← Chapters

အခန်း (၁၀၄)

Vol. 8 Ch. 104

အခန်း (၁၀၄)

Vol. 8 Ch. 104

​လင်းပိုင်ဖန်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက်တွင် ကောက်ပဲသီးနှံများ ဖြစ်ထွန်းမှု အထူးကောင်းမွန်သည့် သတင်းသည် တိုင်းပြည်တစ်ဝှမ်းလုံးကို လျင်မြန်စွာဖြင့် ပျံ့နှံ့သွားခဲ့သည်။

​ “ဒီနှစ်မှာ ငါတို့နိုင်ငံရဲ့ ကောက်ပဲသီးနှံတွေ အထူးဖြစ်ထွန်းတယ်တဲ့”

“အစိုးရရဲ့ ပြောကြားချက်အရ ဒီနှစ်ထွက်ရှိတဲ့ ကောက်ပဲသီးနှံတွေက လူ ၁၀ သန်းကို တစ်နှစ်ပတ်လုံး ကျွေးမွေးဖို့ လုံလောက်တယ်တဲ့”

“ကောက်ပဲသီးနှံတွေ ဒီလောက်များတာ ကောင်းလိုက်တာ”

“လာမယ့်နှစ်အတွက်ဆိုရင် ငါတို့ အစားအစာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ဘူး”

“ဒီနေ့ကစပြီး ငါတို့တွေ နှစ်တိုင်း အစားအစာ ပြတ်လပ်တော့မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့မှာ စိုက်ပျိုးဖို့ အသင့်ဖြစ်နေပြီး မြေဩဇာကောင်းတဲ့ စိုက်ပျိုးမထားရသေးတဲ့ မြေတွေ အများကြီးရှိသေးတယ်လို့ ကြားရတယ်၊ အနာဂတ်မှာ မဟာရှနိုင်ငံရဲ့ မြေတွေဟာ ကောက်ပဲသီးနှံတွေနဲ့ ပြည့်နေပြီး အငတ်ဘေးကနေ ထာဝရ ကင်းဝေးသွားရလိမ့်မယ်”

​ “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ၊ မဟာရှ သက်တော်ရာကျော် ရှည်ပါစေ”

​ လူတိုင်း ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြသည်။ ပျော်လွန်းလို့ အော်ဟစ်ခုန်ပေါက်ကာ သီချင်းဆို ကခုန်နေကြသည်။

​ ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် အိမ်နီးချင်း အန်းနိုင်ငံကတော့ ဝမ်းနည်းမှုတို့နှင့် ဖုံးလွှမ်းနေသည်။ ၎င်းတို့၏ ကောက်ပဲသီးနှံ အထွက်နှုန်းသည် သိသိသာသာ လျော့နည်းလာခဲ့ပြီး အလွန်အမင်း ဆိုးရွားလှတဲ့ လျော့နည်းမှု ဖြစ်လာခဲ့သည်။

​ အန်းနိုင်ငံ နန်းတော်အတွင်း၌ အန်းနိုင်ငံ၏ ဧကရာဇ် သည် ပူပင်သောက ရောက်နေခဲ့သည်။ “ဒီနှစ် ကောက်ပဲသီးနှံ ဘယ်လောက် ထွက်ရှိသလဲ”

​ ဘဏ္ဍာရေးဝန်ကြီးက ဦးညွှတ်လိုက်ကာ နဖူးမှ ချွေးများစီးကျလျက် တုန်တုန်ရီရီဖြင့်- “အရှင်မင်းကြီး၊ ဒီနှစ် ကျွန်တော်မျိုးတို့ရဲ့ ကောက်ပဲသီးနှံ ထွက်နှုန်းက xx ဂျင် လောက်ပါပဲခင်ဗျာ”

​ “အဲဒါက မနှစ်ကနဲ့ ယှဥ်ရင် ဘယ်လောက် ကွာခြားလဲ” ဟု အန်းနိုင်ငံ၏ ဧကရာဇ်က မေးလိုက်သည်။

