အခန်း (၁၉၆-၁၉၇)
Vol. 14 Ch. 196-197
Chapter 196: နတ်ဓားဂိုဏ်းက ကျောက်ချင်းကန်နဲ့ မတန်ဘူး
မြစ်ကြီးမြို့၊ အစိုးရ ရုံးတော်။
ကျီရှီလုံ လက်နောက်ပစ်လျက် အလုပ်ရှုပ်နေသော စစ်သည်များကိုကြည့်ရင်း အလွန်တည်ငြိမ်နေ၏။
အနားရှိ လောင်ရွှမ်ဟန်မှ
“အရှင် အထက်က ရာထူးတိုးပေးတော့မယ်ဆိုတာ တကယ်လား”
ကျီရှီလုံ ရယ်မော၍
“ငါ့ကိုလား… ရွှမ်ကျန်းမှာ အများကြီးမျှော်လင့်ပြီး လွှတ်လိုက်တဲ့ကိစ္စမှာ ရှုံးသွားတာလေ”
“နောက်ဆို ရွှမ်ကျန်းကို ကျောက်စိမ်းဂိုဏ်းက ဝင်ထိန်းရင် ပိုတောင် ပြောရဆိုရ ခက်ဦးမယ်”
“အမိန့်က လာနေပါပြီ… ဖြစ်နိုင်တာက ရှင်းပစ်လိုက်တာမျိုးပေါ့… ဘာဖြစ်မလဲတော့ ကြည့်ရမှာပေါ့”
လောင်ရွှမ်ဟန် တုန်လှုပ်သွား၏။
ရုံးတော်၏ ကြောက်စရာအရှိန်အဝါကိုလည်း ခံစားလိုက်မိသည်။
ကျီရှီလုံကဲ့သို့ သစ္စာရှိသည့် အရာရှိကို အလွယ်တကူ ရှင်းပစ်မည်လား”
ထိုစဉ် ခြေသံများ ကြားရ၏။
ချပ်ဝတ်အပြည့်ဖြင့် စစ်သည်အချို့ ဝင်လာသည်။
သူတို့၏ လက်နက်များမှ ရုံးတော်မှ စစ်သည်များထက် ပိုပြည့်စုံ ကောင်းမွန်ကြသည်။
ကျီ၏ စစ်သည်များမှာ ဒေါသတကြီးဖြင့်
“ရုံးတော်ထဲကို ရာရာစစ ဒီလိုဝင်ရဲတယ်လား”
အားလုံး ဓားများဆွဲထုတ်၍ အသင့်အနေအထား ရှိနေသည်။
ကျီရှီလုံ လက်ပြ၍
“ဓားတွေ သိမ်းလိုက်ပါ… ဒါ ငါတို့လူတွေပဲ”
သူ့စကားကြောင့် စစ်သည်များ လက်နက်ကို ပြန်သိမ်းလိုက်သည်။
ကျီရှီလုံမှ ဦးဆောင်လာသူကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး
“အစ်ကိုချန် မတွေ့ရတာ ကြာပြီနော်… သခင်ကြီးရော ဘယ်လိုလဲ”
စစ်သူကြီးမှ မျက်နှာထားတင််းတင်းနေလျက် ပြန်မနှုတ်ဆက်ပေ။
ထိုအစား အဝါရောင် ပိုးသားစကိုထုတ်၍ အမိန့်ကို ဖတ်ပြ၏။
“ရွှမ်ကျန်းဒေသ မြို့စားမင်း ကျီရှီလုံ အမိန့်ခံယူပါ”
ကျီရှီလုံတို့အားလုံး ဒူးထောက်လိုက်ကြသည်။
“ကျီရှီလုံဟာ ရွှမ်ကျန်းဒေသမှာ ပေးအပ်တဲ့တာဝန်ကို ကျရှုံးခဲ့တယ်… ဒီရှုံးနိမ့်မှုကြောင့် ဒေသတွင်း ပြဿနာတွေဖြစ်ပြီး ပြည်သူတွေလည်း ထိခိုက်ခံစားခဲ့ရတယ်”
