တောင်သို့ ပြန်လာခြင်း၊ တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၊ တာအို လက်တွဲဖော် (၄)..
Vol. 10 Ch. 146
~"ကောင်းကင်ဘုံလူသား သခင်တစ်ယောက်ရဲ့ စွမ်းအား အနှစ်သာရကို ပြောင်းလဲလို့ မရပါဘူး။ စုံတွဲကျင့်ကြံခြင်း လုပ်ထားတာ မဟုတ်ရင်ပေါ့။ ကျွန်မတို့ ရှာဖွေ တွေ့ရှိခဲ့မှတော့ ဒီလူပဲ လှုပ်ရှားခဲ့တာ ဖြစ်နိုင်ခြေ များပါတယ်။ သူက 'ကောင်းကင်ဘုံအဆင့်စာရင်း' မှာ အဆင့် ကိုး ချိတ်တဲ့ 'မြို့စောင့်မြောက်ပိုင်းဘုရင်' လက်ကနေ လွတ်မြောက် နိုင်ခဲ့တာ ဆိုတော့ 'ပိန်ခြောက်' ကို သတ်နိုင်တဲ့ စွမ်းရည် ရှိတာကို အမှန်တကယ် ပြသနေတာပဲ။"
"မိစ္ဆာဂိုဏ်းမှာ ဒီလို စွမ်းအားမျိုး ကျင့်ကြံတဲ့သူ တစ်ယောက်မက ရှိနိုင်တယ်။ ဒါက သူတို့ကို ပိုပြီး သံသယ ဖြစ်စရာ ကောင်းစေတယ်။"
'မြွေအဘွား' ၏ အသံတွင် သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း ပြည့်နှက် လာသည်။
"ဒါ 'သွေးဘုရင် ကူ' ကို လောဘတက်ပြီး ဒီ သောက်ကျိုးနည်း 'မိစ္ဆာဂိုဏ်း' က ရုတ်တရက် ဝင်လုသွားတာ မဖြစ်နိုင်ဘူးလား။ သူတော်စင်မလေးရဲ့ စကားအရဆို 'မိစ္ဆာဂိုဏ်း' က 'မဟာယန်' လက်ထဲမှာ အကြိမ်ကြိမ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး 'ကောင်းကင်ဘုံလူသား' သခင် အများအပြား ဆုံးရှုံး ခဲ့ရတယ် မဟုတ်လား။"
'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' က သဘောတူညီစွာ ခေါင်းညိတ် လိုက်သည်။ သူမ၏ သဘောတူညီမှုကို ညွှန်ပြ လိုက်ခြင်း ဖြစ်သည်။
သူမလည်း 'မိစ္ဆာဂိုဏ်း' မှာ ဖြစ်နိုင်ခြေ အရှိဆုံး သံသယရှိသူဟု ထင်မြင်မိသည်။
"သံသယ ရှိစရာ နောက်တစ်ဖွဲ့က ဘယ်သူလဲ။"
"ဒုတိယ တစ်ခုက 'အစစ်အမှန်သိုင်းဂိုဏ်း' ပါ" 'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' က ဆိုသည်။
"'အစစ်အမှန်သိုင်းဂိုဏ်း' ။ ဟို 'မိစ္ဆာဂိုဏ်း' တိုက်ခိုက်ခဲ့တဲ့ တစ်ဖွဲ့လား။"
"ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ မကြာသေးမီက ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဂိုဏ်းတွေကို ကျွန်မ ပြန်ကြည့်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က 'နတ်ဘုရားဓားဂိုဏ်း' ကို 'ကျောက်တုန်း' နဲ့ သူ့အဖွဲ့ ဖျက်ဆီး ခဲ့တယ်။ ပြီးတော့ ဂိုဏ်းချုပ် 