ခွန်လွန်ဝတ်ကျောင်းတော်သို့ဝင်ရောက်ရန်
Vol. 18 Ch. 246
အခန်း (၂၄၆) ခွန်လွန်ဝတ်ကျောင်းတော်သို့ဝင်ရောက်ရန်
အချိန်အတန်ကြာအကဲခတ်နေသည့်တိုင် ဆရာဖြစ်သူ၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ မတွေ့ရှိရပေ။
ဆရာဖြစ်သူက သူပြောမည့်စကားကို မျှော်လင့်ထားပြီးသား ဖြစ်ဟန်တူသည်။ ထို့ပြင် ဆရာဒေါ်လေးမြောင်ယွဲ့နာမည်ကြားသော်လည်း သိပ်ပြီး အရေးစိုက်ဟန် မပြပေ။
"ကြည့်ရတာ ဆရာက ဆရာဒေါ်လေးမြောင်ယွဲ့ကို စိတ်မဝင်စားဘူးလား မသိဘူး ၊ ဒါမှမဟုတ် အစကတည်းက ဆရာဒေါ်လေးမြောင်ယွဲ့က ငါ့ကို တမင်သက်သက် ကျီစယ်လိုက်တာ ဖြစ်ရမယ်"
ဟိုးအရင်အချိန်က "ဆရာဖြစ်သူကို သဘောကျနေသည်" ဟု ဆရာဒေါ်လေးမြောင်ယွဲ့ သူ့ကို ပြောခဲ့ဖူးသည်။
သူကလည်း အဟုတ်ထင်မှတ်ခဲ့မိသည်။ ဆရာဒေါ်လေးမြောင်ယွဲ့၏ လှည့်ကွက်အတွင်း ကျရောက်သွားမည်ဟု မည်သို့ထင်မိပါမည်နည်း။
မော့ကျန်းသုန့်က…
"မင်း ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားချင်တယ်ဆိုလည်း သေသေချာချာလုပ်လေ ၊ ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားမှ ဖြစ်မှာပေါ့"
ကျန်းလန်က အသံတိုးတိုးဖြင့်…
"ဆရာက ကျင့်ကြံခြင်းအဆင့်မြင့်မားလို့ သိနေတာပါ ၊ အခြားတပည့်တွေဆိုရင် မသိပါဘူး"
မရှိမှုအာကာသအဆင့် တပည့်တစ်ယောက်က တောင်သခင်များပင် မသိနိုင်အောင် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားနိုင်သည်ဆိုပါက ပြဿနာတက်သွားနိုင်သည်။
ထို့ပြင် သူ့အနေဖြင့် တောင်သခင်များကိုပါ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားရန် မလိုအပ်ပေ။ သူ၏ ကျင့်ကြံခြင်းအဆင့် မည်မျှရှိသည်ကို တောင်သခင်များသိရှိရန်တော့ လိုအပ်သည်။
သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကိုတော့ မည်သူမှ မသိရှိအောင် ဖုံးကွယ်ထားသည် မဟုတ်လား။
ကျန်းလန် ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားသည့်ကိစ္စကို မော့ကျန်းသုန့်က သိပ်အာရုံမစိုက်ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်၏။
