ဂိုဏ်းတူမောင်လေးကို မြှူစွယ်သလိုဖြစ်နေမည်လား
Vol. 18 Ch. 245
အခန်း (၂၄၅) ဂိုဏ်းတူမောင်လေးကို မြှူစွယ်သလိုဖြစ်နေမည်လား
သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လေရာ သူမ၏ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အားလုံးက အာရုံစိုက်ကြမည် ဖြစ်သည်။
သူမတင်မဟုတ်ပေ။
သူမနှင့်စေ့စပ်ထားသည့် ကျန်းလန်သည်လည်း အာရုံစိုက်ခံရမည်ပင် ဖြစ်သည်။
သူတို့ (၂)ယောက်လုံး အောင်မြင်စွာ အင်မော်တယ်အဖြစ် အဆင့်တက်နိုင်ပါက လက်ထပ်ရမည့်အချိန်သို့ ရောက်ရှိလာပေလိမ့်မည်။
သို့သော် ကျန်းလန်က ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသည်ဖြစ်လေရာ သူ အင်မော်တယ်အဖြစ် မည်သည့်အချိန်တွင် အဆင့်တက်မည်ကို စိတ်ကြိုက်ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့်လည်း မိုးကောင်းကင်စမ်းသပ်ခံရမည့်အချိန်တွင် သေချာပေါက် ပြင်ပလောကသို့ သွားရောက်ရမည် ဖြစ်သည်။
ဟန်ဆောင်ခရီးထွက်ပြီးသည့်နောက် စမ်းသပ်ခံရခြင်း အောင်မြင်ခဲ့ဟန်ဖြင့် တောင်ပေါ်သို့ ပြန်လာရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သူမှ သူ့အကြောင်း ရိပ်မိကြတော့မည် မဟုတ်ပေ။
တောင်ပေါ်မှ သူထွက်သွားစဉ်တွင် အများအမြင် မရှိမှုအာကာသအဆင့် အောင်မြင်သည့်အဆင့် ဖြစ်ရမည်ဖြစ်ပြီး ပြန်လာချိန်တွင်တော့ လူသားအင်မော်တယ်တစ်ပါးအဖြင့် ကျင့်ကြံခြင်းအဆင့်ကို ချိန်ညှိထားရမည် ဖြစ်သည်။
"အမ်… ဒါဖြင့် သူနှင့်လုန်ယွိ လက်ထပ်ပြီးရင်ရော…"
ဟုတ်ပေ၏။
လက်ထပ်ပြီးလျှင်တော့ ဇနီးမောငင်နှံကြားတွင် ဖုံးကွယ်ထားရန် မသင့်တော်ပေ။
မည်သို့ပင်ဖြစ်စေ မိုးကောင်းကင်စမ်းသပ်ခံရမည့်အချိန်တွင်တွင်တော့ ပြင်ပလောကသို့ ထွက်ခွာရမည် ဖြစ်၏။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ ရှင် အင်မော်တယ်ဖြစ်ဖို့ စမ်းသပ်ခံရရင် ပြင်ပလောကကိုသွားမှာလား ၊ ခွန်လွန်တောင်မှာပဲ ရင်ဆိုင်မှာလား"
ကျန်းလန်က…
"ပြင်ပလောကကိုပဲ သွားဖြစ်မယ်ထင်တယ်"
ရှောင်ယွိက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမ၏ ဂိုဏ်းတူမောင်လေးက အလွန်ပင် လျှို့ဝှက်တတ်သူဖြစ်ရာ လူနေများပြားသည့် ခွန်လွန်တောင်တွင် စမ်းသပ်ခံရခြင်းကို ရင်ဆိုင်မည်မဟုတ်ပေ။
