အခန်း (၁၈၇၁+၁၈၇၂)
Vol. 128 Ch. 1871+1872
အခန်း(၁၈၇၁)
ဟန်ယွဲ့နန်းတော်၏ ယန်ဝူရင်ပြင်တွင် တပည့်သောင်းနှင့်ချီ စုရုံးနေကြပြီး ရင်ပြင်တစ်ခုလုံးကို ဝန်းရံထား၏။
လွန်ခဲ့သော သုံးရက်အကြာက ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင်အသစ် ဖြစ်သည့် ကျန်းချန်သည် အေးခဲမြစ်ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် မိုကျိဟန်၏ စိန်ခေါ်မှုကို လက်ခံခဲ့သည်။
ယနေ့သည် ထိုအထွတ်အထိပ် ပါရမီရှင်နှစ်ဦး တိုက်ခိုက်မည့်နေ့ ဖြစ်၏။
ဟန်ယွဲ့နန်းတော်မှ တပည့် အများအပြားသည် ဤကဲ့သို့ ကြုံရခဲသော တိုက်ပွဲကို ကြည့်ရှုရန်အတွက် ယန်ဝူရင်ပြင်သို့ စောစီးစွာ ရောက်ရှိနေခဲ့ကြသည်။
ကျန်းချန်က ရှန်းဟုန်နှင့် ရှချင်းမင် တို့ကို အဖော်ပြုကာ ယန်ဝူရင်ပြင်ဆီသို့ လျှောက်လာခဲ့သည်။
ကျန်းချန် ထွက်ပေါ်လာသည်နှင့် ဟန်ယွဲ့နန်းတော်မှ တပည့်အများအပြားသည် မနေနိုင်တော့ဘဲ ပြောဆိုဆွေးနွေးခဲ့ကြ၏။
“ဒီတိုက်ပွဲကို ကျန်းချန် အနိုင်ရမယ်လို့ ထင်လား”
“မေးနေစရာလိုသေးလို့လား.. မိုကျိဟန်ကို လွန်ခဲ့တဲ့ နှစ်၂၀က အစ်ကိုကုန်းလင်ကို အနိုင်ယူခဲ့တယ်.. ကျန်းချန်က အစ်ကိုကုန်းလင်ကို ချေမှုန်းနိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားမှတော့ မိုကျိဟန်ကို အနိုင်ယူဖို့က အလွယ်လေးပဲ မဟုတ်လား”
“အဲဒီလောက်အထိ မရိုးရှင်းဘူး.. အေးခဲမြစ်ဂိုဏ်းက စိန်ခေါ်ဖို့ လာတယ် ဆိုမှတော့ ဘာမှပြင်ဆင်မှုမရှိဘဲ လာမှာမဟုတ်ဘူး.. မိုကျိဟန်က ရေခဲလမ်းစဥ် သဘာဝနတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ် ဒါကြောင့် လက်ရှိ သူ့ရဲ့စွမ်းရည်က အစ်ကိုကုန်းလင်ထက် မနိမ့်လောက်ဘူး ထင်တယ်”
“..........”