"တစ္ဆေတိုင်းပြည်က ကျူးကျော်လာပြီးတဲ့နောက် ထူးခြားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တယ် ၊ ဒီတော့ မင်း ကျင့်ကြံခြင်းအဆင့်တက်ပြီးလောက်တဲ့အချိန်ကျရင် ခွန်လွန်ဝတ်ကျောင်းတော် ဖွင့်လှစ်လိမ့်မယ် ၊ တပည့်ရင်းတစ်ယောက်အနေနဲ့ မင်းလည်း ခွန်လွန်တောင်ဝတ်ကျောင်းတော်ထဲကိုဝင်ပြီး ဂမ္ဘီရကျောက်တိုင်ကို လေ့လာရမယ်"
ကျန်းလန် အံ့အားသင့်သွားပြီး…
"ခွန်လွန်ဝတ်ကျောင်းတော်… ဟုတ်လား"
ခွန်လွန်ဝတ်ကျောင်းတော်က အဘယ့်ကြောင့် ရုတ်တရက် ဖွင့်လှစ်ရပါသနည်း။
ဧကရာဇ်ရှီးဟယ်က ခွန်လွန်ဝတ်ကျောင်းတော်သို့ လာရောက်ရန် သူ့ကို မှာကြားခဲ့သည်။ ယခု ခွန်လွန်ဝတ်ကျောင်းတော် တိုက်တိုက်ဆိုင်ဆိုင် ဖွင့်လှစ်တော့မည်ဆိုလေရာ ဤကိစ္စက ထင်သလောက် ရိုးရှင်းမှု မရှိပေ။
သူ မည်သူမည်ဝါဖြစ်ကြောင်း တောင်သခင်များက ရှာဖွေဖော်ထုတ်လိုခြင်းများလား။ သို့တည်းမဟုတ် ဧကရာဇ်ရှီးဟယ်က သူ့ကို ရှာဖွေလိုခြင်းလား။
မော့ကျန်းသုန့်က အေးအေးဆေးဆေးပင် စကားဆက်ပြောသည်။
"ခွန်လွန်ဝတ်ကျောင်းတော်ဆိုတာက ခွန်လွန်တောင်ထွတ်အစွန်းမှာ တည်ရှိတယ် ၊ ခွန်လွန်တောင်အဓိကခန်းမဆောင်အထက်မှာရှိနေပြီး အမြဲတမ်း ပိတ်ထားလေ့ရှိတယ် ၊ ဝတ်ကျောင်းတော်ကို မြူခိုးတွေက အမြဲတမ်း ဝန်းရံဖုံးကွယ်ထားလေ့ ရှိတယ်"
ခဏနားပြီးနောက် မော့ကျန်းသုန့်က ဆက်ပြောသည်။
"ဝတ်ကျောင်းတော်ထဲမှာ ခွန်လွန်စိတ်ကျမ်းဂမ္ဘီရကျောက်တိုင် တည်ရှိတယ် ၊ ဒါပေမဲ့ အခုချိန်ထိ ခွန်လွန်စိတ်ကျမ်းကို နားလည်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး ၊ ပြီးတော့ တပည့်ရင်းတွေအားလုံးလည်း ဝတ်ကျောင်းတော်ထဲကို ဝင်ခွင့်ရမှာ မဟုတ်ဘူး"
မော့ကျန်းသုန့်က ကျန်းလန်ကို ရိုးရိုးရှင်းရှင်းပင် ရှင်းပြသည်။
ခွန်လွန်စိတ်ကျမ်းက ခွန်လွန်ဝတ်ကျောင်းတော်ထဲတွင် ရှိနေကြောင်း သိလိုက်ရသည့်အခါ ကျန်းလန် အံ့အားသင့်သွားမိသည်။
ခွန်လွန်ဝတ်ကျောင်းတော်က ခွန်လွန်တောင်ထွတ်အစွန်းတွင် တည်ရှိလေရာ ထိုနေရာတွင် မဟာတာအိုလမ်းကြောင်း ရှိကောင်းရှိနိုင်သည်။
ထိုနေရာတွင် စနစ်မှတ်ပုံတင်မည်ဆိုပါက သေချာပေါက် ပစ္စည်းကောင်းတစ်ခု ရရှိနိုင်မည် ဖြစ်၏။
သို့သော်…
ဧကရာဇ်ရှီးဟယ်ပြောကြားသွားသည့်စကားနှင့် ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်လှစ်ခြင်းတို့က အတော်လေး တိုက်ဆိုင်လွန်းသည်။
