အခန်း (၁၀၈)
Vol. 8 Ch. 108
‘ဒီအဖိုးကြီးကို မဟာရှ မှာ ချည်နှောင်ထားနိုင်မယ်လို့ တွေးနေတာကတော့ မိုက်မဲတဲ့ အိပ်မက် သက်သက်ပဲ’
‘ ငါ့ကို ဖမ်းချင်သေးတာလား၊ ငါက မင်းဆက်ကြီးတွေရဲ့ နန်းတော်တွေကိုတောင် အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာဖူးတဲ့ လောကရဲ့ နံပါတ် ၁ သူခိုးပဲ၊ ကောင်းကင်နယ်ပယ် တွေတောင် ငါ့ကို လိုက်လို့မမီဘူး၊ မင်းတို့ရဲ့ ဘာမှမဟုတ်တဲ့ အရည်အချင်းတွေနဲ့ ဖမ်းနိုင်မယ် ထင်နေတာလား၊ ဟာသပဲ’
‘ဒါပေမယ့်လည်း၊ အဲဒီ မိုက်မဲတဲ့ဧကရာဇ်ရဲ့ စာပေစွမ်းရည်ကတော့ အံ့မခန်းပဲ၊ ငါ့ကိုလှည့်စားပြီး သူ့လက်ထဲ အမိအရကျအောင် လုပ်နိုင်ခဲ့တယ်’
လက်ဗလာဆရာကြီးက မိမိကိုယ်ကို ဂုဏ်ယူစွာ ပြောဆိုနေရင်း သူ၏ လှုပ်ရှားမှုပညာကို အသုံးပြုလိုက်သည်။
သူ့ဘေးရှိ ရှုခင်းများစွာက လျင်မြန်စွာဖြင့် ပြောင်းလဲလာခဲ့သည်။
အမွှေးတိုင်တစ်ဝက်လောက် မီးလောင်ကျွမ်းသည့် အချိန်အတွင်းမှာပင် သူသည် မြို့တော်မှ အဝေးသို့ ထွက်ပြေးခဲ့ပြီး၊ သူကိုယ်တိုင် ဘယ်ရောက်နေမှန်းပင် မသိတော့ပေ။
“အခုတော့ လုံခြုံပြီ ထင်တာပဲ။ ဒီတစ်ခါ ငါတို့ ဘာတွေရထားလဲ ကြည့်ရအောင်... ထိပ်တန်းအရည်အသွေးရှိတဲ့ ညပုလဲလေး၊ ဟီး..ဟီး.. ”
လက်ဗလာဆရာကြီးက ဂုဏ်ယူစွာဖြင့် သူ၏ဝတ်ရုံအတွင်းမှ သေတ္တာလှလှလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး အဖုံးကို ဂရုတစိုက် ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ဖြူဖျော့သွားခဲ့သည်။
“ညပုလဲက ဘယ်ရောက်သွားတာလဲ။ ညပုလဲက ဘယ်ကို ပျောက်သွားရတာလဲ”
သေတ္တာ၏အလယ်တွင် ရိုးရိုးကျောက်တုံးတစ်တုံးသာ ရှိနေပြီး ညပုလဲကို ရှာမတွေ့တော့ပေ။
လက်ဗလာဆရာကြီးလည်း ကြောက်လန့်တုန်လှုပ်သွားပြီး- “ဘယ်သူ လုပ်တာလဲကွ”
သူသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် သူခိုးအဖြစ် လူသိများသည့် သူခိုးဖြစ်သည်။ အမြဲတမ်း သူများဆီက ခိုးယူသူဖြစ်ပြီး၊ သူ့ဆီက ဘယ်သူမှ ပြန်ခိုးယူနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် အခုတော့ တစ်စုံတစ်ယောက်က သူ သတိမထားမိအောင်ပင် ညပုလဲကို ခိုးယူသွားခဲ့ပြီဖြစ်သည်။
ဤသည်မှာ သူ့အပေါ် စိန်ခေါ်လိုက်သည်နှင့် မခြားပေ။
“နေပါဦး”
လက်ဗလာဆရာကြီးက သူ၏ကိုယ်ပေါ်ရှိ အိတ်များကို စမ်းသပ်ကြည့်ရာ အိတ်အားလုံးသည် ကျောက်တုံးများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။