​ “ဒီ... ဒီဟာက...” ဘဏ္ဍာရေးဝန်ကြီးက တုံ့ဆိုင်းနေသည်။

​ အန်းနိုင်ငံ ဧကရာဇ်၏ မျက်လုံးများက ထက်ရှလာပြီး- “အမှန်တိုင်း ဖြေ! မလိမ်နဲ့၊ မဟုတ်ရင် မောင်မင်းကို ရာဇဝတ်မှုနဲ့ အပြစ်ပေးမယ်”

​ “မှန်လှပါ၊ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ဒီနှစ် ကောက်ပဲသီးနှံ ထွက်ရှိနှုန်းဟာ... ၇၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်”

​ အန်းနိုင်ငံ၏ ဧကရာဇ်သည် တုန်လှုပ်သွားကာ - “ဘာ၊ ၇၀ ရာခိုင်နှုန်းတောင် လျော့ကျသွားတာလား”

​ ထွက်ရှိနှုန်း လျော့ကျမယ်ဆိုတာ သိသော်လည်း ဒီလောက်ထိ ဆိုးရွားလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ ၎င်းတို့၏ နိုင်ငံသည် မူလကတည်းက မြေဆီလွှာ ညံ့ဖျင်းပြီး သီးနှံစိုက်ပျိုးရန် သင့်တော်သော နေရာက နည်းပါးလှသည်။ နှစ်စဉ် ထွက်ရှိသော သီးနှံ ပမာဏသည် နိုင်ငံ၏ လူဦးရေကို မနည်း ထိန်းထားနိုင်ရုံသာ တတ်နိုင်သည်။

​ သို့သော် ယခုမူ ထွက်ရှိမှု ၇၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်၊ ဆိုလိုသည်မှာ သာမန်ပြည်သူ ၇၀ ရာခိုင်နှုန်းသည် အငတ်ဘေးနှင့် ရင်ဆိုင်ရတော့မည်၊ အခြေအနေက အရမ်းကို ဆိုးရွားနေပြီဖြစ်သည်။ လူထုကို ကျွေးမွေးရေး ပြဿနာကိုသာ မဖြေရှင်းနိုင်ပါက ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာပေလိမ့်မည်။

​ အန်းနိုင်ငံ၏ ဧကရာဇ်သည် တွေးလေလေ မျက်နှာ ပိုဖြူဖျော့လာလေလေ ဖြစ်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “ငါတို့မှာ အခု အစားအစာ ဘယ်လောက် ကျန်သေးလဲ”

​ “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့မှာ အစားအစာ လုံးဝ မကျန်တော့သလောက်ပါပဲ” ဘဏ္ဍာရေးဝန်ကြီး၏ မျက်နှာသည် ပူပန်မှုတို့ဖြင့် ရှုံ့တွနေခဲ့သည်။ “ အရင်က မဟာရှမှ စစ်တပ်များ လာရောက်ပြီး ကျွန်တော်မျိုးတို့ရဲ့ အစားအစာ အားလုံးကို ယူဆောင်သွားခဲ့ပါပြီ။ မြို့တော်မှာရှိတဲ့ ဂိုဒေါင်များမှာသာ အစားအစာ အချို့ ကျန်ရှိပါတော့တယ်။ ဒါပေမဲ့ အဲဒါက တိုင်းပြည်တစ်ခုလုံးကို ထောက်ပံ့ဖို့ ဝေးစွ၊ စစ်တပ်တစ်ခုလုံးကို ထောက်ပံ့ဖို့အတွက်တောင် လုံးဝ မလုံလောက်တဲ့ ပမာဏ အနည်းငယ်မျှသာ ကျန်ပါတော့တယ်”