'နတ်ဘုရားဓားသခင် အဘိုးကြီး' က သူ့တပည့်ငယ်လေးနဲ့ အတူ 'အစစ်အမှန်သိုင်းဂိုဏ်း' ဆီ ထွက်ပြေး သွားခဲ့တယ်။ 'တာအိုဆရာလုံရှန်း' နဲ့ 'နတ်ဘုရားဓားသခင် အဘိုးကြီး' တို့ရဲ့ ဆက်ဆံရေးကို ထောက်ရှုရင် 'အစစ်အမှန်သိုင်းဂိုဏ်း' မှာလည်း လှုပ်ရှားဖို့ အကြောင်းပြချက် ရှိနေတယ်။ သူတို့ အရင်က 'သွေးကန်' ကိစ္စကို စုံစမ်းဖို့ လူ လွှတ်ခဲ့ဖူးတယ်။"
"'တာအိုဆရာလုံရှန်း' ရဲ့ စွမ်းအားက လုံလောက်မှာ မဟုတ်ပေမဲ့ 'အစစ်အမှန်သိုင်းဂိုဏ်း' မှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' လည်း ရှိနေသေးတယ်။"
'မြွေအဘွား' တွန့်ဆုတ် သွားသည်။
"ဒါပေမဲ့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ဓားသမား မဟုတ်ဘူးလား။ သူ့စွမ်းအားနဲ့ တိုက်ခိုက်မှု သဲလွန်စတွေက လုံးဝ ဆန့်ကျင်ဘက်ကြီး ဖြစ်နေတယ်။"
"သူတော်စင်မလေး ထင်တာက 'မိစ္ဆာဂိုဏ်း' က 'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ် အပြစ်ပုံချချင်လို့ ကြိုးစားနေတာများလား။ ကျွန်မတို့ကို 'နယ်ရုပ်' တွေ အဖြစ် အသုံးချချင်လို့လေ။ သူတို့ အရင်က 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ဖူးတယ် မဟုတ်လား။"
အဘွားအို၏ စကားအား 'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး'က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မလည်း ဒီဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားခဲ့ပါတယ်။ လောလောဆယ်တော့ 'မိစ္ဆာဂိုဏ်း' က သံသယ အရှိဆုံးပဲ။ ဒါပေမဲ့ 'အစစ်အမှန်သိုင်းဂိုဏ်း' ကိုလည်း လုံးဝ လျစ်လျူရှု ထားလို့ မဖြစ်ဘူး။"
'မြွေအဘွား' က ပြုံးလျက် ခေါင်းညိတ် လိုက်ကာ..
"သူတော်စင်မလေးကတော့ အမြဲတမ်း အရာရာကို သတိ အကင်းပါးဆုံးပါပဲ။"
'မြွေအဘွား’၏ မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက် နေခဲ့သည်။
အမှန်တကယ်တွင် ဤအခိုက်အတန့်၌ 'မိစ္ဆာဂိုဏ်း' ဖြစ်ကြောင်း (၉၉) ရာခိုင်နှုန်း သေချာ နေသည်။ သို့သော် ခေါင်းဆောင် တစ်ယောက် အနေဖြင့် မဆင်မခြင် ပြုမူ၍ မဖြစ်ချေ။ အနည်းငယ်မျှသော ဖြစ်နိုင်ချေကိုပင် လျစ်လျူရှု၍ မရ။ ဤသို့မှသာ အရည်အချင်း ပြည့်ဝသော ခေါင်းဆောင် တစ်ယောက် အဖြစ် သတ်မှတ် နိုင်ပေမည်။
