ရတဲ့အချိန်လေးနဲ့ လုပ်ထားရတာပါ
Vol. 38 Ch. 568
"ငပျင်းမလေး မြန်မြန်ထတော့။ ရှောင်ယွီက နင့်ကိုလာခေါ်နေပြီ။ ငါတို့ အခုချက်ချင်းသွားမှဖြစ်မယ်"
ဝမ်လိကျွမ်းက ယဲ့ဝေကို လောဆော်ရင်း ညည်းတွားလိုက်သည်။
"မြန်မြန်လုပ်။ ရှောင်ယွီ့ကို စောင့်နေရအောင် မလုပ်နဲ့လေ။ သူ့Rolls-Royceက အောက်ထပ်မှာ ငါတို့ကို စောင့်နေတယ်"
"ဘာ?"
ယဲ့ဝေခမျာ ထိုစကားကြောင့် နားကြားမှားသွားသလားဟုပင် သံသယဖြစ်မိသည်။
ဘာတွေဖြစ်ကုန်တာလဲ။ Rolls-Royceတဲ့လား။ ကျူးရှောင်ယွီက ထိုကားများကို တတ်နိုင်မည်တဲ့လား။ သူ့အခြေအနေအရဆိုလျှင် သူနှင့်သူငယ်ချင်းများပေါင်းပြီး သင့်တင့်သောယာဉ်တန်းတစ်ခုကို လုပ်နိုင်လျှင်ပင် အထင်ကြီးဖို့ကောင်းနေလေပြီ။
ယဲ့ဝေ၏ဆွေမျိုးများမှာ ပို၍ပင် အံ့အားသင့်နေကြသည်။ ယဲ့ဝေက ခြေကျိုးနေသော လက်တွဲဖော်တစ်ယောက်ကို ရှာထားကြောင်းသိထားသဖြင့် သူတို့လည်း ယနေ့ မင်္ဂလာပွဲတက်မည်ဟု ပြောလိုက်သည်။ သို့သော် သူတို့၏ကြီးမြတ်မှုကို ကြွားဝါရန်သက်သက်သာ။
သို့တိုင် ကျူးရှောင်ယွီက Rolls-Royceကားများဖြင့် ရောက်လာကြောင်း ကြားလိုက်ရသောအခါ သူတို့၏မျက်နှာများမှာ ပျက်ယွင်းကုန်ကြလေသည်။
သူတို့ထဲရှိ အချမ်းသာဆုံးလူများကပင် ဘန်ထလေကားများကိုသာ ငှားရမ်းနိုင်ခဲ့ကြသည်။ ထိုကားမှာ Rolls-Royceကားနှင့်ယှဉ်လျှင် တစ်ဆင့်နိမ့်နေသေးသည်။
"လိကျွမ်း..နောက်နေတာမလား။ အခုလိုသိက္ခာဆည်စရာမလိုပါဘူး။ နင့်သားမက်က ရဲစခန်းမှာ စာရေးအဆင့်ပဲရှိတယ်ဆိုတာ လူတိုင်းသိတယ်။ နင် ကြွားချင်တယ်ဆိုရင်တောင် ယုံချင်စရာကောင်းအောင်ပြောမှပေါ့"
"ဟုတ်တယ်။ ငါတို့က မိသားစုဝင်တွေလေ။ နင့်ကိုမလှောင်ပါဘူး။ ဒီလိုလုပ်စရာမလိုတာကြီးကို"
"ငါကြွားနေတယ်လို့ ဘယ်သူကပြောလဲ"
ဝမ်လိကျွမ်းမှာ ဒေါသကြောင့် ရင်အစုံကို မို့မောက်ထားသည်။
"ငါ့ပါးစပ်က လိမ်လို့ရချင်ရမယ်။ ဒါပေမဲ့ နင်တို့မျက်လုံးတွေကတော့ မလိမ်ဘူးမလား။ ကားတွေကဖြင့် အောက်မှာရပ်ထားပြီးနေပြီ။ နင်တို့ကိုယ်တိုင် ကြည့်ကြည့်လိုက်"
"တကယ်လား"
