တာအိုကိုနားလည်ခြင်း
Vol. 18 Ch. 247
အခန်း (၂၄၇) တာအိုကိုနားလည်ခြင်း
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လေတိုင်း ကျန်းလန်က တစ်ယောက်တည်းကျင့်ကြံခြင်း ပြုလုပ်လေ့ ရှိသည်။
ထို့ကြောင့် သူမ ကျန်းလန်ထံ သွားရောက်လည်ပတ်လျှင်ပင် အချိန်ကြာကြာနေလေ့ မရှိပေ။ သူမကြောင့် ကျန်းလန်၏ ကျင့်ကြံခြင်း အနှောက်အယှက်ဖြစ်မည် စိုးသောကြောင့် ဖြစ်၏။
သို့ဖြစ်ရာ ကျန်းလန်ရှေ့တွင် ကျောဆန့်ပြီး ခါးကော့ပြရန် သူမအတွက် အခွင့်အရေး မရခဲ့ပေ။
ယခုတော့ ကျန်းလန်၏ကျင့်ကြံခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော် နောင်အနှစ် (၂၀)ဆိုလျှင် ကျန်းလန်က ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်ကြံဦးမည် ဖြစ်၏။
ထိုအချိန်ရောက်လျှင် ကျန်းလန်က မရှိမှုအာကာသ ၊ ကနဦးအဆင့်သို့ ရောက်ရှိမည် ဖြစ်ပြီး သူမကို လိုက်မီရန် တစ်ဆင့်မျှသာ လိုတော့ပေမည်။
ထို့ကြောင့် ကျန်းလန် တံခါးပိတ်မကျင့်ကြံခင်အချိန်တွင် သူမက အခွင့်အရေးကိုအမိအရအသုံးချရမည် ဖြစ်သည်။ သူမ ခါးကော့ပြသည့်အခါ ကျန်းလန် စိတ်လှုပ်ရှားခြင်း ရှိ မရှိ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။
လင်စီးယာ ရှင်းပြသည်ကို လုန်ယွိက ငြိမ်ပြီးနားထောင်နေ၏။
"ပိုးသားလိုမျိုး ပျော့ပြောင်းတဲ့အဝတ်အစားမျိုးကို ဝတ်ထားပြီး ခါးကိုကော့မယ်ဆိုရင် အစ်မရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပိုပြီးထင်သာမြင်သာ ဖြစ်စေလိမ့်မယ်"
လင်စီးယာက ခဏမျှစဉ်းစားနေပြီးမှ ဆက်ပြောသည်။
"အလင်းရောင်ရှိတဲ့ဘက်ကို ဘေးတိုက်အနေအထားလှည့်တာလည်း ကောင်းတယ် ၊ ဒါပေမဲ့ လေတိုက်တဲ့ဘက်ကို မျက်နှာမူထားနိုင်ရင် ပိုကောင်းတယ်"
လုန်ယွိက…
"ဂိုဏ်းတူညီမလေး … နင် လက်တွေ့ရောစမ်းသပ်ကြည့်ပြီးပြီလား"
လုန်ယွိ၏ အမေးစကားကိုကြားသည်နှင့် လင်စီးယာက ပြာပြာသလဲဖြင့်…
"ဟင့်အင်း… လုံး၀ မစမ်းသပ်ရသေးဘူး ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်မ စိတ်မပူပါနဲ့ ၊ ပုံမှန်ဆိုရင် ဒါက ဘာမှ အမှားအယွင်းဖြစ်စရာ အကြောင်းမရှိပါဘူး"
လှပသော်လည်း အေးစက်လွန်းသည့် ဂိုဏ်းတူအစ်မလုန်ယွိကို လင်စီးယာက တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"ဂိုဏ်းတူအစ်မနဲ့ ဂိုဏ်းတူမောင်လေးက စေ့စပ်ထားတာပဲ အချိန်ကြာနေပြီ ၊ နောက် နှစ်ပေါင်းတစ်ရာကျော်လောက်ဆိုရင်ပဲ လက်ထပ်ကြရတော့မှာလေ ၊ ဒီတော့ အစ်မတို့ ဆက်ဆံရေးက ဒီအတိုင်းပဲ ဖြစ်မနေသင့်ဘူး မဟုတ်လား"
