← Chapters

သူ ဆေးစားမှားထားတာလား

Vol. 38 Ch. 567

သူ ဆေးစားမှားထားတာလား

Vol. 38 Ch. 567

"ဘာတွေဖြစ်နေတာလဲ"

ကျူးရှောင်ယွီ၏ခေါင်းကား ချာချာလည်နေလေပြီ။

သူ့ဘဝတွင် Rolls-Royceကဲ့သို့သော ဇိမ်ခံကားများနှင့် ပတ်သက်ဆက်နွှယ်မှုမရှိပေ။ သို့သော် ယခုမူ Rolls-Royce၉၉စီးက သူ့ရှေ့တွင် ညီညီညာညာရပ်ထားပြီး သူ့အား ထိတ်လန့်အောင်လုပ်နေလေသည်။

"ဆရာ..ခင်ဗျား လူမမှားတာ သေချာလား။ ကျွန်တော်က ဒီလိုယာဉ်တန်းမျိုးကို ဘယ်လိုလုပ်ငှားနိုင်မှာလဲ"

ကျူးရှောင်ယွီက သူ့နောက်ရှိ ကားများကို လက်ညှိုထိုးပြလိုက်သည်။

"ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ကျွန်တော်စီစဉ်ထားတဲ့ မင်္ဂလာယာဉ်တန်းက ကျွန်တော့်ရဲဘော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက စီစဉ်ပေးထားတာ။ ဒီလိုယာဉ်တန်းမျိုးကို ကျွန်တော် မငှားနိုင်ပါဘူး"

"မစ္စတာကျူး.. ဒီယာဉ်တန်းက ငှားထားတာမဟုတ်ပါဘူး။ ခင်ဗျားသူငယ်ချင်းတစ်ယောက်ရဲ့အပိုင်ပါ။ ဒီတော့ ခင်ဗျား ပိုက်ဆံပေးစရာမလိုပါဘူး"

ထိုလူက ရှင်းပြလေသည်။

"ကျွန်တော့်သူငယ်ချင်းလား"

ကျူးရှောင်ယွီမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။ သူ့တွင် သူငယ်ချင်းအများကြီးရှိသည်။ သို့သော် ဤမျှချမ်းသာသူတော့ တစ်ယောက်မှမရှိပေ။ ဤနှစ်များအတွင်း မူးယစ်ဆေးတိုက်ဖျက်ရေးဌာနတွင် သူ အလုပ်လုပ်နေစဉ် တစ်စုံတစ်ခုကိုများ လွတ်သွားသေးသလား။

"မစ္စတာကျူး..ခင်ဗျားသူငယ်ချင်းက ခဏနေရင် မင်္ဂလာခန်းမကို ရောက်လာမှာပါ။ ခင်ဗျား သတို့သမီးကို အရင်သွားကြိုသင့်တယ်။ ကျွန်တော်တို့ ခင်ဗျားအတွက် စီစဉ်ပေးထားတဲ့ မိတ်ကပ်ပညာရှင်နဲ့ အလှဖန်တီးရှင်က ဟိုတယ်မှာ ရောက်နေပါပြီ"

"အိုး..ကောင်းပါပြီ"

သူက တီးတိုးရေရွတ်လိုက်လေသည်။

"ဒါပေမဲ့..."

ကျူးရှောင်ယွီက သူ့ယောက္ခမလောင်းဝမ်လိကျွမ်းကို လှည့်ကြည့်လိုက်မိသည်။ ယနေ့ သူသာ ယွမ်ငါးသောင်းမပေးပါက ဤတံခါးမှ ထွက်ဖို့မကြိုးစားနှင့်ဟု သူ(မ)က ပြောထားသည်။ ဤအခက်အခဲကို သူ တကယ်မကျော်ဖြတ်နိုင်ချေ။

"အမေ ပိုက်ဆံကိစ္စကလေ..."

"ဒီယာဉ်တန်းက သူ့ဟာလား"

ဝမ်လိကျွမ်းလည်း ကြောင်အသွားရှာလေသည်။

ဤသည်မှာ အလွန်ချမ်းသာသော ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်၏ မင်္ဂလာယာဉ်တန်းဟု ထင်ထားခြင်းပင်။ သို့သော် ယခုမူ ကျူးရှောင်ယွီကို သတို့သမီးခေါ်ဆောင်ပေးရန်အတွက် ရောက်လာသော မင်္ဂလာယာဉ်တန်း ဖြစ်နေလေသည်။ ဤသည်မှာ အိပ်မက်နှင့်ပင် တူလှသည်။