"'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' လှုပ်ရှားတာကို မြင်တွေ့ခွင့် ရခဲ့ရင်၊ သူ့ရဲ့ စွမ်းအား အနှစ်သာရကို အနီးကပ် လေ့လာခွင့် ပြုခဲ့ရင် ဒါကို ပိုပြီး ရှင်းရှင်းလင်းလင်း အတည်ပြု နိုင်သင့်တယ်။"
'မြွေအဘွား' က ထပ်လောင်း ပြောလိုက်သည်။
ဓားသမား တစ်ယောက်နှင့် အဆိပ် စွမ်းအားကို တွဲစပ် ကြည့်ခြင်းမှာ ထူးဆန်း နေသော်လည်း ဓားသမား တစ်ယောက်က အဆိပ်ဓား သုံးရာတွင် ကျွမ်းကျင်သည် ဆိုသည့် အဖြစ်မျိုးမှာ မကြားဖူး မရှိလေပါ။ အရာအားလုံးကို ကိုယ်တိုင် လေ့လာ သုံးသပ်ရန် လိုအပ်သည်။ အကယ်၍ သူမ ကိုယ်တိုင် မျက်မြင် တွေ့ရှိခွင့် ရခဲ့ပါက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ထံတွင် အဆိပ် စွမ်းအား ရှိ၊ မရှိကို သိရှိ နိုင်ပေလိမ့်မည်။
'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' ဖြည်းညင်းစွာ မတ်တပ် ထရပ် လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။
"ကျွန်မ မျှော်လင့်တာကတော့ 'သွေးဧကရာဇ် ကူ' မွေးမြူတာ အဆင်ပြေဖို့ပါပဲ။ လောကကြီးက မငြိမ်မသက် ဖြစ်တော့မယ်။ ကျွန်မတို့ 'တောင်ပိုင်းနယ်စပ်' ကလည်း အင်တိုက်အားတိုက် ရှေ့ဆက် တိုးမှ ဖြစ်မယ်။ ဒီတစ်ခါ 'သွေးဘုရင် ကူ' နှစ်ကောင် ဆုံးရှုံး သွားခဲ့ရတော့ တောင်ပိုင်းမှာ အစားထိုးဖို့ အမြန် ရှာဖွေရုံပဲ ရှိတော့တယ်။ လိုအပ်လာရင်တော့ တောင်တွေထဲ ဝင်ရမှာပေါ့။"
"လောလောဆယ်တော့ 'မြွေအဘွား' ကို 'ချင်ပြည်နယ်' မှာ ကျွန်မနဲ့ အတူ နေပေးဖို့ အခက်တွေ့ စေရတော့မယ်။ တကယ်လို့ ဒါက 'မိစ္ဆာဂိုဏ်း' ရဲ့ လက်ချက် ဆိုရင်တော့ ကျွန်မတို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။"
'သူတော်စင်မလေး' ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုး သွားပြီး လူသတ် ရိပ်တို့ ယှက်သန်းသွားသည်။
'တောင်ပိုင်းနယ်စပ် မဟာမိတ်' နောက်ဆုံးတွင် တုံ့ပြန် လာခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် 'အစစ်အမှန်သိုင်းဂိုဏ်း' ကတော့ ဤအရာ အားလုံးကို မသိရှိကြ။ တာအိုဆရာလုံရှန်း မည်သူ့ကိုမျှ စောင့်ကြည့်ရန် မစေလွှတ် ခဲ့ပေ။ အကြောင်းမှာ ၎င်းက အလွန် ထင်ထင်ရှားရှား ဖြစ်သွား စေနိုင်သောကြောင့် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဘာမျှ မဖြစ်ပွား ခဲ့သကဲ့သို့ ဟန်ဆောင် နေခြင်းက ပိုကောင်း နိုင်ပြီး အချိန် အနည်းငယ် ကြာပြီးမှသာ ထပ်မံ စုံစမ်းခြင်းက ပိုမို သင့်လျော် ပေလိမ့်မည်။
