အငြိုးကို ဖြေရှင်းခြင်း၊ လှပစွာ ထွက်ခွာခြင်း ( ၃)..
Vol. 10 Ch. 137
~'ချင်ပြည်နယ်' မှ လွဲ၍ 'တောင်ပိုင်းနယ်စပ် မဟာမိတ်' ၏ သြဇာကွန်ရက်သည် 'မဟာယန်' တိုက်အတွင်းရှိ အခြားပြည်နယ် အများအပြားထံသို့ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်နေခဲ့၏။
သို့ပေမဲ့ ထိုကွန်ရက်က ပြည်နယ်တိုင်းကိုတော့ လွှမ်းခြုံထားနိုင်ခြင်း မရှိသေးပေ။ 'အကြီးအကဲ ပိန်ခြောက်' နှင့် 'အကြီးအကဲ ဝတုတ်' တို့၏ တာဝန်မှာ 'ချင်ပြည်နယ်' အတွင်းရှိ ကိစ္စရပ်များကိုသာ အာရုံစိုက်ရန်ဖြစ်ပြီး၊ အခြားပြည်နယ်များ၏ အခြေအနေနှင့်မူ လုံးဝ သက်ဆိုင်ခြင်း မရှိကြလေ။
'တောင်ပိုင်းနယ်စပ် မဟာမိတ်' ၏ နောက်ကွယ်က အမှန်တရားကိုတော့ သိရှိသူ အလွန်ရှားပါးလှသည်။
ယခုအချိန်အထိ ရရှိထားသော သတင်းအစအနများအရ၊ ၎င်းအဖွဲ့အစည်းကို ဩဇာကြီးမားသော မျိုးနွယ်စုကြီးများက ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟုသာ သိရ၏။ သူတို့အားလုံး စုစည်းနေခြင်း၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ကြံစည်မှုတစ်ခု ရှိနေပုံရလေသည်။
နင်ချီ ခေါင်းခါလိုက်သည်။
သူက ဆက်မမေးချင်တော့၍ မဟုတ်။ 'ဝိညာဉ်ဖမ်း မျက်လုံးသိုင်း' ကို ပိုကောင်းအောင် ပြုပြင်ထားပြီး ဖြစ်သော်လည်း ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်ပါသည်။
ရန်သူ့အတွက် အရေးပါသော ကိစ္စရပ်များနှင့် ပိုမို ပတ်သက်လာလေလေ၊ ခုခံလိုစိတ်က အလိုလို ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။ 'အကြီးအကဲ ပိန်ခြောက်' မှာ ခုခံနိုင်စွမ်း အလွန် မြင့်မားသော 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျွမ်းကျင်သူတစ်ဦး အမှန်တကယ် ဖြစ်နေသည်ကိုတော့ ထည့်ပြောစရာပင် မလိုတော့ပါ။
အမှန်တရားကို ဆိုရလျှင်။
နင်ချီ၏ 'ဝိညာဉ်ဖမ်း မျက်လုံးသိုင်း' မှာ အတော်လေး ထူးကဲနေပြီ ဖြစ်သည်။ အကြောင်းမှာ ဤသို့သော သိုင်းပညာ လျှို့ဝှက်သိုင်းမျိုး သိုင်းလောကတွင် ရှိသည်ဟု သူ တစ်ခါမှ မကြားဖူးသောကြောင့် ဖြစ်သည်။ ရှိခဲ့လျှင်ပင် ၎င်းမှာ အလွန်အမင်း လျှို့ဝှက် ထိန်းသိမ်းထားသော ပညာရပ် ဖြစ်ရမည်မှာ သေချာသည်။
'တောင်ပိုင်းနယ်စပ် မဟာမိတ်' အကြောင်းကို ပိုမို ထဲထဲဝင်ဝင် မစူးစမ်းရန် နင်ချီ ယာယီ ဆုံးဖြတ်လိုက်သည်။
၎င်းမှာ သူ၏ မိဘများ သေဆုံးရခြင်း၏ ဇာစ်မြစ် ဖြစ်သော်ငြား၊ 'မိစ္ဆာဂိုဏ်း' ကိုပင် ယှဉ်ပြိုင်နိုင်သော ဤမျှ ကြီးမားသည့် အဖွဲ့အစည်းကြီး တစ်ခုကို ယခုချက်ချင်း ထိပ်တိုက် ရင်ဆိုင်ရန် မလိုအပ်သေးပါ။
သူ့ကို အချိန် အနည်းငယ်သာ ပေးလိုက်ပါ။ အနာဂတ်တွင် သူ ၎င်းတို့ကို အလွယ်တကူ ဖိနှိပ် ရှင်းလင်းနိုင်ပေလိမ့်မည်။
သူ... ဦးစားပေး အဆင့်များကို နားလည်ပါသည်။
လက်စားချေခြင်းကို ပြုလုပ်ရမည် မှန်သော်လည်း အလျင်စလို လုပ်ရန် မလို။
