← Chapters

မင်္ဂလာကားငှားနေစရာလိုလို့လား

Vol. 38 Ch. 569

မင်္ဂလာကားငှားနေစရာလိုလို့လား

Vol. 38 Ch. 569

ထိုမြင်ကွင်းမှာ ထူးဆန်းလှသော အဖြစ်အပျက်တစ်ခုကြောင့် အချိန်များ ရပ်တန့်သွားသလိုပင်။ ထိုနေရာရှိ အမျိုးသမီးများအားလုံး သူတို့ရှေ့ရှိ စိန်ပွင့်ကြီးထံမှ အကြည့်မလွှဲနိုင်ကြပေ။

သန်းနှစ်ဆယ်ကျော်တန်သော စိန်လက်စွပ်တစ်ကွင်းမှာ တစ်ချက်ကြည့်ရုံမျှဖြင့် ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့တွင် တစ်နှစ်လောက်ထိုင်ကြွားနေဖို့ လုံလောက်ပေသည်။

"ရှောင်ယွီ.. ဘာတွေငူငူငိုင်ငိုင်လုပ်နေတာလဲ။ ဝေဝေ့ကို လက်စွပ်မြန်မြန်စွပ်ပေးလိုက်လေ"

ထိုအခိုက်ဝယ် ဝမ်လိကျွမ်းက အစိုးရိမ်ဆုံးပင်။ သူ(မ)၏သမီးက သန်းနှစ်ဆယ်ကျော်တန်သော စိန်လက်စွပ်ကို ဝတ်ဆင်ရပေတော့မည်။ ယခု မည်သူကများ သူ(မ)ရှေ့မှာ သူတို့သမီးများ၏ မင်္ဂလာပွဲက ပိုသာကြောင်း လာကြွားရဲဦးမည်နည်း။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးများကြားတွင် ဤသည်မှာ အရှက်ဗြန်းဗြန်းကွဲအောင် တိုက်ခိုက်နိုင်ခဲ့ခြင်းပင်။ သူတို့ ပြိုင်ဘက်ကင်းအောင် အနိုင်ရခဲ့လေပြီ။

"ဒါက တကယ်ပဲ ကျွန်တော့်အတွက်လား"

ကျူးရှောင်ယွီခမျာ အတန်ငယ်တွေဝေတုံ့ဆိုင်းနေလေသည်။

"ဟုတ်ပါတယ် မစ္စတာကျူး.. ဒါက ကျွန်တော်တို့သူဌေးရဲ့ ဒုတိယမြောက်မင်္ဂလာလက်ဖွဲ့ပါ"

"ဒုတိယမြောက်လား"

မင်္ဂလာယာဉ်တန်းက ပထမမြောက်လက်ဖွဲ့ဖြစ်ပြီး စိန်လက်စွပ်က ဒုတိယမြောက်လက်ဖွဲ့ဆိုလျှင် တတိယနှင် စတုတ္ထမြောက်များလည်း ရှိလာဦးမလား။

သူ့မှာ အကောင်းအတိုင်းရှိသည့် ခြေထောက်တစ်ဖက်ကို ဆွဲဆိတ်လိုက်မိလေရာ ပြင်းထန်လှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ အိပ်မက်မက်နေခြင်းမဟုတ်ပေ။ ကမ္ဘာပေါ်ရှိ ဘယ်လိုအိပ်စက်ခြင်းမျိုးနှင့်မှ ယခုလိုအိပ်မက်မျိုးကို မက်နိုင်မည်မဟုတ်ပေ။

"ကျူးရှောင်ယွီ.. မင်း မြန်မြန်လုပ်လို့မရဘူးလား။ ဒီလိုဆက်လုပ်နေရင် အပြင်ထွက်ဖို့လောနေတဲ့ အိမ်နီးချင်းတွေက ကားတွေကို ပိတ်ကုန်လိမ့်မယ်"

သတို့သားအရံတစ်ယောက်က သတိပေးလိုက်သည်။

ကျူးရှောင်ယွီလည်း သတိပြန်ဝင်လာပြီးနောက် ထိုလက်စွပ်ဘူးကို ယဲ့ဝေထံသို့ ပေးလိုက်၏။

"ဝေဝေ.. မင်း ကိုယ်နဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒရှိလား"

"ဆန္ဒရှိပါတယ်"

