အခန်း (၂၀၆-၂၀၇)
Vol. 14 Ch. 206-207
Chapter 206: ဘာမဟုတ်တဲ့အဆင့်က စော်ကားရဲတယ်
မကြာမီ ရှန်မိုနှင့် ဟွမ်ခွမ်ရင်တို့ မြွေနဂါးတောင်တန်းသို့ လည်ပတ်ခြင်း စတင်လေသည်။
တောင်တန်းမှာ အကြမ်းအားဖြင့် (၃) ပိုင်း ခွဲခြားနိုင်ပြီး ကျောက်ဆောင်များ၊ ရေကန်များနှင့်၊ လိုဏ်ဂူများဟူ၍ ဖြစ်၏။
ထိုဒေသ (၃) ခုတွင် ကျွဲရိုင်းများ၊ တိမ်ပိုးကောင်ပျံများ၊ ကျောက်စိမ်းမျက်လုံ စပါးအုံးမြွေများ စသဖြင့် ခွဲခြား နေထိုင်ပြီး ပိုယဉ်သော သားကောင်များမှာတော့ အပြင်၌ လွတ်လပ်စွာ နေကြသည်။ ရှန်မို ကျောက်စိမ်းဂိုဏ်းထဲ၌ တွေ့ခဲ့သော နတ်ဗျိုင်းများ၊ ကျားနက်များမှာ အရိုင်းသဘာဝပျောက်နေသည့် သားကောင်များ ဖြစ်၏။
ရုတ်တရက် တောင်တန်းအပြင်ဘက်တွင် လူတစ်ယောက် ရောက်လာပြီး လှမ်းအော်သည်။
“ချန်ဖန်ယုံး အခု ထွက်သွား”
သူ့အသံမှာ စိတ်ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်၍ ထွက်လာသောကြောင့် အားနည်းသော သားကောင်များ ကြောက်လန့်တကြား ပြေးသွားကြသည်။
ရှန်မို မျက်မှောင်ကြုတ်မိ၏။
နတ်ဆိုးသားကောင် ပျိုးထောင်ရာတွင် အခြေခံအချက်မှာ မနှောင့်ယှက်ရန် ဖြစ်သည်။
ရှန်မို ဟွမ်ခွမ်ရင်နှင့်အတူ ထိုလူ့အနား သွား၏။
“ကျွန်တော်က အကြီးအကဲရှန်မိုပါ… ဒီမြွေနဂါးတောင်မှာ တာဝန်ကျပါတယ်… ခင်ဗျားက ဘယ်သူလဲ”
ထိုလူကို တွေ့သောအခါ ဟွမ်ခွမ်ရင် တွန့်သွားပြီး ရှန်မို့အနောက်တွင် ပုန်းနေ၏။
ထိုလူ ရှန်မို့ကို ခေါင်းအစခြေအဆုံး အထင်သေးသလို ကြည့်၍
“အာ အဘိုးကြီးကို လူသစ်လေးနဲ့ လဲလိုက်တယ်ပေါ့… အဲ့ဒါကြောင့် ကျွန်တော့်ကို မသိတာပေါ့လေ”
“ပြောပြမယ်… ကျွန်တော်က အလုပ်သမား ရှုကျီချန်း… အဆင့် (၂) အကြီးအကဲလက်အောက်မှာ ခစားတယ်… ဒီနေ့ကစပြီး ကျွန်တော်က မြွေနဂါးတောင်မှာ တာဝန်ထမ်းဆောင်မှာပါ”
“ဒီနှစ်အတွက် မြွေနဂါးတောင်ရဲ့ ရည်မှန်းချက်က ကျွဲရိုင်းသည်းခေ့ (၄၀၀) ပေါင်၊ တိမ်ပိုးကောင်ပျံ အသိုက် ပေါင် (၁၀၀၀)၊ ကျောက်စိမ်းမျက်လုံး စပါးအုံးမြွေ အရေခွံ (၆၀၀) ပေါင် ရရမယ်”
“ချန်ဖန်ယုံးကတော့ မနှစ်က မအောင်မြင်ခဲ့လို့ အခု ခင်ဗျားအလှည့်ပဲ… ထပ်ကျရှုံးအောင် မလုပ်နဲ့နော်”