“F**k ၊ ငါ့ပစ္စည်းတွေလည်း အခိုးခံလိုက်ရပြီ” လက်ဗလာဆရာကြီးသည် ရင်ထဲကနေ သွေးများ ယိုစီးလာသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ကမ္ဘာ့နံပါတ်တစ် သူခိုးဖြစ်သည် မဟုတ်ပါလား။ သူ၏ကိုယ်ပေါ်တွင် ဆောင်ထားသော မည်သည့်ပစ္စည်းမဆို တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ငွေတေး သုံးသန်း ကျော်ရှိသည်။ အခုတော့ တစ်ခဏအတွင်း အားလုံး အခိုးခံလိုက်ရပြီဖြစ်သည်။ သူသည် ကြီးမားသော ဆုံးရှုံးမှု ကို ခံစားလိုက်ရသည်။
အခိုးခံလိုက်ရသော ပစ္စည်းများထဲတွင် သူ၏ အသက်ထက်ပင် ပို၍ အဖိုးတန်သော ပစ္စည်းတစ်ခုလည်း ပါသွားခဲ့သည်။
“ဒါ ဘယ်သူလုပ်တာလဲ” လက်ဗလာဆရာကြီးသည် ခေါင်းကို အသည်းအသန်ကုတ်ခြစ်ကာ စဉ်းစားလိုက်သည်။
သူသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းသူခိုးအားလုံးကို စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် သူတို့အားလုံးကို ပယ်ချလိုက်သည်။
အကြောင်းမှာ သူတို့ထဲက ဘယ်သူမှ သူ့ဆီကနေ ခိုးယူနိုင်သည့် စွမ်းရည်မရှိသောကြောင့် ဖြစ်သည်။
“ဘယ်သူကများ လုပ်ခဲ့တာလဲ” လက်ဗလာဆရာကြီး သည် ပူပန်မှုဖြင့် ရူးမတတ် ဖြစ်နေသည်။
ထိုအချိန်တွင် သူသည် လင်းပိုင်ဖန် ပြောခဲ့ဖူးသည့် စကားကို ရုတ်တရက် သတိရလိုက်သည်။ သူ၏ မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားလာကာ- “သူ သိကိုသိမှာ၊ သူက ငါ့ထက်တောင်မှ သခိုးပညာမှာ ပိုတော်တဲ့သူ ရှိတယ်လို့ ပြောခဲ့တာပဲ”
ထို့နောက် သူသည် မြို့တော်သို့ လျင်မြန်စွာ လှည့်ပြန်သွားလိုက်သည်။
ထိုအချိန်တွင် ပွဲတော်သည် ပြီးဆုံးသွားပြီဖြစ်ပြီး၊ အရာရှိများသည်လည်း ပြန်သွားကြပြီဖြစ်ကာ၊ လင်းပိုင်ဖန်သည်လည်း နန်းတော်စာကြည့်တိုက်သို့ ပြန်ရောက်နေခဲ့သည်။
သူသည် အမူးပြေစေရန် ပူပူနွေးနွေး လက်ဖက်ရည် တစ်ခွက်ကို သောက်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။
“ဝှစ်” ခနဲ အသံနှင့်အတူ လက်ဗလာဆရာကြီးသည် နန်းတော်စာကြည့်တိုက်တွင် ပေါ်လာပြီး လင်းပိုင်ဖန်ကို အရေးတကြီး ပြောလိုက်သည်- “မဟာရှ ဧကရာဇ်၊ မင်း ငါ့ထက် သခိုးပညာမှာ ပိုတော်တဲ့သူ တစ်ယောက်ယောက်ကို သိလား”
မိန်းမစိုးလျှူ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး- “အရှင်မင်းကြီး၊ သတိထားပါ”
ပိုင်ဇူကလည်း ဓားကို ထုတ်လိုက်ပြီး ပြင်းထန်သော ဓားချီတို့ဖြင့် လက်ဗလာဆရာကြီး ထံသို့ ထိုးသွင်းလိုက်သည်။
လက်ဗလာဆရာကြီးက လျင်မြန်စွာ ကိုယ်ကိုလှည့်ကာ ဓားကို ရှောင်တိမ်းလိုက်ပြီး ထပ်မေးလိုက်သည်- “မဟာရှရဲ့ ဧကရာဇ်၊ မင်း သခိုးပညာမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ယောက်ကို သိလား”
“ထိတ်လန့်ဖို့ မလိုဘူး”
