← Chapters

ဒါက မစ္စတာကျူးရဲ့မင်္ဂလာယာဉ်ပါ

Vol. 38 Ch. 566

ဒါက မစ္စတာကျူးရဲ့မင်္ဂလာယာဉ်ပါ

Vol. 38 Ch. 566

"Rolls-Royceကားတစ်စီးက အနည်းဆုံးတော့ လေးငါးသန်းလောက်ပေးရမှာမလား"

"ကိုယ့်လူ.. Rolls-Royceကားတွေမှာ အဆင့်အမျိုးမျိုးရှိတယ်။ ဒါက Rolls-Royce Phantomနော်။ အခွန်အခအမျိုးမျိုးကို နှုတ်လိုက်ရင်တောင် ငါတို့နိုင်ငံထဲကိုဝင်လာတာနဲ့ သူ့ဈေးနှုန်းက သန်းနှစ်ဆယ်အောက်တော့ မလျော့ဘူး"

"အပြာရောင် Rolls-Royce Phantomဆိုတော့ ဖင်လျှောတံခါးနှစ်ပေါက်ကားများလား"

ကမ္ဘာကြီး၏ ချောင်ကြိုချောင်ကြားပင် ဖြစ်လင့်ကစား ကားကျွမ်းကျင်သူများကတော့ မပြတ်လပ်ချေ။

"ငါ့ကောင်.. မင်း ဒီကားကိုသိလား"

လူငယ်လေးတစ်ယောက်က စီးကရက်တစ်လိပ်ကို အဆောတလျင်ကမ်းပေးလာသည်။

"ဟားဟားဟား..ငါ အွန်လိုင်းမှာမြင်ဖူးတယ်။ ဒါက တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းပဲရှိတာ။ ဈေးနှုန်းကလည်း သန်း၁၇၀ရှိတယ်။ ဒါက မစ္စတာရိုဝမ်အာကင်ဆန်ပိုင်တာလို့ ထင်တာပဲ။ ဒါပေမဲ့ မစ္စတာရိုဝမ်က သိပ်မကြာခင်ကမှ ဒီကားကိုမောင်းနေသေးတာကို မြင်ထားတော့ ဒီကားက အစစ်ဟုတ်ပါ့မလားဆိုတာတော့ မသေချာဘူး"

"သေစမ်း။ တစ်စီးတည်းမဟုတ်ဘူးဟ"

အပြာရောင်Rolls-Royce Phantomရောက်လာပြီး သိပ်မကြာခင်မှာပင် အဖြူရောင်Phantomငါးစီးကပါ ကပ်ပါလာသည်။ တစ်စီးချင်းစီတိုင်းတွင် နှင်းဆီပန်းများကို အသည်းပုံသဏ္ဍာန်များ ပုံဖော်ထားပြီး 'ဇိမ်ခံကား'ဟူသော စကားလုံးကို အဆုံးစွန်အထိ ဖော်ကျူးနေလေတော့သည်။

"ဒီယာဉ်တန်းနဲ့သာ ငါ့ကိုလာခေါ်တာဆိုရင် ငါတော့ နေရာမှာတင် ငေါက်ခနဲသေသွားလိုက်ချင်တာပဲ"

ထိုနေရာရှိ မိန်းကလေးများမှာ ကြွေဆင်းကုန်ကြသည်။

"ငါတို့ရပ်ကွက်ထဲက တခြားမိန်းကလေးတစ်ယောက်ယောက် လက်ထပ်မယ်လို့လည်း မကြားမိပါဘူး"

ဝမ်လိကျွမ်းက ထိုမင်္ဂလာယာဉ်တန်းကို အားကျစွာကြည့်ပြီးနောက် စိတ်ပျက်ဖို့ကောင်းသော သူ(မ)၏သမီးဖြစ်သူအကြောင်း တွေးလိုက်မိသည်။