“မဟုတ်ရင် အမှတ်လုံးဝ ရမှာမဟုတ်ဘူး”
သူ ထိုသို့ပြော၍ နှာခေါင်းရှုံ့ကာ ထွက်သွားလေသည်။
သူ့ပုံစံမှာ မာနကြီး၍ သူ့ကိုဂရုမစိုက်မှန်း သိသာ၏။
ရှန်မို မျက်ခုံးပင့်မိပြီး သူ့အရှိန်အဝါများ တောက်ပလာသည်။
ချက်ချင်းပင် ရှုကျီချန်းတစ်ယောက် သူ့အနောက်ဘက်တွင် လက်ကြီးတစ်ခုမှ ဆွဲထားသလို ခံစားရ၏။ မည်မျှ ကြိုးစားပါစေ လုံးဝ မရွေ့နိုင်ဖြစ်နေသည်။
မျက်နှာကြီးပင် နီလာပြီး အားကုန်လာ၏။
“ဘာမဟုတ်တဲ့ မြုတေဖွဲ့စည်းခြင်း အဆင့်နိမ့် အလုပ်သမားက ငါ့ကိုလာပြီး ဟောင်ရဲတယ်ပေါ့လေ”
ရှန်မို တည်ငြိမ်စွာ ပြောသည်။
ရှုကျီချန်း မကျေမနပ်ကြည့်ကာ
“မင်းကိုယ်မင်း ဘာလုပ်နေတယ်ထင်လဲ… ငါ့ကို အကြီးအကဲ (၂) စောင့်ရှောက်ထားတာနော်… အခုချက်ချင်း လွှတ်ပေး”
သူ့လေသံမှာ အခုထိ မလျှော့သေးပေ။
“ခွမ်ရင် မျက်လုံးမှိတ်ထားနော်… မကြည့်နဲ့”
ရှန်မို ကလေးမကို လှည့်ပြော၏။
“ဟုတ်ကဲ့”
သူ ချက်ချင်း မျက်လုံးအုပ်ထားလိုက်သည်။
“အလုပ်သမားက အကြီးအကဲကို ဦးမညွှတ်တာက စော်ကားတာပဲ”
“မင်း ဒူးမထောက်ချင်ရင် ငါ ကူညီပေးရမှာပေါ့”
ရှန်မို လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ငွေရောင် စိတ်ဝိညာဉ်စွမ်းအင်များ ထွက်လာပြီး ရှုကျီချန်း၏ ခြေထောက်များကို ညွှတ်ခွေသွားစေသည်။
ရှုကျီချန်း အလန့်တကြားအော်၍ ဒူးထောက်ကျသွား၏။
“ယန်ချီယဲ့လက်အောက်ကဆိုတိုင်း အကြီးအကဲတစ်ယောက်ကို ဒီလို စော်ကားလို့ ဖြစ်မလား”
“မင်းကြည့်ရတာ ယန်ချီယဲ့နဲ့ ပြဿနာတက်ပြီးသား ထင်ပါတယ်… မဟုတ်ရင် ဘာလို့ ဒီနေရာ အပို့ခံရမှာလဲ”
ရှန်မို့အသံမှာ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
ရှုကျီချန်းမျက်နှာမှာ အလွန်ဖြူဖျော့သွားပြီး သဘောလည်းပေါက်သွား၏။
ဒီရှန်မိုက အရင်ချန်ဖန်ယုံးလို မဟုတ်ဘူးပဲ… အာဏာစက်ရှိပြီး အင်အားကြီးတယ်… သူ ခုနက မာနကြီးမိခြင်းမှာ ရန်စသလို ဖြစ်သွားလေသည်။
ရှုကျီချန်း ချက်ချင်း ဒူးသေချာထောက်၍ ငိုယိုလျက်
“အကြီးအကဲရှန်ရယ် ကျွန်တော် မှားသွားပါတယ်… မှားသွားပါတယ်”
ရှန်မို အေးစက်စက်ဖြင့်