လင်းပိုင်ဖန်က သူ၏စာအုပ်ကို ချလိုက်ပြီး အေးစက်စွာ ပြုံးလိုက်ကာ- “လက်ဗလာဆရာကြီး၊ ခင်ဗျား ပြန်လာရဲသေးတာလား၊ ဘာဖြစ်တာလဲ... ခင်ဗျားရဲ့ပစ္စည်းတစ်ခုခု အခိုးခံလိုက်ရတာလား၊ ဒါက တကယ့်ကို တရားမျှတမှုပဲ၊ ချက်ချင်းကို ဝဋ်လည်တာပဲ ဟား….ဟား”
လက်ဗလာဆရာကြီးက အစပိုင်းတွင် မသေချာသော်လည်း၊ လင်းပိုင်ဖန်၏ ကျေနပ်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ သူခိုးကို တစ်ဖက်လူက သေချာပေါက် သိနေသည်မှာ သေချာသွားသည်၊ ထို့ပြင် သူခိုးကိုပါ ထိုသူကပင် စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု လုံးဝ ယုံကြည်သွားခဲ့သည်။
“မင်း သိနေတယ်မလား။ မင်း သေချာပေါက်ကို သိတယ်” လက်ဗလာဆရာကြီး က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ငါကိုယ်တော် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘာထူးလဲ”
“သူ့ကို ဆက်သွယ်ဖို့ အချက်အလက်ကို အမြန်ပေးပါ။ သူက ငါ့ပစ္စည်းတွေ အကုန်ယူသွားတယ်။ ဒါတွေက အရေးကြီးလွန်းလို့ ငါ ပြန်ရမှ ဖြစ်မယ်”
“ခင်ဗျားရဲ့ ပြဿနာတွေကို ငါကိုယ်တော်က ဘာကြောင့် စိတ်ပူရမှာလဲ၊ ငါကိုယ်တော်က ဘာလို့ ခင်ဗျားကို ပြောပြရမှာလဲ” လင်းပိုင်ဖန်က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။
လက်ဗလာဆရာကြီး၏ နှလုံးခုန်နှုန်း ရပ်တန့်သွားခဲ့သည်၊ တစ်ဖက်လူတွင် သူ့ကို ပြောပြစရာ အကြောင်းရင်းမရှိသည်မှာ မှန်နေသည်။
ထို့ပြင် သူသည် အခြားသူဆီမှ စတင် ခိုးယူခဲ့သူဖြစ်သည်။ အစကတည်းက သူ၏ အမှားဖြစ်သည်။
လက်ဗလာဆရာကြီးက စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းကိုကုတ်ကာ ကျိုးနွံသော လေသံဖြင့် ပြောလိုက်သည်- “မဟာရှ ဧကရာဇ်၊ ဒီက အဖိုးကြီးက တောင်းပန်ပါတယ်၊ ဒီက အဖိုးကြီးသာ သူ့ကို တွေ့ရရင်၊ မင်း တောင်းဆိုသမျှကို သဘောတူပါ့မယ်”
“ခင်ဗျားလို မရိုးသားတဲ့သူခိုးကို ငါကိုယ်တော်က ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ” လင်းပိုင်ဖန်က ရှုတ်ချလိုက်သည်။
လက်ဗလာဆရာကြီးလည်း သူ၏မျက်နှာတွင် ပူလောင်လာမှုကို ခံစားလိုက်ရသည်။ သူသည် ကတိကို စတင်ဖျက်ခဲ့သူဖြစ်သောကြောင့် ဘာပြောရမှန်းမသိ ဖြစ်နေသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းကာ- “ငါကိုယ်တော် အိပ်ရာဝင်ချင်နေပြီ။ ဒီမှာ မျက်စိ လာမနောက်နဲ့တော့၊ ထွက်သွားလိုက်တော့၊ မဟုတ်ရင် ခင်ဗျားကို ဆွဲထုတ်ပစ်ဖို့ တစ်ယောက်ယောက်ကို ခေါ်ရလိမ့်မယ်”
လက်ဗလာဆရာကြီးသည် ဒယ်အိုးအပူပေါ်က ပုရွက်ဆိတ်ကဲ့သို့ စိုးရိမ်ပူပန်နေပြီး တောင်းပန်လိုက်သည်- “မဟာရှရဲ့ ဧကရာဇ်၊ ဒီလို မလုပ်ပါနဲ့၊ အရာရာက ညှိနှိုင်းလို့ရပါတယ်”