ဧကရာဇ်ရှီးဟယ်ဆိုသည့်ပုဂ္ဂိုလ်က သူ့အတွက် အတော်လေး အန္တရယ်များ၏။ သတိတစ်ချက်လွတ်သည်နှင့် သူ့အကြောင်း ဘူးပေါ်သလို ပေါ်သွားပေမည်။
ထို့ကြောင့် စနစ်တွင် မှတ်ပုံတင်ရန် အခွင့်အရေးရမည်ဆိုလျှင်တောင်မှ သူ ခွန်လွန်ဝတ်ကျောင်းတော်သို့ မသွားလိုတော့ပေ။
နောက်တစ်ကြိမ် ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်လှစ်မှ သွားခွင့်ရမည်ဆိုလျှင် သူ့အတွက် ပိုမိုအန္တရယ်ကင်းပေလိမ့်မည်။
နောက်တစ်ချက်မှာ တောင်ထွတ်အသီးသီးမှ ပါရမီရှင်တပည့်များအားလုံး ထူးဆန်းလွန်းသည့်နေရာတစ်ခုသို့ အတူတကွ သွားရောက်ခြင်းမှာ ပုံမှန်မဟုတ်ပေ။
"တပည့်ရင်းတွေအားလုံးလည်း ဝတ်ကျောင်းတော်ထဲကို ဝင်ခွင့်ရမှာ မဟုတ်ဘူး" ဟု ဆရာဖြစ်သူ၏စကားထဲတွင် ပါရှိသည်။
သို့ဆိုလျှင် သူမသွားလည်း ကိစ္စမရှိဟု အဓိပ္ပါယ်ရလေသည်လား။
သို့သော် ကျန်းလန် မည်သည့်စကားမှ မပြောနိုင်ခင်မှာပင် မော့ကျန်းသုန့်က စကားဆက်ပြောလိုက်၏။
"ဒါပေမဲ့ တောင်ထွတ်တစ်ခုစီက တပည့်ရင်းတစ်ယောက်တော့ သေချာပေါက် သွားရမယ်ကွာ ၊ ဒီတော့… မင်းက နဝမတောင်ထွတ်က တစ်ဦးတည်းသောတပည့်ဆိုတော့ မသွားလို့ မရတော့ဘူးပေါ့"
"…………"
ဆရာက ဤကိစ္စကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိများ ပြုလုပ်ခဲ့လေသလား။
တစ်ဦးတည်းသောတပည့်ဖြစ်ရခြင်း၏ အားနည်းချက်များကို ကျန်းလန် ထင်ထင်ရှားရှား သိလိုက်ရသည်။
"တောင်ထွတ်အသီးသီးမှ တပည့်တစ်ယောက်စေလွှတ်ရမည်" ဆိုသည့်ကိစ္စမျိုးတွင် အခြားတောင်ထွတ်များအတွက် ရွေးခြယ်စရာရှိသော်လည်း နဝမတောင်ထွတ်မှ သူ့အတွက်တော့ ရွေးခြယ်စရာ မရှိခဲ့ပေ။ မဖြစ်မနေ သွားရမည်သာ ဖြစ်သည်။
တစ်ဦးတည်းသောတပည့်ဖြစ်ရခြင်း၏ အားသာချက်မှာ ဂိုဏ်းတူညီငယ် ၊ ညီမငယ်များ မရှိသဖြင့် ဒုက္ခမများဘဲ အေးအေးဆေးဆေး နေနိုင်ခြင်း ဖြစ်သည်။
အကယ်၍ အဋ္ဌမတောင်ထွတ်တွင် သူ့ကို ခုနစ်စဉ်ကြယ်ဓားသိုင်းသင်ပြပေးခိုင်းသည့် ဂိုဏ်းတူညီငယ်သာ နဝမတောင်ထွတ်မှ ဂိုဏ်းတူညီငယ်ဖြစ်နေလျှင် မည်သို့ရှိမည်နည်း။
ထိုသို့ဆိုလျှင်…
ကျန်းလန် ပိုပြီး စိတ်ဒုက္ခရောက်ရမည် ဖြစ်သည်။
ထိုညီငယ်က သိုသိုသိပ်သိပ်နေရမည်ကို နားမလည်သူ ဖြစ်သည်။ သူသာ နဝမတောင်ထွတ်ရောက်လာလျှင် ကျန်းလန်အတွက် အကြီးအကျယ် ပြဿနာတက်မည်ပင်။