—------
ဤ အခိုက်အတန့် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ၌၊
အငွေ့အသက်များမှာ သက်ဝင် လှုပ်ရှား နေသည်။
နောက်ထပ် တစ်နှစ်၏ 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်' ပင်။
အားလုံးက သူတို့၏ ဖန်ခွက်များကို မြှောက်ကာ အောင်ပွဲခံ ကြသည်။
"ကဲ။ 'ဆယ်လေး' (ကျွမ်းချန်) ငါတို့နဲ့ ပူးပေါင်းတာကို ကြိုဆိုတဲ့ အနေနဲ့ အားလုံး အတူတူ သောက်ကြစို့။"
"ဒီ တစ်ခွက်က 'ဆယ်လေး' အတွက်ပဲ။"
အားလုံး စစ်မှန်သော ရယ်မောသံများဖြင့် ပေါက်ကွဲ ထွက်သွားသည်။ 'ကျွမ်းချန်' ၏ ဝတုတ်တုတ် မျက်နှာလေးမှာ နီမြန်း နေသည်။ တစ်စိတ်တစ်ပိုင်းမှာ အရက် သောက်ခြင်းကြောင့် ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်သည်။ နွေးထွေးသော ခံစားမှု တစ်ခုက သူ၏ နှလုံးသားထဲတွင် ပြည့်နှက် လာသည်။
"စီနီယာ အစ်ကို၊ အစ်မတို့။ ကျွန်တော် အရိုအသေပေးတဲ့ အနေနဲ့ အရင် သောက်လိုက်ပါ့မယ်။"
စကားလုံး အားလုံးကို ဝိုင်အရက်ထဲတွင်သာ ပြောဆို လိုက်တော့သည်။
ပို၍ ပြောဆို နေပါက ဟန်ဆောင်မှု ဖြစ်သွားပေလိမ့်မည်။
အားလုံး၏ မျက်နှာများတွင် အပြုံးများ ချိတ်ဆွဲ ထားကြသည်။ အတူတကွ နေထိုင်ခဲ့သော ဤ ကာလ အတွင်း သူတို့ 'ကျွမ်းချန်' ၏ စိတ်ဓာတ်ကို နှစ်သက် လာခဲ့ကြသည်။ ဟန်ဆောင်မှု ကင်းပြီး၊ မကြာခဏ တုံးတုံးအအ ပြုံးနေတတ်သည်။ ယခင်က အနည်းငယ် အလွန်အမင်း ဝလွန်း သော်လည်း နင်ချီ သင်ကြား ပေးခဲ့သော ‘အိပ်စက်ခြင်း အိပ်မက် သိုင်းစွမ်းရည်’ ပုံစံသစ်ကို ကျင့်ကြံ လာပြီးကတည်းက သူ အတော်လေး ဝိတ်ကျ သွားခဲ့သည်။ သို့သော် အနည်းငယ် ဝတုတ်တုတ် ဖြစ်နေဆဲပင်။
ယုတ္တိတန်စွာ ဆိုရလျှင် 'ကျွမ်းချန်' မှာ မဝနေစရာ အကြောင်းမရှိပါ။ သူက အစား အလွန်အမင်း ကြိုက်နှစ်သက်သူ တစ်ယောက်သာ ဖြစ်သည်။
'ယားဇီ ခန္ဓာကျင့်စဉ်'ကျင့်ကြံရာတွင် သူ၏ တိုးတက်မှုမှာ လျင်မြန် လှသည်။ သူကိုယ်တိုင်က 'မူလဓားအရိုး' ဖြင့် မွေးဖွား လာသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။ ယခု သူ၏ ဓားအရိုးမှာ ကြေမွ ခဲ့ပြီးမှ ပြန်လည် တည်ဆောက် ထားသဖြင့် သူ၏ အခြေခံ အုတ်မြစ်မှာ ယခင်ကထက် ပိုမို ခိုင်မာ နေခဲ့ပြီ။