“သူ့ကို ဆွဲထုတ်ပစ်လိုက်” လင်းပိုင်ဖန်က အမိန့်ပေးလိုက်သည်။
“မှန်လှပါ၊ အရှင်မင်းကြီး”
ပိုင်ဇူနှင့် မိန်းမစိုးလျှူတို့က ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။
ကိုယ်ခန္ဓာလှုပ်ရှားမှုပညာတွင် ကျွမ်းကျင်သော လက်ဗလာဆရာကြီး၏ ခွန်အားမှာ သာမန်သာဖြစ်ပြီး နန်းတော်မှ လျင်မြန်စွာ ကန်ထုတ်ခံလိုက်ရသည်။
သို့သော်လည်း သူသည် စိတ်ပျက်လက်ပျက်မဖြစ်ဘဲ နန်းတော်ထဲသို့ ပြန်ဝင်ရန် အခြားအခွင့်အရေးတစ်ခု ရှာဖွေရန် စီစဉ်နေသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က အသံ ကျယ်လောင်စွာဖြင့်- “လက်ဗလာဆရာကြီး၊ ဒီနေ့ကစပြီး ခင်ဗျား ငါ့နန်းတော်ထဲကို နောက်တစ်ကြိမ် ကျူးကျော်ဝင်ရောက်ရဲမယ်ဆိုရင်၊ အဲဒီလူရဲ့ ပုံပန်းသဏ္ဍာန်ကို ဘယ်တော့မှ သိရတော့မှာ မဟုတ်သလို၊ ခင်ဗျားရဲ့ပစ္စည်းတွေကိုလည်း ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး ဒါက ငါကိုယ်တော် ပြောစရာရှိတာပဲ၊ စကားကို နားထောင်ရင် ကောင်းမယ်”
လက်ဗလာဆရာကြီးသည် တင်းကျပ်စွာ ပိတ်ထားသော နန်းတော်တံခါးများကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
နောက်ရက်များတွင် လက်ဗလာဆရာကြီးသည် နန်းတော်အပြင်ဘက်၌ လှည့်လည်နေခဲ့သည်။
သူသည် အကြိမ်ပေါင်းများစွာ နန်းတော်ထဲသို့ ဝင်ရောက်ချင်သော်လည်း မဝင်ရဲဘဲ ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်းပိုင်ဖန်က နန်းတော် အတွင်း၌ ဧကရာဇ်၏ ဘဝကို ပျော်ရွှင်စွာဖြင့် ခံစားကာ နေထိုင်နေသည်။ ခမ်းနားလှတဲ့ အဝတ်အစားတွေနှင့် အရသာရှိသော အစားအစာများကို သုံးဆောင်ကာ၊ သူ၏ လှပသော မိဖုရား၏ ချစ်ခင်ကြင်နာမှုတို့ကို ပျော်ရွှင်စွာ ခံစားနေသည်၊ နန်းတွင်းအရာရှိများ၏ ချီးမွမ်းမြှောက်ပင့်ခြင်းကို ခံနေရပြီး၊ နန်းတော်မှ ထွက်ခွာရန် စိတ်ကူးမရှိလောက်အောင်ပင် ကျေနပ်နေခဲ့သည်။
သူ၏စိတ်ကတော့ အင်ပါယာ မြေပုံပေါ်တွင် စွဲမြဲနေပြီး၊ လက်ဗလာဆရာကြီး၏ စိတ်မရှည်သော အမူအရာကို ကြည့်ကာ ပြုံးလိုက်သည်။
“ငါကိုယ်တော် မင်းကို မကိုင်တွယ်နိုင်ဘူးလို့တော့ မယုံဘူး”
ထိုအချိန်တွင် ချိုင်ယွီရှင်းကတော့ အမျိုးသမီး စစ်သည်များကို စုဆောင်းရန် အလုပ်များနေသည်။
သို့သော် ရိုးရိုးသားသားပြောရလျှင် ရှုင်းလင်းတိကျတဲ့ လမ်းညွှန်မှုက ရှိနေသော်လည်း စစ်သားစုဆောင်းခြင်းက ခက်ခဲနေဆဲ ဖြစ်သည်။
ဒါပေါ့ အခြားရွေးချယ်စရာတွေရှိပါက မည်သည့် အမျိုးသမီးက စစ်သားဖြစ်ချင်မည်နည်း။