“စည်းမျဉ်းအရတော့ အပြစ်ကြီးပေးရမှာပေမဲ့ သူ့ရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေကို ငဲ့ညှာတဲ့အနေနဲ့ အပြစ်ကို ချေဖျက်ပြီး ဝူကျောက်ရဲ့ နယ်စပ်မှာ နတ်ဆိုးနယ်မြေကို ခုခံဖို့ သွားရပါမယ်”
“ကျီရှီလုံ အမိန့်လက်ခံပါ”
စစ်သူကြီး ဖတ်ပြပြီးသည်နှင့် ပိုးပရပိုက်အား လက်တစ်ဖက်ဖြင့် လှမ်းပေးသည်။
ကျီရှီလုံမှာတော့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ယူ၍
“ငဲ့ညှာသနားပေးတာ ကျေးဇူးတင်ပါတယ်”
ယုကျောက်၏ တောင်ဘက်တွင် ဝူကျောက်ဒေသ ရှိ၏။
နယ်မြေမှာ ကန္တာရကဲ့သို့ ခြောက်သွေ့၍ ကြမ်းတမ်းပြီး ကျင်းနယ်မြေ၊ နတ်ဆိုးနယ်မြေတို့နှင့် ပြဿနာများ ရှိလေသည်။
ယခုလို နယ်နှင်၍ လွှတ်လိုက်ခြင်းမှာ အပေါ့လျော့ဆုံး အပြစ်ဒဏ်ပင်။
“အစ်ကိုချန် ကျွန်တော့် ညီအစ်ကိုတွေကိုရော ခေါ်သွားလို့ရမလားဗျ”
စစ်သူကြီး ခေါင်းယမ်းပြကာ
“သခင်ကြီးက မင်းရဲ့ ကိုယ်ပိုင်အစောင့်အရှောက် အနည်းငယ်ပဲ ခွင့်ပြုထားတယ်”
“နားလည်ပါပြီ”
ထို့နောက် စစ်သည်များစုလိုက်စေသည်။
စစ်သည်များမှာ မျက်ရည်များဝဲ၍ လှမ်းကြည့်နေ၏။
ကျီရှီလုံ ပြုံးလျက်
“ညီအစ်ကိုတို့ ဘာမှ ပြောမနေပါနဲ့တော့… ဘယ်နေရာရောက်ရောက် ကျင်းဧကရာဇ်ရဲ့ ကျေးဇူးတွေကိုသာ သတိရပါ”
“တခြား မနှုတ်ဆက်လိုက်ရတဲ့သူတွေကိုလည်း တစ်ဆင့် ပြန်ပြောပေးပါဦး”
စစ်သည်များ ဒူးထောက်ချလိုက်ပြီး
“နှုတ်ဆက်ပါတယ် အရှင်ကျီ”
“လောင်ရွှမ်ဟန် မင်း ငါနဲ့ လိုက်ခဲ့မယ်မလား”
လောင်ရွှမ်ဟန် ချက်ချင်းတော့ တွေဝေနေပြီးမှ
“ဟုတ်ကဲ့ လိုက်ခဲ့ပါမယ်”
“ကောင်းပြီ… အစ်ကိုချန် ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
ကျီရှီလုံ ပြုံး၍ ပြောလိုက်၏။
ထို့နောက် တောင်ဘက်ပိုင်းသို့ ထွက်သွားကြတော့သည်။
နတ်ဓားမြို့။
“ခေါင်းဆောင်ငယ် ကျောက်ချင်းကန်ကို သေမလိုအခြေအနေနဲ့ တွေ့ခဲ့ပါတယ်”
ဝေ့ရှောင်းထီ ရှန်မို့အနား ရောက်လာကာ ခပ်တိုးတိုး ပြောလေသည်။
ရှန်မို မျက်ခုံးပင့်လျက်
“သူ့ဆီ ခေါ်သွားပေးပါ”
ခဏအကြာတွင် ရှန်မိုတို့ မှောင်မည်းသော အကျဉ်းထောင်ဆီ ရောက်သွားပြီး လူကြီးလူကောင်းဆန်ဆန် ကြည့်ကောင်းခဲ့သော ကျောက်ချင်းကန်ကို သေအံ့ဆဲဆဲဖြင့် တွေ့ရလေသည်။