ထို့ကြောင့် တစ်ဦးတည်းသောတပည့်ဖြစ်ခြင်း၏ အားသာချက်များကို ခံစားခဲ့ရသူတစ်ယောက်အနေဖြင့် အားနည်းချက်များကိုလည်း လက်ခံရမည်သာ ဖြစ်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"တပည့်နားလည်ပါပြီ…"
ဘာပဲဖြစ်ဖြစ် သူ စနစ်တွင် မှတ်ပုံတင်ရန် ထိုနေရာသို့ သွားရပေလိမ့်မည်။
***
ကျန်းလန် နဝမတောင်ထွတ်အစွန်းမှ ပြန်လာပြီးနောက် မရဏဂူထဲတွင် ဆက်လက်ကျင့်ကြံနေခဲ့သည်။ မရဏအငွေ့အသက်များက ပေါက်ကွဲထွက်နေလေရာ အခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ပေ။
သို့သော် ရတနာဝတ်ရည်သေရည်နှင့် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို အတူတကွ တွဲဖက်စားသောက်နိုင်မည်လားဆိုသည်ကို လေ့လာရဦးမည် ဖြစ်သည်။
ထိုအရာ (၂)ခု တွဲဖက်စားသုံးနိုင်မည်ဆိုလျှင် ရတနာဝတ်ရည်သေရည်မူးနေချိန်တွင် တာအိုကိုနားလည်ရန် လွယ်ကူစွာ အခွင့်အရေးရရှိမည် ဖြစ်သည်။
နောက်တစ်နေ့နံနက်။
ကျန်းလန် နဝမတောင်ထွတ်စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။
စာကြည့်တိုက်ရောက်သည်နှင့် သူသိချင်သည့်အကြောင်းအရာပါရှိနိုင်မည့်စာအုပ်များကို စတင်ရှာဖွေသည်။ မကြာမီ ဝိညာဉ်ဆေးဝါးများနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ကို ရှာတွေ့သွား၏။
သူက တာအိုနားလည်ခြင်းလက်ဖက်ခြောက်နှင့် ရတနာဝတ်ရည်သေရည်အကြောင်း ရေးသားထားသည်များကို စတင်ဖတ်ရှုလိုက်သည်။
သို့သော် စာအုပ်ထဲတွင် သူသိချင်သည့်အကြောင်းအရာကို ရေးသားထားခြင်း မရှိပေ။
ကျန်းလန် စာအုပ်ကို နေရာတွင် ပြန်ထားလိုက်သည်။
စာအုပ်ထဲတွင် တာအိုနားလည်ခြင်းလက်ဖက်ခြောက်နှင့် ရတနာဝတ်ရည်သေရည်အကြောင်း မှတ်တမ်းတင်ထားသော်လည်း ထိုအရာ (၂) ခု ပေါင်းစပ်စားသုံးခြင်းအတွက်တော့ မှတ်တမ်းတင်ထားခြင်း မရှိပေ။
"ဟုတ်တော့လည်း ဟုတ်တယ် ၊ ဒီ (၂)မျိုးကိုရောသောက်ဖို့ ဘယ်သူက တွေးမိမှာလဲ"
အစကတည်းက ထိုပစ္စည်း (၂)မျိုးက ဆက်စပ်မှုမှ မရှိသည်ပဲလေ။
ထို့နောက် ကျန်းလန်က စာဆောင်အချို့ကို ထုတ်ယူလိုက်ပြီး ဧကရာဇ်ရှီးဟယ်ဆိုသည့် နာမည်များ ပါရှိမည်လားဟု ရှာဖွေလိုက်သည်။
အချိန်ကြာမြင့်စွာ ဖတ်ရှုပြီးသည့်နောက် စိတ်ဝင်စားစရာ သတင်းအပိုင်းအစလေးတစ်ခုကို တွေ့လိုက်ရသည်။