"ပိုက်ဆံကိစ္စက ပြောနေစရာလား။ ခုနတုန်းက ငါကနောက်နေတာပါ။ မင်းက တကယ်ပြောတယ်လို့ ထင်နေတာလား။ ငါက ကိုယ့်သားမက်ကိုယ် နှင်ထုတ်ပါ့မလား"

ဝမ်လိကျွမ်း၏အသက်အရွယ်တွင် ဂုဏ်သိက္ခာကသာ အရာရာပင်မဟုတ်ပါလော။

သူ(မ) ကျူးရှောင်ယွီကို ဘာကြောင့်ငြင်းပယ်ခဲ့ရသလဲ။ ဤသည်မှာ သူက မသန်စွမ်းဖြစ်နေသောကြောင့် မဟုတ်ပါဘဲ ဆင်းရဲသောကြောင့်ပင်။

ကျူးရှောင်ယွီကသာ သန်းကြွယ်သူဌေးတစ်ယောက်ဆိုပါက သူ့ဘာသာ မသန်စွမ်းဖြစ်စေ၊ အဘိုးကြီးဖြစ်စေ၊ တစ်ခုလပ်ဖြစ်စေ၊ သို့မဟုတ် ကလေးအဖေဖြစ်နေပါစေ ကိစ္စမရှိချေ။ ဝမ်လိကျွမ်းအနေနှင့် သူ့အား ယခုလိုဆက်ဆံမည်မဟုတ်။

ယခုမူ ဘီလီယံပေါင်းများစွာ တန်ကြေးရှိသော မင်္ဂလာယာဉ်တန်းက သူ(မ)သမီးကို လာခေါ်နေပြီဖြစ်ရာ မည်သူကများ မကြွားချင်ဘဲ ရှိမည်နည်း။

ယခုကစပြီး တစ်ရပ်ကွက်လုံးရှိ လူတိုင်းက သူ(မ)၏သမီး လက်ထပ်စဉ်က Rolls-Royces၉၉စီးပါသော မင်္ဂလာယာဉ်တန်းဖြင့် လာခေါ်ခံရကြောင်း သိသွားလေပြီ။ ဤယာဉ်တန်းကြောင့် ရပ်ကွက်ထဲရှိ လမ်းများပင် ပိတ်ဆို့သွားခဲ့ရသည်အထိပင်။

ဆယ်နှစ်၊အနှစ်နှစ်ဆယ်ကြာလျှင်ပင် ဤဒဏ္ဍာရီကို နောက်မျိုးဆက်အထိ လက်ဆင့်ကမ်းသွားကြမည်သာ။ ဤသည်မှာ သူ(မ)၏ဝင့်ဝါလိုစိတ်ကို ဖြေဖျောက်ပေးခဲ့ရုံသာမက ဘိုးဘေးအစဉ်အဆက်ကိုပါ ဂုဏ်သရေတင့်တယ်စေခဲ့သည်။

ကျူးရှောင်ယွီကို မောင်းထုတ်ဖို့လား။ သူ(မ)က ထိုသို့လုပ်ရလောက်အောင်အထိ တုံးအမည်တဲ့လား။

ကျူးရှောင်ယွီက မသန်စွမ်းတစ်ယောက်ဖြစ်နေလျှင်ပင် သူ့တွင် ယခုလိုသူငယ်ချင်းမျိုးရှိနေပုံထောက်သော် သူတို့၏ခင်မင်မှုက အရေးပါပုံရသည်။ သူတို့ထံမှ နည်းနည်းလောက်အကူအညီရလိုက်သည်နှင့် လူတစ်ယောက်ကို ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးလိုက်သလို ဖြစ်နေမည်သာ။ ဤကဲ့သို့သော အဆက်အသွယ်များက မည်မျှအထိအရေးကြီးကြောင်း ဝမ်လိကျွမ်း ကောင်းကောင်းနားလည်သည်။

ဤအတွေးကြောင့် သူ(မ)လည်း အမူအရာကို ချက်ချင်းပြင်လိုက်သည်။

"ဘေးဖယ်ကြ။ ငါ့သားမက်က သတို့သမီးခေါ်ဖို့ရောက်လာတာကို ဘယ်သူက လာတားရဲတာလဲ"

ဝမ်လိကျွမ်းက ခါးထောက်၍ ရပ်လိုက်လေသည်။

"အားလုံးပဲ ဘေးဖယ်ကြပါ။ ဒီRolls-Roycesကားတွေက သန်းပေါင်းများစွာတန်တယ်ဆိုတာ မသိကြဘူးလား။ ဒါက ကျူးရှောင်ယွီက ယဲ့ဝေကိုကြိုဖို့အတွက် ယူလာတဲ့ မင်္ဂလာယာဉ်တန်းနော်။ ခြစ်မိသွားရင် ပြန်လျော်နိုင်လို့လား"