“ဂိုဏ်းရဲ့ လိုအပ်တဲ့တာဝန်က ဘာလဲ… သေချာဖြေနော်… ထပ်လိမ်ရင် မင်းပုံရိပ်ငယ်ပါ ဖျက်ဆီးပစ်မယ်”
ရှုကျီချန် တုန်ရီလျက် ရှိ၏။ သူ့ ဆုံးရှုံးသွားသော ခြေထောက်မှာ ရှားပါးဆေးများဖြင့် ပြန်ကုနိုင်လောက်သော်လည်း ပုံရိပ်ငယ် ပျက်စီးပါက ဘာမှမကျင့်ကြံနိုင်ဘဲ ဘဝပျက်လိမ့်မည်။
သူ မလိမ်ရဲတော့ဘဲ ချက်ချင်း ပြန်ဖြေ၏။
“ခုနက အရေအတွက်ကို ပိုပြောမိတာပါ… ဂိုဏ်းက လိုအပ်တာ ကျွဲရိုင်းသည်းခြေကျောက် ပေါင် (၂၀၀)၊ တိမ်ပိုးကောင်ပျံ ပေါင် (၅၀၀)၊ ကျောက်စိမ်းမျက်လုံး စပါးအုံးမြွေအရေခွံ ပေါက် (၃၀၀)… အဲ့ထဲက တစ်မျိုးမျိုးပါ”
ရှန်မို ထိုအခါမှ ပြုံး၍
“မင်းက ပြောတတ်တာပဲ… လိုအပ်တာရဲ့ (၂) ဆကို ပြောရုံတင် မကဘူး… အကုန်လုံးတဲ့လား”
ရှုကျီချန်း ထပ်တောင်းပန်ပြန်သည်။
“ကျွန်တော် မှားသွားပါတယ်ဗျာ… ဂိုဏ်းစည်းမျဉ်းအတိုင်း အပြစ်ပေးပါ အကြီးအကဲ”
ရှန်မို သူ့အကြံကို သဘောပေါက်ပါသည်။
ဂိုဏ်းကြီးလေ စည်းမျဉ်းရှုပ်ထွေးလေဖြစ်ပြီး အကြီးအကဲများမှာ အလုပ်သမားများ၊ တပည့်များကို စီရင်အပြစ်ပေးပိုင်ခွင့် မရှိပေ။
ရှန်မို အေးစက်စက်ဖြင့်
“ယန်ချီယဲ့ကိုသာ သွားပြန်ပြောလိုက်… ကိုယ့်အလုပ်သမားကိုယ် စည်းကမ်းတကျ ရှင်းဖို့… မဟုတ်ရင် ငါကိုယ်တိုင် ရှင်းမယ်”
“ဟုတ် ဟုတ်ကဲ့ပါ အခုပဲ သွားပါ့မယ်”
ရှုကျီချန်းမှာ ချက်ချင်း ပျံထွက်သွားတော့သည်။
ဟွမ်ခွမ်ရင် ထိုအခါမှ မျက်လုံး ပြန်ဖွင့်လာပြီး ဒေါသတကြီးဖြင့်
“အဲ့လူယုတ်မာက နှစ်တိုင်းလာပြီး အကြီးအကဲချန်နဲ့ အဘိုးကို ခြိမ်းခြောက်နေကျ… တစ်ခါတစ်လေ စိတ်ဝိညာဉ်ကျောက်တုံးတွေလည်း လုသေးတယ်”
“နေ့ညမပြတ် အလုပ်တွေလည်း တမင်ခိုင်းတာ”
ရှန်မို သူ့ခေါင်းလေးကို ပုတ်၍
“အဲ့လိုတွေ ထပ်မဖြစ်တော့ပါဘူး… ငါရှိနေပြီပဲ… ဘယ်သူမှ စော်ကားလို့ မရဘူး”
“ဟုတ်ကဲ့ ခွမ်ရင်လည်း အကြီးအကဲက ကြည့်လိုက်တာနဲ့ အရင်လူတွေနဲ့ မတူမှန်း သိပါတယ်… သတ္တိရှိပြီး ရဲရင့်တယ်… အင်အားလည်းကြီးတယ်”
ရှန်မို နားထောင်ရင်း ရယ်မောမိလေသည်။
ထိုစဉ် ညည်းသံတစ်ခုကြားရ၍ ရှန်မိုမှ မေး၏။
“အဲ့ဒါ ဘာအသံလဲ”
“တိမ်ပိုးကောင်ပျံ အမေတွေရဲ့ အသံလေ… အရင် အကြီးအကဲချန်လက်ထက်တုန်းက အရင်းအမြစ် မလုံလောက်လို့ သူတို့ကိုပါ အစာကောင်းကောင်း မကျွေးနိုင်တာ ကြာပြီ”