နောက်ထပ် နှစ်ပေါင်း (၁၀၀)ကျော်ကြာလျှင် သူမ စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။ သူမ စမ်းသပ်ခံရစဉ်တွင် ရင်ဆိုင်ရသည်များနှင့် မည်သို့ကျော်ဖြတ်ခဲ့သည်များကို သေသေချာချာ မှတ်စုလုပ်ထားရမည် ဖြစ်သည်။
ဂိုဏ်းတူမောင်လေး စမ်းသပ်ခံရခြင်းရင်ဆိုင်ရချိန်တွင် သူမ၏မှတ်စုကိုပေးခြင်းဖြင့် ကူညီနိုင်မည် ဖြစ်သည်။
ကျန်းလန်က ရှောင်ယွိကို ငေးကြည့်နေလေသည်။
ကျန်းလန်က မျက်တောင်မခတ်ငေးကြည့်နေသောကြောင့် ရှောင်ယွိ မနေတတ် မထိုင်တတ်ဖြစ်လာပြီး နေရာနည်းနည်း ရွှေ့လိုက်သည်။
ကျန်းလန်က သူမရွှေ့သည့်နေရာသို့ လိုက်ကြည့်ပြန်သည်။
ရှောင်ယွိက သူမမျက်နှာကို လက်ဖြင့်အသာထိလိုက်ရင်း…
"ဘာလို့ ကြည့်နေတာလဲ… ကျွန်မမျက်နှာက ပန်းပွင့်နေလို့လား"
"ဂိုဏ်းတူအစ်မက ပန်းလေးတွေထက်တောင် လှပါတယ်ဗျာ"
ထိုစကားက ကျန်းလန် မရည်ရွယ်ပါပဲ လွှတ်ကနဲ ပြောလိုက်မိခြင်းပင်။
ရှောင်ယွိ ခဏမျှ ကြက်သေသေသွားပြီးမှ နေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"ဂိုဏ်းတူမောင်လေးက တောက်လျှောက်လိုက်ကြည့်နေတော့ ကျွန်မက ရှက်တာပေါ့…"
"ဟင်… ဟုတ်လား"
ကျန်းလန်က ရှောင်ယွိနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း မေးလိုက်သည်။
"ဒါနဲ့ စကားမစပ် … အရင်တစ်ခေါက် ခါးကိုကော့ပြတာလေ… အဲဒါရော ဘာမှားနေတာလဲဆိုတာ သိရပြီလား"
ထိုမေးခွန်းကိုကြားသည်နှင့် ရှောင်ယွိ အေးခဲမတတ် ဖြစ်သွားသည်။
ဤအကြောင်းအရာပြောရမည်ကို သူမ အကြောက်ဆုံး ဖြစ်သည်။
စက္ကန့်အနည်းငယ်မျှ ရှောင်ယွိ စိတ်ကို တည်ငြိမ်အောင်ကြိုးစားလိုက်ပြီးနောက် သူမက နေရာမှ ခုန်ထလိုက်သည်။
"ကျွန်မ ဒီကို ဘာလို့လာရလဲ ရှင်သိလား"
ကျန်းလန်က…
"ဘာဖြစ်လို့လဲ"
သူတကယ်ပဲ သိချင်မိသည်။
တကယ်ဆိုလျှင် ရှောင်ယွိက တစ်နှစ်တစ်ခါမှ သူ့ထံလာရောက်သည်ဖြစ်ရာ အနည်းငယ် အချိန်စောပြီး ရောက်လာခဲ့သည် မဟုတ်ပါလား။
ရှောင်ယွိက သူမ၏ ညဘက်လက်ကို ဆန့်တန်းလိုက်ရင်း…
"ဒါကြောင့် လာရတာလေ"
ကျန်းလန်က ဘာမှန်းမသိဘဲ ရှောင်ယွိ၏ လက်ကို ကြည့်လိုက်ရင်း…
"လက်ကြောင့် လာရတာလား"
"……………"
ရှောင်ယွိက သူမ၏ လက်ကို ထပ်မံဆန့်တန်းပြလိုက်ရာ ကျောက်စိမ်းရတနာပမာ ဝင်းပနေသည့် လက်ကောက်ဝတ်ထက်တွင် အင်းသင်္ကေတစ်ခုပမာ ရစ်ပတ်နေသည့် လက်ထပ်စာချုပ်သင်္ကေတ ထွက်ပေါ်လာသည်။
"ဒါကို ပြောတာလေ"
လက်ထပ်စာချုပ်သင်္ကေတက သူမ၏လက်ကောက်ဝတ်တွင် သံကြိုးများပမာ လှည့်ပတ်လျှက် ရှိသည်။
ထိုသင်္ကေတက သူမနှင့်ကျန်းလန် အတူတကွ ထုံးဖွဲ့ရစ်နှောင်ထားသည့် လက်ထပ်စာချုပ်သင်္ကေတပင် ဖြစ်သည်။