ထိုဆွေမျိုးများမှာ သင်္ကာမကင်းဖြစ်နေဟန်ဖြင့် ပြတင်းပေါက်မှတစ်ဆင့် အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
ဤသည်မှာ မဖြစ်နိုင်ပေ။ တစ်ရပ်ကွက်လုံးတွင် ကားအတန်းလိုက်ကြီးက ပိတ်ထားလေသည်။ အဓိပ္ပာယ်မရှိဆုံးအပိုင်းမှာ ပုံမှန်ဆိုလျှင် တစ်စုံတစ်ယောက်က မင်္ဂလာပွဲအတွက် ဇိမ်ခံကားတစ်စီးကို ငှားရမ်းထားလျှင်ပင် ရှေ့ဆုံးကားကသာ ဇိမ်ခံကားဖြစ်ပြီး ကျန်ကားများကမူ အတန်အသင့်ကောင်းမွန်သောကားများ ဖြစ်နေတတ်သည်။
သို့သော် ဤယာဉ်တန်းတစ်ခုလုံးမှာ Rolls-Royceများချည်းသာ။ သူတို့က ဥစ္စာရူးသွားကြတာများလား။
"အပြာရောင်Rolls-Royce Phantomလား။ ငါ ဒါကို အွန်လိုင်းမှာမြင်ဖူးတယ်။ အဲဒီကားက သန်းတစ်ရာကျော်တန်တယ်။ အဲဒီကားက တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းပဲ ရှိတာမလား။ ငါတို့လိုအနုပ်စုပ်ကုပ်စုတ်နေရာမျိုးမှာ ဒီလိုကားမျိုး ဘယ်လိုလုပ်ပြီးရှိနေရတာလဲ"
"အဲဒီအဖြူရောင်Rolls-Roycesတွေကလည်း Phantomsမော်ဒယ်တွေပဲ။ တစ်စီးကို အနည်းဆုံး သန်းနှစ်ဆယ်သုံးဆယ်လောက် ပေးရတယ်"
"ဒီယာဉ်တန်းက ယဲ့ဝေကို လာခေါ်တာလား"
"မဖြစ်နိုင်တာ"
ဝဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ယောက်က ဆိုလာလေသည်။
"လိကျွမ်း.. ဒါက သူများရဲ့ယာဉ်တန်းမလား။ ငါတို့ရပ်ကွက်ထဲက တစ်ယောက်ယောက်ကို လာခေါ်တာပဲဖြစ်ရမယ်။ နင်လိမ်တာ တော်တော်များသွားပြီ"
"နင်တို့တွေလည်း ဒီနားမှာနေတာပဲ။ ငါတို့ရပ်ကွက်ဲက လူတွေအကြောင်းလည်း သိသားနဲ့။ ဒီနေ့ လက်ထပ်မဲ့လူတစ်ယောက် ထပ်ရှိသေးလို့လား"
ဤမေးခွန်းကြောင့် ဆွေမျိုးများမှာ ဆွံ့အသွားရလေသည်။
"ပြီးတော့ အောက်ထပ်မှာ သတို့သားကိုစောင့်နေကြတဲ့လူတွေလည်း အကုန်ကြားလိုက်တယ်။ နင်တို့ ငါ့ကိုမယုံရင် သူတို့ကိုသွားမေးကြလေ"
ဝမ်လိကျွမ်းက ခေါင်းကို မာန်ဝင့်ထည်စွာမော်ထားရင်း ဆို၏။
ယုံချင်ယုံ မယုံချင်နေ... ဒါက အမှန်တရားပဲ။
"အမေ တကယ်ပါဆိုမှ။ ကျွန်မကိုယ်တိုင်ကြားလိုက်တာ။ ကားမောင်းလာတဲ့ဒရိုင်ဘာက ဝေဝေ့ကိုလာခေါ်တာလို့ ပြောတယ်"
အောက်ထပ်တွင် တံခါးကို ပိတ်ရပ်နေသည့် မိန်းကလေးတစ်ယောက်က ထိုအမျိုးသမီးကြီးကို ပြောလိုက်သည်။
"ဘာ?"
