အခန်း (၁၀၅)
Vol. 8 Ch. 105
နောက်တစ်ခုအနေနဲ့ အကနဲ့ သီချင်းဖျော်ဖြေပွဲကို စီစဉ်ထားပြီး လူတိုင်းက လမုန့်ကို စားရင်း၊ အရက်ကို သောက်ရင်းဖြင့် ဖျော်ဖြေပွဲကို ပျော်ရွှင်စွာ ကြည့်ရှုခံစားနေခဲ့ကြသည်။
ဖျော်ဖြေပွဲအပြီးမှာတော့ လင်းပိုင်ဖန်က ရယ်မောပြီး "ဒီနေ့က အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့နေ့ပဲ၊ နိုင်ငံရေးကိစ္စတွေ မပြောကြနဲ့တော့၊ ဘဝရဲ့ အလှအပတွေအကြောင်းပဲ ပြောကြစို့၊ ဒီကို ရောက်နေတဲ့ ဝန်ကြီးတွေအားလုံးက စာပေဗဟုသုတ ကြွယ်ဝကြတယ်။ စိတ်ကြည်လင်ဖို့အတွက် ကဗျာပြိုင်ပွဲလေး လုပ်ကြမလား၊ တစ်လှည့်စီ ကဗျာစပ်ကြပေါ့၊ ဘယ်သူ့ရဲ့ ကဗျာက အကောင်းဆုံးလဲဆိုတာကြည့်ပြီး ငါကိုယ်တော်က ကောင်းကောင်းမွန်မွန် ဆုချမယ်၊ မကောင်းရင်တော့ အပြစ်ပေးတဲ့အနေနဲ့ အရက် တစ်ခွက် သောက်ရမယ်။ ဘယ်လိုလဲ"
လူတိုင်းက သဘောတူညီစွာဖြင့် အော်ဟစ်အားပေးခဲ့ကြသည်။
ကောင်းတဲ့ ကဗျာအတွက် ဆုတွေရှိပြီး မကောင်းတဲ့ ကဗျာအတွက်ကတော့ တကယ်တမ်း အပြစ်ပေးတာမျိုး မရှိတဲ့အခါ၊ လူတိုင်းက ပါဝင်ဖို့အတွက် အရမ်းကို ဆန္ဒရှိခဲ့ကြသည်။
"ငါကိုယ်တော်ကပဲ ကဗျာအတွက် ရွေးပေးမယ်"
လင်းပိုင်ဖန်က မလှမ်းမကမ်းမှာ ရှိတဲ့ အရောင်အသွေး စုံလင်စွာဖြင့် ပွင့်နေတဲ့ ပန်းခင်းတွေကို ကြည့်ပြီး ပြုံးကာ "ပန်းတွေကို ခေါင်းစဉ်အဖြစ် ယူကြမယ်၊ ငါကိုယ်တော်ရဲ့ ညာဘက်က စပြီး ဦးလေးချိုင်၊ ဦးလေးကနေ အရင်စပါ"
"ကျွန်တော်မျိုးကနေလား၊ ကောင်းပြီလေ၊ ဒီလူအိုကြီးကပဲ နှိမ့်ချစွာ စပ်ဆိုပါရစေ" ချိုင်ယူလန်က ကျယ်လောင်စွာ ရယ်မောပြီး ချက်ချင်းပဲ ကဗျာတစ်ပုဒ်ကို စပ်ဆိုလိုက်ရာ လူတိုင်းက လက်ခုပ်တီး အားပေးခဲ့ကြသည်။
သို့သော်လည်း၊ သူက အလျင်စလိုဖြစ်နေတာကြောင့် သူ့ရဲ့ ကဗျာက သိပ်မကောင်းဘူးလို့ ခံစားရတာကြောင့် သူ့ကိုယ်သူ အပြစ်ပေးတဲ့အနေနဲ့ သောက်လိုက်သည်။
ဒီလိုနဲ့ပဲ တစ်ယောက် တစ်လှည့်စီ ရောက်လာရာ လူတိုင်းက အရမ်းပျော်ရွှင်နေခဲ့ကြသည်။
မကြာခင်မှာပဲ လူတိုင်းရဲ့အလှည့်က ပြီးဆုံးသွားပြီး သူတို့ထဲကနေ လူငါးယောက်ကသာ လင်းပိုင်ဖန်ဆီကနေ ဆုတွေ ရရှိခဲ့ကြသည်။