ဟန်ယွဲ့နန်းတော်မှ တပည့် အများအပြားထဲတွင် ဤတိုက်ပွဲနှင့်ပတ်သက်၍ ကျန်းချန် အပေါ် ယုံကြည်သူများ ရှိသလို စိုးရိမ်ပူပန်သူများလည်း ရှိသည်။
အင်အားစုတစ်ခုမှ အထွတ်အထိပ်ပါရမီရှင်၏ ခွန်အားသည် ထိုအင်အားစု၏ ခွန်အားကို များစွာ ကိုယ်စားပြု၏။
ကျန်းချန်သာ ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင် ဟန်ယွဲ့နယ်မြေတွင် သူတို့ ဟန်ယွဲ့နန်းတော်၏ အရှင်သခင် နေရာကို အေးခဲမြစ်ဂိုဏ်းက သက်ရောက်မှု ရှိလာမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
လူတိုင်းက တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြ၏။
ထိုအချိန်တွင် ယန်ဝူရင်ပြင်၏ အထက်ရှိ နေရာလွတ်တွင် ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် အဖြူရောင်ပုံရိပ် အများအပြားသည် နေရာလွတ်ထဲကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
ခေါင်းဆောင်လာသူမှာ နတ်မင်းကြီးတစ်ပါး ကဲ့သို့ ခမ်းနားထည်ဝါသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ဖြစ်၏။
ထိုအဘိုးအိုက အသက်အလွန် မကြီးသေးသကဲ့သို့ အသက်ကြီးသူများတွင် ရှိသင့်သည့် အရေးအကြောင်းများလည်း ရှိမနေပေ။
ဆန့်ကျင်ဘက်အားဖြင့် ထိုအဘိုးအို၏ အသားရေသည် တောက်ပသော အရောင်အဝါများ ထွက်နေသည့် ကျောက်စိမ်းကဲ့သို့ ဖြစ်နေခဲ့သည်။
အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုနေရာတွင် ရပ်နေရုံမျှသာ ဖြစ်သော်လည်း လူအများကို ဒူးထောက် ကိုးကွယ်စေလောက်သည့် အရှိန်အဝါ ဖိအားသည် ယန်ဝူရင်ပြင်တွင် ပြည့်နှက်သွားခဲ့သည်။
“ဆရာတူညီလေးကျန်း.. အေးခဲမြစ်ဂိုဏ်းက လူတွေ ရောက်လာပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
လေထုထဲတွင် ပေါ်ထွက်လာသော ပုံရိပ်အနည်းငယ်ကို ကြည့်လိုက်ပြီးနောက်တွင် ရှန်းဟုန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုသုံးဦးစလုံးသည်လည်း အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက နယ်မြေနတ်ဘုရားအရှိန်အဝါကို ဖုံးကွယ်မထားခဲ့၍ ရှန်းဟုန် သတိမပေးလျှင်ပင် ထိုသူက အေးခဲမြစ်ဂိုဏ်း၏ ခေါင်းဆောင် အရှင်ထျန်ဟဲ ဖြစ်ကြောင်း ကျန်းချန် ခန့်မှန်းမိသည်။
အရှင်ထျန်ဟဲ၏ ဘေးတွင် ထူးခြားသော အရှိန်အဝါများရှိသည့် လူငယ်တပည့်သုံးဦး ရှိနေကြ၏။
သုံးဦးထဲတွင် နှစ်ဦးမှာ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီး ဟန်ယွဲ့နန်းတော်မှ ပိုင်ရှင်းကျန့်ထက် အရှိန်အဝါ မနိမ့်ကျပေ။
ထိုအထဲမှ အေးစက်စက် အမူအရာရှိသော လူငယ်ကမူ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည်။
ထိုလူငယ်၏ မျက်ခုံးနှစ်ခု အလယ်တွင် ကြည်လင်တောက်ပသော ခရစ္စတယ်သဏ္ဌာန် အမှတ်အသား တစ်ခု ရှိနေခဲ့သည်။
ထိုလူငယ်၏ အကြည့်က စိတ်ဝိညာဥ်ကိုပင် အေးခဲသွားစေနိုင်သည်ဟု ထင်ရ၏။