လုန်ယွိက ခေါင်းညိတ်ပြလိုက်သည်။
သူမလည်း ထိုသို့ပင် ယူဆလေသည်။
နောင်နှစ်အနည်းငယ်ဆိုလျှင် သူမနှင့် ကျန်းလန် လက်ထပ်ရမည် ဖြစ်သည်။
သို့သော်…
လက်ထပ်ပြီးလျှင်ရော ဘဝက မည်သို့ ရှိမည်နည်း။
သူမလည်း မသိရှိပေ။
ယခုအတိုင်းပဲ ဆက်သွားနေသည်မျိုးလည်း ဖြစ်နိုင်သည်။
လုန်ယွိက…
"ဂိုဏ်းတူညီမလေးရော… သဘောကျတဲ့သူတွေ့နေပြီလား"
သူမကတော့ အချစ်ဆိုသည်မှာ ဘာမှန်းမသိခင် ကျန်းလန်နှင့် စေ့စပ်ခဲ့ရခြင်း ဖြစ်သည်။
လင်စီးယာက ခဏမျှစဉ်းစားရင်း…
"ကျွန်မ သဘောကျတဲ့သူလား…"
လင်စီးယာက ခေါင်းခါယမ်းလိုက်ရင်း…
"ကျွန်မက အင်မော်တယ်တောင် မဖြစ်သေးဘူး ၊ ဒီတော့ အင်မော်တယ်ဖြစ်လာဖို့ကိုပဲ အဓိကထားပါတယ် ၊ အရည်အချင်းမရှိတဲ့သူတွေလောက်ပဲ ကျင့်ကြံခြင်းကို အာရုံမစိုက်ဘဲ အိမ်ထောင်ပြုဖို့ စဉ်းစားကြမှာ ၊ ဒါနဲ့ ဂိုဏ်းတူအစ်မကရော…"
လုန်ယွိက သူမမေးသည်ကို မဖြေသည့်အတွက် လင်စီးယာက ထပ်မေးလိုက်သည်။
"ဂိုဏ်းတူအစ်မရော ဂိုဏ်းတူမောင်လေးကို ချစ်မိနေပြီလား"
လုန်ယွိက ခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းခါယမ်းလိုက်သည်။
"မသိဘူး…"
"မသိဘူး ဟုတ်လား"
တစ်ခုခုလွဲနေသလို လင်စီးယာ ခံစားလိုက်ရသည်။
အရင်တစ်ခေါက် သူမ ထိုသို့သောမေးခွန်းမျိုးမေးစဉ်က လုန်ယွိက "သူ့ကို မမုန်းပါဘူး" ဟု ပြန်ဖြေခဲ့သည်။ ယခု အဖြေက ပြောင်းလဲသွားပြီ ဖြစ်သည်။
ကြည့်ရသည်မှာ ခံစားချက်တော့ အနည်းငယ် ပြောင်းလဲသွားဟန် တူလေ၏။
လင်စီးယာက…
"ဒီနှစ်တွေအတွင်း ဂိုဏ်းတူအစ်မ သူ့အပေါ်ထားတဲ့ အတွေးတွေရော ပြောင်းလဲသွားသလား"
လုန်ယွိက ခဏမျှ စဉ်းစားနေပြီးမှ…
"အင်း… နည်းနည်းတော့ ပြောင်းလဲတယ်"
"အရင်ကဆိုရင် ဂိုဏ်းတူမောင်လေးကို (၃)နှစ်တစ်ကြိမ် သွားတွေ့လေ့ရှိပေမယ့် ဘာမှမခံစားရဘူး ၊ ပုံမှန်အတိုင်း ဒီလိုပဲ သွားတွေ့လိုက်တာ ၊ အဲဒီနောက်တော့ တစ်နှစ်တစ်ကြိမ် သွားတွေ့တယ် ၊ (၃)နှစ်တစ်ကြိမ် သွားတွေ့ရတာက အရမ်းအချိန်ကြာတယ်လို့ ခံစားလာရတယ်"
ခဏနားပြီးမှ လုန်ယွိက ဆက်ပြောသည်။
"အမှန်တော့ သူ့ကိုတွေ့ဖို့ တစ်နှစ်တောင် မစောင့်ချင်ဘူး ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက ကျင့်ကြံနေတာဆိုတော့ ခဏခဏသွားပြီး နှောက်ယှက်နေလို့ မကောင်းဘူးလေ"