သူ့ဗိုက်အောက်ပိုင်းတွင် ပြန်မကောင်းနိုင်တော့သည့် ဒဏ်ရာကြီးလည်း ရှိ၏။
ရှန်မို သူ့ရှေ့မှ လူငယ်လေးကိုကြည့်ရင်း သက်ပြင်းချမိသည်။
ကျောက်ချင်းကန်မှာ နတ်ဓားဂိုဏ်းမှ အရည်အချင်းရှိသော လူငယ်လေးဖြစ်ပြီး ရွှမ်ကျန်းဒေသ၏ ရှားပါးသော ပါရမီရှင်ဖြစ်သည်။
“ရှန်မို ရောက်လာပြီပဲ”
ကျောက်ချင်းကန်မှ နှုတ်ဆက်၏။
“စိတ်မကောင်းစွာနဲ့ ငါ့ကတိမတည်နိုင်တော့ဘူး… မင်းနဲ့ ပြိုင်လို့ မရတော့ဘူးကွာ”
ကျောက်ချင်းကန် ခပ်လျော့လျော့ အားပျော့၍ ပြုံးပြသည်။
ရှန်မို သူ့လက်ကို တင်းကြပ်စွာဆုပ်ကိုင်၍
“မင်းရဲ့ ရွှေအမြုတေကို ဘယ်သူ ယူသွားတာလဲ”
ကျောက်ချင်းကန် ပြုံးလျက်
“သူက ငါ့ကို တောင်ပေါ်ရွာငယ်လေးကနေ ခေါ်ထုတ်ပေးခဲ့တာလေ… နွားကျောင်းသားအဆင့်ကို ကျင့်ကြံသူဖြစ်အောင် ကူညီပေးတာ”
“ငါ့ဆီက အရာအားလုံး သူ့ဆီကပဲ ရထားတာ… သူလိုချင်ရင် ရွှေအမြုတေလည်း ပေးရမှာပေါ့”
ရှန်မို ရင်ထဲစို့နစ်သွား၏။
လောင်ချောင်ထျန်းဟု သိလိုက်သည်။
သူ့တွင် တရားဝင်သားဟု မပြောသော်လည်း လောင်ရွှမ်ဟန်ဟူသည့် သွေးသား ရှိနေပါသည်။
ထင်သည့်အတိုင်း ကျောက်ချင်းကန်၏ ဓား (၇) ချက် ရွှေအမြုတေကို လောင်ရွှမ်ဟန်ထံ ပေးလိုက်ခြင်းပင်။
“ရွှေအမြုတေကို ဂရုစိုက်မနေနဲ့တော့… ဒီနေ့ကစပြီး သာမာန်လူအနေနဲ့ ကျန်တဲ့ဘဝကို အေးဆေးနေသွားနော်”
ရှန်မို အားပေးလိုက်သည်။
ကျောက်ချင်းကန် ခေါင်းယမ်းပြ၍
“ဟင့်အင်း အရမ်းပျင်းစရာကောင်းမှာ”
“မထင်မရှားဘဝနဲ့ နေသွားမယ့်အစား သေတာမှ ကောင်းဦးမယ်”
“ရှန်မို မင်းက အခု ခြေတည်ဝိညာဉ်အဆင့် ရောက်သွားပြီလို့ ကြားတယ်… နတ်ဓားဂိုဏ်းဘိုးဘေးကိုတောင် သတ်လိုက်တာဆို… တကယ် လေးစားစရာပဲ… မင်းနဲ့ တစ်ခေါက်လောက် ပြိုင်ချင်လိုက်တာကွာ”
သူ ရယ်မော၍ပြောရင်း သွေးများအန်ပြန်သည်။
ရှန်မို ပြန်မဖြေမိပေ။
“မင်း ဘယ်ဆက်သွားမှာလဲ အခု”
ကျောက်ချင်းကန် ထပ်မေး၏။
“ကျောက်စိမ်းဂိုဏ်းကိုပါ”
သူ ဖျော့တော့စွာ ပြုံးလျက်