​ အန်းနိုင်ငံ ဧကရာဇ်၏ မျက်နှာသည် အသားအရောင် ကင်းမဲ့သွားခဲ့သည်။ အရာအားလုံးကို ပြန်စဉ်းစားကြည့်သည့်အခါ ဤဒုက္ခ အားလုံးသည် မဟာရှရောက်ရှိလာခြင်းမှ စတင်ခဲ့သည်ဟု တွေးမိလိုက်သည်။ စစ်သည်တွေနှင့် မြင်းများ ပျက်စီးခဲ့ရသည်။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ လုယက်ခံခဲ့ရသည်။ အစားအစာများကိုပါ တစ်စေ့တစ်မြူမကျန် လုယက်ခဲ့ရသည်။ မြေဆီလွှာ၏ ဩဇာဓာတ် ပြင်းထန်စွာ ဆုတ်ယုတ်ခဲ့ပြီး သီးနှံ မဖြစ်ထွန်းနိုင်တော့ကာ။ သတ္တုသယံဇာတ အများအပြားလည်း ကုန်ခန်းခဲ့ရသည်။ တိုင်းပြည်တစ်ခုလုံးသည်လည်း မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ဆွေးမြေ့ပျက်စီးနေသည်။

​ နောင်တတရားတို့သည် နှလုံးသားထဲတွင် ပြည့်နှက်လာခဲ့သည်။ ယခုအခါတွင် အင်အားကြီးမားသော ရှနိုင်ငံကို ရန်စမိခြင်းသည် ကြီးမားသော မှားယွင်းမှုဖြစ်ပြီး၊ မိမိတို့နိုင်ငံ၏ ကံကြမ္မာကို တိုက်ရိုက် ပျက်စီးသွားစေသည်ကို သိလိုက်ရသည်။ ယခုအချိန်တွင် ရန်သူသည် တစ်နေ့ထက်တစ်နေ့ ပို၍ ကြီးထွားလာပြီး ပို၍ အင်အားကြီးမားလာခဲ့သည်။

​ ထိုခဏတွင် အရာရှိတစ်ဦး အလျင်အမြန် ဝင်လာခဲ့သည်။

​ အန်းနိုင်ငံ ဧကရာဇ်၏ မျက်လုံးများ အရောင်တောက်လာပြီး- “အခြေအနေ ဘယ်လိုရှိလဲ၊ မဟာယွဲ့နိုင်ငံက ငါတို့ကို အစားအစာ ထောက်ပံ့ဖို့ သဘောတူခဲ့ပြီလား”

​ အရာရှိက ခေါင်းခါကာ အသံကျယ်လောင်စွာဖြင့်- “အရှင်မင်းကြီး၊ သူတို့က အစားအစာဟာ တန်ဖိုးရှိပြီး သူတို့ကိုယ်တိုင်လည်း ပိုလျှံမှု သိပ်မရှိဘူးလို့ ပြောပါတယ်။ သူတို့က အကူအညီ ပေးဖို့ ငြင်းဆန်ပြီး ကျွန်တော်မျိုးတို့ကို ရောင်းဖို့ကိုသာ သဘောတူနိုင်ပါတယ်”

​ အန်းနိုင်ငံ၏ ဧကရာဇ်က စိုးရိမ်တကြီးဖြင့်- “စားစရာ ရှိသရွေ့ အရေးမကြီးဘူး။ သူတို့ ပိုက်ဆံ ဘယ်လောက် လိုချင်လဲ”

​ “အရှင်မင်းကြီး၊ သူတို့ထံမှ အစားအစာ ဝယ်ယူရန်အတွက် ကောက်ပဲသီးနှံရဲ့ ဈေးနှုန်း နှစ်ဆ ပေးချေရမယ်လို့ ပြောပါတယ်”