လင်စီးယာ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်…
"နောက်ထပ်ရော ဘယ်လိုခံစားရသေးလဲ"
ဟု စပ်စုလိုက်၏။
လုန်ယွိက ဘေးနားတွင်ရှိနေသည့် ကျောက်ဆောင်ထက်တွင် အသာထိုင်လိုက်ရင်း…
"အင်း… ရှိသေးတယ်"
ထိုစကားများ ပြောနေချိန်တွင် လုန်ယွိ၏ မျက်နှာလေးသည် အရင်ကလို အေးစက်ခြင်း မရှိတော့ပေ။ နူးညံ့နွေးထွေးလျှက် ရှိလေသည်။
"ဆရာနဲ့ တခြားသူတွေက တစ်ခါတစ်လေ ငါ့ကို အရမ်းလှတာပဲလို့ ချီးကျူးကြတယ်လေ"
လင်စီးယာက…
"ကျွန်မလည်း ပြောပါတယ်နော်"
သူမက လုန်ယွိနှင့်အတူတူ တောင်ပေါ်တွင် အတူတူ နေထိုင်ခဲ့ရသူ ဖြစ်သည်။
သူမက လုန်ယွိနှင့် ခင်မင်ခြင်းမရှိသော်လည်း ဂိုဏ်းတူအစ်မက သူမကို အမြဲတမ်း ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ပြပေးလေ့ ရှိသည်။ ထိုအချိန်များက သူမ အလွန်ပျော်ရွှင်ခဲ့ရလေသည်။
သို့သော် လုန်ယွိက အားလုံးအပေါ်တွင် အမြဲတမ်း အေးစက်စက်နှင့် ခပ်ခွာခွာသာ ဆက်ဆံသူဖြစ်ပြီး အပေါင်းအသင်းလည်း မထားခဲ့ပေ။
တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေတွင်သာ မတော်တဆမှု မဖြစ်ခဲ့ပါက သူမသည်လည်း လုန်ယွိနှင့် ခင်မင်ခွင့်ရခဲ့မည် မဟုတ်ပေ။
လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…
"အင်းပါ… ငါ့ကို ဘယ်သူတွေ လှတယ်လို့ ချီးကျူးပါစေ ဘယ်လိုမှ မခံစားခဲ့ရဘူး ၊ ပျော်တာလည်းမဖြစ်မိသလို စိတ်အနှောက်အယှက် ဖြစ်တာလည်း မရှိပါဘူး… ၊ ဒါပေမဲ့…"
ခဏနားပြီးမှ လုန်ယွိက ဆက်ပြောသည်။
"ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက လှတယ်လို့ပြောရင်တော့… ငါ… ရက်ပေါင်းအတော်ကြာတဲ့အထိ ပျော်လို့ကိုမဆုံးတော့ဘူး ၊ ပြီးတော့… သူက တစ်ယောက်တည်းကျင့်ကြံမယ်ဆိုရင် ငါ့အတွက် စာတိုလေးတွေ ချန်ထားခဲ့တတ်တယ် ၊ အဲဒီစာလေးတွေကိုလည်း ငါ ထပ်ခါထပ်ခါ ဖတ်လို့ မပြီးနိုင်တော့ဘူး"
လင်စီးယာက မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လိုက်ရင်း…
"ဂိုဏ်းတူအစ်မတော့ သူ့ကို မသိမသာ သဘောကျနေပြီထင်တယ်"
လုန်ယွိက မျက်ခုံးလေးများကို အသာတွန့်ချိုးရင်း တိုးလျသည့် လေသံဖြင့်…
"ဒါပေမဲ့ အဲဒီလိုခံစားချက်တွေကို ငါ နားမလည်သေးဘူး"
သူမက အချစ်ကို နားမလည်သည့်တိုင် ခံစားတတ်နေပြီ ဖြစ်သည်။ သို့သော် ထိုခံစားချက်များက သူမ၏ ကျင့်ကြံခြင်းကို ထိခိုက်ခြင်း အလျဉ်းမရှိခဲ့ပေ။