"ညက ဒီအင်းသင်္ကေတက ပုံမှန်မဟုတ်ဘဲ အပေါ်အောက် ခုန်ပေါက်ပြီး လှုပ်ရှားနေတာလေ ၊ ဂိုဏ်းတူမောင်လေး ကျင့်ကြံရင်းနဲ့ တစ်ခုခုဖြစ်နေပြီလို့ ကျွန်မ စိတ်ပူနေတာ"
ရှောင်ယွိက တိုးလျသည့် လေသံဖြင့် ပြောသည်။
သူမစကားကြောင့် ကျန်းလန် များစွာအံ့အားသင့်သွားရသည်။
လက်ထပ်စာချုပ်သေင်္ကတက အပေါ်အောက်ခုန်ပေါက်နေသည်တဲ့။ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။
မနေ့ညက သူ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားခဲ့သလို ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကလည်း သူ့ကို အစဉ်အမြဲကာကွယ်ပေးထားသည်။
ရှောင်ယွိထံမှ လက်ထပ်စာချုပ်က တစ်စုံတစ်ခုကို ရိပ်မိသွားရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် သူ မနေ့ညက အသက်အန္တရယ်ကျရောက်ခဲ့ခြင်းလည်း မရှိသလို ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်းလည်း မရှိပေ။
ဘယ်လိုပဲတွေးပါစေ ထိုလက်ထပ်စာချုပ်က သူ့အကြောင်း ရိပ်မိသွားစရာအကြောင်း မရှိပေ။
သို့သော်…
ရှောင်ယွိက ယနေ့ အမှန်တကယ် ရောက်လာခဲ့ပြီ ဖြစ်သည်။
"ဒီပစ္စည်းက တကယ့်ကို နားလည်ရခက်တယ်"
ရှောင်ယွိက သူမလက်တွင်ရစ်ပတ်နေသည့် လက်ထပ်စာချုပ်သင်္ကေတကိုကြည့်ရင်း မကျေမနပ်ဖြင့် ပြောလိုက်သည်။
ထို့နောက် သူမက ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး နေကောင်းရဲ့လား"
ကျန်းလန်က သူမမေးခွန်းကို မဖြေဘဲ လက်တစ်ဖက်ကို ရှေ့ထုတ်လိုက်ရင်း…
"နေကောင်းပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်မ မယုံဘူးဆိုရင် ကိုယ့်ကို သွေးကြောစမ်းကြည့်ပေးလေ"
ရှောင်ယွိက တစ်ချက်ပင် မတုံ့ဆိုင်းဘဲ ကျန်းလန်၏ လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ကြည့်လိုက်သည်။
သူမ၏မျက်နှာက တည်ကြည်လေးနက်နေ၏။
ရှောင်ယွိက သူ့ကို အတည်ကြီး သွေးကြောစမ်းသပ်ပေးနေလေရာ ကျန်းလန်ပင် အံ့အားသင့်သွားရသည်။
မျက်မှောင်ကြုတ်ထားသည့် ရှောင်ယွိ၏ မျက်နှာလေးကို ကျန်းလန် လှမ်းကြည့်လိုက်ရင်း…
"တစ်ခုခုများ ဖြစ်လို့လား"
သူ့ခန္ဓာကိုယ်က အလတ်ကြီးရှိသည်ကို ကျန်းလန် သိပြီးသားပင်။
သို့သော် သွေးကြောစမ်းပေးနေသည့် ရှောင်ယွိက အဘယ့်ကြောင့် မျက်မှောင်ကြုတ်ထားရပါသနည်း။
သူ အနည်းငယ် စိတ်ပူသွားမိသည်။