​ “တောက်၊ သူတို့က ငါတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုကို အခွင့်ကောင်း ယူနေတာပဲ” အန်းနိုင်ငံ ဧကရာဇ်၏ မျက်နှာသည် ဒေါသဖြင့် မည်းမှောင်သွားခဲ့သည်။ မကြာသေးမီက သူသည် မဟာယွဲ့ကို ရှန်နိုင်ငံအား သိမ်းပိုက်နိုင်ရန် စစ်တပ်များ စေလွှတ် ကူညီခဲ့သည်။ သို့သော် ယခုအခါ ပြဿနာနှင့် ရင်ဆိုင်ရသောအခါ မဟာယွဲ့က အကူအညီ မပေးရုံသာမက၊ အနာပေါ် ဆားသိပ်ရုံသာမက သူ့တို့အား ခြေဖြင့်တောင် ကန်နေခဲ့သည်။ အစ်ကိုကြီးအဖြစ် အသိအမှတ် ပြုခဲ့ခြင်းသည် အချည်းနှီး ဖြစ်သွားခဲ့သည်။

​ ထိုအခိုက်တွင် အရာရှိနောက်တစ်ဦး အလျင်အမြန် ဝင်လာခဲ့သည်။

​ အန်းနိုင်ငံ ဧကရာဇ်က မေးလိုက်သည်- “ဖန်နိုင်ငံ ကရော ဘယ်လိုလဲ။ သူတို့ ငါတို့ကို အစားအစာ ပေးဖို့ သဘောတူခဲ့လား”

​ “အရှင်မင်းကြီး၊ ဖန်နိုင်ငံက သူတို့ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေဟာ သူတို့ကိုယ်တိုင်အတွက်တောင် မလုံလောက်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ကို အကူအညီ ပေးနိုင်မှာ မဟုတ်ပါဘူး”

​ အန်းနိုင်ငံ ဧကရာဇ်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။ ဖန်နိုင်ငံ၏ အခြေအနေသည် အမှန်ပင် ထိုအတိုင်းပင်ဖြစ်သည်။ သူတို့သည်လည်း မြေဆီလွှာ ညံ့ဖျင်းသော ဒေသများတွင် တည်ရှိပြီး ပြည်တွင်း၌ ရိတ်သိမ်းနိုင်သော ကောက်ပဲသီးနှံသည် ၎င်းတို့၏ ပြည်သူလူထုကို ကျွေးမွေးဖို့ပင် မလုံမလောက်ဖြစ်နေသည်။ အခြားနိုင်ငံကို ထောက်ပံ့ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

​ ယင်းနောက်တွင် အရာရှိများစွာ အစီရင်ခံရန် အလျင်အမြန် ဝင်လာကြသည်။ မည်သည့်နိုင်ငံကမျှ အကူအညီ မပေးနိုင်ခဲ့ပေ။ အချို့သော မြင့်မြတ် မိသားစုများကသာ ပေးနိုင်စွမ်း ရှိသည်။ သို့သော် သူတို့သည်လည်း အခြေအနေကို အခွင့်ကောင်းယူကာ ကောက်ပဲသီးနှံများကို ဈေးကြီးပေး၍ ရောင်းချနေကြသည်။ ဒါပေမယ့်လည်း သူတို့၏ အန်းနိုင်ငံသည် ဆင်းရဲမွဲတေနေသည်မှာ ကြာပြီ ဖြစ်ရာ ကောက်ပဲသီးနှံ ဝယ်ရန် အနိုင်နိုင်ပင်။ ဈေးကြီးပေး ဝယ်ရမည်ဆိုပါက လုံးဝ မဖြစ်နိုင်ပေ။

​ ထိုအခိုက်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူတို့အနေဖြင့် မဟာရှ ထံမှ အကူအညီ တောင်းသင့်သည်။ သူကြားရသည်မှာ ဤနှစ်တွင် သူတို့အနေဖြင့် ကောက်ပဲသီးနှံတွေ အထူးဖြစ်ထွန်းပြီး တိုင်းပြည်တစ်ခုလုံးကို ကျွေးမွေးနိုင်သည့်အပြင် အများအပြား ပိုလျှံနေတာဖြစ်သည်။