***
လှပသည့်ရှုမျှော်ခင်းများကို ငေးမောရင်း ကျန်းလန် ခြံဝန်းထဲတွင် ထိုင်နေလေသည်။
သူ နာမ်ဝိညာဉ်ရောင်ပြန်ပညာကို များများလေ့လာလေ တာအိုကို ပိုပြီး နားလည်လာလေပဲ ဖြစ်သည်။
ခါတိုင်းဆိုလျှင် နေ့ဘက်တွင် စာအုပ်ဖတ်ပြီး ညဘက်တွင် မရဏဂူထဲသို့ ပြန်ကာ ကျင့်ကြံလေ့ ရှိသည်။ သို့သော် ယနေ့တော့ ဘာကြောင့်မှန်းမသိ နာမ်ဝိညာဉ်ရောင်ပြန်ပညာကို ဖတ်ရှုနေခြင်းအား ရပ်တန့်၍ မဖြစ်တော့ကြောင်း ခံစားနေရသည်။
ရပ်တန့်လိုက်လျှင် ကြီးမားသည့် အခွင့်အရေးတစ်ခု လက်လွှတ်ဆုံးရှုံးရတော့မည်အလာ ခံစားနေရသည်။ ဤသည်က သူ ဉာဏ်အလင်းပွင့်ရန်အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ဖြစ်သည်။
နာမ်ဝိညာဉ်ရောင်ပြန်ကျမ်းစာကို ဖတ်နေရင်း တာအိုကိုနားလည်သည့်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ထိုသို့ခံစားမိသည်နှင့် ကျန်းလန် တုံ့ဆိုင်းမနေတော့ဘဲ ရတနာဝတ်ရည်သေရည်ကို ထုတ်ယူကာ သောက်လိုက်သည်။ တစ်ဆက်တည်းပင် ကျန်ရှိနေသည့် တာအိုနားလည်ခြင်းလက်ဖက်ခြောက်များကို ဝါးစားပြီး မျိုချလိုက်သည်။
အခြားသူများအမြင်တွင်တော့ သူက နှစ်ပေါင်း (၂၈၀) ကြာအောင် ကျင့်ကြံခဲ့ပြီးနောက် မရှိမှုအာကာသအဆင့်သို့ တက်ရောက်ရန်အတွက် အရေးကြီးသည့် အချိန်သို့ ရောက်ရှိခဲ့ပြီဟု ထင်မှတ်ပေလိမ့်မည်။
ထိုအချက်က သူ တာအိုကို နားလည်အောင် ကျင့်ကြံနေခြင်းကို ဖုံးကွယ်ပေးထားပေလိမ့်မည်။
သူ့ထံမှ တာအိုကိုနားလည်ခြင်းအငွေ့အသက်များ ထွက်ပေါ်နေခြင်း မရှိစေရန်အတွက် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို တစ်ချက် လှည့်ပတ်လိုက်သည်။
ကြိုတင်ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးနောက် ကျန်းလန်သည် နာမ်ဝိညာဉ်ရောင်ပြန်ပညာကျမ်းစာအုပ်ကို ဖတ်ရင်း အိပ်မက်ကမ္ဘာထဲတွင် နစ်မျောသွားလေတော့သည်။
သူက ချက်ချင်းပင် လောကအသစ်တစ်ခုသို့ ရောက်ရှိသွားလေ၏။
ထိုလောကတွင် သူ စိတ်ရှိတိုင်း အရာအားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိသည်။ နေနှင့်လကိုပင် သူ့လက်ဖြင့် နေရာရွှေ့ပြောင်းပစ်နိုင်စွမ်း ရှိနေလေသည်။
ကျန်းလန်က ဤလောကကြီး၏ လည်ပတ်နေမှုကို သိမြင်လို့ပြီး သက်ရှိသက်မဲ့အရာအားလုံး၏ ပြောင်းလဲခြင်းတရားများကို ခံစာလိုသည်။
သူက လောကရှိအရာအားလုံးကို ထိန်းချုပ်နိုင်ခြင်းထက် ထိုအရာများ၏ သဘာဝတရားကို ထိုးထွင်းသိမြင်လိုခြင်း ဖြစ်သည်။
