← Chapters

အခန်း (၂၀၂-၂၀၃)

Vol. 14 Ch. 202-203

အခန်း (၂၀၂-၂၀၃)

Vol. 14 Ch. 202-203

Chapter 202: ဒီလောက်အသက်ငယ်တဲ့သူက ဘယ်လို ဖြစ်နိုင်မှာလဲ

မိုင်ဟေးဟီ ရင်ထဲလေးလံနေသော်လည်း ရှန်မို့ယုံကြည်ချက်ကြောင့် ဆက်လိုက်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ရှန်မိုမှာ ခြေတည်ဝိညာဉ်အဆင့်ဖြစ်၍ ကျောက်စိမ်းဂိုဏ်းဖြစ်လျှင်ပင် လေးစားသမှု ရှိကြမည်မလား။

“ရပ်လိုက်”

ခြေတည်အဆင့် ကျင့်ကြံသူနှစ်ဦး ဂိတ်ပေါက်နားသို့ ရောက်လာသည်။

ရှန်မိုကိုတွေ့သောအခါ ချက်ချင်း လှမ်းတား၏။

“ဂိုဏ်းကြီး (၃) ခုနဲ့ ပတ်သက်သူတွေပဲ ဝင်ခွင့်ရှိပါတယ်… ကိစ္စရှိရင် အပြင်က ပြောပါ”

အစောင့်များမှာ ရှန်မိုနှင့် မိုင်ဟေးဟီတို့ကိုကြည့်၍ ပြောသည်။

“မင်းပဲလား… အလုပ်ခိုင်းထားတာရှိလို့မလား… အပြင်မှာ စောင့်နေဦး”

အစောင့်စကားကြောင့် မိုင်ဟေးဟီ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ

“ဟုတ် ဟုတ်ကဲ့ပါဗျ”

ရှန်မို ရယ်မောမိ၏။

စိတ်ဝင်စားစရာပဲ။

ဂိုဏ်းထဲမှ ခြေတည်အဆင့်မှာ မြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်သော မိုင်ဟေးဟီအား ဦးညွှတ်စေအောင် ပြုလုပ်နိုင်သည်။

ဂိုဏ်းကြီး (၃) ခုဆိုသည်မှာ အတော်လေး အင်အားကြီးမှန်း သိသာပါသည်။

သူ နေရာမှန် ရောက်လာခဲ့၏။

ထို့နောက် သူ တိုကင်ပြားလေးထုတ်ပေးလိုက်သည်။

ကျောက်စိမ်းပြားပေါ်၌ “တစ်ဆယ်” ဟု တရုတ်လို ရေးထား၏။

အစောင့်များ ထိုကျောက်စိမ်းပြားကို တွေ့သည်နှင့် ချက်ချင်း ဒူးထောက်လျက် အသံတုန်ရီစွာဖြင့်

“ခွင့်လွှတ်ပေးပါ ထိပ်တန်း (၁၀) အကြီးအကဲ… ကျွန်တော်တို့ သတိမထားမိလိုက်လို့ပါ”

ရှန်မို တည်ငြိမ်စွာဖြင့်

“ဘာမှမဖြစ်ရင် ပြီးတာပါပဲကွာ… အခု ဝင်လို့ ရပြီလား”

“ဒီက အဆောင်သခင်က ဘယ်သူလဲ”

“အဆောင်သခင် ဟီထျန်းချောင်က အခု စာပေလေ့လာနေပါတယ်… သူနဲ့ တွေ့ချင်လို့ပါလား အကြီးအကဲ… ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ”

မိုင်ဟေးဟီမှာ ဘာဖြစ်နေမှန်း နားမလည်နိုင်ဘဲ အူကြောင်ကြောင်ဖြင့် လိုက်သွား၏။

ခန်းမအထဲမှာ အပြင်နှင့် အလွန်ကွာခြားသည်။

အပြင်မှကြည့်လျှင် သာမာန်ဆိုင်တစ်ခုကဲ့သို့ ရိုးရှင်းသော်လည်း အထဲ၌မူ ဖုံးကွယ်ထားသော အံ့ဩစရာများ ရှိနေသည်။