​ သို့သော် ထိုအတွေး ပေါ်လာသည်နှင့် တပြိုင်နက် ဖျောက်ဖျက်ပစ်လိုက်သည်။ နှစ်ဖက်စလုံးက မီးနှင့်ရေကဲ့သို့ ဖြစ်နေသည်။ အကူအညီ တောင်းရန် တစ်စုံတစ်ဦးကို စေလွှတ်ခြင်းသည် မိမိကိုယ်ကို အရှက်ရစေရုံသာ ဖြစ်သည်။ လုံးဝ မလုပ်ဘဲ နေခြင်းက ပိုကောင်းပေသည်။

​ ထိုအခိုက်တွင် တစ်စုံတစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး- “အရှင်မင်းကြီး၊ သတင်းဆိုး ရှိပါတယ်”

​ “ဘာကိစ္စလဲ” ဟု အန်းနိုင်ငံ ဧကရာဇ်က မေးလိုက်သည်။

​ “အရှင်မင်းကြီး၊ သီးနှံ ထွက်ရှိမှု နည်းပါးတာကြောင့် ကျွန်တော်မျိုးတို့ရဲ့ သာမန်ပြည်သူတွေဟာ မိသားစုလိုက် မဟာရှ ကို ထွက်ပြေးနေကြပါတယ်”

​ အန်းနိုင်ငံ ဧကရာဇ်၏ မျက်ခုံးများ ပြေလျော့သွားပြီး ရယ်မောလိုက်ကာ- “ဒါက ကောင်းတဲ့ အရာပဲလေ။ ငါတို့ရဲ့ ကောက်ပဲသီးနှံတွေက သူတို့ကို မကျွေးမွေးနိုင်ဘူးဆိုမှတော့ သွားပါစေ၊ မဟုတ်ရင် သူတို့ ငါ့နိုင်ငံမှာ ဆက်နေမယ်ဆိုရင် ပုန်ကန်မှု ဖြစ်လာမှာပဲ၊ မဟာရှမှာက ကောက်ပဲသီးနှံတွေ အများကြီးရှိတယ်၊ ပြဿနာရှိမှာ မဟုတ်ဘူး” သူ၏ လေသံတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို သဘောကျသည့် အငွေ့အသက် ပါနေခဲ့သည်။

​ အရာရှိသည် စိုးရိမ်နေဆဲပဲ ဖြစ်သည်။ “ဒါပေမဲ့ အရှင်မင်းကြီး၊ ထွက်ပြေးတဲ့သူ အရေအတွက်က တစ်သန်း လောက် များပြားနေပြီး ကျွန်တော်မျိုးတို့ရဲ့ နေရာအတော်များများဟာ လူသူ ကင်းမဲ့နေပါပြီ။ သူတို့ကို ကြားဖြတ် မတားဆီးဘူးဆိုရင် ကျွန်တော်မျိုးတို့ရဲ့ အန်းနိုင်ငံမှာ လူတွေ လုံးဝ မရှိတော့ဘဲ ကျန်ရစ်နေလိမ့်မယ်”

​ အန်းနိုင်ငံ ဧကရာဇ်ခင်ဗျာ အကြီးအကျယ် လန့်ဖျပ်သွားပြီး- “ဘာ… လူတွေ အများကြီး ထွက်ပြေးသွားတာလား”

​ သာမန်ပြည်သူများ အားလုံး ထွက်ပြေးသွားပါက သူ၏ နိုင်ငံသည် နာမည်ခံသက်သက်သာ ဖြစ်နေလိမ့်မည်။

​ အန်းနိုင်ငံ ဧကရာဇ်က စိုးရိမ်တကြီး အော်လိုက်ကာ- “မြန်မြန် လူလွှတ်ပြီး သူတို့ကို ကြားဖြတ်တားဆီးကြ”