"အရှင်မင်းကြီး၊ အရှင်မင်းကြီးမှာ ကျယ်ပြန့်တဲ့ အသိပညာနဲ့ ဘယ်သူနဲ့မှ မတူတဲ့ အရည်အချင်းတွေ ရှိနေပါတယ်။ ကြယ်ပေါင်းစုံ စုစည်းနေရင်တောင်မှ အရှင်မင်းကြီးနဲ့ ယှဉ်လိုက်ရင် မှိန်နေရပါလိမ့်မယ်။ ကျွန်တော်မျိုးတို့ အရာရှိတွေ သင်ယူရအောင် ကဗျာတစ်ပုဒ် စပ်ဆိုတော်မူပေးပါဦး" အဲ့ဒီအချိန်တွင် လီလင်းဖူက ပြောလိုက်လေသည်။
"မှန်ပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ရဲ့ အမြင်တွေ ကျယ်ပြန့်စေဖို့အတွက် ကဗျာတစ်ပုဒ် စပ်ဆိုတော်မူပါရန် တောင်းပန်အပ်ပါတယ်" ယန်စန်းကလည်း ဦးညွှတ်ကာ ပြောလိုက်သည်။
"ကဗျာတစ်ပုဒ် စပ်ဆိုတော်မူပေးပါ အရှင်မင်းကြီး" အရာရှိတွေကလည်း သံပြိုင် တောင်းဆိုခဲ့ကြသည်။
လင်းပိုင်ဖန် ဘယ်လိုကဗျာမျိုးပဲ ရွတ်ဆိုရွတ်ဆို၊ သူတို့အနေဖြင့် ချီးကျူးကြမယ်လို့သာ လူတိုင်းက ဆုံးဖြတ်ထားခဲ့ကြသည်။
လင်းပိုင်ဖန်ကလည်း စမ်းသပ်ကြည့်ဖို့အတွက် စိတ်အားထက်သန်နေပြီး- "ကောင်းပြီလေ၊ ငါကိုယ်တော် ကဗျာတစ်ပုဒ် စပ်ဆိုမယ်"
သူက မလှမ်းမကမ်းက ပန်းခင်းကို ကြည့်ကာ ပြုံးလိုက်ပြီး-
"ပန်းပွင့်ချပ် တစ်ချပ်၊ နှစ်ချပ်၊ သုံးချပ်နဲ့ လေးချပ်၊
ငါးချပ်၊ ခြောက်ချပ်၊ ခုနစ်နဲ့ ရှစ်ချပ်၊
ကိုးချပ်၊ ဆယ်ချပ်၊ မရေမတွက်နိုင်တဲ့ ပွင့်ချပ်တွေ၊
ပန်းပွင့်ချပ်တွေထဲ ပျံသန်းဝင်ရောက်၊ မျက်စိရှေ့က ပျောက်ကွယ်"
ကဗျာြပီးသွားတာနဲ့ တစ်ပြိုင်နက် လူတိုင်းက တစ်ညီတည်း လက်ခုပ်တီးလိုက်ကြပြီး- "ကောင်းလိုက်တဲ့ ကဗျာ၊ အံ့သြစရာကောင်းတဲ့ ကဗျာပဲ" လို့ စတင်မြှောက်ပင့်ကြတော့သည်။
လင်းပိုင်ဖန်က "ဘာကြောင့် အဲလောက်ကောင်းရတာလဲ" လို့ မေးလိုက်သည်။
"အရှင်မင်းကြီး၊ ဒီကဗျာထဲက စကားလုံးတိုင်းကို ထူးချွန်စွာနဲ့ အသုံးပြုထားပါတယ်၊ အပြစ်ဆိုစရာ မရှိအောင်ကို သုံးထားတာပါ"
"တစ်ရွက်၊ နှစ်ရွက်၊ သုံး၊ လေးရွက်၊ ငါးရွက်၊ ခြောက်ရွက်၊ ခုနစ်၊ ရှစ်ရွက်... ဒီကဗျာရဲ့ ပထမပိုင်းက တိုးတက်မှုကို ရှင်းရှင်းလင်းလင်း ပြသထားပြီး ရိုးရှင်းပြီး နားလည်လွယ်ပါတယ်၊ ဒါပေမယ့် နောက်ဆုံးစာကြောင်းကတော့ အတွေးကို ရုတ်တရက် မြှင့်တင်ပေးလိုက်တဲ့ လှည့်ကွက်တစ်ခုက ပါလာပါတယ်"