တစ်ခါတုန်းက တောင်ပိုင်းစွန့်ပစ်နယ်မြေတွင် မိုးကောင်းကင်အင်မော်တယ်တစ်ပါးအဖြစ် အဆင့်တက်သွားသည့် မိတ်ဆွေကို ဂုဏ်ပြုရန်အတွက် အခြားအင်မော်တယ်တစ်ပါးက နှစ်တစ်ထောင်သေရည်တစ်အိုး ယူဆောင်လာခဲ့သည်။
မမျှော်လင့်စွာပင် ထိုမိတ်ဆွေက သေရည်ဒဏ်ကို မခံနိုင်ဘဲ နှစ်ပေါင်းများစွာ သေရည်မူးနေခဲ့သည်။
ထိုအင်မော်တယ်က သေရည်မူးခြင်းပြေပျောက်ရန်အတွက် လက်ဖက်ရည်ကြမ်းသောက်ရမည်ဟု ကြားဖူးသောကြောင့် အရှေ့ဘက်စွန့်ပစ်နယ်မြေမှ နာမည်ကျော်လရောင်တောက်ပလက်ဖက်ခြောက်ကို ကျိုချက်ပြီး မိတ်ဆွေဖြစ်သူကို တိုက်လိုက်၏။
လက်ဖက်ရည်ကြမ်းသောက်ပြီးနောက် ထိုသူက ပို၍ပင် မူးသွားလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ နှစ်ပေါင်းများစွာ မူးနေသည့်မိတ်ဆွေသည့် နောက်ထပ်ဆယ်စုနှစ်များစွာ ဆက်လက်သေရည်မူးနေခဲ့လေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်…
လက်ဖက်ရည်ကြမ်းက သေရည်မူးသည်ကို မပြေနိုင်သည့်အကြောင်း ထိုအင်မော်တယ် နားလည်ခဲ့ရလေသည်။
ထိုဆောင်းပါးကို ဖတ်ပြီးနောက် ကျန်းလန် အံ့အားသင့်သွားမိသည်။
လက်ဖက်ရည်ကြမ်းက သေရည်အမူးမပြေစေသည့်အပြင် ပို၍ပင် မူးစေသည်လား။
သို့ဆိုလျှင်…
တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို စားသုံးလိုက်ခြင်းဖြင့် ရတနာဝတ်ရည်သေရည်မူးနေခြင်းကို ပြေပျောက်နိုင်မည် မဟုတ်ပေ။
ထို့နောက် သူက စာဆောင်များကို ဆက်လက်လှန်လှောဖတ်ရှုလိုက်ပြန်သည်။ သို့သော် မျှော်လင့်ထားသည့်အတိုင်းပင် ဧကရာဇ်ရှီးဟယ်နှင့်ပတ်သက်သည့် မှတ်တမ်းများကို လုံး၀ မတွေ့ရှိရပေ။
အချိန်အတန်ကြာပြီးနောက် ကျန်းလန် စာကြည့်တိုက်မှ ပြန်လာခဲ့သည်။ ညအချိန်ရောက်တော့မည်ဖြစ်လေရာ ကျင့်ကြံရတော့မည် ဖြစ်၏။
အစစ်အမှန်အင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးနောက် ထပ်မံအဆင့်တက်ရန် အတော်လေး စောင့်ရဦးမည် ဖြစ်သည်။
ကျင့်ကြံရသည်ကလည်း အတော်လေး ပျင်းရိငြီးငွေ့စရာကောင်းလှသည်။ သူက အသားကျနေသောကြောင့် အဆင်ပြေနေခြင်း ဖြစ်၏။
နှစ်ပေါင်း (၂၇၀) လုံးလုံး သူ ဒီလိုပဲနေထိုင်ခဲ့သည်ပင်။ အမြဲတမ်း တစ်ယောက်တည်း ကျင့်ကြံနေလေ့ရှိပြီး အပြင်သို့လည်း ထွက်လေ့မရှိပေ။
ထိုသို့ဖြင့်...