ယခုကဲ့သို့ပင် နင်ချီသည် 'သခင်လေ' ကို အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်း ရှိနေပြီဟု ယုံကြည်မှသာ 'သွေးမိုးမျှော်စင်' နှင့် အကြွေး ရှင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤသို့သော ကိစ္စရပ်များတွင် နင်ချီက အမြဲတမ်း စိတ်ရှည်သည်းခံ တတ်ပါသည်။
နင်ချီ 'အကြီးအကဲ ပိန်ခြောက်' ၏ ခန္ဓာကိုယ်မှ ရရှိသော ပစ္စည်းများကို စတင် စစ်ဆေး သုံးသပ်လိုက်သည်။
ပုံစံ တစ်ထပ်တည်းနီးပါး တူညီသော 'ခရမ်းရောင် ကျောက်စိမ်း ဝါးပြွန်'။ ရှင်းလင်းသည်မှာ ဒါကို 'သွေးဘုရင် ကူ' အတွက် အထူး ပြုလုပ်ထားခြင်း ဖြစ် လေသည်။
ထူးခြားသော အသံလှိုင်းများကို တိုးညှင်းစွာ ရွတ်ဆိုလိုက်ခြင်းဖြင့် နင်ချီက 'သွေးဘုရင် ကူ' တစ်ကောင်ကို ဆင့်ခေါ် လိုက်သည်။
၎င်း၏ ကျောပြင်တွင်လည်း တောင်ပံ သုံးစုံ ပါရှိသည်။ သို့သော် တတိယ တစ်စုံမှာ အနည်းငယ် အားနည်း ပျော့ခွေနေပြီး 'အကြီးအကဲ ဝတုတ်' ပထမဆုံး ထုတ်ယူစဉ်က အတိုင်းပင် ဖြစ်၏။
သို့သော် နင်ချီ စိုးရိမ်မနေခဲ့ပါ။
ယနေ့ ဤအမာခံ စခန်းကို သတ်ဖြတ် ရှင်းလင်းပြီးနောက်၊ ဤမျှ များပြားသော အစွမ်းထက် သိုင်းသမားများ၏ အလောင်းများနှင့် 'ကောင်းကင်ဘုံ
လူသားနယ်ပယ်' ကျွမ်းကျင်သူ တစ်ဦးပါ ရှိနေသဖြင့် ဤ 'သွေးဘုရင် ကူ' ကို အပြည့်အဝ ကြီးပြင်းသွားစေရန် လုံလောက်သော အာဟာရများ ရှိနေခဲ့ပြီ ဖြစ်သည်။
'ခရမ်းရောင် ကျောက်စိမ်း ဝါးပြွန်' အပြင် အခြား အသုံးအဆောင် ပစ္စည်း အချို့၊ ဆေးလုံးများ၊ 'ကူ' ပိုးကောင်များ ပါဝင်သော ကျောက်စိမ်းပုလင်း အနည်းငယ်လည်း ရှိနေသည်။
နင်ချီ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားသည်။
သို့သော် ခဏတာ တွက်ချက်ပြီးနောက် နောက်ဆုံးတွင်တော့ ၎င်းတို့ အားလုံးကို စွန့်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
အစောပိုင်း မျက်လုံးသိုင်းဖြင့် စစ်ဆေးမေးမြန်းစဉ်က 'သွေးဘုရင် ကူ' ပေါ်တွင် အမှတ်အသား ပဲ့တင်ထပ်ခြင်း သို့မဟုတ် အလားတူ အရာများ မရှိကြောင်း သူ သိရှိခဲ့ရသည်လေ။ သို့ရာတွင် ဤပစ္စည်းများ၏ အသုံးဝင်ပုံနှင့် ဇာစ်မြစ်ကို သူ မသိသဖြင့် ၎င်းတို့တွင် ခြေရာခံ အမှတ်အသားများ ပါ၊ မပါကို မသိနိုင်ပါ။
စိတ်ချရစေရန်အတွက် ၎င်းတို့ကို မယူသွားခြင်းက အကောင်းဆုံး ဖြစ်သည်။
နင်ချီ တွန့်ဆုတ်မနေတော့ဘဲ 'ချီစွမ်းအင်' ကို အသုံးပြုကာ 'အကြီးအကဲ ပိန်ခြောက်' ၏ အလောင်းကို နှစ်ပိုင်း ပြတ်နေသော ခန်းမဆောင်ကြီး၏ အပျက်အစီးများဆီသို့ ဆွဲယူသွားခဲ့သည်။
ကျန်ရှိနေသေးသော 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူများ တုန်ရီ နေကြသည်။
သူတို့ လှုပ်ရှားနိုင်စွမ်း မရှိတော့။ နင်ချီက 'အကြီးအကဲ ပိန်ခြောက်' ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် သူတို့၏ သတ္တိများမှာ ကြာမြင့်စွာကတည်းက ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီ ဖြစ်သည်။