"ဘာလို့ ပွင့်ချပ်တွေထဲ ပျံသန်းဝင်ရောက်တဲ့အခါ ပျောက်ကွယ်သွားရတာလဲ၊ သူတို့အားလုံးက ပန်းပွင့်တွေဖြစ်ပြီး ပန်းပွင့်တွေ အများကြီးရှိတဲ့အခါမှာ သူတို့ရဲ့ ထည်ဝါမှုနဲ့ အလှတရားတွေနဲ့ ယှဉ်ပြိုင်နေကြလို့ပါ၊ အရှင်မင်းကြီးရဲ့ ကဗျာထဲက စာကြောင်းတစ်ကြောင်းမှ ပန်းပွင့်တွေကို တိုက်ရိုက် မဖော်ပြပေမယ့် ပန်းပွင့်တွေရဲ့ ပေါများမှုနဲ့ အလှတရားတွေကို ခံစားရစေပါတယ်"
"ဒီကဗျာကို ဂန္တဝင်အဖြစ် သတ်မှတ်ပြီး လူတွေအနေနဲ့ အလွတ်ကျက်သင့်ပါတယ်"
လူတိုင်းက ဒီလိုမျိုး စိတ်အားထက်သန်စွာနဲ့ အဓိပ္ပာယ်မရှိတာတွေကို ပြောနေကြတာက နားထောင်ရတာ အရမ်းကို စိတ်ရှုပ်ထွေးစေပေမယ့် သူတို့က အရမ်းကို အထင်ကြီးနေစေသည့် ခံစားချက်ကို ရနေခဲ့သည်။
လင်းပိုင်ဖန်က- "ငါကိုယ်တော်ရဲ့ အလေးထားရတဲ့ ဝန်ကြီးတို့၊ မောင်မင်းတို့က ငါကိုယ်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ၊ ဟား…ဟား" လို့ ပြောရင်း မနေနိုင်ဘဲ ဂုဏ်ယူစွာနဲ့ ရယ်မောလိုက်သည်။
အဲဒီအချိန်မှာပဲ မလှမ်းမကမ်းကနေ လှောင်ပြောင်သံတစ်ခု ထွက်လာခဲ့သည်။
"ဟာဟား၊ အဲဒါကို ကဗျာတဲ့လား၊ ၆ နှစ်အရွယ် ကလေးတောင် အဲဒီထက် ပိုကောင်းအောင် စပ်နိုင်တယ်"
လူတိုင်းရဲ့ မျက်နှာတွေ ပြောင်းလဲသွားပြီး- "ဒီနေရာမှာ ဘယ်သူက ဒီလောက်တောင် ရဲတင်းနေရတာလဲ"
အသံလာရာဆီကို ခေါင်းလှည့်ကြည့်လိုက်တော့ အဝေးရှိ မြို့ရိုးပေါ်တွင် လူအိုတစ်ယောက်ကို ထိုင်နေတာကို မြင်လိုက်ရသည်။ သူ့၏ ဆံပင်တွေက ဖြူနေပြီး ပြောင်နေတဲ့ နဖူးကလည်း ပေါ်လွင်နေသည်၊ သူ့ရဲ့ အဝတ်အစားတွေက ရိုးရှင်းပေမယ့် အိတ်တွေက အများကြီး ပါနေသည်။ ဒီလူရဲ့ အခြေအနေကောင်းမွန်ပုံ မရပေမယ့် စိတ်ဓာတ်က အရမ်းကို တက်ကြွနေပြီး စိတ်နာကျည်းမှု တချို့ကိုလည်း တွေ့နေရသည်။
ဘုရင့်ကိုယ်ရံတော်တွေက ချက်ချင်းပဲ စုဝေးပြီး သူတို့ရဲ့ ဓားတွေနဲ့ ထိုလူအိုကြီးကို ချိန်ထားကြသည်။
