အခန်း (၂၀၀-၂၀၁)
Vol. 14 Ch. 200-201
Chapter 200: ရန်သူမဟုတ်တော့ဘူး
မိုင်ဟေးဟီ မျက်တောင်တခတ်ခတ်ဖြင့်ကြည့်ရင်း သဘောပေါက်လာ၏။
ထို့ကြောင့် ထိုလူငယ်လေးကို ထူးခြားသည်ဟုတော့ ထင်နေခဲ့သည်။
စကားပြောဆိုရာတွင်လည်းကောင်း၊ အပြုအမူတွင်လည်းကောင်း သာမာန်ကျင့်ကြံသူနှင့် မတူပေ။
သူ့အင်အားကို ဖုံးကွယ်၍ နေခဲ့ခြင်းဖြစ်၏။ ကျင့်ကြံမှုအစစ်မှာ အနည်းဆုံး မြုတေဖွဲ့စည်းခြင်းအဆင့် ရှိနိုင်သည်။
ဂါး ဂါး ဂါး!
ယင်တစ္ဆေမှာ ဒေါသတကြီး အော်ဟစ်နေသည်။
သူကိုယ်တိုင်လည်း ထိုကဲ့သို့ အင်အားကြီး ကျင့်ကြံသူ ပါနေမည်ဟု မထင်ထားချေ။
“ဘာလို့ အော်နေတာလဲ… အာပုတ်စော်နံလိုက်တာ”
ရှန်မို ခေါင်းယမ်းကာ ပြော၏။
ထိုယင်တစ္ဆေမှာ သတ္တဝါမည်မျှ စားသုံးထားမှန်း မသိနိုင်ချေ။
ကြည့်ရုံဖြင့် ရွံရှာစရာကောင်းလှသည်။
သူ သွေးမြှားများ ထပ်ပစ်၍ ရှန်မိုအား တိုက်ခိုက်ရန် ပြင်ပြန်သည်။
ရှန်မိုမှာ တည်ငြိမ်စွာပင် လက်ကို တစ်ချက်ယမ်းလိုက်ပြီး မီးဓားများ ပြန်ပစ်၏။
ဓားများသည် ထိုသွေးမြှားများအား အပိုင်းပိုင်း ဖျက်ဆီးလိုက်ပြီး ယင်တစ္ဆေ၏ ရင်ဘက်ပိုင်းအထိ ရောက်သွားသည်။
ထိုအခါ သူ့အမွေးအမျှင်များ မီးစွဲ၍ နာကျင်စွာ အော်ဟစ်နေတော့သည်။
ခန္ဓာကိုယ်မှ မီးခိုးညှော်နံ့များပါ ထွက်လာ၍ ဒဏ်ရာပြင်းထန်မှုဟု ထင်ရှားပါသည်။
မိုင်ဟေးဟီ မျက်လုံးပြူးကာ လှမ်းကြည့်နေ၏။
သွေးမြှားမှာ အလွန်အရှိန်မြန်သောကြောင့် သူ့အတွက် မတုံ့ပြန်လိုက်နိုင်သော်လည်း ရှန်မိုမှာတော့ အလွယ်တကူ ဖြိုခွင်းနိုင်သည်။
ထို့အပြင် ယင်တစ္ဆေကိုပါ ထိခိုက်စေရန် ပြန်ပြုလုပ်ခဲ့၏။
ဒီကောင်လေးရဲ့ ကျင့်ကြံမှုက ဘယ်လောက်တောင်လဲ။
ဧကန္တ… ခြေတည်ဝိညာဉ်အဆင့်လား။
ဒီအရွယ်လေးနဲ့ ဖြစ်နိုင်လို့လား။
နေပါဦး… ငယ်တဲ့အသွင်အပြင် ပြောင်းထားတာများလား။
သူ တွေးရင်းတွေးရင်း အဖြေတွေ့သွားသည်။
ကောင်းမြေးအဖိုးလည်း အလွန်ထိတ်လန့် အံ့ဩနေကြသည်။
ရှန်မိုမှာ အလွန်အင်အားကြီးလွန်း၍ မိုင်ဟေးဟီထက်ပင် သာသေးသည်။
ကောင်းလုံ ကျေးဇူးလည်း တင်မိသည်။
ရှန်မိုသာ မပါလာလျှင် ယခုအချိန် အားလုံး ပျက်စီးကုန်ပြီဖြစ်သည်။
ဂါး!