နင်ချီ လျှောက်လှမ်း လာသောအခါ တစ်ယောက်ချင်းစီတိုင်း အသက် ချမ်းသာပေးရန် တောင်းပန်ချင်စိတ်များ ရုတ်တရက် ပေါ်ပေါက် လာကြသည်။
သို့သော် သူတို့ စကားမပြောနိုင်ကြပါ။
အကြောင်းမှာ နင်ချီက အသုံးမဝင်သော အဓိပ္ပာယ်မဲ့ စကားများကို မကြားချင်သောကြောင့် ဖြစ်သည်။
သူ လက်တစ်ဖက်ဖြင့် 'မြေအောက် နန်းတော်' ကို ဖွင့်လိုက်ရာ 'သွေးကန်' ကြီးမှာ လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူ 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' ကို ထိန်းချုပ် လိုက်ပြီး အမာခံ စခန်း တစ်လျှောက်လုံးတွင် ပြန့်ကျဲနေသော အလောင်းများကို ကန်ထဲသို့ ပျံသန်း ဝင်ရောက်စေသည်။ ဝင်ရောက် သွားသည်နှင့် တစ်ပြိုင်နက် အလောင်းများမှာ လျင်မြန်စွာ အရည်ပျော် သွားကြသည်။
ဤသည်မှာ ယခင်က လူတိုင်းနှင့် အကျွမ်းတဝင် ရှိခဲ့သော အလုပ်တစ်ခု ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်တော့ သူတို့၏ ဦးရေပြားများ ထုံကျင် သွားစေသည်။
အထူးသဖြင့် 'အကြီးအကဲ ပိန်ခြောက်' ၏ အလောင်းကိုပါ ပစ်ချ လိုက်သော အခါ၊ ထိတ်လန့် ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
နင်ချီက လက်ခါလိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာရနေသော လူအနည်းငယ်ကို ပြုံးလျက် ကြည့်လိုက်၏။
"မင်း အရင်ဆုံးပေါ့။" နင်ချီက တစ်ယောက်ကို ကျပမ်း လက်ညှိုးထိုး လိုက်သည်။
ကျန်လူများမှာ 'ချီစွမ်းအင်' ဖြင့် မြေပြင်ပေါ်တွင် ဖိကပ် ခံထားရပြီး မလှုပ်ရှားနိုင်ကြ။ ထိုလူမှာမူ လေထဲသို့ ဝုန်းခနဲ မြောက်တက် သွားသည်။
နင်ချီ 'ဝိညာဉ်ဖမ်း မျက်လုံးသိုင်း' ကို အသက်သွင်း လိုက်သည်။
ဤလူများမှာ 'တောင်ပိုင်းနယ်စပ် မဟာမိတ်' အကြောင်း ပိုမို သိရှိနိုင်ခြေ မရှိသော်လည်း အနည်းဆုံးတော့ သူတို့ တာဝန်ယူရသော ဌာနခွဲများ အကြောင်းကို သိကြပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ အသုံးဝင်သော သတင်းအချက်အလက် အချို့ ပေးစွမ်းနိုင်ကောင်း ပေးစွမ်းနိုင်ပေမည်။
'နတ်ဘုရားဓားဂိုဏ်း' မှ သစ္စာဖောက် 'တုန်းဟဲ' ကဲ့သို့ပင်။ နင်ချီသည် တုန်းဟဲ ဤတစ်ကြိမ် လာရောက်သည်ကို မမြင်တွေ့မိချေ။
နင်ချီက တာအိုဆရာလုံရှန်းကို 'နတ်ဘုရားဓားဂိုဏ်း' ၏ လူသတ်သမားကို သုတ်သင်ပေးမည်ဟု ကတိပေးခဲ့ပြီး ဖြစ်နိုင်ပါက 'တုန်းဟဲ' ကိုပါ ဖမ်းဆီးပေးမည် ဖြစ်သည်။
'မေး' 'ဖြေ' ကဏ္ဍမှာ ရိုးရှင်း ရှင်းလင်းလှသည်။
သို့သော် အခြားသူများအတွက်တော့ ထိုမြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
သူတို့၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဤမိစ္ဆာ၏ လက်ထဲသို့ ဖမ်းဆီး ခံလိုက်ရသည်နှင့် သူတို့၏ ခေါင်းများ ထုံကျင် သွားစေသော အခြေအနေသို့ ကျရောက် သွားတော့သည်။ စက်ရုပ် တစ်ရုပ် ကဲ့သို့ပင်။ ပါးစပ်များက လှုပ်ရှားနေပြီး နားမလည်နိုင်သော စကားလုံးများကို ရွတ်ဆို နေကြသည်။