တန်ဖိုးကြီးရတနာများ၊ ရှားပါးအပင်များမှာ ထောင့်တိုင်း၊ စားပွဲတိုင်း၌ တင်ထား၏။

လေတစ်ချက်ရှူရှိုက်ရုံဖြင့် လန်းဆန်းသွားသလို ခံစားရသည်။

အသေးစိတ်တစ်ခုချင်းစီတိုင်းမှာ ယုကျောက်၏ ထိပ်တန်း (၃) ဂိုဏ်းထဲပါဝင်ကြောင်း ထင်ရှား၏။

ကျောက်စိမ်းခန်းမထဲ ရောက်သောအခါ မိုင်ဟေးဟီ မျက်လုံးပြူးလျက် အလွနိအံ့ဩနေသည်။

“တစ်ခါမှ မရောက်ဖူးတဲ့ပုံပဲနော်… ခုနက ဒီနေရာနဲ့ ရင်းနှီးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”

ရှန်မိုမှ နောက်လိုက်၏။

မိုင်ဟေးဟီ ခေါင်းကုတ်လျက်

“ခဏခဏတော့ ရောက်ပေမဲ့ အပြင်ကပဲစောင့်ပြီး ခိုင်းတာ လုပ်ပေးရတာ… ခန်းမထဲ တစ််ခါမှ မရောက်ဖူးဘူး”

ခဏအကြာတွင် အစောင့်မှ ရှန်မိုတို့ကို တိတ်ဆိတ်သော စာဖတ်ခန်းဆီသို့ လိုက်ပို့၏။

ထို့နောက် တံခါးဖြည်းဖြည်းခေါက်ကာ

“သခင် အကြီးအကဲတစ်ယောက်က တွေ့ချင်လို့ပါတဲ့”

“ဝင်ခဲ့လေ”

တံခါးပွင့်သွား၏။

ရှန်မို ဝင်လိုက်သောအခါ စာရွက်နံ့များ သင်းခနဲ ရလိုက်သည်။

မျက်ခုံးကောင်းကောင်း၊ စူးရှရှ မျက်ဝန်းများဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ လေထဲတွင် လွင့်ဝဲလျက် ကျင့်ကြံလျက် ရှိသည်။

သူ ရှန်မိုတို့ကို သေချာကြည့်ပြီးနောက် မိုင်ဟေးဟီအား အာရုံစိုက်ကာ

“ဒီအကြီးအကဲကို မတွေ့ဖူးပါဘူး… ဘာလို့ပါလိမ့်”

ရှန်မို ရယ်မောမိသည်။

မိုင်ဟေးဟီမှာ အသက်ကြီး၍ ပညာရှိပုံပေါ်သောကြောင့် ဟီထျန်းချောင် သူ့ကို အကြီးအကဲဟု အထင်လွဲမိသည်မှာ မဆန်းပေ။

မိုင် နေရခက်စွာပြုံး၍

“သခင်ဟီ အထင်လွဲနေပြီထင်တယ်… ဒီအကြီးအကဲကမှ ကျွန်တော့်ဆရာပါ… ကျွန်တော်က နောက်လိုက်ပါပဲ”

ဟီထျန်းချောင် ရှန်မို့ကို သေချာပြန်ကြည့်၏။

ဤမျှ ငယ်ရွယ်သူမှာ ခြေတည်ဝိညာဉ်အဆင့် မဖြစ်နိုင်ပေ။

ပုံမှန်အားဖြင့် ခြေတည်ဝိညာဉ်အဆင့်ရောက်ရန် အသက် (၂၀၀) ကျော်မှ ဖြစ်နိုင်သည်။

ထို့ကြောင့် ငယ်ရွယ်ပုံ ပေါ်လျှင်ပင် အသက် (၄၀-၅၀) ဝန်းကျင်ပုံ ရှိ၏။

သူ မျက်မှောင်ကြုတ်လျက်

“ကောင်လေး… မင်း ဂိတ်စောင့်တွေကို ဘယ်လို လှည့်စားခဲ့လဲတော့ မသိဘူး… ဒါပေမဲ့ ငါ့ကိုလည်း အဲ့လို လှည့်စားနိုင်မယ် ထင်နေရင်တော့ မှားသွားပြီ”