ယင်တစ္ဆေ ပြင်းထန်စွာ ဟိန်းဟောက်ရင်း ရှန်မို့အား စိုက်ကြည့်နေ၏။ ထို့နောက် ရုတ်တရက် မြစ်ထဲသို့ ခုန်ချ ထွက်ပြေးသွားလေသည်။
“ဉာဏ်တော့ကောင်းသားပဲ… ဒီအတိုင်း လွှတ်ပေးလို့ မဖြစ်ဘူး”
ရှန်မို့လက်ထဲတွင် မိုးကြိုးဓား ပေါ်လာ၏။
လေထဲတွင် မိုးကြိုးလျှပ်စီးများလည်း ပြည့်နှက်နေသည်။
ယင်တစ္ဆေ မြစ်ထဲခုန်ချနေစဉ် လေထဲ၌ ရပ်တန့်သွားပြီး ခေါင်းထိပ်မှ အစင်းကြောင်းတစ်ခု ပေါ်လာသည်။
ထို့နောက် အစင်းကြောင်းမှာ သွေးများစိမ့်ကျကာ နောက်ဆုံး နှစ်ခြမ်းကွဲသွားတော့၏။
ရှန်မို ယင်တစ္ဆေခန္ဓာကိုယ်ထဲမှ တောက်ပသောအရာကို တွေ့လိုက်သည်။
မိုင်ဟေးဟီလည်း လန့်သွားသည်။
သူကြားဖူးထားသော ယင်ပုလဲဖြစ်၏။
“ယင်တစ္ဆေတိုင်းမှာလည်း ရှိတတ်တာမဟုတ်ဘူး… ဒီနေ့မှ တွေ့ရမယ်လို့ ဘယ်ထင်မလဲ”
သူ ခပ်တိုးတိုး ရေရွတ်မိသည်။
ရှန်မို ချက်ချင်း သွားမယူသေးဘဲ တည်ငြိမ်စွာဖြင့်
“ခင်ဗျားလာပြီး ကြည့်နေတာ ကြာပြီနော်… ဘာကိစ္စ ရှိလို့လဲ”
ကောင်းမြေးအဖိုးနှင့် မိုင်ဟေးဟီတို့ မှင်တက်နေ၏။
သူပြောသည့်ပုံမှာ အခြားတစ်ဦး ထပ်ရှိနေသလိုပင်။
“စိတ်ဝင်စားစရာပဲ… ငါ ဖုံးကွယ်ထားတာကိုတောင် မြင်နိုင်တယ်ပေါ့လေ”
အမှောင်ထုထဲမှ အေးစက်စက်အသံတစ်ခု ထွက်လာသည်။
မကြာမီ မြစ်ရေပြင်ပေါ်၌ ရှန်မို့ကို မျက်နှာချင်းဆိုင်ကာ လူတစ်ယောက် ပေါ်လာသည်။ ထိုလူမှာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထား၏။
မျက်နှာတွင်မူ အနီရောင်နတ်ဆိုးပုံ မျက်နှာဖုံး တပ်ဆင်ထားလေသည်။
သို့သော် အေးစက်စူးရှသော မျက်ဝန်းများမှာတော့ ထင်ရှားနေ၏။
ရှန်မို ချက်ချင်း သူ့ကံကြမ္မာစနစ်ကို ကြည့်လိုက်သည်။
အမည်: ယဲ့ယန်။