ယခုလိုလက်ထပ်နိုင်ခြင်းကလည်း အရည်အချင်းတစ်ခုပင်။ ဤကားများမှာ ငှားရမ်းထားသည်ဆိုလျှင်ပင် ဤသည်မှာ သူတို့လည်း တတ်နိုင်သည်ဟု ဖော်ပြနေချေသည်။ လက်ရှိဇိမ်ခံကားအငှားဈေးကွက်အရ ကားတစ်စီးငှားရမ်းရန်မှာ သိပ်မကုန်ကျပေ။ သို့သော် စရန်ငွေကတော့ ပေးရသည်။ Rolls-Royceကဲ့သို့သော ကားတစ်စီးအတွက် အနည်းဆုံးတော့ လုံခြုံရေးစရန်ငွေတစ်သိန်းလောက်တော့ ပေးရမည်မဟုတ်လား။

ဤကားများ၏ စရန်ငွေမှာ တစ်သန်းကျော်လောက်သည်။

ဒါက ငါ့ဆင်းရဲသားသမက်ထက်တော့ သာတယ်မဟုတ်လား။

"အန်တီ မြန်မြန်လာခဲ့။ ဒါကို လာကြည့်ဦး"

ဝမ်လိကျွမ်း၏တူတစ်ယောက်က အိမ်ရာဝင်း၏ဝင်ပေါက်နားမှ လှမ်းအော်ခေါ်လေသည်။

"ဘာဖြစ်တာလဲ။ ငါအလုပ်များနေတာ နင်မမြင်ဘူးလား"

ဝမ်လိကျွမ်းကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် လျှောက်သွားလိုက်သည်။ သို့သော် ထိုအခိုက်မှာပင် သူ(မ) ကြောင်အသွားရသည်။

ထိုမင်္ဂလာယာဉ်တန်းက Rolls-Roycesခြောက်စီးတည်းတင် မဟုတ်ပေ။ သူတို့ရပ်ကွက်ထဲရှိ အဓိကလမ်းမပေါ်တွင် Rolls-Roycesကားတန်းနှစ်တန်းကို ညီညီညာညာထိုးရပ်ထားသည်။

ဆယ်စီးလား။ အစီးနှစ်ဆယ်လား။ မကပေ။ ရပ်ကွက်ထဲရှိ ကားရပ်နားရာနေရာမှာ ထိုမျှအထိများပြားလှသော ကားများကို မဆံ့ပေ။ တချို့ဆိုလျှင် လမ်းအပြင်ဘက်ကိုပင် ရောက်နေရှာသည်။

အပြင်ထွက်ရန် ကြံလိုက်ကြသော ရပ်ကွက်ထဲရှိ ကားသမားများမှာ သူတို့ကားကို လာရာလမ်းအတိုင်း ပြန်လှည့်ကြရတော့သည်။

ကျန်တာကိုအသာထား။ ဤကားများကို ခြစ်ရာသေးသေးလေးတစ်ခု သို့မဟုတ် ချိုင့်ရာတစ်ခုမျှပင် လုပ်လိုက်မိပါက သူတို့ မွဲပြာကျသွားပေလိမ့်မည်။ မည်သူကများ မဆင်မခြင်မောင်းရဲမည်နည်း။

"၉၉စင်းတောင်နော်။ စုစုပေါင်း၉၉စီး"

"သောက်ကျိုးနည်း။ မင်္ဂလာယာဉ်တန်းက Rolls-Roycesကား၉၉စီးနဲ့တဲ့လား။ ဥရောပတော်ဝင်မိသားစုဝင်တစ်ယောက်တောင်မှ သူတို့မင်္ဂလာပွဲကို ဒီလောက်ခမ်းခမ်းနားနားဖြစ်အောင် မလုပ်နိုင်ဘူးလားလို့"

"သုန်းကျီမြို့မှာ Rolls-Roycesကားတစ်စီးတည်းပဲ ရှိတာမလား"

"အဲဒါတော့ ပြောနေစရာတောင်မလိုဘူး။ သုန်းကျီမြို့မှာရှိတဲ့ ဇိမ်ခံကားငှားရမ်းတဲ့ ကုမ္ပဏီတွေအကုန်လုံး ပေါင်းလိုက်ရင်တောင် Rolls-Royces၉၉စီးတော့ ရမှာမဟုတ်ဘူး။ ပြီးတော့ ရှေ့ဆုံးက Phantomsမော်ဒယ်လ်ကို ပိုက်ဆံရှိတိုင်း ငှားလို့မရဘူး။ သောက်ကျိုးနည်း ဘယ်သူလက်ထပ်မှာပါလိမ့်"