“သူတို့က ရုံးတော်ကို လုံးဝ ဦးမညွှတ်ဘူးလို့ ကြားတယ်… ရွှမ်ကျန်းဒေသလည်း လုံခြုံသွားပြီပဲ”
“မင်းနဲ့အတူ လောကကျယ်ကြီးကို လိုက်ကြည့်ချင်လိုက်တာ”
“ဒါပေမဲ့… နှမျောစရာ…”
သူ့အသံ တိမ်ဝင်သွားပြီး ရှန်မို့လက်ထဲမှ လက်လည်း လျော့ကျသွားသည်။
မျက်လုံးထဲမှ အလင်းရောင်ပါ ပျောက်သွား၏။
ရှန်မို သက်ပြင်းချ၍ ကျောက်ချင်းကန်အဝတ်များကို သေသပ်အောင် ပြင်ပေးလိုက်သည်။
“နောက်ဘဝမှာ လောင်ချောင်ထျန်းလို ဆရာမျိုးနဲ့ မတွေ့ပါစေနဲ့ကွာ”
ကော်ရစ်တာဘက်မှ ခြေသံများ ကြားရ၏။
ဝေ့ရှောင်းထီ အနားရောက်လိုက်သည်။
“ခေါင်းဆောင်ငယ်ရဲ့ အမိန့်အတိုင်း သစ္စာဖောက်တွေအားလုံးကို ရှင်းလိုက်ပါပြီ… လျှိုယွမ်ဖုန်နဲ့သူ့သားရော၊ ယန်ထျန်ရှင်းအထိ အကုန်လုံးပါ”
“ဒါပေမဲ့ နှစ်ယောက်တော့ ထွက်ပြေးသွားပါတယ်”
“ဘယ်သူတွေလဲ”
“အတွင်းဂိုဏ်းအကြီးအကဲ ရှောင်းဖန်နဲ့ ဝူယန်ကန်ရဲ့ မြေး ဝူယန်ချန်းပါ”
ရှန်မို ခေါင်းငြိမ့်ပြ၏။
သူတို့ထွက်ပြေးမည်ဟု တွက်ထားပြီး ဖြစ်ပါသည်။
“ကျောက်ချင်းကန်ကို ဘိုးဘေးနယ်မြေမှာ မြှုပ်ပေးလိုက်ပါ… နတ်ဓားဂိုဏ်းက သူနဲ့ မတန်ဘူး”
ရှန်မို ခပ်တိုးတိုး ပြောလိုက်သည်။
“ဟုတ်ကဲ့… နောက်ပြီးတော့”
“ပြောပါ”
“ခေါင်းဆောင်က တွေ့ချင်လို့တဲ့… နတ်ဓားအဆောက်အဦမှာ စောင့်နေပါတယ်”
“ကောင်းပါပြီ အခု သွားလိုက်မယ်”
Chapter 197: ကျွန်တော်ကတော့ လွမ်းတယ်
နတ်ဓားအဆောက်အဦ။
ရှန်မို ရောက်လာသောအခါ မူယုံးယွဲ့ သူ့ကို နောက်ကျောပေးလျက် ကောင်းကင်ကို မော့ကြည့်လျက် ရှိသည်။
“မို ဒီမှာ လေအရမ်းပြင်းတယ်နော်”
မူယုံးယွဲ့ လှည့်လာပြီး ပြုံး၍ ပြော၏။
သို့သော် သူ့မျက်လုံးများ ရဲနေသည်ကို ရှန်မို သတိထားမိပါသည်။
“ထိုင်လေ အဲ့မှာပဲ ရပ်မနေနဲ့”
မူယုံးယွဲ့ အနီးရှိ ထိုင်ခုံကိုပြ၍ ပြော၏။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။
“အဲ့ညက ဒီမှာပဲ ကျောက်စိမ်းဂိုဏ်းအကြီးအကဲ လုတုံရွှမ်နဲ့ တွေ့ခဲ့တယ်မလား”
မူယုံးယွဲ့မှ မေးသည်။
ရှန်မို ခေါင်းငြိမ့်ပြ၏။
“ဘာတွေ ပြောခဲ့ကြလဲ”
ရှန်မို ဖြေရန် ပြင်လိုက်စဉ် မူယုံးယွဲ့မှ ဆက်၍