အဆင့်: ခြေတည်ဝိညာဉ်အဆင့်၊ အောင်မြင်မှုငယ်။
ဘဝကြမ္မာ: မီးတောက်သခင် ဆက်ခံသူ၊ ကံကောင်းသူ၊ ခေါင်းဆောင်အရှိန်အဝါရှိ၊ နေမီးတောက် ခန္ဓာကိုယ်။
ရှန်မို မျက်ခုံးပင့်မိကာ ဆက်၍ ဖတ်လေသည်။
နောက်ခံအင်အား ကံကြမ္မာကောင်းလွန်း၍ ကြည့်ရင်း တောက်တစ်ချက်ခေါက်မိ၏။
လတ်တလောအခွင့်အရေး (၁): သဲနက်ကျွန်းဆွယ်တွင် ယင်တစ္ဆေပေါ်လားန် လှည့်စား၍ ယင်ပုလဲ ရယူမည်။ ထို့နောက် ကောင်းလုံ၏ သင်္ဘောတစ်ခုလုံး ဖျက်ဆီးကာ သက်သေဖျောက်မည်။
လတ်တလောအခွင့်အရေး (၂): (၁၀) ရက်အကြာတွင် ယုဟိုင်မြို့သို့ပြန်၍ လောင်ရှီတောင်သို့ ရတနာရှာရန် သွားမည်။ တစ်ခုခု ထူးခြားသည်ကို ခံစားမိကာ ငါးဗိုက်ထဲမှ ခြေတည်ဝိညာဉ်အဆင့်ဆေး ရှာတွေ့မည်။
[လတ်တလောအခွင့်အရေး (၃): တစ်လအကုာ၌ ကန်ကျန်းမြစ်မှ ရေစပါးအုံးမြွေအား ရှင်းလင်းရန် ကျောက်စိမ်းဂိုဏ်း၏ တာဝန်ပေးအပ်ခံရမည်။ ယန်ကျီကျွန်းဆွယ်နားမှ ရေအောက်လိုဏ်ဂူထဲတွင် ယင်တစ္ဆေ (၂၀) နှင့် တိုက်ခိုက်ကာ ယင်ပုလဲ (၂) ခု ရရှိမည်။
လတ်တလောအခွင့်အရေး (၄):…
ရှန်မို အခွင့်အရေးများစွာကိုဖတ်ကာ ကျေနပ်သွား၏။
ထိုလူမှာ ရန်သူမဟုတ်တော့ပေ။
ရေရှည် ထမင်းစားလက်မှတ်ဟုပင် ဆိုနိုင်သည်။
ယဲ့ယန်လည်း ရှန်မို အမူအရာပြောင်းသွားသည်အား ခံစားမိ၏။
ဘာပါလိမ့်။
ဘာလို့ နွေးနွေးထွေးထွေး လာကြည့်နေတာလဲ။
ယဲ့ယန် ခပ်တည်တည်ဖြင့်
“ဒီယင်တစ္ဆေက ငါ့ကြောင့် ဒဏ်ရာရထားပြီးသား… မင်းက နောက်မှ ရှင်းလိုက်ရုံပဲ”
“အဲ့တော့ အခွင့်အရေးပေးနေတုန်း ယင်ပုလဲကို ပေးလိုက်… မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့”
သူ ယင်ပုလဲရယူရန် သေချာအကွက်ဆင်ထားခဲ့ခြင်း ဖြစ်၏။