ယဲ့ဝေကတော့ လိုက်လိုသည်သာ။ စိန်လက်စွပ်မပါလျှင်ပင် ကျူးရှောင်ယွီတွင် ဘာမှမရှိသည့်တိုင် သူ(မ)ကတော့ သူ့နောက်သို့ လိုက်ချင်သည်သာ။

ကျူးရှောင်ယွီလည်း ပြုံးလျက် ယဲ့ဝေ၏လက်ချောင်းထက်တွင် ထိုလက်စွပ်ကို စွပ်ပေးလိုက်သည်။ ကြီးမားလှသော စိန်ပွင့်ကြီးက ဖိတ်ဖိတ်တောက်နေသော နေရောင်အောက်ဝယ် တလက်လက်တောက်ပနေချေသည်။

"ကျစ် ကျစ် ကျစ် အားကျလွန်းလို့ သေတော့မယ်"

"ဘူးဟူးဟူး.. ဒီစိန်လက်စွပ်အကြီးကြီးနဲ့ဆိုရင် ယဲ့ဝေက အရင်ဘဝတုန်းက ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်တောင်များ စုဆောင်းထားခဲ့လို့လဲ။ တစ်သက်လုံးစာစုရင်တာင် လောက်မယ်မထင်ဘူးနော်"

"မြန်မြန်လုပ်။ ဓာတ်ပုံရိုက်ထားလိုက်။ အနီးကပ်ရိုက်နော်"

ဝမ်လိကျွမ်းက ကင်မရာမန်းကို ခေါ်လိုက်လေသည်။ မသိလျှင် နောက်တစ်စက္ကန့်အကြာတွင် ထိုလက်စွပ်ကို ယဲ့ဝေမပိုင်တော့မည့်အလားပင်။ ထိုကားတန်းနှင့် ဤလက်စွပ်ကို ဓာတ်ပုံမှန်ဘောင်ကွပ်ပြီး အိမ်ထဲရှိ အမြင်သာဆုံးနေရာတွင် ချိတ်ထားရမည်။

"ဟုတ်သားပဲ။ အစစ်ဖြစ်ကြောင်း အသိအမှတ်ပြုလွှာကိုပါ ဓာတ်ပုံရိုက်ထားရမယ်။ မဟုတ်ရင် ဝေဝေဝတ်ထားတဲ့လက်စွပ်ကို အတုကြီးလို့ လူတွေက ထင်နေကြမှာ"

ဝမ်လိကျွမ်းက သူ့ဝမ်းကွဲများကို ခနဲ့ဖို့လည်း မမေ့ပေ။

"သွားကြစို့"

ကျူးရှောင်ယွီက ယဲ့ဝေကို ပွေ့ချီလိုက်သည်။ ခြေထောက်တစ်ဖက်ဆုံးရှုံးထားသော်ငြား သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကတော့ ကောင်းမွန်နေဆဲသာ။ ယဲ့ဝေ၏မင်္ဂလာဝတ်စုံက ပေါင်အနည်းငယ်ခန့်သာ လေးသောကြောင့် စုစုပေါင်းပေါင်တစ်ရာ့ခုနစ်ဆယ်ကျော်ကျော်လောက်က ပြဿနာမရှိချေ။

"လမ်းဖယ်ပေးကြဦး အားလုံးပဲ..လမ်းဖယ်ပေးကြ"

ဝမ်လိကျွမ်းက အရှေ့က ဦးဆောင်ပြန်လေသည်။

"ငါ့သားမက်က ခက်ခက်ခဲခဲလမ်းလျှောက်ရရှာတာ။ သူကို ဝင်တိုက်မိလို့ကတော့ ငါ အလွတ်မပေးဘူးနော်"

ဝမ်လိကျွမ်းက သူ့ကို သားမက်ဟု ဆက်တိုက်ခေါ်နေပုံမှာ ကျူးရှောင်ယွီက သူ့သားမက်ဖြစ်ကြောင်း အခြားလူများ မသိမှာစိုးနေသည့်အလားပင်။

"ဟုတ်သားပဲ။ မစ္စတာကျူး.. ကျွန်တော်တို့ဘော့စ်က မင်္ဂလာပွဲကို အလျင်စလိုပြင်ဆင်လိုက်ရတဲ့အတွက် ခင်ဗျား ဓလေ့ထုံးတမ်းတချို့ကို မေ့သွားမှာစိုးနေတာ။ ဒါက ခင်ဗျားရဲ့ဆွေမျိုးတွေအတွက် တွေ့ဆုံခြင်းလက်ဆောင်ပါ"