"စီနီယာအစ်မသုံးရဲ့ ဝိုင်က တကယ်ကို လက်ရာမြောက်တာပဲ။" 'ကျွမ်းချန်' က ချွင်းချက်မရှိ ချီးကျူး လိုက်သည်။
ထိုအခါ ယဲ့ချင်းဟယ်က ဟက်ဟက်ပက်ပက် ရယ်မော လိုက်သည်။
"ငါ့ ဂျူနီယာ မောင်လေးကတော့ စကား တတ်လိုက်တာ။"
အားလုံးက ပြုံးလိုက်ကြသည်။ သို့သော် ယဲ့ချင်းဟယ်၏ 'မက်မွန်ပန်းဝိုင်' မှာ ဤနှစ်တွင် အမှန်တကယ် တိုးတက် လာခဲ့သည်။ ယဲ့ချင်းဟယ်၏ ချက်လုပ် ပညာ တိုးတက် လာခဲ့သည်လား သို့မဟုတ် ပါဝင် ပစ္စည်းများက ပိုမို ကောင်းမွန် လာခဲ့သည်လား ဆိုသည်ကိုတော့ ရှင်းလင်းစွာ မသိရ။
အားလုံးက သူတို့၏ လက်ထဲမှ 'အစစ်အမှန်သိုင်း မက်မွန်သီး' များကို ကိုက်စား နေကြရင်း အလွန်အမင်း ချိုမြိန်သည်ကို တွေ့ရှိ လိုက်ရသည်။
အထူးသဖြင့် 'ကျွမ်းချန်' မှာ ယခု 'ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်' ကို ပြန်လည် လေ့ကျင့် နေရသဖြင့် ဤ မက်မွန်သီးမှာ သူ့အတွက် ပို၍ပင် အကျိုး ရှိစေသည်။ သူ အများအပြားကို ဆက်တိုက် စားသုံး လိုက်သည်။
ဤသည်မှာ 'အလင်း သစ်သီး' ကို အသုံးပြု၍ ပျိုးထောင်သော ဒုတိယနှစ် ဖြစ်သည်။ ထို့အပြင် နင်ချီက 'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့ကို အသက်သွင်းရန် မက်မွန်ပင်ကို နေရာ ရွှေ့ပြောင်း ခဲ့သည်။
ယခု လက်ဖက်ပင်မှာ ထွက်ပေါ် လာခဲ့ပြီး ပြန်လည် အာဟာရ ဖြည့်တင်း ပေးနေသဖြင့် သဘာဝ အတိုင်းပင် မက်မွန်သီးများမှာ ယခင်ကထက် သာလွန် ကောင်းမွန် နေခဲ့ပေ၏။
အားလုံး ပျော်ရွှင်စွာ စကားစမြည် ပြောဆို နေကြသည်။
'ကျွမ်းချန်' ဤ ပေါ့ပါး လွတ်လပ်သော အငွေ့အသက်ကို နက်ရှိုင်းစွာ ခံစား မိနေပြီး မရပ်မနား တုံးအအ ပြုံးနေမိတော့သည်။
နင်ချီကလည်း သူ၏ စီနီယာ အစ်ကို၊ အစ်မများ မျှဝေ နေသော ပုံပြင်များကို စိတ်အား ထက်သန်စွာ နားထောင် နေခဲ့သည်။
ထိုစဉ် ယဲ့ချင်းဟယ်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
"နင်တို့ သေချာပေါက် စိတ်ဝင်စားမယ့် အကြောင်း တစ်ခု ပြောပြမယ်။ မောင်လေးငါး (ကျန်းပိုင်ရှန်း) တိတ်တိတ်လေး ရည်းစားစာ ရေးနေတာ ငါ မိလိုက်တယ်။ ဒီကောင်လေး သဘောကျနေတဲ့ ကောင်မလေး ရှိနေပြီ ထင်တယ်ဟယ်။ ငါတို့ကို ဖုံးကွယ်ထားတာ။"
ဤစကားများ ထွက်ပေါ် လာသည်နှင့်၊