ကောင်းမြေးအဖိုးထံ ယင်တစ္ဆေကို ဆွဲဆောင်နိုင်မည့် ကုန်ပစ္စည်းများ အပ်နှံကာ ကုန်သွယ်စေပြီး ယခုလို ပေါ်လာချိန်မှာ ဝင်သတ်၍ အခွင့်အရေးယူမည် ဖြစ်သည်။ သို့သော် ရှန်မိုပါလာ၍ လက်ဦးမှု အရင်ယူသွား၏။
ရှန်မို ထရယ်မိ၏။
အကြောင်းပြချက်ရှိလျှင် လက်မလွှတ်နိုင်ပေ။
Chapter 201: ယဲ့ယန်က ရှောင်ဖန်ထက် ကံကောင်းတယ်
ရှန်မို တည်ငြိမ်စွာဖြင့်
“ယင်တစ္ဆေက အကောင်းအတိုင်း ရောက်လာတာဆိုတော့ ဒဏ်ရာရတယ်လို့ မှားထင်နေတာလား… မရှက်တတ်ဘူးလား”
ယဲ့ယန်မှာ ခပ်တည်တည်ပင် တစ်ခုခုပြောရန် ပြင်ရင်း ရုတ်တရက် ထတိုက်ခိုက်၏။
လေထဲတွင် မီးတောက်နဂါးပေါ်လာကာ ပါးစပ်ကြီးဟလျက် ရှန်မိုအား ဝါးမျိုရန် ကြိုးစားသည်။
ထိုတိုက်ခိုက်မှုမှာ ရှန်မိုတစ်ဦးတည်းကို ဦးတည်ခြင်း မဟုတ်ဘဲ သင်္ဘောကြီးကိုပါ ဖျက်ဆီးခြင်းဖြစ်၏။
ရှန်မို မျက်ခုံးပင့်လိုက်မိသည်။
တစ်ဖက်မှတိုက်ခိုက်မှုသည် တုံ့ပြန်ချိန်မရအောင် ပြုလုပ်သော်လည်း ရှန်မိုမှာလည်း သာမာန်ကျင့်ကြံသူတော့ မဟုတ်ချေ။
ယဲ့ယန် သူ့ကို အထင်သေးလိုက်မိ၏။
ဝှစ်!
မီးတောက်လုံးကြီး အနားကပ်လာစဉ် အမြဲစိမ်းသစ်ပင်ကြီးများ ရှန်မို့အရှေ့တွင် ပေါ်လာ၏။ အကိုင်းအခက်များမှာလည်း စိမ်းလန်းဝေဆာနေသည်။
ထိုသစ်ပင်များမှ မီးတောက်လုံးအား ကာကွယ်ပေးထား၏။
အရွက်များမှာ မီးတောက်ကြောင့် ပြာကျကုန်သော်လည်း ပင်စည်ကြီးမှာတော့ တောင့်ခိုင်စွာ ရပ်တည်နေဆဲပင်။
ထိုသစ်ပင်များမှာ ရှန်မို့အတွက အချိန်ဆွဲပေးထား၏။
သူ ဂိတ်တံခါးကြီး (၄) ခုကို ဖန်တီးဆင့်ခေါ်လိုက်သည်။
မကြာမီ ကြေးတံခါး (၃) ခုနှင့် မီးတောက်တံခါး (၁) ခု ပေါ်လာသည်။
ဘုံး ဘုံး ဘုံး!