​

​ တစ်ချိန်တည်းမှာပင် မဟာယွဲ့နိုင်ငံ နယ်မြေအတွင်း ယခင် ရှန်နိုင်ငံ တည်ရှိခဲ့ရာ နေရာတွင်လည်း အလားတူ အခြေအနေ ဖြစ်ပေါ်နေသည်။ အစားအစာ ပြတ်လပ်မှုက ပြင်းထန်လာသောကြောင့် မဟာယွဲ့နိုင်ငံ သည် ၎င်းတို့၏ လူဦးရေကို မထိန်းထားနိုင်တော့ဘဲ လူသန်းပေါင်းများစွာတို့သည် မဟာရှ သို့ ရေစီးကြောင်းသကဲ့သို့ စီးဝင်လာကြသည်။

​ နှစ်သန်းကျော်ရှိသော သာမန်ပြည်သူတွေအားလုံး နယ်စပ်သို့ အလုံးအရင်း ရောက်လာကြသည်။

​ “ကျွန်တော်တို့ကို ဖြတ်သန်းခွင့် ပေးပါ! ကျွန်တော်တို့ အစာ မစားရတာ ရက်တွေ ကြာနေပါပြီ၊ အစားသာ မစားရရင် မကြာခင် သေရပါတော့မယ်”

“ကျွန်တော့်ကို တစ်နပ်ပဲ ကျွေးပါ၊ ဘာမဆို လုပ်ပေးပါ့မယ်”

“ကျေးဇူးပြုပြီး သနားကြပါ၊ အရှင်တို့အတွက် နွားလို၊ မြင်းလို အလုပ်လုပ်ပေးပါ့မယ်”

​ ဒုက္ခသည်များက အလွန်များပြားလှသဖြင့် မဟာရှ စစ်တပ်သည် များစွာသော ရန်သူတို့နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရပြီး အခြေအနေကို လင်းပိုင်ဖန်ဆီသို့ ချက်ချင်း အစီရင်ခံလို​က်သည်။

​ လင်းပိုင်ဖန်၏ သဘောထားမှာ သူတို့အားလုံးကို လက်ခံရန်၊ မြေယာများ ပြန်လည် ဖော်ထုတ်၍ စိုက်ပျိုးစေရန်ပင် ဖြစ်သည်။ သူတို့တွင် အစားအစာ အလုံအလောက်ရှိပြီး လူတိုင်းကို ထောက်ပံ့ပေးနိုင်သည်။ မြေရိုင်းများအားလုံးကို ဖော်ထုတ်ပြီးပါက အသီးအနှံများ ပေါများစွာ ရှိလာမည်ဖြစ်ပြီး လူ သန်း ၂၀ ကို ကျွေးမွေးရင်တောင် ပြဿနာမရှိနိုင်တော့ပေ။

​ “အရှင်မင်းကြီးက သနားကြင်နာပြီး ဒုက္ခသည်တွေကို လက်ခံဖို့ သဘောတူလိုက်ပြီ၊ ဒါပေမဲ့ မင်းတို့ စည်းကမ်းတွေကို လိုက်နာရမယ်၊ စနစ်တကျ တန်းစီပြီး ငါတို့ရဲ့ စစ်ဆေးမှုကို ခံယူရမယ်၊ ပြဿနာ မရှိမှသာ ဖြတ်သန်းခွင့် ရမယ်” ဟု အန်လုရှန် က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

​ ဒုက္ခသည်များ ပျော်ရွှင်သွားကြပြီး- “ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး”

​ ထိုသို့ဖြင့် နှစ်သန်းကျော်ရှိသော ဒုက္ခသည်များကို တဖြည်းဖြည်းချင်း လက်ခံခဲ့သည်။

​ အခြားနိုင်ငံများက ဤမြင်ကွင်းကို ကြည့်ပြီး လှောင်ပြောင် သရော်ခဲ့ကြသည်။ “သူတော်စင် နှလုံးသား ရှိတာ အမြဲတမ်း မကောင်းဘူး၊ မဟာရှက အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ကြောင့်ပဲ နောက်ဆုံးမှာ ပျက်စီးသွားရလိမ့်မယ်”