ထိုအမျိုးသားကြီးက နောက်ထပ်ဘူးတစ်ဘူးကိုထုတ်လိုက်၏။

"ဒါက ပိုက်ဆံတော့မဟုတ်ဘူးမလား"

တစ်စုံတစ်ယောက်က လှမ်းချောင်းလိုက်သည်။

ဘူးကိုဖွင့်ကြည့်လိုက်သောအခါ အထဲတွင် စာအိတ်နီများ ရှိနေလေသည်။ သို့သော် ထိုစာအိတ်များမှာ သိပ်မထူပေ။ အပြင်ကကြည့်ရသလောက်တော့ တစ်ရာလောက်သာ ပါမည်ထင်၏။

အမှန်အတိုင်းပြောရလျှင် ဤအခြေအနေအရ ယွမ်တစ်ရာပါသော စာအိတ်နီကပင် နည်းလှသော ပမာဏမဟုတ်ပေ။ သို့သော် ကားတန်းကြီးနှင့် စိန်လက်စွပ်တို့ဖြင့် ယှဉ်လိုက်ပါက ယွမ်တစ်ရာတန်စာအိတ်က ဤလူများကို စိတ်ကျေနပ်အောင်လုပ်ဖို့ ခက်လှသည်။

"မစ္စတာကျူး… ခင်ဗျားကိုယ်တိုင် ဒီစာအိတ်နီတွေကိုဝေလိုက်ပါလို့ ဘော့စ်က ပြောလိုက်တယ်"

ကျူးရှောင်ယွီလည်း တုံ့ခနဲရပ်တန့်သွားပြီးနောက် ထိုစာအိတ်နီအထပ်လိုက်ကို ထုတ်ယူလိုက်သည်။

"အမေ ဒီစာအိတ်နီတွေကို ဆွေမျိုးတွေကို ဝေပေးပါဦး"

"ကောင်းပြီ။ ကောင်းပြီ"

ဝမ်လိကျွမ်းက ထိုစာအိတ်များကို အယောက်ငါးဆယ်ခြောက်ဆယ်လောက်အား ခပ်မြန်မြန်ဝေပေးလိုက်သည်။

"ငါပြောမယ်။ လိကျွမ်း.. နင့်ရှောင်ယွီက တော်တော်ချမ်းသာတာပဲ။ ဒီလိုသူငယ်ချင်းမျိုးရဲ့ ထောက်ပံ့မှုမျိုးနဲ့သာဆိုရင် ယွမ်တစ်ရာတန်စာအိတ်လေးလောက်နဲ့တော့ မဖြစ်သေးဘူးနော်"

ဆွေမျိုးတချို့က စကားစလာပြန်သည်။

"ဟင် ဒါကဘာလဲ"

လူတိုင်း ထင်မှတ်မထားသည်မှာ စာအိတ်ထဲတွင် ပိုက်ဆံများ ရှိနေခြင်းမဟုတ်ဘဲ စာရွက်တစ်ပိုင်း ရှိနေခြင်းပင်။

ထိုစာရွက်ပေါ်တွင် ဂဏန်းတွဲအများကြီးပါရှိလေသည်။

"ဒါကဘာလဲ။ ပိုက်ဆံအများကြီးရှိနေလိမ့်မယ်လို့ထင်နေတာ။ ဒါပေမဲ့ သူတို့က ငါတို့ကို စက္ကူတစ်ပိုင်းနဲ့ အရူးလုပ်နေတာပဲ"

အမျိုးသမီးကြီးတစ်ယောက် ထိုစက္ကူကိုလုံးခြေ၍ သတို့သမီး အပြင်ထွက်သည့်အခါ မကောင်းသောအရာများကို ပါမသွားစေရန် ကျော်ဖြတ်ရမည့် မီးခွက်ထဲသို့ ပစ်ထည့်လိုက်သည်။

"ဒါက ဝက်ဆိုက်လိပ်စာတစ်ခုနဲ့တူတယ်"

လူငယ်လေးတစ်ယောက်က ထိုဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုကို စိတ်ဝင်တစားဖွင့်ကြည့်လိုက်လေရာ ပလက်ဖောင်းတစ်ခုကို ရောက်သွားလေသည်။

"ယိပင်ကွန်ယက်လား။ ငွေကြေးဝက်ဘ်ဆိုက်တဲ့လား"

"ဒါက အကောင့်များလား"