“သမီးလည်း ဘယ်ရီပြာပင်တွေစိုက်ပြီး မနည်းရှင်အောင် ထားရတာ”
ရှန်မို သူ့ခေါင်းလေးကို ထပ်ပုတ်၍
“အဲ့တော့ သူတို့အသံပေါ့လေ… ဘယ်ရီပြာရွက်တွေ လိုတယ်လို့ မင်းက ဘယ်လိုသိတာလဲ”
ဟွမ်ခွမ်ရင် ရှက်သွားသလိုဖြင့်
“တစ်ခါတစ်လေ အဘိုးပြောပြထားတာတွေကို မှတ်မိလို့ပါ”
ရှန်မို ခေါင်းငြိမ့်ပြ၍
“တော်လိုက်တာ… အခု သူတို့ကို သွားကြည့်တာပေါ့… ဒီတစ်ခါ အရင်းအမြစ်တွေ အများကြီးပါလို့ စားလို့ လောက်မှာပါ”
သူ အလွန်ပျော်သွားပြီး
“ကျေးဇူးအများကြီး တင်ပါတယ် အကြီးအကဲရှန်”
ထို့နောက် နှစ်ယောက်သား ခပ်မှောင်မှောင် လိုဏ်ဂူငယ်ထဲ ဝင်သွားသည်။
အရှေ့နား၌ လက်ဝါးအရွယ်ခန့်ပိုးကောင်ဖြူများကို တွေ့ရ၏။ ပုံမှန် ပိုးကောင်ဟု ထင်ရသော်လည်း ဆောင်းတွင်နွေး၍ နွေတွင် အေးစေသော အထူးချည်မျှင်ကို ထုတ်လုပ်ပေး၏။
အကြီးအကဲများ၏ ဝတ်ရုံလည်း ထိုသို့ရရှိခြင်း ဖြစ်သည်။
“ဂိုဏ်းက တောင်းဆိုတဲ့တာဝန်က ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ ပိုးကောင်အမေကြီးတွေ ဗိုက်ဆာနေတော့ သွေးစွမ်းအင် နည်းတာပေါ့…”
ရှန်မို လှမ်းကြည့်၍ ခေါင်းယမ်းမိ၏။
“အကြီးအကဲရှန် ဖြေရှင်းနည်း တွေ့လား”
“သမီးတော့ အကြီးအကဲရှန်ကို သဘောကျတယ်… အကြီးအကဲချန်လို အဆုံးမသတ်စေချင်ဘူးရ
ရှန်မို ရယ်လျက်
“ဒါပေါ့… အဖြေကတော့ ရှိပါတယ်”
“သူတို့ လိုတာတဲ့အတိုင်းတင်မကဘူး… ပိုပြီးတောင် ပေးဦးမှာ”
“အဲ့ဒါဆို အမှတ်ကောင်းက ငါတစ်ယောက်တည်း မဟုတ်ဘဲ မင်းနဲ့ မင်းအဘိုးတို့ပါ ရလိမ့်မယ်”
ဟွမ်ခွမ်ရင် ပျော်ရွှင်ခုန်ပေါက်၍
“ရေး… ခွမ်ရင်လည်း အမှတ်ရတော့မယ်”
Chapter 207: ရှန်မိုက ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး
ကျောက်စိမ်းဂိုဏ်း ၊ အကြီးအကဲများအဆောင်။
ထိုအချိန်တွင် ဒုတိယထပ်၌ လူ (၃) ဦး ရှိနေကြ၏။
အကြီးအကဲ (၂) ယန်ချီယဲ့မှာ သူ့စားပွဲတွင်ထိုင်၍ နေရပ်အသီးသီးမှ စာရွက်စာတမ်းများကို ပြင်ဆင် ဆောင်ရွက်နေသည်။
သူ့အနောက်တွင် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသော မျက်နှာအေးစက်စက်ဖြင့် လူငယ်လေးတစ်ဦး ရပ်နေ၏။