​ သို့သော် ထိုအခိုက်အတန့်တွင် လင်းပိုင်ဖန်ကတော့ လျှို့ဝှက်စွာနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။ “လူဦးရေ နှစ်သန်း တိုးလာတယ်ဆိုတယ်ဆိုတော့ ငါတို့ရဲ့ နိုင်ငံတော်အင်အား ထပ်တိုးလာတာပဲပေါ့၊ ဟား….ဟား…”

​ သူ ပြောလို့ပြီးသည်နှင့် အင်ပါယာ မြေပုံ၏ အသံ ထွက်ပေါ်လာခဲ့သည်။

​ “ဒင်၊ ကစားသမား၏ နိုင်ငံတော်အင်အား တိုးလာသည်နှင့်အမျှ သင်၏ ခွန်အားလည်း တိုးလာခဲ့သည်။ သင့်အား တထာဂတ လက်ဝါး သိုင်းပညာကို ဆုချလိုက်သည်”

​ တထာဂတလက်ဝါး သိုင်းပညာက အမြင့်ဆုံးသော လက်ဝါးပညာရပ် ဖြစ်သည်။ ကျင့်ကြံလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်ပြီး နတ်ဆိုးများနှင့် နတ်ဘုရားများကို ငိုကြွေးစေပြီး မကောင်းဆိုးရွားများနှင့် အယူမှားသူများ အားလုံးကို နှိမ်နင်းနိုင်သည်။ ၎င်းသည် မြင့်မြတ်ပြီး ချိုးဖောက်၍မရနိုင်ပေ။

​ ထို့နောက်တွင် နက်နဲပြီး နားမလည်နိုင်လောက်တဲ့ လက်ဝါးပညာရပ်တို့က လင်းပိုင်ဖန် ၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။

​ “ဒီလက်ဝါးပညာရပ်က တော်တော်ကို ကောင်းတယ်ဟ။ လူတစ်ယောက်ကို ပြားသွားအောင်၊ ဝိုင်းသွားအောင် လုပ်နိုင်မှာ သေချာတယ်”

​ အချိန်ဆိုသည်မှာ အက်ကွဲကြောင်းကို ဖြတ်၍ ပြေးလွှားသွားသော မြင်းဖြူတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီ လမုန့်ပွဲတော် သို့ ရောက်ရှိလာခဲ့သည်။

​ လမုန့်ပွဲတော်သည် ရိုးရာအားလပ်ရက်ဖြစ်ပြီး မိသားစုများ ပြန်လည်ဆုံဆည်းတဲ့ နေ့သာမက ရိတ်သိမ်းမှုကို ဂုဏ်ပြုသောနေ့လည်း ဖြစ်သည်။ မဟာရှ နိုင်ငံသား ၅၀ ရာခိုင်နှုန်းကျော်က အခြားနိုင်ငံများမှ လာခဲ့ကြသောကြောင့် ၎င်းတို့သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ဤနေရာတွင် အခြေချနေထိုင်ခဲ့ကြပြီး များစွာသော အကျိုးကျေးဇူးများ ရရှိကာ ဘဝသစ်ကို တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ဤပွဲတော်သည် လူတိုင်းအတွက် ပို၍ အဓိပ္ပာယ်ရှိနေသည်။

​ လင်းပိုင်ဖန်က တိုင်းပြည်အား အားလပ်ရက် ပေးခဲ့ပြီး လူတိုင်းကို ပွဲတော်ကို စနစ်တကျ ကျင်းပခွင့် ပြုခဲ့သည်။