မရဏဂူအတွင်း ကျင့်ကြံနေစဉ် ရုပ်ပိုင်းဆိုင်ရာအခြေအနေကို သူက အမြဲမပြတ် စစ်ဆေးနေလေ့ရှိပြီး ပြဿနာ တစ်ခါမှ မရှိခဲ့ပေ။
ယခု ရှောင်ယွိပုံစံက တည်ကြည်လေးနက်နေလေရာ မရဏဂူ၏လှည့်စားခြင်းကိုများ သူ ခံလိုက်ရပြီလား။
ထိုစဉ် ရှောင်ယွိက သူမ၏လက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
သူမက ကျန်းလန်ကို ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းကာ သက်ပြင်းချလိုက်သည်။
ကျန်းလန် : "…………"
ကျန်းလန်မှာ ဘာဖြစ်မှန်းမသိဘဲ အူကြောင်ကြောင့်ဖြင့် ဆွံ့အသွားရသည်။
ခဏနေမှ သူက မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
"ကဲ ဘာဖြစ်လဲ ပြောပါဦး… ၊ ကိုယ် အစားအသောက်ပိုစားဖို့လိုလား ၊ ဒါမှမဟုတ် ပိုပြီး စိတ်ပေါ့ပေါ့ပါးပါးနေဖို့လိုလား"
ရှောင်ယွိက ခေါင်းလေးကို အသာစောင်းလိုက်ပြီး ကျန်းလန်ကို ခစ်ခနဲ ရယ်ပြလိုက်သည်။
"တကယ်တော့ ဘယ်လိုသွေးကြောစမ်းသပ်ရမလဲဆိုတာ ကျွန်မ မသိဘူး"
"……………"
သူ့ရဲ့ ဂိုဏ်းတူအစ်မလေးက တကယ်ပဲ ဆိုးလွန်းတယ် မဟုတ်ဘူးလား။
သို့သော် သူမက အလွန်ပင် ချစ်စရာကောင်းနေလေရာ ကျန်းလန်က စိတ်မဆိုးရက်ပါပေ။
ညနေဆောင်းချိန်ရောက်ပြီ ဖြစ်သည်။
တိမ်တိုက်များကလည်း တောင်တစ်ခွင်သို့ ဖုံးလွှမ်းလျှက် ရှိ၏။
ရှောင်ယွိလည်း ကျန်းလန်ကို နှုတ်ဆက်ပြီးနောက် ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ပြန်လာခဲ့သည်။
ကျောက်စိမ်းရေကန်သို့ ပြန်ရောက်သည်နှင့် ရှောင်ယွိက ချက်ချင်းပင် လုန်ယွိအဖြစ် ပြောင်းလဲသွားသည်။
"ဂိုဏ်းတူမောင်လေးက ငါ့ကိုတောင် သွေးကြောစမ်းသပ်ဖို့ ခွင့်ပြုခဲ့တာပဲ ၊ ကြည့်ရတာ သူ ဘာမှ မဖြစ်လောက်ပါဘူး"
လုန်ယွိ ရေရွတ်လိုက်ရင်း လက်များကို ရင်ဘတ်ထက်အသာဖိကာ မျက်ဝန်းများကတော့ စိတ်ရှုတ်ထွေးသည့် အငွေ့အသက်လေးများ ကပ်ငြိလို့နေသည်။
"ပြီးတော့ ဒီနေ့ ခံစားချက်ကြီးက ထူးဆန်းလိုက်တာ ၊ ထားလိုက်ပါ… ကျင့်ကြံတာပဲ ကောင်းပါတယ်လေ"
ထို့နောက် သူမ ကျောက်စိမ်းရေကန်အတွင်းသို့ဝင်ရောက်သွားရင်း အင်မော်တယ်ဖြစ်အောင် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
သူမ အင်မော်တယ် အလျှင်အမြန် မဖြစ်လိုသေးပေ။
အဘယ်ကြောင့်ဆိုသော် သူမက ကျန်းလန်ထက်အရင် စောစီးစွာ အင်မော်တယ်ဖြစ်လာလျှင် သူမကြောင့် ကျန်းလန် စိတ်ဖိစီးမှုများ ခံစားရမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။