အချိန် (၆) နှစ်ကြာသွားခဲ့သည်။
မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေခြင်းသည်လည်း တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားပြီ ဖြစ်သည်။ ကျန်းလန်ကတော့ (၆)နှစ်လုံးလုံး မရဏဂူထဲတွင်သာ ကျင့်ကြံနေခဲ့သည်။
ရှောင်ယွိကတော့ သူ့ထံသို့ တစ်နှစ်တစ်ခေါက် အချိန်မှန် လာရောက်လည်ပတ်သည်ပင်။
ကျန်းလန်ကလည်း သူမတောင်းဆိုသည့်အတိုင်း သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးလေ့ ရှိသည်။
သူမလာရောက်လေတိုင်း သူမ၏ ကျင့်ကြံခြင်းအဆင့်က ပိုမိုတိုးတက်လာကြောင်း ကျန်းလန် အာရုံခံမိသည်။
ရှောင်ယွိလည်း သူ့လိုပင် တစ်ယောက်တည်း ကျင့်ကြံနေလေ့ရှိကြောင်း ကျန်းလန် သိရှိလေသည်။ မျှော်လင့်ထားသည်ထက်ပင် အချိန်စောပြီး အင်မော်တယ် ဖြစ်လာနိုင်သည်။
သို့သော် ကျန်းလန်ကလည်း သူမအောက်မနှေးသည့် မြန်နှုန်းဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်နေသည်ပဲ ဖြစ်၏။
ငရဲတံခါးမှ မရဏအငွေ့အသက်များပေါက်ကွဲထွက်သည့် နှစ်ပေါင်းတစ်လျှောက် ကျန်းလန် ကျင့်ကြံနေခဲ့သည်။
သူက တာအိုကိုနားလည်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ တာအိုကို နားလည်ရန်ဆိုသည်ကလည်း အခွင့်အရေးနှင့် ကံတရားအပေါ်တွင် အများကြီး မူတည်သည်။
ယခုနှစ်များအတွင်း သူ ရရှိခဲ့သည့် ဉာဏ်အလင်းပွင့်ခြင်း တစ်ခုသာ ရှိခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည့် တာအိုအာဟာရဖြည့်ခြင်း ရေစက်များက ပိုမိုလျှင်မြန်စွာ စီးဆင်းလာခြင်း ဖြစ်၏။
ထိုရေစီးဆင်းမှုက မြစ်တစ်စင်းပမာ ဖွဲ့တည်လာသည့်တစ်နေ့တွင် သူသည်လည်း မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်နိုင်မည် ဖြစ်သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များအဆုံးသတ်သွားသည်နှင့် ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲ ပြန်ယူလာခဲ့သည်။
သူက မရဏဂူထဲတွင်သာ ရေရှည်နေထိုင်ရန် ဆုံးဖြတ်ထားသည် မဟုတ်ပါလား။
နောင်နှစ်ပေါင်း (၁၀၀)မှ မရဏအငွေ့အသက်များက ထပ်မံပေါက်ကွဲထွက်မည်ဖြစ်လေရာ ထိုအရာလေးများအတွက် စိုးရိမ်စရာ မရှိသေးပေ။
အမှန်တော့ သူတို့ ပျက်စီးမသွားဘဲ ယခုအချိန်ထိ အားတင်းအသက်ရှင်သန်နေသည်ကပင် အံ့သြစရာကောင်းလွန်းနေပြီ ဖြစ်သည်။