နောက်ဆုံးတွင် ခက်ခက်ခဲခဲဖြင့် အမျိုးသမီးစစ်သည် ၃,၀၀၀ကို စုဆောင်းနိုင်ခဲ့ပေမယ့်၊ သူတို့ကို လေ့ကျင့်ပေးဖို့က အလွန်ခက်ခဲနေကြောင်း တွေ့ရှိလိုက်ရသည်။
အကြောင်းမှာ ဤအမျိုးသမီးစစ်သည်များသည် အောက်ခြေလူတန်းစားမှ ဆင်းသက်လာကြသူများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက အာဟာရချို့တဲ့မှုကို ခံစားခဲ့ရကာ ကိုယ်ခံပညာကိုလည်း လေ့ကျင့်ခဲ့ဖူးခြင်း မရှိသောကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ အားနည်းလွန်းနေသည်။
သူတို့ကို စွမ်းရည်ရှိသော၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေမည့် ထိပ်တန်းစစ်သည်များအဖြစ် ပြောင်းလဲရန်မှာ ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုခက်ခဲနေသည်။
ထို့ကြောင့် သူမသည် လင်းပိုင်ဖန်၏ အကူအညီကို ရယူရန် နန်းတော်သို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။
“အရှင်မင်းကြီး…” ချိုင်ယွီရှင်းသည် လင်းပိုင်ဖန်၏ လက်မောင်းတစ်ဖက်ကို တွယ်ကပ်ကာ နူးညံသောလေသံဖြင့် ပြောလိုက်သည်။
လင်းပိုင်ဖန်ခင်ဗျာ တုန်ယင်သွားပြီး- “ဒီလိုမျိုး အန်ချင်လာအောင် မလုပ်ပါနဲ့၊ မင်း ဘာလိုချင်လို့ လာခဲ့လဲဆိုတာပဲ ပြော”
ချိုင်ယွီရှင်းက မြူဆွယ်သောလေသံဖြင့် ဆက်ပြောသည်- “အရှင်မင်းကြီး၊ ကျွန်မတို့ အခု အမျိုးသမီးစစ်သည်အပြည့်အစုံကို စုဆောင်းပြီးပါပြီ၊ ဒါပေမယ့် သူတို့က အရမ်းအားနည်းနေတော့ အာဟာရဖြည့်တင်းဖို့ ဆေးဖက်ဝင်အပင်တွေ ဝယ်ဖို့လိုတယ်။ ဒါက ပိုက်ဆံလိုနေပါတယ်။ အရှင်မင်းကြီးက အကူအညီ မပေးသင့်ဘူးလား ဘာပဲဖြစ်ဖြစ် သူတို့က အရှင်မင်းကြီးရဲ့ စစ်သည်တွေပဲလေ”
လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ- “မရဘူး သူတို့က ငါ့စစ်သည်တွေ ဆိုပေမယ့် ကျန်တဲ့ စစ်သည်တွေလည်း ငါ့စစ်သည်တွေ မဟုတ်ဘူးလား၊ သူတို့ကသာ အကူအညီလိုရင် ကျန်တဲ့သူတွေလည်း မလိုဘူးလား ဒီလောကမှာ ပြဿနာက ရှားပါးမှု မဟုတ်ဘူး၊ မညီမျှမှု ပဲ”
“ဒါပေမယ့် အရှင်မင်းကြီး၊ သူတို့က တကယ်ကို လိုအပ်နေပါတယ်” ချိုင်ယွီရှင်း၏ အသံသည် ပို၍ပင် သိမ်မွေ့လာခဲ့သည်။
လင်းပိုင်ဖန်က တင်းမာစွာပဲ- “ဘယ်လောက်ပဲ လိုအပ်နေပါစေ၊ မဖြစ်နိုင်ဘူး။ ငါက စည်းမျဥ်းတွေနဲ့အညီ နေထိုင်တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် လုံးဝ အလျှော့မပေးနိုင်ဘူး”
ချိုင်ယွီရှင်းခင်ဗျာ ဒေါသထွက်သွားလာပြီး- “ ရှင်က မိုက်မဲတဲ့ဧကရာဇ် တစ်ယောက်ဖြစ်နေတာပဲလေ၊ ဒီကိစ္စတွေကို ဂရုစိုက်နေတုန်းပဲလား”
လင်းပိုင်ဖန်သည် အံ့အားသင့်သွားကာ- “မင်း ပြောတာ မှန်တယ်”
“ကောင်းပြီ၊ ဒါဆို အခု ရှင် ခွင့်ပြုတော့မှာလား...”