ထိုအမျိုးသမီး၏အမူအရာကား ပြောင်းလဲသွားလေသည်။
သူတို့၏တုံ့ပြန်မှုကို မြင်သော် ဝမ်လိကျွမ်းမှာ ပို၍ပင်အားရကျေနပ်သွားသည်။
"နင်တို့တွေက ဒီမှာဘာရပ်လုပ်နေတာလဲ။ ငါ့သားမက်နဲ့ သူ့ရဲဘော်တွေက မနက်အစောကြီးထလာခဲ့ရတာ။ သူတို့ထိုင်ဖို့ ထိုင်ခုံတွေသွားသယ်ကြစမ်း"
ဤသတို့သားအရံများမှာ အထူးတပ်ဖွဲ့ထဲတွင် ကြီးပြင်းလာကြသူများပင်။ ကြမ်းတမ်းခက်ထန်လှသော ယောက္ခမမျိုးကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်။
သူတို့ခမျာ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်လာကြသည်။ အရက်သောက်ဖို့ပင်ဖြစ်စေ အိပ်ထမတင်လုပ်ဖို့ပင်ဖြစ်စေ အထူးတပ်ဖွဲ့က ထိုအရာများကို ကျွမ်းကျင်ပေသည်။
သို့သော် ထင်မှတ်မထားပါဘဲ အထဲဝင်ရန်အတွက် သူတို့ ဘာမှမလုပ်လိုက်ရပေ။ သတို့သမီးကိုခေါ်ဖို့လား။ မင်္ဂလာပွဲထုံးစံလား။ သတို့သားအရံများအတွက် ငရဲခန်းလား။ လုံးဝမရှိချေ။
"မဖြစ်ဘူး။ ငါတို့ သွားလို့မဖြစ်သေးဘူး။ သတို့သားက သတို့သမီးကို စေ့စပ်လက်စွပ် စွပ်မပေးရသေးဘူး"
သတို့သမီးဘက်က ဆွေမျိုးတစ်ယောက်က အော်ပြောလိုက်၏။
သုန်းကျီမြို့၏ ထုံးတမ်းစဉ်လာများအရ သူတို့ထံတွင် စေ့စပ်ပွဲအခမ်းအနားမရှိပေ။ သို့သော် မင်္ဂလာပွဲအတွက် လက်စွပ်ငါးကွင်းကို ပြင်ဆင်ထားရန် လိုအပ်သည်။ တစ်ကွင်းက လက်ထပ်ခွင့်တောင်းရန်ဖြစ်ပြီး စေ့စပ်လက်စွပ်က နှစ်ကွင်းဖြစ်ကာ မင်္ဂလာလက်စွပ်က နှစ်ကွင်းပင်။
တကယ်တမ်းတွင် မင်္ဂလာဆောင်မည့် လူတော်တော်များများက ငွေကြေးချွေတာရန်အတွက် စေ့စပ်လက်စွပ်ကို ပြင်မထားကြချေ။ ထိုလက်စွပ်ကို ကြာကြာဝတ်မည်မဟုတ်သောကြောင့် လိုအပ်သည်ဟုလည်း သဘောမထားကြပေ။
ကျူးရှောင်ယွီက လက်ထပ်ခွင့်တောင်းစဉ်က ရိုးရှင်းလှသော လက်လုပ်လက်စွပ်တစ်ကွင်းကို ပြင်ဆင်ခဲ့သည်။ ထိုလက်စွပ်မှာ သူတို့အတွက်တော့ တန်ဖိုးအကြီးဆုံးအရာပင်။
ကျူးရှောင်ယွီမှာ လက်ထပ်လက်စွပ်ကို ပြင်ဆင်ထားသော်ငြား ထိုလက်စွပ်များမှာ မင်္ဂလာပွဲအခမ်းအနားအတွက် ပြင်ဆင်ထားခြင်းဖြစ်သောကြောင့် ဟိုတယ်မှာသာ ထားရစ်ခဲ့သည်။ သူ့တွင် အခြားလက်စွပ်များမရှိပေ။ သူ့ငွေရေးကြေးရေးအခြေအနေကလည်း အပိုကုန်ကျစရိတ်များကို မတတ်နိုင်သေးပေ။
"စေ့စပ်လက်စွပ်"
ကျူးရှောင်ယွီနှင့် ယဲ့ဝေတို့က ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဝမ်လိကျွမ်းက ဝင်ပြောလာသည်။
"ငါတို့က ဘယ်ခေတ်မှာနေနေတာမို့လို့လဲ။ ဒီလိုရိုးရာအဟောင်းကြီးကို လုပ်နေစရာလိုလို့လား။ နင်တို့က ငါ့သားမက်ကို သက်သက်အခက်တွေ့အောင် လုပ်နေတာလို့ပဲ ထင်တယ်နော်"