အမှန်တော့ ထိုမျှ စိတ်အပူအပင်ကင်းစွာ ထားရှိနိုင်သည့် အချစ်တော်လေးများ ရရှိထားသည်မှာ ကံကောင်းသည် ဆိုနိုင်သည်။ ခြံဝန်းထဲတွင်စိုက်ထားသည့် ပန်းပင်များလောက်ပင် ထိုအရာလေးများကို ဂရုစိုက်ပေးရခြင်း မရှိပေ။
နံနက်အရုဏ်တက်ချိန်။
ညအမှောင်က တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ကြယ်ရောင်များက တောင်အနောက်ဘက်သို့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
အနီရောင်နေလုံးကြီးက တောင်၏အရှေ့ဘက်မှ ထွက်ပေါ်လာသည်။
ကျန်းလန် ခြံဝန်းထဲတွင် ထိုင်နေရင်း "နာမ်ဝိညာဉ်ရောင်ပြန်ကျမ်းစာအုပ်" ကို ထုတ်ယူလိုက်သည်။ နာမ်ဝိညာဉ်ရောင်ပြန်ပညာကို လေ့လာခြင်းက တာအိုကိုပိုပြီးနားလည်စေသည်။
ထိုကျမ်းစာက သူ့ကို သိမ်မွေ့သည့်အဆင့်တစ်ခုသို့ ကူးပြောင်းရောက်ရှိသွားစေသည်။ လောကကြီး၏ အပြောင်းအလဲများကို သိမြင်နိုင်ရန် ကူညီပေးသည်။
ထိုကျမ်းစာကိုသာ အချိန်အတန်ကြာအောင် လေ့လာပါ ဉာဏ်အလင်းပွင့်ခြင်းကို ရရှိနိုင်မည် ဖြစ်၏။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်း ရပ်တန့်သွားပြီးနောက် ကျန်းလန်လည်း တစ်ယောက်တည်း ကျင့်ကြံစရာ မလိုတော့ပေ။
သူက နေ့ဘက်တွင် လုပ်ရိုးလုပ်စဉ် အလုပ်များကို ဆက်လက်လုပ်ဆောင်ပြီး ညဘက်များတွင်သာ ကျင့်ကြံမှု ပြုလုပ်သည်။
အမှန်တော့ သူ မြန်နိုင်သမျှမြန်မြန် အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်ရှိချင်နေပြီ ဖြစ်၏။
***
ကျောက်စိမ်းရေကန်။
ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထိပ်အစွန်းသို့ လင်စီးယာ ရောက်ရှိလာသည်။
သူမက…
"ဂိုဏ်းတူအစ်မ ၊ ကျွန်မ အသစ်တစ်ခု စမ်းသပ်ထားတယ် ၊ ခါးကိုကော့တဲ့အခါမှာ ပိုပြီး သက်ရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုပေါ့"
"…………"
ခဏမျှ တိတ်ဆိတ်နေမိပြီးမှ လုန်ယွိက လင်စီးယာကို ပြစ်တင်ဆူပူလိုက်သည်။
"ဂိုဏ်းတူညီမလေး ၊ နင် မကျင့်ကြံဘဲနဲ့ ဒီလို မဟုတ်ကဟုတ်ကတွေအတွက် အချိန်ဖြုန်းနေတာလား"
လင်စီးယာ၏ စကားများက သူမ၏ ရှက်စရာအတိတ်အကြောင်းကို ပြန်လည်တူးဖော်နေသည့်အလား ခံစားရစေသည်။
သို့သော်…
တကယ်တမ်းတွင်တော့ လင်စီးယာပြောမည့်စကားများကို သူမ သိချင်နေဆဲ ဖြစ်လေတော့သည်။