ဝမ်လိကျွမ်းခမျာ အံ့ဩဖို့ကောင်းလှသော မင်္ဂလာယာဉ်တန်းကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေချေသည်။ အတင်းအဖျင်းပြောရခြင်းကို ကြိုက်နှစ်သက်သော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်အနေနှင့် သူ(မ)သည် ဤရပ်ကွက်ထဲရှိ မိသားစုတိုင်း၏အကြောင်းကို အကုန်သိသည်။ ဤရပ်ကွက်ထဲရှိ ဘယ်မိန်းကလေးကများ မင်္ဂလာယာဉ်တန်းအတွက် ဤကားများဖြင့် ကြွားနိုင်မည်နည်း။

ဤကားများဖြင့်သာ လာခေါ်ခံရလျှင် သတို့သမီးဖြစ်သူမှာ ယခင်ဘဝတုန်းက ဂြိုလ်တစ်ခုလုံးကိုကယ်တင်ခဲ့သူပင် ဖြစ်ရမည်။

မင်္ဂလာယာဉ်တန်းကို မြင်သောအခါ ဝမ်လိကျွမ်း၏ဒေါသက ပို၍ပင် အရှိန်ပြင်းသွားလေသည်။ သူ(မ)၏ထော့ကျိုးသားမက်မောင်းလာသော မင်္ဂလာယာဉ်တန်းက ဤကားများ၏ ဘီးလုံးတစ်လုံးစာပင် မရှိပေ။

မင်္ဂလာပွဲများက ရက်မတူခဲ့ပါက သည်းခံနိုင်သေးသည်။ သို့သော် ယခုမူ မင်္ဂလာရက်ချင်းက ထပ်နေသောကြောင့် ကြီးမားလှသော ကွာခြားချက်ကြီးက သိသာသွားသည်။ ဤသည်မှာ အရှက်ဗြန်းဗြန်းကွဲရခြင်းပင်။ မည်သူကများ ဤအဖြစ်ကို သည်းခံနိုင်မည်နည်း။

ထိုအချိန်တွင် ကျူးရှောင်ယွီကတော့ ထိုမင်္ဂလာယာဉ်တန်းကို ဂရုစိုက်ချင်စိတ်မရှိပေ။ ငါးသောင်းတဲ့လား။ ထိုပမာဏကို သူက ဘယ်ကသွားရှာရမလဲ။

သူ့ယောက္ခမက ထိုပမာဏကို ပေါ့ပေါ့လေးပြောလိုက်ခြင်းမဟုတ်ပေ။ သူ(မ)အနေနှင့် ထိုပမာဏကို ထုတ်ပြောလိုက်ပြီဖြစ်ရာ ထိုပမာဏအတိုင်း အတိအကျလိုချင်သည်ဟူသော သဘောပင်။

ယခုမူ ဘေးနားတွင် အပုံကြီးကွာလှသော မင်္ဂလာယာဉ်တန်းကပါ ရောက်လာပြီဖြစ်ရာ သတ်မှတ်ထားသော ပမာဏကို လျှော့ချပေးတော့မည်မဟုတ်ပေ။ ဈေးနှုန်းကို မမြှင့်လျှင်ပင် အံ့ဩဖို့ကောင်းနေပြီဖြစ်၏။

"အမေ.. ကျွန်တော် ပိုက်ဆံကို နောက်မှကြံပေးပါ့မယ်။ အခုတော့ ကျွန်တော့်ကို အပေါ်တက်ပြီး ဝေဝေ့ကိုသွားခေါ်ခွင့်ပေးပါ။ လူတွေအများကြီးကလည်း ဝိုင်းကြည့်နေကြတယ်လေ။ ရှက်စရာကြီး"

ကျူးရှောင်ယွီက တောင်းပန်ခယလိုက်၏။

"မင်းက ရှက်ရကောင်းမှန်း သိသေးတယ်ပေါ့"

ဝမ်လိကျွမ်းက လှောင်ပြောင်သရော်လိုက်လေသည်။

"ငါ့သမီးက နင့်လို အသုံးမကျတဲ့ကောင်ကို သဘောကျမိတာ ကန်းနေလို့ပဲဖြစ်ရမယ်။ ငါးသောင်းလို့ ပြောထားပြီးပြီဆိုရင် တစ်ပြားမှလျှော့မပေးနိုင်ဘူး။ မဟုတ်လို့ကတော့ ဝေဝေ့ကို ခေါ်သွားဖို့ မစဉ်းစားနဲ့။ အခုတောင် တော်တော်ရှက်ဖို့ကောင်းနေပြီ။ ငါတို့ မျက်နှာပျက်ရမှာကို ကြောက်မနေဘူး"

"ဒါပေမဲ့..."