​ ထိုညနေခင်းတွင် မြို့တော်၏ လမ်းများသည် ပုံမှန်ထက်ပင် ပို၍ စည်ကားနေခဲ့သည်။ လူတိုင်းက အဝတ်အစားသစ်များ ဝတ်ဆင်ကာ မီးပုံးများ ကိုင်ဆောင်ပြီး လမုန့်များကို စားနေကြသည်။ ရယ်သံများနှင့် ပျော်ရွှင်ဖွယ် စကားပြောသံများလည်း ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။

​ နန်းတော်အတွင်း၌မူ ကြီးကျယ်ခမ်းနားလှတဲ့ လကြည့်ပွဲတော်ကို ကျင်းပနေခဲ့သည်။ ဤပွဲသည် လီလင်းဖူမှ အခြားအရာရှိများနှင့် ပူးပေါင်း၍ လင်းပိုင်ဖန် ၏ အောင်မြင်မှုများကို ဂုဏ်ပြုရန် စီစဉ်သော ပွဲတော်ဖြစ်သည်။

​ ဤပွဲ၏ အရေးပါမှုကို လေးနက်စေရန် လင်းပိုင်ဖန် သည် လူများစွာကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

​ ဝန်ကြီးချုပ် ရှောင်ကော်လျှန် နှင့် မဟာစစ်သူကြီး ချိုင်ယူလန်တို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် အရာရှိဘဝမှ ထွက်ခွာခဲ့ကြသော်လည်း လင်းပိုင်ဖန်က သူတို့ကို လေးစားစွာ ဆက်ဆံနေဆဲဖြစ်ပြီး အရင်အတိုင်း သူ၏ အောက်ဘက်တွင် နေရာပေးထားသည်။ ပျက်ဆီးခဲ့သော နိုင်ငံနှစ်ခုမှ ဘုရင်နှစ်ပါးကိုလည်း လကြည့်ခြင်းနှင့် လမုန့်စားခြင်းတွင် ပါဝင်ရန် ဖိတ်ကြားခဲ့သည်။

​ ထိုအခိုက်အတန့်တွင် လီလင်းဖူက စားပွဲတစ်ခု အရွယ်အစားရှိသော လမုန့်ကို ရှေ့သို့ တွန်းပို့လာခဲ့သည်။

​ “အရှင်မင်းကြီး၊ ဒါက ကျွန်တော်မျိုး ကိုယ်တိုင် အရှင်မင်းကြီးအတွက် အထူးပြင်ဆင်ထားတဲ့ လမုန့်ပါခင်ဗျာ။ အရသာ မြည်းစမ်းကြည့်ပါ”

​ လင်းပိုင်ဖန်က အံ့သြစွာဖြင့်- “ လမုန့်က ဒီလောက်ကြီးတာလား”

​ “မှန်ပါတယ်၊ အရှင်မင်းကြီး”

​ လီလင်းဖူက ပြုံးကာ- “ဒါက ကျွန်တော်မျိုးတို့ရဲ့ မဟာရှ ကို ပိုကြီးမားလာပြီး ပိုပြီး ပြည့်စုံလာတဲ့ သင်္ကေတကို အထူးပြုနေပါတယ်”

​ “ကောင်းတယ်၊ ပြောတာ ကောင်းတယ်”

​ လင်းပိုင်ဖန်က အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့် လူတစ်ဦးကို လမုန့်ကို တစ်ပိုင်း လှီးဖြတ်ခိုင်းပြီး မြည်းစမ်းကြည့်ပြီးနောက် “ဒီလမုန့်က အရသာရှိတယ်။ အမတ် လီ အများကြီး ကြိုးစားခဲ့တာပဲ။ လူတိုင်း မြည်းစမ်းကြည့်ကြပါ”

​ “ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး”

​ ထို့နောက် ကျန်ရှိသော လမုန့်များကို လူတိုင်း ခွဲဝေစားသောက်ကြသည်။

All Chapters