အဲ့နေရာမှာပဲ ရှိနေတဲ့ ချီဖွဲ့တည်ခြင်းအဆင့်ရှိ ပညာရှင်တွေကလည်း သူ့တို့၏ ချီစွမ်းအင်အားလုံးကို တိတ်တဆိတ် စုစည်းထားပြီး ဘယ်အချိန်မဆို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်။
စစ်သူကြီးချုပ်က သူ့ရဲ့ဓားကို ကိုင်ထားပြီး- "ခင်ဗျား ဘယ်သူလဲ၊ ဒီနေရာမှာ ဘယ်လိုလုပ် ရဲတင်းစွာနဲ့ ပြုမူနေရတာလဲ" လို့ မေးလိုက်သည်။
"ငါဘယ်သူလဲဆိုတာ ကောင်းကောင်း နားထောင်ထား "
လူအိုကြီးက မတ်တပ်ရပ်ကာ ခါးကိုထောက်၊ ခေါင်းကိုမော့ပြီး မောက်မာစွာနဲ့ ကြွေးကြော်လိုက်သည် "ငါက လောကရဲ့ နံပါတ်တစ် သူခိုး လက်ဗလာ ဆရာကြီးပဲ"
"အမ်….၊ လက်ဗလာ ဆရာကြီး"
"သူက တကယ်ပဲ လောကရဲ့ နံပါတ်တစ် သူခိုး လက်ဗလာ ဆရာကြီးလား"
လူတိုင်းက အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။
လင်းပိုင်ဖန်ကလည်း အဲဒီလူကို မှတ်မိတာကြောင့် အံ့အားသင့်သွားခဲ့သည်။
ချီဖွဲ့တည်ခြင်းအဆင့်ထဲတွင်မှ သာမန်အဆင့်သာရှိတဲ့ ထိုလက်ဗလာ ဆရာကြီးက ခိုးယူမှုနဲ့ လှုပ်ရှားမှုပညာတို့တွင် ထူးခြားလှတဲ့ စွမ်းရည်ရှိနေသည်။ သူသည် အစောင့်အရှောက် အရမ်းကိုတင်းကျပ်တဲ့ နန်းတော်တွေထဲကို အဖိုးတန်ပစ္စည်းတွေ ခိုးယူဖို့အတွက် မကြာခဏ ဝင်ရောက်လေ့ရှိပြီး တစ်ခါမှ မအောင်မြင်တာမျိုး မရှိခဲ့တာကြောင့် သူ့ကို လောကရဲ့ နံပါတ်တစ် သူခိုးဆိုတဲ့ ဂုဏ်သတင်းကို ရရှိစေခဲ့သည်။
"လက်ဗလာ ဆရာကြီး၊ ခင်ဗျား ဒီကို ဘာလုပ်ဖို့ လာတာလဲ" လို့ စစ်သူကြီးချုပ်က မေးလိုက်သည်။
လက်ဗလာ ဆရာကြီးက နောက်ပြောင်ရယ်မောရင်း "ငါက မူလကတော့ နန်းတော်ကနေ တစ်ခုခု ခိုးဖို့ စီစဉ်ထားတာ၊ ဒါပေမယ့် ဒီလောက် အဓိပ္ပာယ်မရှိတဲ့ ကဗျာတစ်ပုဒ်ကို ဒီလို မိုက်မဲတဲ့ ဧကရာဇ်က ရွတ်ဆိုနေတာကို ကြားလိုက်ရတာကြောင့် ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ထုတ်ဖော်လိုက်ရတာပါ။ ကျေးဇူးပြုပြီး ဒီက အဖိုးကြီးကို အပြစ်မတင်ပါနဲ့"
"ဒီကို ခိုးဖို့ လာခဲ့တာလား" လူတိုင်းက ပိုပြီး စိုးရိမ်ပူပန်လာခဲ့ကြသည်။