အမှန်တော့ ထိန်းချုပ်နိုင်ခြင်းဆိုသည်က ဘာမှမဟုတ်ပေ။ ထိုးထွင်းသိမြင်ခြင်းကသာ အရေးပါလေ၏။
ထိုးထွင်းသိမြင်မှသာ ကိုယ်နှင့်သက်ဆိုင်သည့် တာအိုနားလည်ခြင်းလမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်မည် ဖြစ်သည်။
လူတစ်ယောက်သည် လမ်းမရှိဘဲ ခရီးသွားနိုင်မည် မဟုတ်ပေ။
တာအိုကိုနားလည်ပြီး မိုးနှင့်မြေ၏ဆန္ဒကို သိမြင်မှသာ ကိုယ်ပိုင်တာအိုလမ်းကြောင်းကို ချမှတ်နိုင်မည် ဖြစ်သည်။
တာအိုကိုနားလည်သူတစ်ယောက် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဗလာနယ်ထဲတွင် အသစ်သောတာအိုလမ်းကြောင်းတစ်ခု ဖြစ်တည်လေသည်။
သို့သော် ထိုသို့သောတာအိုလမ်းကြောင်းကို ချမှတ်နိုင်ရန်မှာ မလွယ်ကူလှပေ။ လောကကြီး၏ ပြောင်းလဲခြင်းတရားများကို နားမလည်သရွေ့ ကိုယ်ပိုင်တာအိုလမ်းကြောင်း ချမှတ်လိုသည့်တိုင် မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။
ကျန်းလန် ခြံဝန်းထဲတွင်ထိုင်နေသည်။ သူ့အဆင့်က အတ္တကင်းမဲ့သည့် အခြေအနေတွင် ရှိနေ၏။
သူ့မျက်ဝန်းများကတော့ နာမ်ဝိညာဉ်ရောင်ပြန် ကျမ်းစာအုပ်ကိုသာ ဖတ်ရှုနေသည်။ သူ၏ စိတ်ဝိညာဉ်က နာမ်ဝိညာဉ်ရောင်ပြန်လောကနှင့် ပေါင်းစပ်စီးဝင်နေသည်။
ပြင်ပလောကမှ ပြောင်းလဲမှုများသူ မသိတော့ပေ။ သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကိုပင် အကြမ်းဖျင်းမျှသာ သိရှိတော့သည်။
ပထမတစ်နှစ်။
ရှောင်ယွိ ခြံဝန်းထဲသို့ ရောက်လာချိန်တွင် ထူးဆန်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ထိုခံစားချက်က အလွန်ပင် ငြိမ်းချမ်းအေးမြလွန်းသည်။
သူ ကျန်းလန်နံဘေးသို့ ရောက်လာသည့်အခါ ကျန်းလန်က စာအုပ်တစ်အုပ်ကိုလှန်ရင်း နစ်မျောနေသည့်အခြေအနေတစ်ခုတွင် ရောက်ရှိနေသည်။
ထို့ကြောင့် သူမ ကျန်းလန်ကို စကားပြောခြင်း မပြုတော့ပေ။ ကျန်းလန်နံဘေးတွင်ငြိမ်ငြိမ်လေးထိုင်ရင်း သစ်သားဓားလေးဖြင့်သာ ဆော့ကစားနေလေသည်။
ညနေပိုင်းတွင်တော့ ရှောင်ယွိ ကျန်းလန်ကို လက်ပြနှုတ်ဆက်ကာ ဓားကိုစီးနှင်ရင်း ကျောက်စိမ်းရေကန်သို့ ပြန်သွားလေသည်။
ဒုတိယမြောက်နှစ်။
ရှောင်ယွိ ခြံဝန်းဆီသို့ ရောက်လာပြန်သည်။
ယခင်ကကဲ့သို့ အေးချမ်းသည့်ခံစားချက်က ပိုမိုပြင်းထန်လာပြီး သူမနှလုံးသားတစ်ခုလုံး ငြိမ်းချမ်းသွားသလို ခံစားလိုက်ရသည်။