ထိုအချိန်တွင် သစ်ပင်ကြီးများ မီးစွဲ၍ ပြာကျနေလေပြီ။
ထိုအခါ မီးတောက်လုံးသည် ဂိတ်တံခါးများထံ တိုးဝင်လာ၍ ရှန်မိုပင် ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
သို့သော် မီးတောက်များ ချက်ချင်း ရပ်တန့်ကာ ရှန်မိုလည်း အနာတရမရှိ အဆင်ပြေနေ၏။
ယဲ့ယန် အံ့ဩစွာ လှမ်းကြည့်နေမိသည်။ ထို့နောက်မှ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
ရှန်မို ပြုံးလျက် ကျန်ခဲ့သည်။
အချင်းချင်း တိုက်ခိုက်ရင်း အင်အားကို ခန့်မှန်းမိကြ၏။
ယဲ့ယန်မှာ သူ မထိခိုက်လျှင်ပင် ရှန်မို့ကို သတ်နိုင်မည်ဟု ယုံကြည်ချက် မရှိချေ။
ယဲ့ယန်သည် ကံကောင်းသောကြောင့် ရှန်မိုလည်း သူကိုယ်တိုင် မသတ်နိုင်ကြောင်း နားလည်၏။
ဤသို့ဖြင့် ယဲ့ယန် အမြန်ဆုံးဖြတ်ကာ ထွက်သွားတော့သည်။
ယင်ပုလဲတစ်လုံးအတွက် အရမ်း ကြိုးစားရန် မလိုအပ်ပါ။
“ချသင့်တဲ့အခါချ… ပြေးသင့်တဲ့အခါ ပြေးပေါ့”
“ဒီယဲ့ယန်က ရှောင်ဖန်ထက်တောင် ကံကောင်းသေးတယ်”
“အင်း… ဒါပေမဲ့ ရှောင်ဖန်က အရင်ဘဝမှတ်ဉာဏ်တွေ ရသွားတော့ စိတ်ထားလည်း ပြောင်းသွားတယ်”
“နောက်ထပ် ပြန်တွေ့တဲ့အခါ အံ့ဩစရာအနေနဲ့ ဖြစ်နေဖို့ မျှော်လင့်ပါတယ်”
ရှန်မိုပြုံးကာတွေးရင်း လှည့်ကြည့်လိုက်သောအခါ မိုင်ဟေးဟီ ကျေးဇူးတင်လွန်း၍ ငိုကြွေးလျက်
“ကျွန်တော့်အသက်ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ် စီနီယာကြီးရယ်”
ကောင်းမြေးအဖိုးလည်း ဒူးထောက်၍
“ကျေးဇူးတင်ပါတယ် စီနီယာကြီး”
ရှန်မို လက်ယမ်းပြကာ
“ဘာမှမဟုတ်ပါဘူးဗျာ… ကျွန်တော်လည်း တစ်လှေတည်းစီးနေတဲ့သူပဲ”
သူ မိုင်ဟေးဟီထံသွား၍ ရင်ဘက်ပေါ် သူ့လက်တင်ကာ မီးစွမ်းအင် စိမ့်ဝင်စေလိုက်သည်။
ထိုအခါ မိုင်ဟေးဟီ တစ်ချက် သွေးအန်ပြီးနောက် မျက်နှာသည် ချက်ချင်း လန်းဆန်းလာ၏။
“အဆိပ်ဖြေပေးတဲ့အတွက်လည်း ကျေးဇူးပါဗျာ”
ယင်တစ္ဆေ၏ ရေခဲသွေးမြှားမှာ အလွန် အဆိပ်ပြင်းသည်။
ထိုပုံစံအတိုင်း ဆက်သွား၍ မြို့ရောက်မှ ကုပါက ကိုယ်တွင်းအင်္ဂါများအထိ ပျံ့နှံ့ကာ အသက်ရှင်လျှင်ပင် နောက်ထပ် (၁၀) နှစ်မျှသာ ထပ်နေနိုင်လိမ့်မည်။
ရှန်မို့ကူညီမှုကြောင့် အသက်ကယ်နိုင်သွားသည်။