ထိုသူသာ တကယ်ပဲ နန်းတော်ကနေ တစ်ခုခု ခိုးယူနိုင်ခဲ့မယ်ဆိုရင် သူတို့အားလုံးအနေဖြင့် လုံးဝ အရှက်ရကြပေလိမ့်မည်။
လင်းပိုင်ဖန်က မထီမဲ့မြင်စွာဖြင့် ပြောလိုက်သည်- "ခင်ဗျားက ကျွန်တော့်ရဲ့ ကဗျာက အဓိပ္ပာယ်မရှိဘူးလို့ ပြောတာလား၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ၊ ခင်ဗျားလို ခိုးဖို့ပဲ သိတဲ့ ခပ်ညံ့ညံ့ သူခိုးတစ်ယောက်က ဒီကဗျာရဲ့ တန်ဖိုးက ဘာလဲဆိုတာတောင် သိလို့လား၊ ကဗျာဆိုတာ ဘာလဲဆိုတာကိုရော ခင်ဗျား သိရဲ့လား"
လက်ဗလာ ဆရာကြီးက ရှက်သွားပြီး ဒေါသထွက်ကာ ပြန်ချေပလိုက်သည်။
"ကောင်လေး၊ လူတွေကို အထင်မသေးနဲ့၊ ငါက သူခိုးတစ်ယောက် ဖြစ်ပေမယ့် စာတတ်ပေတတ် တစ်ယောက်ပဲ၊ လူတွေက ငါ့ကို ပညာတတ်သူခိုးလို့ ခေါ်ကြတယ်။ ငါသာ တော်ဝင်စာမေးပွဲ ဝင်ဖြေမယ်ဆိုရင် အနည်းဆုံး အမှတ်အပြည့်တောင်မှ ရနိုင်တယ်၊ ဒါပေမယ့် ငါက ဝင်ဖြေဖို့အတွက် စိတ်မဝင်စားတာပဲ"
"စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် မအောင်နိုင်ခဲ့တာလား" လင်းပိုင်ဖန်က ပိုပြီး ခနဲ့စွာြဖင့် ပြောလိုက်သည်။
လက်ဗလာ ဆရာကြီးက ပိုပြီး ဒေါသထွက်လာပြီး "ဒီလိုဆိုရင် ငါတို့တွေ ပြိုင်ပွဲလုပ်ကြည့်ရင်ရော၊ ဘယ်သူက ပိုတော်လဲ၊ ဘယ်သူက မတော်ဘူးလဲ ဆိုတာကို မင်း သိရလိမ့်မယ်"
လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ "မပြိုင်ပါဘူး"
"ဘာလို့လဲ"
" ခင်ဗျားနဲ့ နှိုင်းယှဉ်တာက ငါကိုယ်တော်ရဲ့ အဆင့်ကို နိမ့်ချလိုက်တာပဲ"
လင်းပိုင်ဖန်က မောက်မာစွာဖြင့်- "ငါကိုယ်တော်က ဘုန်းကံကြီးမားတဲ့ ကောင်းကင်ဘုံရဲ့ သားတော်၊ တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်သူ၊ ကြွယ်ဝချမ်းသာတဲ့သူ။ ခပ်ညံ့ညံ့ သူခိုးတစ်ယောက်နဲ့ ပြိုင်ပွဲလုပ်ဖို့က ဘာအဓိပ္ပာယ်ရှိမှာလဲ၊ ငါသာ ရှုံးခဲ့ရင် သူခိုးတစ်ယောက်ထက် ပိုဆိုးသွားမယ်၊ သရေကျရင် သူခိုးတစ်ယောက်ထက်တောင်မှ မတော်ဘူး၊ ငါ နိုင်သွားရင် သူခိုးတစ်ယောက်ထက်တောင်မှ ပိုကြောက်စရာကောင်းသွားမယ်၊ ဘယ်လိုပဲ ကြည့်ကြည့် ကောင်းတဲ့အရာ မရှိဘူး"
လူတိုင်းက ရယ်မောခဲ့လိုက်ကြသည်။