သူက ထိုအကောင့်နှင့် လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်သည်။ ဂဏန်းအတွဲလိုက်ကြီးကတော့ နှစ်ဆင့်ခံကုတ်နံပါတ်ပင်။ အမှန်ပင်။ အကောင့်ထဲသို့ ဝင်သွားခဲ့သည်။

"ကွိုင်တစ်ပြားရှိတယ်လား

သူက ထိုအကောင့်ကို နှိပ်ကြည့်လိုက်လေရာ ထိုအထဲတွင် " Bitcoin : ၁"ဟု ပြနေလေသည်။

" Bitcoinလား။ ဒီအကောင့်ထဲမှာ Bitcoinတစ်ခုပါတာလား"

ထိုလူငယ်လေးခမျာ စိတ်လှုပ်ရှားရလွန်းသောကြောင့် လက်များပင် တုန်နေချေသည်။ ဤ Bitcoinတစ်ခုက စာအိတ်နီဘယ်နှလုံးစာလောက် တန်သလဲဆိုသည်ကို သူမသိပေ။ ဤသည်မှာ မင်္ဂလာပွဲတစ်ခုကိုပင် ကျင်းပပေးနိုင်လောက်သော ပမာဏပင်။

"ဘာ? Bitcoinအကောင့်လား"

ထိုနေရာရှိ လူငယ်များမှာ စိတ်လှုပ်ရှားမှုကြောင့် ပွက်ပွက်ဆူသွားကြသည်။ ယနေ့ခေတ်တွင် Bitcoinအကြောင်း မသိသူရှိသေးလို့လား။ ဤအရာမှာ တစ်ခုကို အမေရိကန်ဒေါ်လာငါးသောင်းကျော်အထိ တန်ဖိုးမြင့်တက်လာပြီဖြစ်၏။ ဤပမာဏမှာ ဟွာရှားယွမ်ငွေသုံးသိန်းကျော်ဟု အဓိပ္ပာယ်ရသည်။

"Bitcoinလား။ အဲဒါကဘာလဲ"

အစောတုန်းက စကားဝင်ပြောလိုက်သည့် အမျိုးသမီးကြီးက စိတ်ဝင်တစားမေးလိုက်လေသည်။

"အဲဒါက စူပါမားကတ်တိုကင်လိုဟာမျိုးမလား။ ဘယ်လောက်တန်မှာမို့လို့လဲ"

"အမေ! Bitcoinဆိုတာ ငွေကြေတုတစ်မျိုးပဲ။ အဲဒါကို လက်ရှိဈေးကွက်ထဲမှာ ဟွာရှားယွမ်ငွေသုံးသိန်းကျော်နဲ့ ရောင်းနေကြတာ"

"ဘာ? သုံးသိန်းကျော်လား။ သေချာလား"

ထိုအမျိုးသမီးကြီးမှာ ပျာယာခတ်သွားလေသည်။ သူ(မ)မှာ မီးခွက်ထဲသို့ ပစ်ချလိုက်သည့် စာရွက်ကို အပြေးသွားရှာလေတော့သည်။

သို့သော် ယခုမှတော့ ထိုစာရွက်ကို ဘယ်လိုလုပ်ရှာတွေ့တော့မည်နည်း။ ပြာဖြစ်သွားပြီသာ။

"သေစမ်း။ ငါ့တစ်သက် စာအိတ်နီနဲ့ Bitcoinတွေလိုက်ဝေတဲ့လူမျိုး တစ်ခါမှမမြင်ဖူးသေးဘူး"

"အဲဒီစာအိတ်က အစောင်လေးဆယ်ငါးဆယ်လောက် ရှိတယ်မလား။ Bitcoinလေးဆယ်ငါးဆယ်ဆိုရင် ဆယ်သန်းကျော်သွားပြီ"

"အဲဒီဘူးထဲမှာ စာအိတ်နီအစောင်နှစ်ရာလောက်တော့ ပါတယ်မလား။ ဒါဆို ဘယ်လောက်တန်လဲ။ တစ်ဘီလီယံလား။ အမလေးလေး"

ဝမ်လိကျွမ်းခမျာ ကြက်သေသေသွားရသည်။ သူ(မ)သားမက်က ဘယ်လိုလူတွေနဲ့ အချိတ်အဆက်ရှိနေတာပါလိမ့်။

ပြီးတော့ ခုနတုန်းက သူ(မ) ဘာလုပ်လိုက်မိတာလဲ။ ဆယ်သန်းကျော်သည့် ထိုစာအိတ်နီများကို သည်အတိုင်းဝေပေးလိုက်မိလေသလား။ ထိုစာအိတ်များထဲတွင် Bitcoinများ ပါနေသည်ကိုသာ ကြိုသိပါက တစ်ယောက်ကို စာအိတ်တစ်လုံးပေးမည်တဲ့လား။