သို့သော် အချိန်အရမ်းနောက်ကျ၍လည်း အင်မော်တယ် မဖြစ်ချင်ပြန်ပေ။ ထိုသို့ဆိုလျှင် သူမက သူ့ကို လက်မထပ်လိုသောကြောင့် တမင်တကာအချိန်ဆွဲထားသည်ဟု ကျန်းလန် အထင်လွဲမည်ကို စိုးရိမ်မိလေသည်။
အင်မော်တယ် ဖြစ်လျှင်တော့…
လက်ထပ်ဖို့က တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။
ကျောက်စိမ်းရေကန်နံဘေးတွင် မတ်တတ်ရပ်ရင်း လုန်ယွိ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်သည်။
သူမက ခါးကိုအသာကော့ညွှန်လိုက်သည့်အခါ သူမဝတ်ဆင်ထားသည့်အဝတ်အစားများက အသားတွင်ကပ်သွားပြီး ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်လွင်စေသည်။
"တကယ်ပဲ ခါးကော့ပြရင် အဆင်ပြေမှာလား"
လုန်ယွိ မယုံကြည်နိုင်သလို တွေးလိုက်သည်။
ထို့နောက် သူမ၏ ရွှေရင်အစုံကို ပြန်ငုံ့ကြည့်လိုက်ရင်း…
"သူမ ခါးကော့ပြလျှင် ဂိုဏ်းတူမောင်လေးက တကယ်သဘောကျမည်လား" ဟု ထပ်တွေးမိပြန်သည်။
ကျန်းလန်က အလွန်တည်ငြိမ်အေးဆေးလေရာ အဘိုးကြီးတစ်ယောက်နှင့်ပင် တူလွန်းလေရာ သူမ ခါးကော့ပြလျှင်လည်း စိတ်လှုပ်ရှားပါမည်တဲ့လား။ ကျန်းလန်က အမှန်တကယ် ခန့်မှန်းရ ခက်လှသူပင်။
"ထားလိုက်တော့… နောက်မှပဲ ကြိုးစားကြည့်တော့မယ်"
မည်သို့ပင်ဖြစ်စေ ကျန်းလန်ရှေ့တွင် ခါးကော့ပြရန်မှာတော့ အတော်လေး ရှက်ရွံ့စရာကိစ္စ ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းက ကျန်းလန်ကို မြှူစွယ်ရာများ ရောက်နေမည်လား။ သူမ ထိုသို့လည်း မဖြစ်ချင်ပြန်ပေ။
နောက်ဆုံးတော့ နဂါးမယ်လေးသည် ကျောက်စိမ်းရေကန်နံဘေးတွင် အတွေးများစွာဖြင့် မတ်တတ်ရပ်လျှက်သား ရှိနေလေတော့သည်။
***
ရှောင်ယွိ ပြန်သွားသည်ကို ကျန်းလန် မျက်စိတစ်ဆုံး ငေးကြည့်နေခဲ့သည်။ ပြီးမှ ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။
ဆရာဖြစ်သူလည်း ပြန်မရောက်လောက်သေးလေရာ နောက်တစ်နေ့နံနက်မှသာ ဆရာ့ကို သွားရောက်တွေ့ဆုံရန် စဉ်းစားထားသည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။
ကျန်းလန် ဂိုဏ်းထဲရောက်သည်မှာ နှစ်ပေါင်း (၂၇၀) ရှိခဲ့ပြီ ဖြစ်သည်။ နောင် အနှစ် (၃၀)ဆိုလျှင် အများအမြင်တွင် မရှိမှုအာကာသအဆင့်သို့ တက်ရောက်ရတော့မည် ဖြစ်၏။
ယခင်ကြုံတွေ့ခဲ့သည့် အတွေ့အကြုံအရဆိုလျှင် ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် ရတနာဝတ်ရည်သေရည်ကို သောက်သုံးရန် လိုအပ်သည်။