လက်ဗလာ ဆရာကြီးခင်ဗျာ အရမ်းဒေါသထွက်လာပြီး ဒေါသတကြီး ပြောလိုက်သည်- "ချီးပဲ၊ မိုက်မဲတဲ့ ဧကရာဇ်၊ မင်းရဲ့ စကားတွေက အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်။ ငါ၊ လူအိုကြီး နှစ်ပေါင်းများစွာ ခရီးသွားခဲ့ဖူးတယ်၊ မင်းလောက် လျှာဇောင်းထက်တဲ့သူကို တစ်ခါမှ မတွေ့ဖူးသေးဘူး၊ မဟုတ်ဘူး၊ ဒီနေ့ ငါ မင်းနဲ့ ကောင်းကောင်း ပြိုင်ရမယ်၊ ငါကလည်း စာတတ်ပေတတ် တစ်ယောက်ဖြစ်တယ်ဆိုတာ မင်းကို ပြရမယ်"
"မရှိတဲ့အရာကို ပိုပြီး ဂရုစိုက်တယ်" ဆိုတဲ့ စကားပုံ ရှိတယ်။
လင်းပိုင်ဖန်က အေးစက်စွာ ရယ်မောလိုက်ကာ- " ပညာတတ်တစ်ယောက်အဖြစ် ခင်ဗျားရဲ့ အခြေအနေကို သက်သေပြဖို့ ဒီလောက်အထိ စိတ်ပူပန်နေတာက ခင်ဗျားမှာ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရား ဘယ်လောက် နည်းပါးနေလဲဆိုတာပဲ ပြနေတာပဲ။ ဒါကြောင့်ပဲ ခင်ဗျားနဲ့ ပြိုင်ဖို့ ငါကိုယ်တော် စိတ်မဝင်စားတာ၊ ဒီနေ့က လမုန့်ပွဲတော် ဖြစ်ပြီး ငါကိုယ်တော်ပျော်ရွှင်နေတာကြောင့် လမုန့်တစ်ခု ပေးလိုက်မယ်။ ထွက်သွားလိုက်တော့"
ပြောပြီးနောက်တွင် သူဟာ စားပွဲပေါ်က သူ ကိုက်ထားတဲ့ လမုန့်တစ်ခုကို ယူပြီး သူတောင်းစားကို အစာကျွေးသလို ပစ်ပေးလိုက်သည်။
လက်ဗလာ ဆရာကြီးက ချောမောစွာနဲ့ ဖမ်းမိလိုက်သည်။ အဲ့ဒီနောက် ဒေါသတွေပေါက်ကွဲသွားပြီး- " F***k… မင်း ငါ့ကို သူတောင်းစားလို ဆက်ဆံနေတာလား"
လင်းပိုင်ဖန်ကလည်း ဒေါသထွက်လာပြီး- " ခင်ဗျားသူတောင်းစားတွေကို မစော်ကားနဲ့"
လက်ဗလာ ဆရာကြီး- " မင်း ကောင်စုတ်..."
အဲ့ဒီအချိန်တွင် လက်ဗလာ ဆရာကြီးအနေဖြင့် တကယ်ကို ဒေါသအကြီးအကျယ် ထွက်လာသည်။
သူ ကိုင်ထားတဲ့ လမုန့်ကို ပစ်ချပြီး ဝှစ်ခနဲဖြင့် လင်းပိုင်ဖန်ရှေ့ကို ရောက်လာကာ ဒေါသတကြီးနဲ့ "ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်း ဒီလူအိုကြီးနဲ့ ပြိုင်ရမယ်၊ မဟုတ်ရင် ငါ မပြန်ဘူး၊ ငါ မင်းရဲ့ နန်းတော်ထဲမှာပဲ နေတော့မယ်" လို့ ပြောလိုက်သည်။
တခြားသူတွေက ချက်ချင်းပဲ- "မြန်မြန်၊ အရှင်မင်းကြီးကို ကာကွယ်ကြ"