"လိကျွမ်း ဒါက..ငါ မတော်တဆ…"

အစောတုန်းက အမျိုးသမီးကြီးက အရှက်မရှိ နောက်တစ်ခုလာတောင်းနေပြန်သည်။

"မရဘူး။ တစ်ယောက်ကိုတစ်စောင်ပဲ။ ငါ ဘက်လိုက်လို့မဖြစ်ဘူး"

သူ(မ)က လှောင်တုန်းက လှောင်ထားပြီး အခုမှ ကပ်ချင်နေတယ်ပေါ့။

ဝမ်လိကျွမ်းသာ သူ(မ)ကို နောက်တစ်စောင်ထပ်ပေးလျှင် အံ့ဩဖို့ကောင်းနေဦးမည်သာ။ ထို့ပြင် ဤသည်မှာ သူ(မ)၏ပိုက်ဆံမဟုတ်လျှင်ပင် သုံးသိန်းတန်စာအိတ်နီကို လက်လွတ်စပယ်ပေးပစ်ဖို့ မဖြစ်နိုင်ပေ။

"လိကျွမ်း နင့်သားမက်က အရမ်းအံ့ဩဖို့ကောင်းတာပဲ"

"လိကျွမ်း.. ဒီနေ့ နင့်မိသားစုက မျက်နှာကောင်းရသွားတာပဲ။ သုံးသိန်းကျော်တောင်မှ။ ငါတို့အိမ်ကို အကုန်ပြန်ပြင်လို့ရပြီ"

"လိကျွမ်း.. ငါတို့ နောက်နောင် အဆက်အသွယ်များများလုပ်သင့်တယ်"

ဝမ်လိကျွမ်းမှာ အမျိုးသမီးကြီးများအကြား ထင်ပေါ်သွားလေသည်။ ယခုလိုအချိန်မျိုးမှာမှ မခယလျှင် ဘယ်အချိန်မှာ သွားခယမည်နည်း။ ဝမ်လိကျွမ်းသာ စိတ်ကောင်းဝင်လာလျှင် နောက်ထပ်စာအိတ်နီတစ်လုံး ထပ်ရနိုင်သည်။ ထိုအခါ သူတို့ အိမ်တစ်လုံးပင် ထပ်ဝယ်နိုင်ပေသည်။

"သွားကြစို့"

ကျူးရှောင်ယွီက ယဲ့ဝေကို မီးခွက်ပေါ်မှ ကျော်ဖြတ်စေပြီး အရှေ့တံခါးမှ ထွက်လာခဲ့လိုက်သည်။

တံခါးအပြင်ဘက်တွင် မီးပန်းဖောက်သံများ ဆူညံလာလေတော့သည်။ ဒရိုင်ဘာက Rolls-Royce Phantomကားတံခါးကို ဖွင့်လိုက်ချိန်မှာ လူအုပ်ကြီး၏သံသယများလည်း ပျောက်ကွယ်သွားလေတော့သည်။

ဒီကားက သူ့ကိုလာခေါ်တာ တကယ်ပဲကိုး။

"မင်းတို့တွေက ဘာတွေငေးနေတာလဲ။ ကားထဲကိုဝင်ကြလေ"

ဒရိုင်ဘာများက တိုက်တွန်းလိုက်၏။

"ကျွန်တော်တို့လည်း စီးလို့ရတာလား"

"သေစမ်း။ ငါ့တစ်သက် Rolls-Royceကားကို မစီးဖူးဘူး"

"ငါ့ခြေထောက်တွေတောင် နည်းနည်းတုန်နေသလိုပဲ"

"ကိုယ့်လူ.. မင်း မင်္ဂလာကားကို မမောင်းတော့ဘူးလား"

"ဒီလိုကားမျိုးပါနေမှတော့ အဲဒီလိုကားမျိုးကို ဘာလို့မောင်းလာရဦးမှာလဲ။ ငါတော့ Rolls-Royceကားကို တစ်ခါမှမစီးဖူးဘူး"

"ရွှီး ဒိုင်း ဒိုင်း"

ခမ်းနားလှသော မင်္ဂလာယာဉ်တန်းကြီးက အဝေးသို့ အရှိန်ဖြင့် မောင်းထွက်သွားလေတော့သည်။

*********************

All Chapters