"ဓာတ်ပုံရိုက်ထား။ ဒီကားတွေကို အနီးကပ်ထည့်ရိုက်လိုက်"

ဝမ်လိကျွမ်းက ဗီဒီယိုရိုက်နေသူကို ပြောလိုက်လေသည်။ သူ(မ)သာ ဤမြင်ကွင်းကို မှတ်တမ်းမတင်ထားပါက တစ်သက်လုံးနောင်တရနေတော့မည်ဖြစ်၏။

ကျူးရှောင်ယွီမှာ ဝမ်လိကျွမ်း၏ သဘောထားပြောင်းလဲမှုကြောင့် အံ့အားသင့်သွားရသည်။ သူ့ယောက္ခမလောင်းနှင့် ပထမဆုံးအကြိမ် စတင်တွေ့ဆုံစဉ်ကတည်းက သူ(မ)သည် သူ့အား "သားမက်"ဟု ကြင်ကြင်နာနာခေါ်ဖူးခြင်းမရှိခဲ့ပေ။ မသိလျှင် သူတို့အား လက်ထပ်ပေးဖို့ မစောင့်နိုင်တော့သည့်အလားပင်။

"လမ်းရှင်းပေးပါ။ လမ်းရှင်းပေးပါ"

ဝမ်လိကျွမ်းက အော်လိုက်လေသည်။

"ငါတို့သားမက်လေးက ကားထဲကထွက်တော့မှာ။ သူက ဒဏ်ရာရထားလို့ လမ်းလျှောက်ရခက်ခဲနေတဲ့ ပထမတန်းအဆင့်စစ်သားတစ်ယောက်နော်။ နင်တို့ကြောင့် သူချော်လဲသွားရင် ငါနဲ့တွေ့မယ်"

ကျူးရှောင်ယွီလည်း သူ့ရဲဘော်များနှင့်အတူ တိုက်ခန်းဝင်ပေါက်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။ ရိုးရာအစဉ်အလာအတိုင်း သတို့သမီး၏မိသားစုဝင်များက တံခါးကို ပိတ်ထားရမည်ဖြစ်ပြီး အရက်များနှင့် စာအိတ်နီများကို တောင်းဆိုရမည်သာ။ တစ်ခုမှ လွဲချော်၍ မဖြစ်ပေ။

"ဘေးဖယ်ကြနော်။ သတို့သမီးလာခေါ်တဲ့ ငါ့သားမက်ကို ပိတ်မထားကြနဲ့"

ဝမ်လိကျွမ်းက စစ်သည်တစ်ယောက်အလား လမ်းရှင်းပေးနေလေသည်။

တကယ်တမ်းတွင် သူ(မ)ကိုယ်တိုင် ထိုလူများကို စီစဉ်ထားခြင်းဖြစ်၏။ လွန်ခဲ့သည့်နာရီဝက်တုန်းက ကျူးရှောင်ယွီကို လွယ်လွယ်နှင့် လွှတ်မပေးသင့်ကြောင်း သူ(မ)ကိုယ်တိုင် သူတို့အား ညွှန်ကြားထားခြင်းပင်။ အနည်းဆုံးတော့ သောင်းဂဏန်းလောက်ပါသည့် စာအိတ်နီတစ်လုံးတော့ ရသင့်သည်ဟုလည်း ဆိုထားသည်။

"ရှောင်ယွီ.. မင်းယောက္ခမက ကောလာဟလတွေထဲကလိုလည်း ကြောက်စရာမကောင်းပါဘူး"

ကျူးရှောင်ယွီ၏ရဲဘော်များက ဝမ်လိကျွမ်းကိုကြည့်ရင်း မှတ်ချက်ပေးလိုက်လေသည်။

သတို့သမီးဘက်က အခြားလူများက အသည်းအသန်လမ်းပိတ်ထားပြီး ဘာအခကြေးငွေမှမရဘဲ သတို့သားကို အထဲသို့ သွားခွင့်မပေးကြပေ။ မည်သို့ပင်ဖြစ်စေ သူ့ယောက္ခမကတော့ ကိုယ်တိုင်လမ်းရှင်းနေပြီး လမ်းတွင်ပိတ်ထားကြသူများကို အလွတ်မပေးချေ။ သူတို့ထဲက လူတချို့က သတို့သားအရံအဖြစ် တစ်ကြိမ်မက လုပ်ခဲ့ဖူးကြသည်။ ဤမျှအထိ လွယ်ကူခဲ့သည့်အဖြစ်မျိုး ဘယ်မှာရှိခဲ့ဖူးသလဲ။ သူတို့မှာ မင်္ဂလာပွဲတွင် သတို့သမီး၏ဆွေမျိုးများထံမှ ပြဿနာအရှာခံရဖို့ပင် ကြိုတင်ပြင်ဆင်လာခဲ့ကြသည်။