“ထွက်သွားတော့… ငါ ဒီနေ့ စိတ်ကြည်နေလို့ ဘာမှမဖြစ်ခဲ့သလို သဘောထားပေးလိုက်မယ်”

ထို့နောက် သူ မျက်လုံးပြန်မှိတ်ကာ ကျင့်ကြံမှုအား အာရုံစိုက်လိုက်သည်။

ရှန်မို တည်ငြိမ်စွာဖြင့်

“သခင်ဟီ ဒီပစ္စည်းကိုရော မှတ်မိလားဗျ”

သူ တိုကင်ပြားကို ထုတ်ပြ၏။

ဟီထျန်းချောင် မျက်လုံးပြန်ဖွင့်ကြည့်သောအခါ ထိပ်တန်းအဖွဲ့မှ (၁၀) ယောက်မြောက် အကြီးအကဲ၏ ကျောက်စိမ်းပြားကို တွေ့ရလေသည်။

“ဒါကို… မင်း ဘယ်လိုရလာတာလဲ”

“ငါတို့အကြီးအကဲကို တိုက်ခိုက်ပြီး ခိုးလာတာလား”

ဟီထျန်းချောင် လန့်သွား၏။

ရှန်မို စိတ်ပျက်လက်ပျက် ခေါင်းယမ်းမိသည်။

ပြောရဆိုး ခက်လိုက်တာ ဒီလူ။

“ကျွန်တော်က ရွှမ်ကျန်းဒေသက ရှန်မိုပါ… လွန်ခဲ့တဲ့ လဝက်လောက်က ခြေတည်ဝိညာဉ်အဆင့် တက်သွားပြီး အကြီးအကဲလုတုံရွှမ်က လူသစ်ခန့်လိုက်တာပါ”

သူ အစပိုင်းတွင် စိတ်မဝင်စားပုံ ပေါ်သော်လည်း လုတုံရွှမ်နာမည်ကြားကာ လန့်သွား၏။

“လု… လုတုံရွှမ်လား”

“ဘုရားရေ… ငါ မှတ်မိပြီ”

“အကြီးအကဲလု ခန့်ထားတဲ့သူကိုး”

“ထိုင်ပါဦးဗျ”

“ခုနက ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော်”

ဟီထျန်းချောင် ခုံကိုလက်ပြကာ လက်ဖက်ရည်ချက်ချင်း စီစဉ်ပေး၏။

ယခုအချိန်တွင် အပြုအမူမှာ လုံးဝ ပြောင်းလဲသွားလေပြီ။

ထိုပုံစံကြောင့် မိုင်ဟေးဟီ မယုံကြည်နိုင် ဖြစ်နေ၏။

“အကြီးအကဲလု ဆက်သွယ်ရေးကျောက်ပြားကနေ ပြောထားပါတယ်… သူခန့်ထားတဲ့ အကြီးအကဲသစ် ခဏနေ ရောက်မယ်ဆိုပြီး”

“ဒါပေမဲ့ နာမည်မပြောတော့ ဒီလောက်ငယ်တဲ့ အကြီးအကဲ လာမယ်လည်း မထင်တာနဲ့”

ဟီထျန်းချောင် နေရခက်စွာ ရယ်မော၍ သူ့ကိုယ်သူ ကာကွယ်ပြော၏။

ရှန်မို လက်ဖက်ရည်သောက်လျက်

“ကျွန်တော်က ကျောက်စိမ်းဂိုဏ်းရဲ့ တရားဝင်အကြီးအကဲတော့ မဟုတ်သေးပါဘူး”

“အဲ့ဒါ မစိုးရိမ်ပါနဲ့ဗျာ… ကျွန်တော် ဂိုဏ်းကို အခုပဲ အကြောင်းကြားလိုက်မယ်”

“အလွန်ဆုံး တစ်ရက်ပဲ… စာကျလာတာနဲ့ ကျွန်တော်ကိုယ်တိုင် ဂိုဏ်းကြီးဂိတ်ကို လိုက်ပို့ပါ့မယ်”