“ကျောက်စိမ်းဂိုဏ်းကို လာခိုင်းတာမလား”
ရှန်မို ခေါင်းသာငြိမ့်ပြလိုက်သည်။
မူယုံးယွဲ့ပြုံးလျက်
“ကောင်းတာပေါ့… ငါ့တပည့်က ခြေတည်ဝိညာဉ်အဆင့် ရောက်သွားပြီး ကျောက်စိမ်းဂိုဏ်းရဲ့ အကြီးအကဲအဖြစ်တောင် အခေါ်ခံနေရပြီ… အရမ်း ဂုဏ်ယူတာပဲ”
“ဒါပေမဲ့ ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်နေရာပေးဖို့ လုပ်ထားတာ… ငါလည်း အခန်းပိတ်ကျင့်ကြံတဲ့အခါ စိတ်ချရအောင်… အခုတော့ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်လေ”
ရှန်မို ရယ်မောမိ၏။
လျှိုယွမ်ဖုန်၏ သေဆုံးမှုကြောင့် မူယုံးယွဲ့လည်း အဆင့်တက်ရန် အမြန် ကြိုးစားချင်နေသည်။
“ဂိုဏ်းကိစ္စက ကျွန်တော် အားလုံး ပြောပြီးပါပြီ… ဘာမှ မစိုးရိမ်နဲ့”
“ကျောက်စိမ်းဂိုဏ်းက ရုံးတော်အောက်ကို ဘယ်တော့မှ မဝင်ဘူးတဲ့… ရွှမ်ကျန်းဒေသက ကျန်းတီလို ဖြစ်လာမှာ မဟုတ်ဘူး”
“စိတ်အေးအေးနဲ့သာ ကျင့်ကြံပါ”
မူယုံးယွဲ့ နွေးထွေးစွာ ပြုံးမိ၏။
သို့သော် ထိုအပြုံးနောက်တွင် ဝမ်းနည်းမှုများ ရှိနေကြောင်း ခံစားမိပါသည်။
“ဆရာမ ကျွန်တော်သွားရင် သတိရနေမှာလား”
ရှန်မို ရုတ်တရက် မေးလိုက်၏။
မူယုံးယွဲ့ ခေါင်းယမ်းကာ
“မင်း ကျောက်စိမ်းဂိုဏ်းအကြီးအကဲ ဖြစ်သွားရင် ချင်းရွှမ်နဲ့ ဘာမှမပတ်သက်တော့ဘူးလေ”
“ဘာလို့ သတိရရမှာလဲ”
“ဒါပေမဲ့ ကျွန်တော်ကတော့ ဆရာမကို လွမ်းနေမှာ”
ရှန်မို့စကားကြောင့် သူ လန့်သွား၏။
သူ ပျော်သွားသလိုပုံ ပေါ်သော်လည်း ချက်ချင်း အမူအရာ ပြန်ထိန်း၍
“ဘာလို့ ငါ့ကို လွမ်းမှာလဲ”
ရှန်မို ပြုံးလျက်
“ကျွန်တော် ချင်းရွှမ်လိုဏ်ဂူထဲ ဝင်တုန်းက လနဲ့ချီပြီး ဝင်ပေါက်မှာ စောင့်နေပေးတယ်လေ”
“ကျန်းမိုနဲ့ တိုက်ခိုက်တုန်းကလည်း သေသွားတာထက် ထွက်ပြေးတာ ပိုကောင်းတယ်လို့ မြင်တယ်”
“ခြေတည်ဝိညာဉ်ဂုဏ်ပြုပွဲမှာလည်း ဂိုဏ်းရဲ့ ရတနာတွေတောင် ယူပြီး ထွက်ပြေးခိုင်းသေးတယ်”
“နောက်ပြီး…”
ရှန်မို ကြုံခဲ့ရသမျှ အားလုံးကို တစ်ခုချင်း ပြန်ပြောပြနေ၏။
မူယုံးယွဲ့ နားထောင်ရင်း မျက်ဝန်းလေးများ နူးညံ့လာသည်။
သူ ပြောပြီးသောအခါ မူယုံးယွဲ့ တည်ငြိမ်စွာဖြင့်