"ကလစ်"

ထိုအခိုက်ဝယ် Rolls-Royce Phantom၏ လျှောတံခါးက ပွင့်လာပြီးနောက် ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည့် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူတို့ထံသို့ လျှောက်လာချေသည်။

"ဒီမင်္ဂလာယာဉ်တန်းက လာခေါ်တဲ့ သတို့သမီးကလည်း ငါတို့အဆောက်အအုံမှာ နေတာများလား"

ထိုအခိုက်ဝယ် ဝမ်လိကျွမ်းမှာ သူ(မ)ခေါင်းကို မြေကြီးထဲသို့ ထည့်မြှုပ်ထားချင်စိတ်ပင် ပေါက်မိသည်။

ထိုအမျိုးသားကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ လူတိုင်းလည်း သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

သို့သော် သူတို့ ခေါင်းရှုပ်နေကြသည်။ ဤမင်္ဂလာယာဉ်တန်းက သတို့သမီးကို လာခေါ်သည်မဟုတ်ပါလော။ သို့ဖြစ်လေရာ လူတစ်ယောက်တည်း ဘာလို့ထွက်လာရသလဲ။ ထို့ပြင် ဤလူက သတို့သားလည်း ဟုတ်ပုံမရပေ။ ဘယ်သတို့သာကများ လက်အိတ်ဝတ်တတ်လို့လဲ။ သူ့ကိုကြည့်ရသည်မှာ ဒရိုင်ဘာနှင့်ပင် ပိုတူသေးသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးက အပေါ်ထပ်သို့ တက်မသွားပါဘဲ ကျူးရှောင်ယွီ၏ယာဉ်တန်းဘေးတွင် ရပ်ပြီးနောက် ရှေ့ဆုံးရှိ ကားတံခါးကို ခေါက်လိုက်သည်။

"မစ္စတာကျူးရှောင်ယွီက ဘယ်သူလဲမသိဘူး"

"ကျွန်..ကျွန်တော်ပါ"

ကျူးရှောင်ယွီက သူ့ရှေ့ရှိ အမျိုးသားကို မသိသဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ တစ်ခုခုသာ မှားမနေပါက Rolls-Roycesကားကို စီးနိုင်သည့်လူများနှင့် သူ မသိကျွမ်းခဲ့ဖူးပေ။

"မစ္စတာကျူး.. ခင်ဗျားရဲ့မင်္ဂလာယာဉ်တန်း ရောက်လာပါပြီ။ သတို့သမီးက ဘယ်တော့ဆင်းလာမှာလဲ"

"ဟင်"

ကျူးရှောင်ယွီသာမက ထိုနေရာရှိလူတိုင်းလည်း ကြက်သေသေသွားကြသည်။

ဤယာဉ်တန်းက ကျူးရှောင်ယွီ၏ယာဉ်တန်းဟု ဤလူက ဆိုနေချေသည်။

"တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျား တစ်ခုခုမှားနေတာများလား။ ဒါက.. ဒါကမှ ကျွန်တော့်မင်္ဂလာယာဉ်တန်းပါ"

ကျူးရှောင်ယွီလည်း ခပ်ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။

"ခင်ဗျား လူမှားတာဖြစ်မယ်။ ကျွန်တော်က ခင်ဗျားရှာနေတဲ့ ကျူးရှောင်ယွီမဟုတ်လောက်ဘူး"

"ခင်ဗျားနာမည်က ကျုးရှောင်ယွီလားဗျ"

ထိုလူကြီးက အတည်ပြုသည့်အနေနှင့် ထပ်မေးလာပြန်သည်။

"ဟုတ်ပါတယ်။ ကျွန်တော့်နာမည်က ကျူးရှောင်ယွီပါ"

"ဒါဆို မမှားပါဘူး"

"ရှင်ရှာနေတဲ့ ကျူးရှောင်ယွီက သူဆိုတာ သေချာလား"