“ကောင်းလုံ၊ ကောင်းရီ ကျောက်စိမ်းမြို့မှာ ကုန်ပို့ပြီးရင် ချက်ချင်း ပုန်းနေကြတော့”
ရှန်မို အကြံပေး၏။
ကောင်းလုံ နားမလည်နိုင်စွာဖြင့်
“ဘာလို့လဲ”
ရှန်မို ကုန်ပစ္စည်းများကို လက်ညှိုးထိုးကာ
“ခင်ဗျားတို့ ဘာသွားပို့ရလဲသိလား”
“အဲ့ထဲမှာ နှင်းနက်ပန်းခြောက်တွေလေ”
ကောင်းလုံမှ ပြန်ဖြေလိုက်သည်။
“နှင်းနက်ပန်းက အအေးဓာတ်ရှိတယ်… မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်တယ်… ပန်းခြောက်ဆိုပေမဲ့ သူ့အနံ့က ပျံ့နေတုန်းပဲ”
ကောင်းလုံ လန့်သွား၏။
ထိုအခါမှ အခြေအနေကို သဘောပေါက်သွားသည်။
ယင်တစ္ဆေကို ဆွဲဆောင်ရန် အသုံးချခံလိုက်ရခြင်း ဖြစ်သည်။
“စီနီယာကြီးရဲ့ အကူအညီကို တစ်သက်မမေ့ပါဘူးဗျာ”
ကောင်းလုံနှင့် ကောင်းရီတို့ ထပ်မံအရိုအသေ ပေးလေသည်။
ရှန်မို လက်ယမ်းပြ၍
“ကဲပါ… ရွက်ဆက်လွှင့်တော့… အချိန်ကြာနေလို့ မဖြစ်ဘူး”
“ဟုတ်ကဲပါ”
…
(၃) ရက်အကြာတွင်။
ကုန်သင်္ဘောကြီးမှာ ကျောက်စိမ်းပင်လယ်မြို့ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာ၏။
သူတို့သင်္ဘောမှာ လူအများစိတ်ဝင်စားမှု ခံနေရသည်။ အကြောင်းမှာ ရွက်များစုတ်၊ တိုင်များကျိုးကာ ပျက်စီးနေသော်လည်း လူအားလုံး ဘေးကင်းစွာ ရောက်လာကြ၍ ဖြစ်သည်။
ရှန်မို ကုန်းပတ်ပေါ်တက်ကြည့်၍ ဆိပ်ကမ်းဘက်ငေးကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေသည်။
ယုကျောက်၏ မြို့ကြီးများထဲမှတစ်ခု ပီသပါသည်။
ရွှမ်ကျန်းဒေသထဲမှ နတ်ဓားမြို့၊ မြစ်ကြီးမြို့များထက် အသက်ဝင်၏။
မြစ်ပြင်ပေါ်၌ အခြားသင်္ဘောများလည်း ရွေ့လျား ဆိုက်ကပ်လာသည်။ လေထဲ၌ သင်္ဘောသားများ၊ တံငါသည်များ၏ အသံများ ပျံ့လွင့်လာ၏။
ကောင်းမြေးအဖိုးမှာ ရှန်မို့ကို နှုတ်ဆက်ပြီး အလုပ်အတွက် ထွက်သွားကြလေသည်။
“ဘာလို့ ကျွန်တော့်နောက် လိုက်နေတာလဲ”
ရှန်မို သူ့အနောက်မှ မိုင်ဟေးဟီအား လှည့်ကြည့်ကာ ပြောသည်။
သူ မျက်လုံးလေး ကလယ်ကလယ်ဖြင့်
“ကောင်းလုံတို့ကို လာတိုက်ခိုက်နေလို့ သတိထားရမယ်ဆိုတော့ ကျွန်တော်လည်း သတိထားရမယ်လေ”
“စီနီယာကြီးအနားမှာနေရင် ဘေးကင်းမယ် ထင်လို့ပါ”
ရှန်မို ပြုံးမိ၏။