“အဲ့ဒါ အကုန်ပဲလား… ငါ မင်းရဲ့ ဆရာမအနေနဲ့ မပြည့်စုံခဲ့ဘူးပဲ”
“ဆရာမ ကျွန်တော် သွားရတော့မယ်”
မူယုံးယွဲ့ တုန်လှုပ်ကာ နှစ်ယောက်သား လက်ချင်းထိလိုက်မိကြသည်။
“ဘာ… ဘာလုပ်တာလဲ”
မူယုံးယွဲ့ ပါးလေးများ ရဲကာ လက်ကို ပြန်ရုတ်လိုက်သည်။
သို့သော် ရှန်မို တင်းကြပ်စွာ ပြန်ကိုင်ထား၏။
မူယုံးယွဲ့ ရှန်မို့ကို မော့ကြည့်လိုက်မိသည်။
အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးလာ၏။
မူယုံးယွဲ့ ရင်တဒိတ်ဒိတ် ခုန်နေသည်။
အပျိုပေါက်အရွယ် မဟုတ်တော့သည့်တိုင်အောင် အဘယ်ကြောင့် ဤသို့ခံစားနေရမှန်း နားမလည်နိုင်တော့ချေ။
“ဆရာမ ကျွန်တော် နတ်ဘုရားပြောင်းလဲခြင်းအဆင့် ရောက်တဲ့အခါ ပြန်လာခဲ့ပါမယ်”
ထို့နောက် သူ့ကို ငုံ့၍ နမ်းရှိုက်လေသည်။
မူယုံးယွဲ့ နှုတ်ခမ်းလေးမှာ ပန်းပွင့်လွှာကဲ့သို့ နူးညံ့၍ ရေခဲတမျှ အေးစက်နေ၏။
မျက်လုံးများမှာလည်း အံ့ဩလွန်း၍ ပြူးထွက်လာသည်။
သို့သော် တဖြည်းဖြည်း နူးညံ့မှုသို့ ပြောင်းလဲသွား၏။
ညမှာ တိတ်ဆိတ်စွာ ကုန်ဆုံး၍ နောက်တစ်နေ့သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
ရှန်မို သူ့ပစ္စည်းများ သိမ်းဆည်း၍ နတ်ဓားမြို့မှ ထွက်ခွါလေသည်။
ချင်းရွှမ်ဂိုဏ်းမှာ နတ်ဓားမြို့၌ ရွှေ့ပြောင်းတည်ထောင်ရန် စီစဉ်ထား၏။
ထိုနေရာမှာ ချင်းရွှမ်ဂိုဏ်းထက် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝ၍ ဖြစ်သည်။
မူယုံးယွဲ့၊ ဝေ့ရှောင်းထီနှင့် အခြားအကြီးအကဲများ ရှန်မို့ကို နှုတ်ဆက်ရန် ရောက်နေကြသည်။
နတ်ဓားမြို့ဝင်ပေါက်၌ လူအများဖြင့် ပြည့်နေ၏။
“ခေါင်းဆောင်ငယ်နဲ့ ဂိုဏ်းမှာ အတူတူ ရှိသွားချင်တာ”
ဝေ့ရှောင်းထီ မျက်ရည်များဝဲ၍ ပြောသည်။
ကြမ်းတမ်းသော ကျင့်ကြံသူဖြစ်သော်လည်း စိတ်ထဲတွင် ခံစားလွယ်နေ၏။
အကြီးအကဲလီမှာတော့ ဝမ်းနည်းဝမ်းသာ ဖြစ်နေသည်။
ကျောက်စိမ်းဂိုဏ်းအကြီးအကဲအဖြစ် ဂုဏ်ယူသော်လည်း မတွေ့ရတော့၍ စိတ်မကောင်းဖြစ်၏။
ထိုလူအုပ်ထဲတွင် လူနှစ်ယောက် အချင်းချင်း ဖက်၍ အားပေးနေသည်ကိုလည်း တွေ့ရသည်။