"လိကျွမ်း.. နင် အဲဒီလိုပြောလို့တော့ မရဘူးလေ။ ဒီအစဉ်အလာတွေက ငါတို့ရဲ့ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာတွေ။ ပစ်ပယ်လို့မဖြစ်ဘူးလေ"
"ငါတို့ယောင်ယောင် လက်ထပ်တုန်းက ငါတို့သားမက်လေးက တစ်ကာရက်ရှိတဲ့ စိန်လက်စွပ်တစ်ကွင်း ပြင်ထားပေးတာ။ အဲဒါက ယွမ်တစ်သိန်းခွဲတန်တယ်"
"ဟုတ်ပါ့။ နင့်သားမက်က အရမ်းတော်တာဆိုတော့ စေ့စပ်လက်စွပ်ကလည်း မရှိမဖြစ်လိုတယ်လေ"
အစတုန်းကတော့ ကလေးများ၏ ပညာရေးလုပ်ဆောင်ချက်များကို နှိုင်းယှဉ်ကြသည်။ ယခုမူ ဘယ်သူ့မင်္ဂလာပွဲက ပိုကောင်းသလဲဆိုသည်ကို ပြိုင်ကြပြန်လေပြီ။ ဤယှဉ်ပြိုင်မှုများက မဆုံးနိုင်တော့ပေ။
ထိုRolls-Royceယာဉ်တန်းကတင် သူတို့ဝမ်မိသားစုကို ထင်းထွက်နေအောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် သူတို့ပြင်ဆင်ထားသော လှောင်ပြောင်စကားများကို မျိုသိပ်ထားလိုက်ရသည်။
ယခု အခွင့်အရေးရလာချိန်မျိုးမှာ သူတို့အနေနှင့် သိက္ခာပြန်ဆည်ရမည်မဟုတ်လော။
"အိုး.. ယောင်ယောင့်ယောကျ်ားက အဲဒီလောက်တောင်ချမ်းသာတာလား"
"အင်း။ ငါတို့သမီးက ကုမ္ပဏီသေးသေးလေးတစ်ခုက အရောင်းမန်နေဂျာနဲ့ လက်ထပ်ခဲ့တာလေ။ သူတို့ရဲ့လက်ထပ်လက်စွပ်က ခုနစ်သောင်းရှစ်သောင်းလောက်ရှိတယ်"
ဆွေမျိုးများက အပြိုင်ကြွားနေကြလေရာ ရိုးရိုးကုပ်ကုပ်နေပြခြင်းလား၊ ကြွားဝါခြင်းလားဆိုသည်ကိုပင် မခွဲနိုင်ပေ။ လူအများစုအတွက်တော့ သုံးသောင်းငါးသောင်းတန် စိန်လက်စွပ်တစ်ကွင်းကတင် အလွန်ကောင်းနေလေပြီ။
ရုတ်ခြည်းပင် ဝမ်လိကျွမ်း၏မျက်နှာကား ပျက်ယွင်းသွားရလေသည်။ ကျူးရှောင်ယွီ၏ ဇိမ်ခံကားတန်းကြီးက အတင်းအဖျင်းကြိုက်ကြသော ဤအမျိုးသမီးများ၏ပါးစပ်ကို ပိတ်နိုင်ဟန်မတူပေ။
"ကျွန်တော်..."
ကျူးရှောင်ယွီနှင့် ယဲ့ဝေတို့လည်း ဘာလုပ်ရမှန်းမသိတော့သဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
ယဲ့ဝေက ဤအရာများကို ဂရုမစိုက်ကြောင်း ကျူးရှောင်ယွီ သိသည်။ သို့သော် နောက်နောင်တွင် မိသားစုတွေ့ဆုံပွဲများလည်း ရှိလာဦးမည်ဖြစ်ရာ ဤသည်မှာ သူ(မ)အတွက် အခက်အခဲတစ်ခုဖြစ်လာနိုင်သည်။
"တောင်းပန်ပါတယ် မစ္စတာကျူး.. ခုနတုန်းက ကျွန်တော် ခင်ဗျားကိုပေးဖို့ မေ့နေတာလေးတစ်ခုရှိတယ်"
ထိုအချိန်မှာပင် ရှေ့ဆုံးကားကိုမောင်းလာသည့် သက်လတ်ပိုင်းအရွယ် ဒရိုင်ဘာကြီးက အခန်းထဲသို့လျှောက်လာပြီး ကျူးရှောင်ယွီကို ဘူးတစ်ဘူးပေးလိုက်သည်။
"ဒါက..."