“မဖြစ်နိုင်သေးဘူး”
ချိုင်ယွီရှင်းလည်း ဒေါသထွက်သွားပြီး- “လင်းပိုင်ဖန်၊ ရှင် အရမ်းလွန်မလာနဲ့ ။ ရှင့်ဆီက ပိုက်ဆံ နည်းနည်း ချေးရုံပဲလေ၊ ဒါတောင် မရဘူးလား”
ခဏအကြာတွင် ချိုင်ယွီရှင်း၏ လက်ထဲတွင် ငွေသေတ္တာတစ်လုံး ရောက်ရှိလာပြီး ပျော်ရွှင်စွာ ပြောလိုက်သည်- “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
လင်းပိုင်ဖန်က- “အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောရအောင်၊ ဒီပိုက်ဆံက ချေးလိုက်တဲ့ ငွေပဲ။ မင်း ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ”
ချိုင်ယွီရှင်းသည်က အရှက်မရှိစွာဖြင့်- “ပြန်မဆပ်နိုင်ရင် ကိုယ်ခန္ဓာနဲ့ ပြန်ဆပ်ရုံပဲပေါ့။ ရှင်က ဘာလိုချင်သေးလို့လဲ”
လင်းပိုင်ဖန်လည်း ဒေါသကြောင့် တုန်ရီသွားပြီး- “ချိုင်ယွီရှင်း၊ မင်း ဒီလောက် လောဘကြီးလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ငါ့ရဲ့ ငွေကိုလည်း လိုချင်တယ်၊ ငါ့ရဲ့ ခန္ဓာကိုယ်ကိုလည်း လိုချင်သေးတယ်”
ချိုင်ယွီရှင်း-“...”
“ဟွန့် ဘာပဲဖြစ်ဖြစ် ကျွန်မ အခု ပိုက်ဆံရသွားပြီ၊ ရှင် လုပ်ချင်သလိုလုပ်၊ ကျွန်မ သွားပြီ”
ထိုသို့ပြောကာ သူမသည် ငွေများကို ကောက်ယူပြီး ပျော်ရွှင်စွာ ပြေးထွက်သွားခဲ့သည်။
ထို့နောက် ချိုင်ယွီရှင်းက ဒီပိုက်ဆံတွေကို အသုံးပြု၍ အဖိုးတန်ဆေးဖက်ဝင်အပင်များကို ဝယ်ယူခဲ့ပြီး အမျိုးသမီးစစ်သည်များအား တိုက်ကျွေးခဲ့သည်။
သူမသည် သူတို့၏ ခန္ဓာကိုယ်ကို ထိန်းညှိပေးရန်အတွက် သူမ၏ အစစ်အမှန် ချီကိုလည်း ကိုယ်တိုင် ထည့်သွင်းပေးခဲ့သည်။
ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် အမျိုးသမီးစစ်သည် အများအပြား၏ အခြေအနေက တိုးတက်လာခဲ့သည်။