"ဟဲဟဲဟဲ"

သူ့သူငယ်ချင်းများ၏ မေးခွန်းများကြောင့် ကျူးရှောင်ယွီလည်း ကူကယ်ရာမဲ့စွာ ရယ်နေရုံသာ တတ်နိုင်သည်။ သူ့ယောက္ခမက သဘောကောင်းနေခြင်းမဟုတ်ပေ။ သူတို့သာ ဝမ်လိကျွမ်း၏သရုပ်မှန်ကိုမြင်ပါက ဤသို့မေးကြမည်မဟုတ်။

ဝမ်လိကျွမ်း၏သဘောထားကို ပြောင်းလဲသွားစေခဲ့သည်မှာ ထိုဇိမ်ခံကားတန်းကြီးဖြစ်ကြောင်း သိသာလှသည်။

Rolls-Royces၉၉စီးက သတို့သမီးကို လာခေါ်နေသည်ဖြစ်ရာ အခြားမည်သူကများ ယခုလိုခမ်းနားမှုမျိုးကို လုပ်ဆောင်နိုင်မည်နည်း။ သုန်းကျီမြို့ရှိ မီဒီယာသမားများလည်း ဤမြင်ကွင်းကို မှတ်တမ်းတင်ရန်အတွက် ယခုလောက်ဆိုလျှင် ယောက်ယက်ခတ်နေကြလောက်ပြီဖြစ်၏။ ခမ်းနားလိုက်သည့်မြင်ကွင်းပါပင်။

ဤယာဉ်တန်းသာမပါပါက ဝမ်လိကျွမ်းက သူ့ကို အောက်ထပ်တွင် ဝင်ကြေးငါးသောင်းတောင်းနေလိမ့်မည်ဖြစ်ကြောင်း ကျူးရှောင်ယွီ အတပ်သိသည်။

ယခုမူ သူ၏ ဘယ်သူငယ်ချင်းကများ ဤမျှအံ့ဩဖို့ကောင်းသော အရင်းအမြစ်မျိုး ပိုင်ဆိုင်ထားသလဲဆိုသည်ကို သူ ပိုသိချင်သွားရသည်။ ဤကားများကို ငှားရမ်းထားသည်ဆိုလျှင်ပင် စရန်ငွေသန်းပေါင်းများစွာ ပေးရမည်သာ။ ထို့ပြင် ဤယာဉ်တန်းမှာ ငှားရမ်းထားခြင်းမဟုတ်ဘဲ သူ့သူငယ်ချင်း၏ပိုင်ဆိုင်မှုများဖြစ်သည်ဟု ထိုလူက ပြောထားသည်။

မည်သူကများ Rolls-Royces၉၉စီးကို တစ်ခါတည်းဝယ်နိုင်မည်နည်း။ သူက Rolls-Roycesကားကုမ္ပဏီကိုများ ပိုင်သလား။ ကမ္ဘာ့အချမ်းသာဆုံးလူပင် ထိုမျှအထိ တတ်နိုင်မည်မဟုတ်ပေ။

သိပ်မကြာခင်မှာပင် မင်္ဂလာယာဉ်တန်းက တံခါးဝသို့ ရောက်လာခဲ့သည်။ သို့သော် တံခါးပေါက်ကို တင်းတင်းစေ့ထားပြီး အပြင်ဘက်တွင်မူ ငွေပေးချေရန်အတွက် QRကုတ်တစ်ခုကိုသာ ကပ်ထားလေသည်။

"ဗြိ"

ဝမ်လိကျွမ်းက ထိုကုတ်ကို ချက်ချင်းဖြဲပစ်လိုက်သည်။

"တံခါးဖွင့်စမ်း။ ငါ့သားမက်ကို တားရဲတဲ့လူ ငါနဲ့တွေ့မယ်။ အခုချက်ချင်း တံခါးဖွင့်"

သတို့သမီးအရံတစ်ယောက်က မဝံ့မရဲဖြင့် ခေါင်းပြူထွက်လာလေသည်။

"အန်တီ.. အန်တီပဲ တံခါးကိုပိတ်ထားခိုင်းတာမဟုတ်လား"