သူတို့ရှေ့ရှိ ကြမ်းပြင်ပေါ်၌ ရှုကျီချန်း ထိုင်လျက် ရှိသည်။
“အကြီးအကဲ (၂) ကျွန်တော့်အတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ”
“အဲ့ရှန်မိုက ကျွန်တော့်ခြေထောက်ကိုတောင် ဖြတ်ပစ်ရဲတယ်”
“ဒါ ဆရာ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုမျိုးပါပဲ”
ရှုကျီချန်း မျက်ရည်များတရှုံ့ရှုံ့ဖြင့် ပြော၏။
ယန်ချီယဲ့မှာ အေးစက်သောအမူအရာဖြင့်
“ဒီရှန်မိုကတော့… တော်တော် စိတ်ရှုပ်စရာကောင်းတာပဲ… သူ့ကိုယ်သူ တောင်ထိပ် (၁၀) ရဲ့ အကြီးအကဲ ဖြစ်လာတာနဲ့ပဲ စိတ်တိုင်းကျ လုပ်နိုင်မယ် ထင်နေတာလား”
ထို့နောက် အမူအရာပြောင်းကာ နူးညံ့သွားပြီး
“ကျီချန်း ပြန်နားလိုက်ဦးလေ… ခြေထောက် ပြန်ကောင်းသွားမှ ငါ့အတွက် လုပ်ပေးစရာတွေ ရှိသေးတယ်”
ရှုကျီချန်းမှာ ထိုသို့ကြားပြီး အလွန်ဝမ်းသာသွား၏။
အကြီးအကဲ (၂) က ငါ့ကို မစွန့်ပစ်သေးဘူးပဲ။
“ဟုတ်ကဲ့ ကျွန်တော့်အသက်နဲ့ရင်းပြီး ခစားပါ့မယ်”
တပည့် (၂) ဦး ဝင်လာပြီး ရှုကျီချန်းအား ထူပေးလိုက်၏။
သူတို့ ထွက်သွားသောအခါ ယန်ချီယဲ့မျက်နှာ အမူအရာလည်း ပြန်တည်သွားသည်။
“ယန် ဘယ်လိုထင်လဲ”
သူ့ဘေးတွင် ရပ်နေသော လူငယ်လေးမှာ ယဲ့ယန်ဖြစ်လေသည်။
သူ စူးရှသော အကြည့်များဖြင့်
“ကျွန်တော်တို့လမ်းရှေ့မှာ လာပိတ်နေရင်တော့ ရှင်းပစ်ရမှာပဲ”
ယန်ချီယဲ့ အားရပါးရ ရယ်မောကာ
“မင်းကတော့ အရင်အတိုင်း သတ်ဖို့ဖြတ်ဖို့ပဲ တွေးနေတုန်းပဲ”
“မှတ်ထားကွ… တစ်ခါတစ်လေ နှလုံးသားကို ထိခိုက်အောင်လုပ်တာက အသက်ကိုယူလိုက်တာထက် ပိုပြင်းထန်တယ်”
“နောက်ပြီး ဒီရှန်မိုဆိုတာ မင်းလိုမျိုး လူငယ်ပါရမီရှင်ပဲ… ဒီအတိုင်း သွားလှုပ်ရှားလို့ မရဘူး”
ယဲ့ယန် အံ့ဩကာ
“လူငယ်ပါရမီရှင်လား”
“ဟုတ်တယ်… ရွှမ်ကျန်းက ပါရမီရှင်ဆိုပြီး ရောက်လာတာ… ရွှမ်ကျန်းရဲ့ အင်အားအကြီးဆုံး နတ်ဓားဂိုဏ်းလေ… အဲ့က ဘိုးဘေးအကြီးအကဲ ခြေတည်ဝိညာဉ်အဆင့်ကိုတောင် ရှင်းလာတာ”
ယဲ့ယန် တည်ငြိမ်စွာဖြင့်
“သူက ရွာလေးကတက်လာတဲ့သူသာသာပါပဲ… အခြေခံလည်း မခိုင်လောက်ဘူး”
ယန်ချီယဲ့ ခေါင်းငြိမ့်ပြ၍
“အဲ့ဒါတော့ မှန်ပါတယ်”