မသိရှိရခြင်းသည် ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည်။
ခဏ အကြာတွင် နင်ချီက ထိုလူကို သွေးကန်ထဲသို့ ဖြစ်သလို ပစ်ချ လိုက်သည်။
ပြီးနောက် နောက်တစ်ယောက်ကို ဖမ်းဆွဲ လိုက်သည်။
ယခင် လုပ်ငန်းစဉ် အတိုင်း ထပ်ခါတလဲလဲ ပြုလုပ်နေသည်။
ဤ လုပ်ငန်းစဉ်မှာ အလွန်အမင်း နှိပ်စက် ညှဉ်းပန်းရာ ရောက်လေသည်။
လူတိုင်း မိမိတို့ သေရတော့မည်ကို သိနေကြသည်။ သို့သော် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ချင်းစီ ဤသို့သော နည်းလမ်းဖြင့် ကူကယ်ရာမဲ့ သေဆုံးသွားရသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှု နေရခြင်းမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့အားလုံး ရက်စက်သော လူသတ်သမားများ ဖြစ်ကြသည့်တိုင် မိမိတို့ကိုယ်တိုင် ဤသို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရသောအခါ စိတ်မသက်မသာ ဖြစ်ကြရသည်။ ကြောက်ရွံ့မှုဖြင့် ရင်တုန်ပန်းတုန် ဖြစ်နေကြသည်။
အမှန်တကယ်တွင်..
အချို့မှာ နောက်တစ်ကြိမ် သူတို့ အလှည့် ဖြစ်ပါစေဟု စတင် မျှော်လင့် နေကြပြီ ဖြစ်သည်။
ကြာရှည်စွာ စောင့်ဆိုင်း နေရလေလေ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုကို ပိုမို ခံစားရလေလေ ဖြစ်သည်။
သံသယ ရှိဖွယ် မလိုဘဲ 'လေ' .. မှာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကို အများဆုံး ခံစားခဲ့ရသူ ဖြစ်သည်။
သူသည် သူ၏ နှလုံးသားထဲတွင် ထပ်ခါတလဲလဲ အော်ဟစ် နေမိသည်။
သို့သော် နင်ချီက သူ့ကို လျစ်လျူရှု ထားသည်။ ထိုအစား သူ၏ လုပ်ဖော်ကိုင်ဖက်များ တစ်ယောက်ပြီးတစ်ယောက် နာကျင်စွာ သေဆုံးသွားသည်ကို ကြည့်ရှု စေခဲ့သည်။
နောက်ဆုံးတွင် နင်ချီ 'ကျောက်တုန်း' ကို မေးမြန်း ပြီးစီးသွားပြီးနောက် 'နတ်ဘုရားဓားဂိုဏ်း' ဖျက်ဆီးခံရခြင်း အသေးစိတ်နှင့် 'အစစ်အမှန်သိုင်းတောင်' ကို ညဘက် ဝင်စီးခဲ့သော 'စွဲမက်ဖွယ် အမျိုးသမီး' မှာ သူ၏ စေခိုင်းမှုကြောင့် ဖြစ်ကြောင်း သိရှိ လိုက်ရသော အခါ
'လေ' တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
"သတ်လိုက်ပါ။ ကျွန်တော့်ကို သတ်လိုက်ပါ။"
'လေ' သူ၏ နှလုံးသားထဲတွင် အော်ဟစ် နေမိသည်။
သို့သော် ထို့နောက် သူ၏ မျက်နှာပေါ်တွင် အံ့ဩမှု အရိပ်အယောင်များ ပျံ့နှံ့ သွားသည်။
အကြောင်းမှာ ထိုအသံက သူ၏ စိတ်ထဲတွင်သာ 'မြည်ဟည်း' နေခြင်း မဟုတ်ဘဲ အပြင်သို့ အသံထွက် ပြောဆို လိုက်မိသောကြောင့် ဖြစ်သည်။
ရုတ်တရက် သူ စကား ပြန်ပြော နိုင်သွားခဲ့ချေပြီ။
သူ၏ အကြည့်များ တုန်ခါ သွားပြီး နင်ချီ့ အပေါ် ကျရောက် သွားသည်။
ထို့နောက် နင်ချီ၏ တည်ငြိမ်သော စကားသံကို ကြားလိုက်ရသည်။