ရှန်မို ခေါင်းငြိမ့်ပြ၏။

“အကြီးအကဲရှန် ခရီးက ပင်ပန်းလာမှာပေါ့… နေစရာနဲ့ စားစရာတွေ အခု ပြင်ပေးပါမယ်”

“ပါလာတဲ့လက်ထောက်ကိုလည်း စောင့်ရှောက်ပေးမှာပါ”

“ကောင်းပါပြီ ကျေးဇူးပါပဲ သခင်ဟီ”

မိုင်ဟေးဟီမှာ စိတ်လှုပ်ရှားနေ၏။

ဂိတ်အပြင်မှ အမြဲစောင့်နေခဲ့ရသော အလွတ်တန်းကျင့်ကြံသူမှာ ကျောက်စိမ်းဂိုဏ်း၏ စားစရာများကို စားခွင့်ကြုံတော့ပေမည်။

သူ ရှန်မို့ကို လေးစားစွာ လှမ်းကြည့်မိ၏။

သူတို့နှစ်ဦး ထွက်သွားမှ ဟီထျန်းချောင် ချွေးများသုတ်လျက်

“တခြား အရမ်းဆန့်ကျင်ပြီး မပြောမိတာ တော်သေးတယ်… မဟုတ်ရင် လုတုံရွှမ် ငါ့အရက်တွေ လာခိုးမှာ”

“ဒါပေမဲ့ ရှန်မိုက တကယ် ဘယ်သူလဲ… ဒီလောက် ငယ်ငယ်လေးနဲ့ ခြေတည်ဝိညာဉ်အဆင့် ရောက်နေတာလား”

“တကယ်သာဆိုရင်တော့ လုံးဝပါရမီရှင်ပဲ”

“နောက်ပိုင်း ယဲ့ယန်ကိုတောင် ယှဉ်နိုင်လောက်တယ်”

“နောက်ပြီး လုတုံရွှမ် ခန့်တာဆိုတော့ ထိပ်တန်းအဖွဲ့ထဲ ဝင်မှာပဲ… ငါ သတိထားရမယ်”

နောက်တစ်နေ့ နံနက်။

ရှန်မို နိုးသောအခါ ကျောက်စိမ်းဂိုဏ်း တပည့်တစ်ဦးမှ ငါးစွပ်ပြုတ် လာပို့ပေး၏။

ရနံ့မှာ မွှေးကြိုင်လျက် ဘေးတွင် ဖြတ်သွားရုံဖြင့် ဆွဲဆောင်နိုင်သည်။

ရှန်မို စားကြည့်သောအခါ အရသာလည်း အလွန်ကောင်းလေသည်။

မိုင်ဟေးဟီလည်း အတူစားရင်း အလွန်အံ့ဩ ကျေနပ်နေ၏။

ထိုစဉ် ဟီထျန်းချောင် ရောက်လာပြီး

“အကြီးအကဲရှန် ဂိုဏ်းဘက်က စာကျပါပြီ… သွားရအောင်”

“ကောင်းပြီလေ… မိုင်ဟေးဟီက ဒီမှာပဲ စောင့်နေပါ”

ရှန်မိုမှ မှာခဲ့သည်။

“ဟုတ်ကဲ့ပါ”

Chapter 203: တောင်ထိပ် (၁၀) က ဒီလိုပဲလား

ကျောက်စိမ်းမြို့ မြောက်ပိုင်းတွင် ဟုန်ထိုက်တောင်တန်း ရှိ၏။

ထိုတစ်လျှောက် ထိုက်တောင်မှာ နာမည်အကြီးဆုံး တောင်ထိပ်ဖြစ်သည်။

တောင်တန်းတစ်လျှောက်လုံး ကျောက်စိမ်းဂိုဏ်းထဲ ပါဝင်ပြီး စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝကာ ရှားပါးသော သားကောင်များလည်းရှိ၍ ကျင့်ကြံသူတိုင်း သွားချင်ကြသော အိပ်မက်ရှိ၏။

သို့သော် ကျောက်စိမ်းဂိုဏ်းမှာ တပည့်ရွေးခြယ်ရာ၌ပင် တင်းကြပ်၍ အားနည်းသူများသည် ဂိုဏ်းထဲပင် ဝင်ခွင့်မရကြ။