“ဒါပေမဲ့ ရွှမ်ကျန်းဘက်က သတင်းပေးပြောတာတော့ ရှန်မို အဆင့်တက်တာက ပြီးပြည့်စုံတယ်တဲ့”
“အတိအကျ ပြောမရပေမဲ့ အနည်းဆုံး ကြာပွင့် (၇) လွှာရှိမှာလို့ ပြောတယ်”
“အဲ့တော့ မင်းအရည်အချင်းကိုရော သူနဲ့ယှဉ်ပြီး စစ်ကြည့်မလား”
ယန်ချီယဲ့ပြုံး၍ မေးလိုက်သည်။
ယဲ့ယန် ခေါင်းယမ်းကာ
“သူနဲ့ ပြိုင်လို့က ရပါတယ်… ဒါပေမဲ့ ကျွန်တော့်ပြိုင်ဘက်အဆင့်တော့ မဟုတ်သေးဘူး”
“ယှဉ်ပြောရရင် ဟိုတစ်နေ့က ကန်ကျန်းမြစ်ထဲ တွေ့ခဲ့တဲ့ ဝတ်ရုံနက်လူငယ်လေးကမှ ပြိုင်ချင်စရာ ကောင်းသေးတယ်”
ယန်ချီယဲ့ မျက်ခုံးပင့်မိပြီး
“ဪ… သူကရော ဘယ်သူလဲ… မင်းဆီကတောင် အထင်ကြီးခံရတယ်ဆိုတော့”
ယဲ့ယန် ပြန်မဖြေပေ။
ယန်ချီယဲ့ ရယ်၍ အတင်းထပ်မမေးဘဲ စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ဒါနဲ့ မြွေနဂါးတောင်မှာ ငါးပြာ (၁၀) ကောင် ရှိတယ်… ဒီအတိုင်း မထားနဲ့… ဒီရက်ပိုင်း သွားဖမ်းပြီး မင်းစီနီယာတွေကို (၃) ကောင် ပေးလိုက်… ကျန်တာ မင်းအတွက်ပဲ”
“ကျေးဇူးတင်ပါတယ် ဆရာ”
သူ ခေါင်းငြိမ့်နှုတ်ဆက်ကာ ထွက်သွားသည်။
မြွေနဂါးတောင်။
တဲအိမ်ငယ်တစ်ခု၌။
ဟွမ်ခွမ်ရင်မှာ ငယ်ရွယ်သော်လည်း ထက်မြက်သည်။
မကြာမီ တဲအိမ်လေးကို သပ်ရပ်စွာ ပြင်ဆင်ပြီးသွား၏။
ထိုနေရာမှာ ရှန်မို့အတွက် အဆောင်အသစ် ဖြစ်လေသည်။
တဲအိမ်သည် တစ်နှစ်ပတ်လုံး နေထိုင်ရန် သိပ်အဆင်မပြေသော်လည်း မမှုချေ။
အိမ်ကို ဂရုစိုက်ဆောက်လုပ်နေလျှင် အချိန်ကုန်ကာ ကျင့်ကြံမှု အားလျော့နိုင်၏။
“အကြီးအကဲ သမီး စားစရာသွားပြင်လိုက်ဦးမယ်နော်”
ခွမ်ရင် ဦးညွှတ်ကာ ထွက်သွားသည်။
ထိုအခါ ရှန်မိုလည်း သိုလှောင်လက်စွပ်ထဲမှ အကာအကွယ်အင်းများ ထုတ်လိုက်သည်။
ထိုထဲတွင် တည်ရှိမှု ဖုံးကွယ်ခြင်း၊ အန္တရာယ် အချက်ပေးခြင်း၊ အဆိပ်ငွေ့ထုတ်ခြင်း၊ အသံကာကွယ်ခြင်းတို့ ပါဝင်သည်။
ထိုအကာအကွယ်များမှာ သူ လုရှင်းယွဲ့ကို သတ်တုန်းက ရလာခဲ့ခြင်းဖြစ်၏။
ရှန်မို သူ့အဆောင်ပတ်လည်တွင် အကာအကွယ်များ ချပြီးနောက် လုံခြုံသွားသလို ခံစားရသည်။
သူ ဘဝအကြောင်း နားလည်ထားသလောက် ဟွမ်ပါရီမှာ သက်တမ်း သိပ်ကျန်တော့မည် မဟုတ်ချေ။ ဟွမ်ခွမ်ရင်မှာလည်း ဖြူစင်သည့် ကလေးငယ်အဆင့်သာ ရှိသေး၏။ အကာအကွယ်များမှာ ယွီတင်ဂိုဏ်းမှ ခြိမ်းခြောက်မှုများကို ခုခံရန် ဖြစ်သည်။