စုန်းချောင်ဖုန်တို့ သားအဖဖြစ်လေ၏။
စုန်းချောင်ဖုန်မှာ လုံထောင်းနှင့်တိုက်ပွဲတွင် ဒဏ်ရာ ကြီးမားစွာရပြီး သာမာန်လူဖြစ်သွားသော်လည်း ချင်းရွှမ်မှ အကြီးအကဲတစ်ဦးအဖြစ် စောင့်ရှောက်ထားပါသည်။
ဘေးမှ လူငယ်လေးကို ပုတ်၍
“ကျန့်ကျဲ ဦးလေးရှန်ကို ဦးညွှတ်လိုက်ဦး”
စုန်းကျန့်ကျဲ ချက်ချင်း ဒူးထောက်ချလိုက်ပြီး မြေပြင်နှင့် ထိသည်အထိ အရိုအသေပေးလေသည်။
“ဦးလေးရှန် ကျွန်တော် ငယ်တုန်းက မှားခဲ့တာတွေကို သဘောပေါက်ပါပြီ… ချင်းရွှမ်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းသွားပါတော့မယ်”
သူ့အသံမှာ စိတ်ရင်းဖြစ်ကြောင်း သိသာ၏။
“အပြစ်ကိုသိတဲ့သူက ရွှေထက်တောင် တန်ဖိုးရှိပါတယ်… ငါလည်း ဝမ်းသာပါတယ်”
ရှန်မို ပြုံး၍ ပြောသည်။
“ဟုတ်ကဲ့ပါ”
စုန်းကျန့်ကျဲ မတ်တပ်ထရပ်၍ အရိုအသေ ထပ်ပေး၏။
လောင်ရှန်နန်၊ ကျောက်ထင်၊ ကျောက်ရူ၊ မိုယုဟုန်တို့လည်း သူ့အနားရောက်လာပြီး လက်ဆောင်လေးများ ပေးကြသည်။
နောက်ဆုံးမှ မူယုံးယွဲ့ ရောက်လာပြီး ဝတ်ရုံကို သေသပ်အောင် ပြင်ပေးရင်း ခပ်တိုးတိုး ပြော၏။
“ငါ ခြေတည်ဝိညာဉ်အဆင့် ရောက်ရင်လည်း ကျောက်စိမ်းဂိုဏ်း လိုက်ခဲ့မယ်”
“ကောင်းပါပြီ အဲ့နေ့ကို စောင့်နေပါမယ်”
ရှန်မို သူ့ကို တင်းကြပ်စွာ ဖက်လိုက်၏။
ထိုအပြုအမူကြောင့် အားလုံး မျက်လုံးပြူးကုန်ကြ၏။
“ဒါက… မသင့်တော်…”
အကြီးအကဲလီ စွံ့အနေသည်။
“ငါတော့ ဘာမှ မတွေ့ပါဘူး… မင်းတွေ့လို့လား”
ဝေ့ရှောင်းထီ ချောင်းဟန့်၍ ဘေးဘီကို လှည့်မေးသည်။
“ကျွန်တော်ရောပဲ… ဘာမှ မတွေ့ဘူး”
မိုဟန်ရှန်လည်း ရယ်မော၍ ပြော၏။
“ဘာလို့ မမြင်ချင်ယောင် ဆောင်နေကြတာလဲ… လိုက်သားပဲကို”
စုန်းချောင်ဖုန် ဝင်ပြောသည်။
မိုယုဟုန်နှင့် ကျောက်ရူတို့မှာတော့ ရုတ်တရက် အံ့ဩနေပြီးမှ စိတ်ပျက်သွားကြ၏။
“လွှတ်… လွှတ်ပါ”
မူယုံးယွဲ့ မျက်နှာလေးနီလျက် ပြောသည်။
ထိုအခါမှ ရှန်မို လက်ကို လွှတ်ပေး၏။
“ကျင့်ကြံမှုလမ်းကြောင်း ဖြောင့်ဖြူးပါစေ… မကြာခင် တွေ့ကြမယ်နော်”
ထို့နောက် လေအဟုန်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။