မြုတေဖွဲ့စည်းခြင်းအဆင့်မှ မျှော်လင့်နိုင်သည်။

ထိုက်တောင်တစ်လျှောက် တောင်မှမြောက်၊ အရှေ့မှအနောက်၊ သေမျိုးမှ ကျင့်ကြံသူ အားလုံး ကျောက်စိမ်းဂိုဏ်းအား သန့်စင်မွန်မြတ်သော မြေအဖြစ် လေးစားကြလေသည်။

ရှန်မို ခရီးတွင် ဖြတ်ကျော်လာရင်း ဟီထျန်းချောင်အား ဂိုဏ်းအကြောင်း မေးမြန်းစုံစမ်းခဲ့သည်။

ထို့ကြောင့်လည်း ဂိုဏ်းတွင်းအခြေအနေကို အတော် နားလည်လာ၏။

(၂) ရက်မျှ ပျံသန်းကြပြီးနောက် ရှန်မိုတို့ ဟုန်ထိုက်တောင်တန်းသို့ ရောက်လာကြသည်။

“အကြီးအကဲရှန် ရောက်ပါပြီ”

ဟီထျန်းချောင် ရှေ့ကိုလက်ညှိုးထိုးကာ ပြလိုက်၏။

ရှန်မို ခေါင်းငြိမ့်ပြကာ လှမ်းကြည့်သည်။

ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝမှန်းသိသာကာ အသက်ရှူရုံဖြင့် (၁၀) နှစ်ခန့် ပိုငယ်သွားသလို ခံစားရ၏။

သူတို့ လေ့ကျင့်ရေးကွင်းထဲ ဆင်းသက်လိုက်ကြသည်။

လေ့ကျင့်ရေးကွင်းမှာ ချင်းရွှမ်တစ်ဂိုဏ်းလုံးထက်ပင် ပိုကျယ်သေး၏။

မြေပြင်တွင် ကျောက်ပြားများ ခင်းထားပြီး ထိလိုက်သည်နှင့် အကာအကွယ်များ မြှုပ်နှံထားကြောင်း သိသာလေသည်။

ထိူမျှ မန္တန်အဆောင်မှာ ခြေတည်ဝိညာဉ်အဆင့် တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်လောက်သည်။

တပည့်များ၊ အလုပ်သမားများ ကွင်းထဲတွင် အလုပ်ရှုပ်နေကြသည်။

ရှန်မိုတို့၏ အရှိန်အဝါကြောင့် ချက်ချင်း သတိထားမိကာ ဦးညွှတ်နှုတ်ဆက်ကြလေ၏။

ထိုစဉ် မြုတေဖွဲ့စည်းခြင်းအဆင့် အလုပ်သမားတစ်ဦး ပြေးလာကာ နှုတ်ဆက်သည်။

“သခင်ဟီ ဂိုဏ်းထဲပြန်လာပြီနော်… ဘာကိစ္စများ ရှိလို့လဲ”

ဟီထျန်းချောင် ရှန်မိုအား လှည့်ကြည့်၍

“ဒါက အကြီးအကဲရှန်… အကြီးအကဲလုကိုယ်တိုင် ရွေးထားတဲ့ လူသစ်ပဲ”

“အဲ့ဒါ သူ့ကို ခေါ်လာပေးတာ”

ထိုအလုပ်သမားမှာ သဘောပေါက်သွားပြီး

“ကျွန်တော့်နောက် လိုက်ခဲ့ကြပါ… အကြီးအကဲအဆောင် ခေါ်သွားပေးပါမယ်”

ရှန်မို လိုက်သွားရင်း စိမ်းစိုသော အဆောက်အဦများကို ကြည့်မိ၏။

ဗျိုင်းဖြူများ၊ ကျားနက်များမှာ ဘေး၌ရှိသော ကျင့်ကြံသူများအား ဂရုမစိုက်ဘဲ အေးချမ်းစွာ အနားယူနေသည်။

“သခင်ဟီ ဘာလို့ အကြီးအကဲအဆောင်ကို သွားတာလဲ”