“ကဲ အားလုံး လုံခြုံရင် သရဖူရတနာကို မွမ်းမံလို့ရပြီ”
သူ ယင်တစ္ဆေထံမှရသော ယင်ပုလဲကို ထုတ်ကာ တင်ပျဉ်ခွေထိုင်၍ စတင်ကျင့်ကြံလေသည်။
ဤသို့ဖြင့် ရက်ပေါင်းများစွာ ကျော်လွန်လာ၏။
သို့သော် ယင်ပုလဲလုံးမှာ အလွန်အေးစက်သော ခံစားချက်ကို ပေးဆဲပင်။
သူစထုတ်လိုက်စဉ်တည်းက အပူချိန် ချက်ချင်းလျော့ကျ၍ ရှန်မိုပင် စွမ်းအင်ညီမျှရန် မနည်း ထိန်းထားရသည်။
ခဏအကြာ (၁၅) မိနစ်ခန့်မှ အရည်ပျော်သွားပြီး မီးခိုးနက်အဖြစ် ထွက်လာ၏။
ထို့နောက် ထိုမီးခိုးငွေ့စွမ်းအင်ကို ပုံရိပ်ငယ်တွင် ရစ်ပတ်လွှမ်းခြုံစေသည်။
ထိုအခါ ရွှေအမြုတေ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစည်းသွားပြီး သရဖူကဲ့သို့ ပုံပေါ်လာသည်။
အရောင်မှာလည်း မီးတောက်ကဲ့သို့ နီရဲနေရာမှ အဖြူရောင်သရဖူဖြစ်ပြီး တဖြည်းဖြည်း အစိမ်းဘက် ထပ်ပြောင်းသွား၏။
ရှန်မို အာရုံစိုက်ကြည့်ရင်း တွေးနေသည်။
“သရဖူက အရောင်နဲ့ အဆင့်ခွဲထားတာပဲ… အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်းနဲ့ ရွှေဆိုပြီး”
“အဖြူက အနိမ့်ဆုံး၊ ရွှေရောင်က အမြင့်ဆုံး”
“သာမာန်ယင်ပုလဲတောင် အစိမ်းအဆင့်တော့ သေချာပေါက် ရောက်တယ်”
သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေမိသည်။
ထိုစဉ် သရဖူအစိမ်းမှာ သူ့ခြေတည်ဝိညာဉ်ပေါ်တွင် ပျံဝဲလာသည်။
ထို့နောက် စွမ်းအင်များ ပြောင်းလဲလာသည်အား ခံစားမိ၏။
အရင်က (၃) ရက်တစ်ကြိမ်သာ သုံးနိုင်သော်လည်း ယခုအခါ နှစ်ရက်ခွဲတစ်ခါ စတင်နိုင်လေပြီ။
“ကောင်းတယ်… နောက်ထပ်အခွင့်အရေးရရင် ခြေတည်ဝိညာဉ်ကို အဆင့်မြင့်အမြုတေ ပြောင်းနိုင်ပြီ”
ရှန်မို တဲထဲမှထွက်ကာ မြွေနဂါးတောင်ရှိ ရေကန်ကြီးအနား ထွက်သွားသည်။
ရေကန်ကြီးတွင် ကျောက်စိမ်းမျက်လုံး စပါးအုံးမြွေများနှင့်အတူ ဖား၊ လိပ်၊ ငါးများစွာတို့ နေထိုင်၏။
ရှန်မို ဆက်သွားရင်း ရေကန်တစ်ခု တွေ့လေသည်။
ရေထဲတွင် ငါးပြာများရှိနေပြီး ရုတ်တရက် ကြည့်လျှင် ထူးခြားမှုကို သတိမထားမိနိုင်ကြပေ။