'ကျန်းပိုင်ရှန်း' ၏ မျက်နှာ နီရဲ သွားသည်။ အားလုံးက ပျော်ရွှင်စွာ ရယ်မော ကြပြီး အလွန် စိတ်ဝင်တစား ပြကြသည်။
ပြောရမည် ဆိုလျှင် တပည့်ရင်း အများအပြားမှာ လက်ရှိတွင် တစ်ကိုယ်တည်း သမားများ ဖြစ်ကြပြီး မည်သူ တစ်ဦး တစ်ယောက်မျှ 'တာအို လက်တွဲဖော်' မရှိကြ သေး။ 'အစစ်အမှန်သိုင်းဂိုဏ်း' မှာ 'တာအို' ဝါဒ ဖြစ်သော်လည်း 'တာအို လက်တွဲဖော်' ဖွဲ့စည်းခြင်းကို အမှန်တကယ် ပြုလုပ် နိုင်ပါသည်။ ကံမကောင်းစွာပင် အခြားသူများမှာ မပြုလုပ် ကြသေး။ 'ကျန်းပိုင်ရှန်း' က ရှေ့ဆောင် လမ်းပြ ဖြစ်တော့မည်ကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများ အရောင် တောက်လာ ကြသည်။
'ကျန်းပိုင်ရှန်း' မျက်နှာ နီရဲနေရင်း လက်ခါ ပြသည်။
"အာ..စီနီယာအစ်မသုံး လျှောက်ပြောတာတွေ နားမထောင်ကြနဲ့။ ကျွန်တော် သူငယ်ချင်း တစ်ယောက်ဆီ ရေးနေတာပါ။"
"တော်စမ်းပါ။ အဲ့ဒီ သူငယ်ချင်းက မိန်းကလေး ဟုတ်၊ မဟုတ်ပဲ ပြော။ ဘယ်သူက သူငယ်ချင်းဆီ စာရေးဖို့ ကိုးလေး ခြံထဲက မက်မွန်ပန်းကို တိတ်တိတ်လေး သွားခူးမှာလဲ။ ငါ့ညီငါး... မင်း ယောက်ျားလေးတွေကို သဘောကျနေတာလားကွ။"
လော့ဝမ်ထျန်းက အချိန်ကိုက် ဝင်ပြော လိုက်သည်။
"ဟင်း ဟင်း။ တစ်ခါတုန်းက မင်း ပခုံးကို ခုတ်မယ် လုပ်ခဲ့တဲ့ ကြမ်းတမ်းတဲ့ ကောင်မလေးများလား။ ဒါဆို မင်းတော့ ဒုက္ခရောက်ပြီ။ အနာဂတ်မှာ မင်းကို သူ လုံးဝ နိုင်သွားမှာပဲ။"
“ဟားဟားဟား…”
အားလုံး ပို၍ပင် ဟက်ဟက်ပက်ပက် ရယ်မော လိုက်ကြသည်။
'ကျန်းပိုင်ရှန်း' ခါးသီးစွာ ပြုံးရင်း အသနား ခံ တောင်းပန် လိုက်ရသည်။ နောက်ထပ် အနည်းငယ် ထပ်မံ သောက်သုံး ပြီးမှသာ စနောက်ခြင်းများ ရပ်တန့် သွားတော့သည်။
သို့သော် မည်သူမျှ ဤကိစ္စကို ဆက်လက် လိုက်မနေ ကြတော့။ သူတို့ နောက်ပြောင် နေခြင်းမျှသာ။ သူတို့ သိသည်မှာ အလေးအနက် ပြောဆိုရမည့် အချိန် ကျရောက် လာသည့်အခါ 'ကျန်းပိုင်ရှန်း' သူတို့ထံ ဖုံးကွယ် ထားမည် မဟုတ်ပေ။
နင်ချီ ပြုံးလျက် နားထောင် နေလိုက်သည်။
လောလောဆယ်တော့ သူ 'တာအို လက်တွဲဖော်' ရှာဖို့ စိတ်ကူး သိပ်မရှိသေးပါ။
သူသည် အသက်လည်း ငယ်သေးသည်။ အနာဂတ်မှာလည်း ရှိချင်မှ ရှိမည်။ အကယ်၍ ရှိလာခဲ့လျှင်တော့ သူနှင့်အတူ 'တာအို' လမ်းစဉ်ကို အမှန်တကယ် လျှောက်လှမ်းနိုင်မည့် သူမျိုး ဖြစ်ရပါမည်။