ကျူးရှောင်ယွီ၏ရဲဘော်ဟောင်းများမှာ အံ့အားသင့်သွားချေသည်။ နာမည်တူနေခြင်းမျိုးလေလား။ သို့သော် ၎င်းမှာ မားစ်ဂြိုလ်နှင့် ကမ္ဘာဂြိုလ်တိုက်မိသည့်ဖြစ်စဉ်နှယ် ဖြစ်နိုင်ခြေ နည်းလွန်းလှသည်။

"ခင်ဗျားက မူကြိုအမှတ်၃၈မှာတက်ခဲ့ပြီး အမှတ်တစ်မူလတန်းကျောင်း၊ အမှတ်တစ်အလယ်တန်းကျောင်းနဲ့ သုန်းကျီဗဟိုအထက်တန်းကျောင်းကို တက်ခဲ့တာမလား"

"ခင်ဗျား ဘယ်လိုလုပ်သိတာလဲ"

"ဟုတ်ပါတယ်။ ခင်ဗျားဆိုတာ မှန်ပါတယ်"

ထိုလူကြီးက ဆိုလာလေသည်။

"မစ္စတာကျူး.. ဒီနေ့ ကျွန်တော်တို့က ခင်ဗျားရဲ့သတို့သမီးကို ခေါ်လာပေးဖို့ တာဝန်ယူထားရတာပါ။ ဒီယာဉ်တန်းက ခင်ဗျားအတွက် ပြင်ပေးထားတာပါ"

"ဝှစ်"

အကြိမ်ကြိမ်အခါခါအတည်ပြုပြီးနောက် ထိုနေရာရှိလူများမှာ ဤယာဉ်တန်းက ကျူးရှောင်ယွီ၏ယာဉ်တန်းဖြစ်ကြောင်း ယုံသွားကြသည်။

သို့သော် တစ်လကို သုံးထောင်လေးထောင်လောက်သာ ဝင်ငွေရှိသည့် သူက ဤယာဉ်တန်းကို ငှားရမ်းနိုင်မည်နည်း။

Rolls-Roycesကားအစီးတစ်ရာနီးပါးကို ငှားရမ်းထားသည်ဆိုလျှင်ပင် ဆယ်သန်းကျော်တော့ စရန်ငွေပေးရမည်သာ။ ငါးသောင်းတောင်မထုတ်နိုင်သည့် လူတစ်ယောက်က ထိုစရန်ငွေကို ပေးနိုင်မည်တဲ့လား။

ယဲ့ဝေ၏အမေဖြစ်သူ ဝမ်လိကျွမ်းခမျာ ကြောင်အသွားရလေသည်။

သူမတူသော ဇိမ်ခံကားယာဉ်တန်းကြီးကို သူ(မ)၏မသန်စွမ်းသားမက်ဖြစ်သူက စီစဉ်ထားသတဲ့လား။ ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

ကျူးရှောင်ယွီက ဤနှစ်များအတွင်း မိတ်ဆွေတချို့ဖွဲ့နိုင်ခဲ့ခြင်းလေလား။

သို့သော် ထိုအချက်ကလည်း မဖြစ်နိုင်ပေ။ သူလုပ်ငန်းခွင်တွင် လူချမ်းသာဘယ်နှယောက်လောက်များ ရှိနိုင်မည်နည်း။

အကယ်၍ သူ ဤနှစ်များအတွင်း လူချမ်းသာများနှင့် အဆက်အသွယ်ရှိခဲ့သည်ဆိုလျှင်ပင် နည်းနည်းနောနောတော့ မဖြစ်နိုင်ပေ။ သူဖမ်းမိခဲ့သော မူးယစ်ရာဇာများမှာ အနည်းဆုံးဆယ်သန်းတော့ တန်ကြေးရှိသည်။

သို့သော် ထိုလူများမှာ ထောင်ထဲမှာ ရှိလျှင်ရှိ မဟုတ်ပါက သူ့ကို အငြိုးထားနေကြသူများပင်။ သူတို့က သူ့အတွက် ဇိမ်ခံကားယာဉ်တန်းတစ်ခုကို ပို့ပေးရန် ပိုက်ဆံထုတ်သုံးရလောက်အောင် ရူးနှမ်းမည်တဲ့လား။

******************

All Chapters