ကျန်းလန်ကတော့ ဘယ်တော့မှ မပြီးဆုံးတော့မည့်ဟန်ဖြင့် စာအုပ်ကိုပင် ဆက်လှန်နေဆဲ ဖြစ်သည်။
ရှောင်ယွိ ကျန်းလန် နံဘေးတွင် ဝင်တိုင်လိုက်သည်။ ကျန်းလန်ထံမှ ထွက်ပေါ်နေသည့် ရောင်ဝါများက သူမကို ငြင်းဆန်ခြင်းမရှိကြောင်း သိလိုက်သည့်အခါ သူမက ပို၍ပင် အနားတိုးကပ်ပြီး ထိုင်လိုက်သည်။
ညနေပိုင်းအချိန်တွင်တော့…
ရှောင်ယွိက ကျန်းလန်ကို လျှာထုတ်ပြောင်ပြလိုက်ပြီး နှုတ်ဆက်လက်ပြကာ ပြန်သွားလေတော့သည်။
တတိယမြောက်နှစ်။
ရှောင်ယွိက သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်ပြီး ပန်းပင်လေးများကိုလည်း မညှိုးနွမ်းအောင် ရေလောင်းပေါင်းသင်ပေးလေသည်။
***
သတ္တမမြောက်နှစ်။
ရှောင်ယွိ ကျန်းလန်ထံသို့ ရောက်ရှိလာပြန်သည်။
ယခုတစ်ကြိမ်မှာတော့ သူမမျက်ဝန်းများတွင် စိုးရိမ်မှုလေးများ ယှက်သန်းလို့နေသည်။
ထို့နောက် သူမက ကျန်းလန်နံဘေးတွင် ငြိမ်သက်စွာထိုင်ရင်း ကျောက်စားပွဲလေးကို ခေါင်းမှီကာ ကျန်းလန် ကျင့်ကြံနေသည်ကို ငေးကြည့်ရင်း အိပ်ပျော်သွားလေတော့သည်။
နောက်တစ်နေ့နံနက် အိပ်ယာမှ နိုးလာသည့်အခါ သူမက ကျန်းလန်ကို လက်ဝှေ့ယမ်းနှုတ်ဆက်ပြရင်း ပြန်သွားလေတော့သည်။
***
အချိန် (၁၀)နှစ်ကြာခဲ့ပြီ ဖြစ်သည်။
နွေရာသီသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
သို့သော် မက်မွန်တောလေးကို ဖြတ်သန်းလာသည့်အခါ တစ်စုံတစ်ခု ထူးခြားနေသည်ကို ရှောင်ယွိ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် မက်မွန်ပွင့်လေးများက နှင်းများဖြင့် ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။ ခြံဝန်းတစ်ခုလုံးမှာလည်း အေးစိမ့်လျှက် ရှိပြီး ဆောင်းရာသီရောက်နေသည့်အလား ခံစားရစေသည်။
သို့သော် အပြင်ဘက်တွင်တော့ ပူပြင်းလွန်းလှသည်။
ဤသို့သောအခြေအနေကို ဖြစ်ပေါ်စေသူမှာ သူမ၏ ဂိုဏ်းတူမောင်လေးပင် ဖြစ်ရပေမည်။
ရှောင်ယွိ ခြံဝန်းအတွင်းသို့ အပြေးအလွှားဝင်ရောက်လာခဲ့သည်။
ခြံဝန်းတစ်ခုလုံး နှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေသော်လည်း ကျန်းလန်၏ ပတ်ဝန်းကျင်တွင်တော့ နှင်းများမရှိကြောင်း သူမ တွေ့မြင်လိုက်ရသည်။
ကျန်းလန်က စာအုပ်ကို လှန်နေဆဲ ဖြစ်သည်။ သို့သော် အရင်ကနှင့်မတူဘဲ အနည်းငယ် နှေးကွေးသွားသည်။
ကြည့်ရသည်မှာ ကျနန်းလန် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို လေ့လာနေခြင်း ပြီးဆုံးခါနီးပြီ ထင်ရလေသည်။