ရှန်မို လှည့်မေးလိုက်၏။

“စည်းမျဉ်းအရ အကြီးအကဲအသစ်တိုင်း အဆောင်ကို သွားတင်ပြရတယ်”

“အဲ့ကနေ အကြီးအကဲနဲ့တွေ့ပြီး ကျွမ်းကျင်ရာကို တာဝန်ပေးတယ်”

“အဆောင်ကိုတော့ (၁) ကနေ (၅) အတွင်း အကြီးအကဲတွေ တစ်လတစ်ခါ အလှည့်ကျ စောင့်ကြပ်ပေးတယ်”

“လောလောဆယ်က… အင်း…”

သူ တွေးမရတော့၍ အရှေ့မှ အလုပ်သမားကို လှမ်းမေးသည်။

“အခု အဆောင်ကို ကြည့်ပေးနေတာ ဘယ်သူလဲ”

“ဒုတိယအကြီးအကဲပါ”

ထိုစကားကြောင့် ဟီထျန်းချောင် မသက်မသာ ဖြစ်သွားသည်။

“ဘာလို့လဲ သခင်ဟီ”

ရှန်မို ပြန်မေးလိုက်၏။

“ဒီတစ်လော ကျွန်တော်ပြောခဲ့သလောက်ကနေ နားလည်ပါလိမ့်မယ်… အများကြီးတော့ မပြောချင်ဘူး”

“အရှေ့နားမှာ ရောက်ပြီ… ကျွန်တော် ဆက်မလိုက်တော့ဘူးနော်”

သူ ချောင်းဟန့်လိုက်ပြီး

“ဂိုဏ်းထဲ မရောက်တာကြာလို့ တောင်ထိပ် (၃) မှာ ခေါင်းဆောင်နဲ့ သွားတွေ့မလို့ပါ”

“နှုတ်ဆက်ပါတယ်ဗျာ”

ဤသို့ဖြင့် ရှန်မို အနည်းငယ်ဆက်သွားပြီးနောက်

“အကြီးအကဲရှန် ရောက်ပါပြီဗျ”

အလုပ်သမားမှ ရိုသေစွာ လှည့်ပြောသည်။

ရှန်မို ခမ်းနားထည်ဝါသော အဆောက်အဦကြီးကို ကြည့်နေမိ၏။

ဝင်ပေါက်တွင် အကြီးအကဲအဆောင်ဟု စာလုံးရေးထားပြီး ဓားအရှိန်အဝါများ တောက်ပနေသည်။

ရှန်မိုပင် မျက်လုံးကျိန်းသွား၏။

“အကြီးအကဲရှန် ဒုတိယအကြီးအကဲ စောင့်နေပါတယ်”

သူ ခေါင်းငြိမ့်ပြကာ အနောက်မှ လိုက်သွားသည်။

ဒုတိယထပ်၌ ခေါင်းဖြူဖြူအဘိုးအိုအား တွေ့ရ၏။

သို့သော် မျက်လုံးစူးရှရှ၊ ပေါ်လွင်သော နှာတံနှင့် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိသည်။

ဆံပင်ဖြူသာ မပါလျှင် သက်လတ်ပိုင်းအရွယ်ဟု အထင်မှားနိုင်၏။

“မင်းက ရှန်မိုလား”

ထိုအကြီးအကဲမှ ခပ်တည်တည်ကြည့်ကာ မေးလိုက်သည်။

“ဟုတ်ပါတယ်”

“လုတုံရွှမ်က ခန့်တာဆိုတော့ တောင်ထိပ် (၁၀) အဖွဲ့မှာ တာဝန်ကျမှာပေါ့”

သူ ဂရုမစိုက်သလို ဆက်ပြော၏။

“ငါတို့ဂိုဏ်းမှာ လက်နက်ပြုလုပ်ခြင်း၊ အဂ္ဂိရက်နဲ့ သားကောင်ထိန်းကျောင်းတာတွေ လုပ်တယ်”

“အခု သားကောင်ထိန်းအပိုင်းက ပြန်ရုန်းနေတုန်းဆိုတော့ မင်းက ကျောက်စိမ်းမြု့ပြင်က မြွေနဂါးတောင်သွားပြီး လေ့လာပါ”