"ပေါက်ကရတွေ။ ငါက ဘယ်တုန်းကများ ပြောဖူးလို့လဲ"

ဝမ်လိကျွမ်းက ထိုစကားကို ငြင်းဆန်နေချိန်တွင် ရှက်ပင် မရှက်ချေ။

"မြန်မြန်လုပ်။ ငါ့သားမက်ကို အထဲဝင်ခိုင်းလိုက်။ အချိန်ကြာအောင်လုပ်လို့ကတော့ နောက်မှ ငါနဲ့တွေ့မယ်"

အခန်းထဲတွင် ရှိနေသော ယဲ့ဝေကမူ တစ်မနက်လုံး ကျူးရှောင်ယွီအတွက် စိတ်ပူနေခဲ့ရသည်။ သူ(မ)အမေ၏စရိုက်ကို အခြားလူများထက် ပိုသိသည်။ ဝမ်လိကျွမ်းက တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်သည်နှင့် မည်သူကမှ ထိုဆုံးဖြတ်ချက်ကို မပြောင်းနိုင်ပေ။ ယဲ့ဝေ၏အဖေပင် ဘာမှမပြောသာချေ။

ဝမ်လိကျွမ်းက ကျူးရှောင်ယွီကို ခက်ခဲအောင်လုပ်လာပါက သူ(မ)လည်း ခိုးရာလိုက်ပြေးမည်ဟုပင် စိတ်ဆုံးဖြတ်ထားပြီးဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူတို့တွင် ကလေးရှိနေပြီဖြစ်ရာ တွေဝေနေစရာလည်း မလိုပေ။

အပြင်ဘက်ရှိ ဝရုန်းသုန်းကားအသံများကို ကြားသောအခါ ယဲ့ဝေက အိပ်ရာထဲမှ ချက်ချင်းထထိုင်လိုက်၏။

"ကလစ်"

တံခါးကား တွန်းဖွင့်ခံလိုက်ရသည်။ တံခါးဝတွင်မူ ကျူးရှောင်ယွီက ပန်းစည်းတစ်စည်းကိုင်ထားရင်း ရပ်နေလေသည်။

ဘာတွေဖြစ်ကုန်တာလဲ?

သူ(မ)၏အမေနှင့် သတို့သမီးအရံများက ယွမ်ငါးသောင်းမှမရလျှင် ကျူးရှောင်ယွီကို အထဲသို့ဝင်ခိုင်းမည်မဟုတ်ကြောင်း ဤမနက်ကပင် သူ(မ) ကြားထားသည်။

ကျူးရှောင်ယွီ၏ ငွေရေးကြေးရေးအခြေအနေကို သူ(မ) ကောင်းကောင်သိသည်။ အိမ်တစ်လုံးဝယ်ယူခြင်းနှင့် မင်္ဂလာခန်းမပြင်ဆင်ခြင်းတို့လည်း ရှိထားလေရာ ယွမ်ငါးထောင်ပြင်ထားနိုင်လျှင်ပင် တော်လှလေပြီ။ ငါးသောင်းဆိုသည်မှာ များလွန်းလှသည်။ ထိုပမာဏအတွက်သာဆိုလျှင် သူ့ကျောက်ကပ်ကိုပင် ထုတ်ရောင်းရလောက်သည်။

ထိုအချိန်မှာပင် ထင်မထားသော ကိစ္စတစ်ခု ဖြစ်ပျက်သွားသည်။ ဝမ်လိကျွမ်းက ကျူးရှောင်ယွီကို ချစ်ခင်ကြင်နာစွာ ပခုံးဖက်လျက် နေကောင်းမကောင်း မေးမြန်းနေသည်။

"ရှောင်ယွီ.. ဒီမနက် စောစောထလာရတာလား။ ပင်ပန်းသွားပြီ"

"ပြီးတော့ သတို့သားအရံတွေအကုန်လုံးလည်း ပင်ပန်းသွားပြီ။ ဒီလက်ဆောင်တွေက မင်းတို့အတွက်ပါ။ အားမနာကြနဲ့"

ဝမ်လိကျွမ်း၏ ဤပုံစံကို သူ(မ)၏သမီးဖြစ်သူ ယဲ့ဝေကိုယ်တိုင်ပင် တစ်ခါမှမမြင်ဖူးပေ။

သူ(မ) ဘာဖြစ်သွားတာလဲ? ဒီနေ့ ဆေးစားမှားနေတာလား?

********************

All Chapters