုံးများကို ကလေးများအား ဝေပေးလိုက်၏။

သို့သော် ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်စုက အနားသို့ ဝိုင်းအုံလာကြသည်။ သူတို့ထဲတွင် ယဲ့ဝေ၏အမေ ဝမ်လိကျွမ်းလည်း ပါလေသည်။

သူ(မ)က ပွဲတော်အရောင်ဖြစ်သော အနီရောင်ကို ဝတ်ဆင်ထားသော်ငြား သူ(မ)၏မျက်နှာကတော့ ပျော်ရွှင်မနေချေ။ သူ(မ)အမြင်တွင် ကျူးရှောင်ယွီ၏မင်္ဂလာယာဉ်တန်းက အထင်ကြီးလောက်စရာမရှိပေ။

ဤနေရာတွင် ဆွေမျိုးများနှင့် သူငယ်ချင်းများ ရှိနေလေသည်။ သူတို့သမီးများက ယဲ့ဝေထက် ပိုခမ်းနားသော မင်္ဂလာပွဲမျိုးကို ကျင်းပထားကြသည်။

မင်္ဂလာပွဲဆိုသည်မှာ တစ်သက်မှာ တစ်ခါသာ ကျင်းပရသည်ဖြစ်ရာ ထိုမင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပသင့်သည်။ သိပ်မခမ်းနားသည့် မင်္ဂလာပွဲတစ်ခုမှာပင် မင်္ဂလာယာဉ်တန်းက BBAယာဉ်များဖြင့် စီတန်းလှည့်လည်ခဲ့သည်။ အရေအတွက်ကလည်း အနည်းဆုံးဆယ်စီးပင်။ ကျူးရှောင်ယွီ၏ မင်္ဂလာယာဉ်တန်းက သူ(မ)၏မိသားစုကို သိက္ခာကျစေနိုင်သည်။

"သတို့သား.. ပိုက်ဆံမပေးရင်တော့ ကားထဲက ထွက်လို့မရဘူးနော်"

သတို့သမီးအရံတစ်ယောက်က ကျူးရှောင်ယွင်ဘက်သို့ လက်ဆန့်ထုတ်ရင်း ရှေ့ဆုံးရှိကားတံခါးကို ပိတ်ကာထားလိုက်သည်။

ကျူးရှောင်ယွီလည်း အနီရောင်စာအိတ်တစ်လုံးကို အလျင်စလိုထုတ်ပေးလိုက်ပါသော်ငြား စာအိတ်က သိပ်မထူလှပေ။

သတို့သမီးအရံက ထိုစာအိတ်ကို ချက်ချင်းဖြဲကြည့်လိုက်ပြီးနောက် ယဲ့ဝေ၏အမေကို တိုးတိုးလေးကပ်ပြောလိုက်သည်။

"အန်တီ..ကြည့်ရတာတော့ နှစ်ထောင်သုံးထောင်တည်းထင်တယ်"

"နှစ်ထောင်သုံးထောင်လား"

ဝမ်လိကျွမ်း၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားလေတော့သည်။ ကျူးရှောင်ယွီက အလွန်ကပ်စေးနည်းလှသည်။ ကားတံခါးဖွင့်ဖို့အတွက် နှစ်ထောင်သုံးထောင်တည်း ပေးသတဲ့လား။ ထိုသို့ဆိုလျှင် ဝင်ကြေးနှင့် ထွက်ခွာကြေးက ဘယ်လောက်ရနိုင်မည်နည်း။

"မဖြစ်ဘူး။ ငါတို့ သူ့ကို ဒီလောက်လွယ်လွယ်နဲ့ ထွက်ခွင့်ပေးလို့မရဘူး"

ဝမ်လိကျွမ်းက သူ(မ)ပတ်ပတ်လည်ရှိ ဆွေမျိုးများ၏ လှောင်ပြောင်ထေ့ငေါ့လေဟန် အမူအရာများကို မြင်လိုက်ရသည့်အလား ကားနားသို့ ဒေါသတကြီးလျှောက်သွားပြီး စာအိတ်နီကို အထဲသို့ ပြန်ပစ်ပေးလိုက်သည်။

"ကျူးရှောင်ယွီ.. ဒါက ဘာသဘောလဲ။ ဒီလောက်ငွေလေးနဲ့ မင်းက ငါတို့မိသားစုကို လာအရှက်ခွဲနေတာလား"

ကျူးရှောင်ယွီခမျာ ခါးသက်သက်ပြုံးလိုက်မိသည်။ သူ့မိသားစုတွင် ပိုက်ဆံများများစားစားမကျန်တော့ပေ။ ချေးလို့ရနိုင်သလောက် ချေးထားပြီးဖြစ်၏။ သူ့သူဌေးဆီကပင် ချေးငွေယူထားရသည်။

ယဲ့ဝေ၏အမေက လက်ထောင်ပြသည်။

"ငါပြောမယ်။ ဒီပမာဏမှမပါရင် ငါတို့အိမ်ထဲကိုဝင်ဖို့ မစဉ်းစားနဲ့"

"ငါးထောင်လား"

"ဘာကိုငါးထောင်လဲ။ ငါးသောင်းဟဲ့"

ဝမ်လိကျွမ်းက ကြေညာလိုက်သည်။

"မင်းမှာ အဲဒီလောက်မှမရှိရင် ဒီနေ့ ဝေဝေ့ကိုခေါ်သွားဖို့ မစဉ်းစားနဲ့။ မင်းဘာသာ ပိုက်ဆံချေးချေး၊ ခိုးခိုး၊ လုလု ငါ ဂရုမစိုက်ဘူး။ ငါးသောင်းမှမရရင် မင်း သူ့ကို လက်မထပ်ရဘူး"

"တီ တီ"

ထိုအချိန်မှာပင် ကားဟွန်းသံအတန်းလိုက်ကြီးကြောင့် ထိုနေရာရှိ လူအားလုံး တိတ်ကျသွားသည်။ လူတိုင်းက အသံလာရာကို ကြည့်လိုက်သောအခါ အပြာရောင် Rolls-Royceကားတစ်စီးက အိမ်ရာထဲသို့ မောင်းဝင်လာကြောင်း မြင်လိုက်ရ၏။

ထိုကားတွင် တောက်ပလှသော နှင်းဆီပန်းများဖြင့် အလှဆင်ထားသည်။ မင်္ဂလာကားပင်တည်း။

"ဟစ်"

ပတ်ပတ်လည်ရှိ လူများမှာ အားကျသောအကြည့်များဖြင့် ကြည့်နေကြသည်။ ကားမော်ဒယ်လ်ကိုတော့ သူတို့ မသိပေ။ သို့သော် Rolls-Royceကား၏ တံဆိပ်ကိုတော့ မသိသူမရှိပေ။

"အမလေး Rolls-Royceကားနဲ့ သတို့သမီးကို လာခေါ်တာဟေ့။ ဘယ်မိသားစုကပါလိမ့်"

*****************

All Chapters