ရှန်မို့ စိတ်ခံစားချက်ကိုမမေးဘဲ တာဝန်ခွဲပေးပြီးနောက် လက်ပြကာ ပြန်ခိုင်းလိုက်သည်။

အလုပ်သမားမှ ဒုအကြီးအကဲအား ခပ်တိုးတိုးဖြင့်

“ရိုးရာအရ အကြီးအကဲရှန်အတွက် ဝတ်ရုံ လိုပါသေးတယ်”

ထိုအခါမှ ဒုတိယအကြီးအကဲမှာ လုပ်ပြုံး၍

“ဪ ဟုတ်သားပဲ… မေ့တော့မလို့”

သူ အဖြူရောင်အကြီးအကဲဝတ်ရုံအား ထုတ်ပေးလိုက်သည်။

“ကဲ အခု လုပ်စရာရှိတာ သွားလုပ်တော့… မဟုတ်တဲ့လူတွေနဲ့ မပေါင်းနဲ့… ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့”

သူလည်း ပြန်ထိုင်၍ အလုပ်များ ဆက်လုပ်ရင်း ပြောလေ၏။

ရှန်မို ဆက်မပြောနိုင်ဘဲ ဦးညွှတ်နှုတ်ဆက်၍သာ ပြန်လာသည်။

အပြင်ရောက်သောအခါ အလုပ်သမားသည် ရှန်မို့ကို ဝတ်ရုံလှမ်းပေး၍ တုန်ရီစွာဖြင့်

“ဂရုစိုက်သွားပါ အကြီးအကဲရှန်… တောင်ထိပ် (၁၀) နဲ့ ပတ်သက်တဲ့သူမှန်းသိရင် ဒီကို မခေါ်လာရဲပါဘူးဗျာ”

သူ နေရခက်စွာပြုံး၍ ချက်ချင်း ထွက်သွားတော့သည်။

ရှန်မို တည်ငြိမ်စွာတွေးရင်း ကျန်ခဲ့၏။

“ငါ့အထင် မှန်နေပြီပဲ… ဒုတိယအကြီးအကဲနဲ့ အကြီးအကဲ (၁၀) ကြား ပြဿနာရှိမယ့်ပုံမျိုး”

ရှန်မို ခေါင်းယမ်းမိလေသည်။

“လူအချင်းချင်းကတော့ ပြဿနာရှိတတ်တာပေါ့… အရင်ဆုံး တောင်ထိပ် (၁၀) ကို အရင်သွားကြည့်လိုက်မယ်”

“အကြီးအကဲ (၁၀) ကရော ဘယ်လိုလူမျိုးလဲ မသိဘူး”

ရှန်မို အနားမှ တပည့်တစ်ဦးကို လမ်းမေး၍ ထွက်လာခဲ့သည်။

ခဏအကြာတွင် ကောင်းကင်ဘုံအထိ ထိုးဖောက်နေသည် ထင်ရသော တောင်ထိပ် (၁၀) သို့ ရောက်လာသည်။

အခြားတောင်များနှင့် မတူဘဲ အဆောက်အဦလည်း နည်း၏။

သူ တောင်ထိပ်သို့ ဆင်းသက်လိုက်သည်နှင့် အသံတစ်ခု အရင်ဆုံး ကြားရသည်။

“ကြီးတဲ့ဘက်က လောင်းမလား… သေးတဲ့ဘက်ကလား ကြိုက်တာပြောလိုက်”

“အင်း… သေးတဲ့ဘက်… ကျွန်တော့် နောက်ဆုံးဆေးပုလင်း ဖြစ်နေပြီနော်”

“ဟုတ်ပြီ… ၃၊ ၅၊ ၅… အကြီးကွ… မင်းရှုံးသွားပြီ… ဆေးပုလင်း ငါ့အပိုင်ဖြစ်ပြီ”

“အာ… နောက်ဆုံးပုလင်းပါဆို”

ရှန်မို တစ်ချက်ရှုံ့သွား၏။

ဘာတွေဖြစ်နေတာလဲ။

လောင်းကစားလား။

တောင်ထိပ် (၁၀) မှာ ဒါက ပုံမှန်ပဲလား။

All Chapters