ထိုလူသည် အင်အားအရမ်းမကြီးသော်လည်း အသက်အရွယ်အရ ဗဟုသုတများ၏။ ထို့အပြင် စိတ်ထားလည်းမှန်ပုံ ရသည်။
ယင်တစ္ဆေပေါ်လာချိန်၌ ကောင်းမြေးအဖိုးအတွက် ကြိုးစားတိုက်ခိုက်၍ အနစ်နာခံ၏။
“အသက် (၃၀၀) တောင် နေလာပြီးပြီပဲ… အရှိန်အဝါ ဖုံးကွယ်ထားနိုင်တဲ့နည်း မရှိဘူးလား”
သူ ခေါင်းယမ်း၍
“ရှိပေမဲ့ စီနီယာကြီးနောက်ပဲ လိုက်ချင်ပါတယ်”
ရှန်မို ရယ်မောကာ
“ကျွန်တော်က ကျောက်စိမ်းမြို့ကို အခုမှ ရောက်ဖူးတာဆိုတော့ လမ်းပြလုပ်ပေးဗျာ”
မိုင်ဟေးဟီ ခေါင်းတဆတ်ဆတ်ငြိမ့်၍
“ဒါပေါ့ ဒါပေါ့ ဘယ်သွားချင်ပါသလဲ စီနီယာ”
“ကျောက်စိမ်းဂိုဏ်းကို”
“အဲ့နေရာလား… သိတာပေါ့ဗျာ… ခေါ်သွားပေးမယ်”
“ကောင်းပါပြီ”
သူတို့နှစ်ယောက် လျှောက်လာရင်း ရှန်မိုမှ
“ဒါနဲ့ ကောင်းမြေးအဖိုးကိုပေးတဲ့ လက်နက်က ခင်ဗျားကိုယ်တိုင် လုပ်တာလား”
သူ ရယ်လျက်
“အမှန်တော့ ငယ်ငယ်တုန်းက ခရီးတွေသွားရင်း အဂ္ဂိရက်ဆရာကြီးတစ်ယောက်ဆီ ခိုလှုံဖူးပါတယ်… သူက ကျွန်တော့်မှာ ပါရမီရှိမှန်းတွေ့ပြီး အနီးကပ် လေ့လာခွင့်ပေးခဲ့တာ”
“အဲ့လက်နက်က ရေပူဖောင်းလို့ခေါ်တယ်”
မိုင်ဟေးဟီ စာအုပ်တစ်အုပ်ထုတ်ကာ
“စီနီယာ စိတ်ဝင်စားရင် ကျွန်တော် ပေးလိုက်မယ်လေ”
“ခဏ ကြည့်ကြည့်ပါမယ်”
သူ လှမ်းယူ၍ လမ်းလျှောက်ရင်း ဖတ်ကြည့်သည်။
အကြောင်းအရာမှာ အဆင့်မြင့် တည်ဆောက်ပုံ မဟုတ်ဘဲ အချက်အလက်များသာဖြစ်၏။ သို့သော် အသုံးဝင်လှသည်။
သူ ရေအောက်ထဲ သွားရသည့်အခါ အရေးပါမည်ဟု တွေးမိ၏။
“စီနီယာ ရောက်ပါပြီ… အရှေ့မှာ ကျောက်စိမ်းဂိုဏ်း ခန်းမပါ”
မိုင်ဟေးဟီ အရှေ့နားကို လက်ညှိုးထိုးပြ၏။
ရှန်မို ခေါင်းငြိမ့်ပြကာ
“သွားကြစို့”
မိုင်ဟေးဟီ တွန့်သွားပြီး
“အထဲဝင်မလို့လား… အဲ့လို ပေးမဝင်ဘူးလေ… ခေါင်းဆောင်က စည်းမျဉ်းထုတ်ထားတယ်… ဂိုဏ်းကြီး (၃) ခုက တပည့်တွေပဲ ခွင့်ပြုတာ… ဂိုဏ်းငယ်က တပည့်တွေ၊ အလွတ်တန်းကျင့်ကြံသူတွေက အပြင်ကပဲ စောင့်ရတယ်”
“မဖိတ်ဘဲသွားရင် ရက်ရက်စက်စက် တိုက်ခိုက်မှာ”
ရှန်မို ရယ်မော၍
“ဪ အဲ့လိုစည်းမျဉ်းရှိတာလား… စိတ်မပူပါနဲ့… ကျွန်တော့်နောက်ကသာ လိုက်ခဲ့”
ဤသို့ဖြင့် ဝင်ပေါက်ရှေ့ ရောက်လာကြလေသည်။