ပြီးလျှင်တော့ (၁၀)နှစ်ခန့် သေရည်ယစ်မူးပြီး အိပ်မက်ကမ္ဘာထဲတွင် နစ်မျောနေမည် ဖြစ်သည်။
သို့သော် ရတနာဝတ်ရည်သေရည်နှင့် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို ရောပြီးသောက်သုံးလိုက်လျှင် မည်သို့ရှိမည်နည်း။
သူ သေရည်ယစ်မူးနေချိန် တာအိုကိုနားစေရန် တစ်ခါတည်း အသုံးချနိုင်မည်လား။
ထိုအကြောင်းများကို မည်သူမှ မသိနိုင်ပေ။
နောက်ရက်အနည်းငယ်တွင်တော့ စာကြည့်တိုက်သို့သွားကာ လေ့လာကြည့်ရမည် ဖြစ်သည်။
***
နောက်တစ်နေ့နံနက်။
တောက်ပသည့်နေရောင်က နဝမတောင်ထွတ်ဆီသို့ ဖြာကျနေသည်။
ကျန်းလန်ကတော့ နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့၏။
သူက ယနေ့နံနက် ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံရန် စီစဉ်ထားသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာဖြစ်သူက သူ့ကိုစာတစ်စောင်ပို့ကာ လှမ်းခေါ်လေသည်။
"ဆရာ ဘာပြောမလို့လဲ မသိဘူး"
ကျန်းလန် တွေးလိုက်သည်။
ဆရာဖြစ်သူက တစ္ဆေတိုင်းပြည်အကြောင်းတော့ပြောမည်မထင်ပေ။
တစ္ဆေတိုင်းပြည်က နဝမတောင်ထွတ်ကို တိုက်ခိုက်ထိခိုက်စေခြင်းမရှိသလို ကျန်းလန်နှင့်လည်း ဆက်စပ်မှု မရှိပေ။ သူ့ကို ပြင်ပလောကသို့သွားရောက်ပြီး အတွေ့အကြုံရှာဖွေရန်လည်း ပြောမည်မဟုတ်ပေ။
နတ်မိစ္ဆာများနှင့် နဂါးများသည်လည်း ငြိမ်သက်နေကြလေရာ ကြီးကြီးမားမား ပြဿနာ မရှိလှပေ။
သို့ဆိုလျှင် မည်သည့်ကိစ္စကြောင့် သူ့ကို ခေါ်ရပါသနည်း။ သူ ကျင့်ကြံခြင်းအဆင့်တက်မည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု ပြောလိုခြင်း ဖြစ်ပေလိမ့်မည်။
သူ ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ တက်ရောက်တိုင်း ဆရာဖြစ်သူက ထူးခြားသည့်နေရာများသို့ စေလွှတ်လေ့ ရှိသည်။
သို့ရာတွင် ယခု မရှိမှုအာကာသအဆင့် တက်ရောက်ရန်အတွက် ဆရာဖြစ်သူက အစောကြီးကတည်းကပင် ရတနာဝတ်ရည်သေရည်ကို သူ့အတွက် ကြိုတင်ပေးအပ်ထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် အခြားသောနေရာတစ်ခုသို့ သွားရောက်ရန် မလိုအပ်တော့ပေ။
"ဆရာ…"
တောင်ပေါ်မှ ရက်အတန်ကြာအောင် ပျောက်သွားသည့် ဆရာဖြစ်သူသည် ယခုတော့ နဝမတောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်ရင်း အခြားဘက်ဆီသို့ ငေးမျှော်ကြည့်နေသည်ကို တွေ့မြင်လိုက်ရသည်။