"ဒါက ကျွန်တော်တို့ဘော့စ် ပြင်ပေးထားတဲ့ လက်စွပ်ပါ"
ထိုဒရိုင်ဘာကြီးက ဆို၏။
"ဒါပေမဲ့ အချိန်သိပ်မရလို့ အလောတကြီးပြင်လိုက်ရတာမို့ အခုလောလောဆယ်တော့ ဒီလက်စွပ်နဲ့ပဲ လုပ်လိုက်ပါလို့ ဘော့စ်က ပြောလိုက်တယ်"
ကျူးရှောင်ယွီမှာ ထိုဘူးကို လက်ခံလိုက်သည်။ လူတိုင်းကလည်း ဘာလက်စွပ်လဲဆိုတာကိုသိရဖို့အတွက် ဝိုင်းအုံလာကြသည်။
ထိုဘူးကို ဖွင့်လိုက်သည်နှင့် မျက်စိကျိန်းဖွယ်ကောင်းသော အပြာရောင်ကြော်င့ လူတိုင်း၏မျက်လုံးအိမ်များ အဆပေါင်းများစွာ သေးကျုံ့သွားလေသည်။
ဤသည်မှာ ဧရာမအပြာရောင်စိန်လက်စွပ်ကြီးပင်။ ဤနေရာရှိ မည်သူကမှ ထိုမျှကြီးသော စိန်ပွင့်ကြီးကို မမြင်ဖူးကြပေ။ ဤအရွယ်အစား၏ ဆယ်ပုံတစ်ပုံကိုပင် မြင်ဖူးသူမရှိပေ။
ထိုဘူးကိုကိုင်ထားသည့် ကျူးရှောင်ယွီ၏လက်မှာ ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ယင်လာသည်။ ဤသည်မှာ အလောတကြီးပြင်ဆင်ထားရသည့် လက်စွပ်တဲ့လား။ အဆင်ပြေရုံလောက်ပဲတဲ့လား။ မည်သူကများ ထိုကဲ့သို့သော စကားမျိုးကို ပြောနိုင်လေသလဲ။
"ဒါက မိုဆာနိုက်မလား"
လူအုပ်ထဲမှ အလန့်တကြားရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။
"ပုံစံက အတူတူတွေချည်းပဲဆိုတော့ ငါတို့တွေကလည်း ကျွမ်းကျင်သူတွေမဟုတ်ဘူး။ ဒါက အတုလား အစစ်လားဆိုတာ ဘယ်လိုလုပ်သိမှာလဲ"
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားက ထိုမှတ်ချက်ကို မကြားချင်ယောင်ဆောင်လိုက်သည်။
"မစ္စတာကျူး.. ဒီစိန်ကို ဟယ်ရီဝင်စတန်အပြာရောင်စိန်လို့ ခေါ်ပါတယ်။ အလေးချိန်က ၁၃.၂၂ကာရက်ရှိပါတယ်။ ၂၀၁၄တုန်းက ဒါကို ခရစ်စတင်းလေလံပွဲမှာ အမေရိကန်ဒေါ်လာ၂၃.၄သန်းနဲ့ လေလံဆွဲခဲ့တာပါ။ ကျွန်တော်တို့ဘော့စ်က ဒီစိန်လက်စွပ်ကို ဟယ်ရီဝင်စတန်လေလံပွဲရဲ့ခေါင်းဆောင်ဆီက ဒီမနက်ကပဲ ဝယ်ထားတာပါ"
"အမေရိကန်ဒေါ်လာ၂၃သန်းတဲ့လား"
"သောက်ကျိုးနည်း"
"ဒါက ဘယ်လိုသူငယ်ချင်းမျိုးပါလိမ့်။ သူ့မှာ သူငယ်ချင်းများ ထပ်လိုနေသေးလားမသိဘူး"
"ဘုရားရေ.. ဒီလောက်ကြီးတဲ့စိန်ပွင့်ကြီးနဲ့ဆိုရင် ဒါကိုဝတ်တဲ့အခါ ဘော်ဒီဂတ်ဆယ်ယောက်လောက် လိုလိမ့်မယ်ထင်တယ်"
"ငါ့ကို ဒေါ်လာ၂၃သန်းတန်စိန်လက်စွပ်တစ်ကွင်း ဘယ်သူကပေးချင်လဲ။ အဲဒီလောက်ဆိုရင် အဆင်ပြေပါပြီ"
"အိုး ဟုတ်သားပဲ။ ဒါက ပြေစာပါ"
သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက စာတမ်းတစ်စောင်နိးနီးထူလှသော ပြေစာကိုထုတ်လိုက်လေရာ သံသယဖြစ်နေကြသူများမှာ ပါးစပ်ပိတ်ကုန်ကြသည်။
ဒေါ်လာ၂၃သန်းတန် စိန်လက်စွပ်တစ်ကွင်းတဲ့လား။
စိန်သေးသေးလေးများအဖို့ သူတို့ကိုယ်သူတို့ စိန်ဟု ခေါ်ထိုက်သေးရဲ့လား။
*****************