ကျန်းလန်က ဆရာဖြစ်သူကို တစ်ချက်အကဲခတ်လိုက်ပြီး ဒဏ်ရာရရှိထားခြင်း မရှိကြောင်း သိလိုက်သည်။ တစ္ဆေတိုင်းပြည်နှင့်တိုက်ခိုက်မှုက ဆရာဖြစ်သူ ဒဏ်ရာရလောက်သည်အထိ ပြင်းထန်ခဲ့ဟန် မရှိပေ။
"မင်း မူလဝိညာဉ်အဆင့် အောင်မြင်သွားပြီ မဟုတ်လား"
မော့ကျန်းသုန့်က ကျန်းလန်ကို လှည့်ကြည့်လာပြီး အဓိပ္ပါယ်ပါပါနှင့် မေးလိုက်သည်။
"ဒါပေမဲ့ မင်းက ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားတော့ အခြားသူတွေက မင်းကို မူလဝိညာဉ် နောက်ဆုံးအဆင့်လို့ပဲ ထင်ကြမှာပဲ…"
ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း တီးတိုးလေသံဖြင့်…
"ဆရာဒေါ်လေး မြောင်ယွဲ့က ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသင့်တယ်လို့ အကြံပေးတာနဲ့… ကျွန်တော်လည်း ဖုံးကွယ်ထားတာပါ"
မော့ကျန်းသုန့်က မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေ၏။
ကျင့်စဉ်လမ်းသို့မလိုက်မီ အချိန်များကတည်းက ကျန်းလန်က သူ၏စိတ်ခံစားချက်များကို ဘယ်တော့မှ အခြားသူများသိအောင် ထုတ်ဖော်မပြတတ်သည်ကို မော့ကျန်းသုန့် ပြန်လည်သတိရလိုက်မိသည်။
ကျန်းလန်အတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမ ရှိနေခြင်းက ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက သူ့စရိုက်ကအတော်လေး လူမှုရေးကင်းမဲ့လွန်းသည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမကြောင့်သာ ကျန်းလန် အနည်းငယ်ရွှင်ရွှင်ပြပြ ရှိနေခဲ့ခြင်းဖြစ်ပြီး ထိုအချက်ကို ကျန်းလန်ကိုယ်တိုင်ပင် သတိထားခဲ့မိဟန် မတူပေ။
ကျန်းလန်က ဆရာဖြစ်သူကို တစ်ချက်ခိုးကြည့်လိုက်သည်။
သူ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်းက ပြဿနာများ ရှိနေလေသလား။ ဆရာဖြစ်သူ၏ သဘောထားက မည်သို့ရှိပါမည်လဲ။
ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်းက သူ့သဘောအတိုင်းမဟုတ်ဘဲ ဆရာဒေါ်လေးမြောင်ယွဲ့ ဖြစ်စေချင်သည့်အတိုင်း ပြုလုပ်ထားခြင်း ဖြစ်သည်။
ဆရာဒေါ်လေးမြောင်ယွဲ့ဆိုသည့်နာမည်ကို ပြောလိုက်ချိန်တွင် ဆရာဖြစ်သူ၏မျက်နှာအမူအရာ မည်သို့ရှိမည်ကို ကျန်းလန် အကဲခတ်လိုက်သည်။
ဆရာဖြစ်သူ၏ အိမ်ထောင်ပြုရန်အတွက်လည်း သူ စဉ်းစားပေးရဦးမည် ဖြစ်သည်။ မဟုတ်လျှင် အသက်ကြီးလာပါက ဆရာတစ်ယောက်တည်း ပျင်းစရာကောင်းပြီး အထီးကျန်နေပေလိမ့်မည်။
ဇနီးတစ်ယောက်ရှိနေလျှင်တော့ အထီးကျန်မှုကို ခံစားရတော့မည် မဟုတ်ပေ။