ကျန်းချန်က တကူးတက စဥ်းစားနေစရာပင် မလိုအပ်ဘဲ ထိုအေးစက်စက် မျက်နှာထားရှိသော လူငယ်သည် သူယနေ့ ရင်ဆိုင်ရမည့် ပြိုင်ဘက် ဖြစ်သည့် အေးခဲမြစ်ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် မိုကျိဟန်ဖြစ်ကြောင်း သိလိုက်သည်။
“သဘာဝနတ်ခန္ဓာကိုယ်ပိုင်ရှင် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. သူ့ရဲ့ခွန်အားက ကုန်းလင်ထက် သာလွန်တာတော့ သေချာသလောက်ပဲ”
ကျန်းချန်က မိုကျိဟန်ကို မြင်လျှင် မချီးကျူးဘဲ မနေနိုင်တော့ပေ။
သိုင်းပြိုင်ပွဲတွင် ကုန်းလင်နှင့် ရင်ဆိုင်ခဲ့သော ခွန်အားဖြင့်သာဆိုလျှင် သူ၏ အရှေ့ရှိ မိုကျိဟန်ကို အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မည်ဟု သူထင်ခဲ့၏။
လေထုထဲမှ အေးခဲမြစ်ဂိုဏ်း အဖွဲ့ဝင်များကို ကြည့်ပြီးနောက်တွင် ကျန်းချန်က ရှန်းဟုန်ကို လေးနက်စွာ ပြောလိုက်သည်။
“ဆရာတူအစ်ကိုရှန်း.. အေးခဲမြစ်ဂိုဏ်းက ပါရမီရှင်တပည့်တွေရဲ့ ခွန်အားက ဟန်ယွဲ့နန်းတော်က ပါရမီရှင် တပည့်တွေရဲ့ ခွန်အားထက် ပိုပြီး အားကောင်းနေပုံပဲ”
“လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဟန်ယွဲ့နန်းတော်ရဲ့ ခွန်အားက ကျဆင်းလာခဲ့ပြီး အံ့ဖွယ်ပါရမီရှင်မျိုး ပေါ်ထွက်မလာတာလည်း အတော်ကြာခဲ့ပြီ.. ဟန်ယွဲ့နန်းတော်ရဲ့ အထွတ်အထိပ်ကာလတုန်းက ဆိုရင် မဟာမြေရိုင်းပါရမီရှင် စာရင်းမှာ ဟန်ယွဲ့နန်းတော်ရဲ့ တပည့်သုံးဦးက အဆင့် သတ်မှတ်ခံခဲ့ရတယ်.. အစွမ်းအထက်ဆုံး ပါရမီရှင်ဆိုရင် မဟာမြေရိုင်းပါရမီရှင်ရဲ့ ထိပ်ဆုံး၁၀ယောက် စာရင်းထဲကိုတောင် ဝင်ရောက်နိုင်ခဲ့တယ်.. နောက်ပိုင်းမှာတော့ ဟန်ယွဲ့နန်းတော်က တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး မဟာမြေရိုင်းပါရမီရှင် စာရင်းမှာတောင် အဆင့်သတ်မှတ် မခံရတော့ဘူး.. လွန်ခဲ့တဲ့ နှစ်၁၀၀ တုန်းကတော့ မဟာမြေရိုင်းပါရမီရှင် စာရင်းထဲက ပါရမီရှင်တစ်ဦးကို ကုန်းလင်က အနိုင်ယူခဲ့ပြီး မဟာမြေရိုင်းပါရမီရှင် စာရင်းထဲကို ဝင်ရောက်နိုင်ခဲ့တယ်”
ရှချင်းမင်က သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါ့အပြင် အကြီးအကဲချုပ် ကျဆုံးသွားတာကလည်း ဟန်ယွဲ့နန်းတော်ရဲ့ ခွန်အားကို ပိုပြီးတော့ အားနည်းသွားစေခဲ့တယ်.. ဟန်ယွဲ့နန်းတော် ဆက်တိုက် ကျဆင်းလာတာကြောင့်ပဲ အေးခဲမြစ်ဂိုဏ်းက ဟန်ယွဲ့နန်းတော်ကို ပခုံးချင်းတိုင်း လာရဲတာပဲ.. လက်ရှိအချိန်မှာ အေးခဲမြစ်ဂိုဏ်းက ဟန်ယွဲ့နန်းတော်ထက် ကဏ္ဍအားလုံးမှာ အားမနည်းတော့ဘူး ဆိုတာ သေချာသလောက်ပဲ”
ထိုအချိန်တွင် ရှန်းဟုန်က လေးနက်စွာ ဝင်ပြောလိုက်သည်။
“ပိုင်ရှင်းကျန့် နဲ့ယွဲ့ဝူရွှမ်း တို့က ဆရာတူညီလေးကျန်း ပြန်ရောက်မလာခင်မှာ အေးခဲမြစ်ဂိုဏ်းက တပည့်နှစ်ယောက်နဲ့တိုက်ခိုက်ခဲ့ကြပြီး တစ်ပွဲနိုင်တစ်ပွဲရှုံး ရလဒ် ဖြစ်ပေါ်ခဲ့တယ်.. ဒါကြောင့် ဆရာတူညီလေးကျန်း နဲ့ မိုကျိဟန် တို့ရဲ့ တိုက်ပွဲရလဒ်က အင်အားစု နှစ်ခုလုံးကို ကိုယ်စားပြုနေခဲ့ပြီ”
“ဟောင်ယွဲ့ မင်းငါ့ကို ထွက်မတွေ့သေးဘူးလား”
ကျန်းချန်တို့ သုံးဦး စကား ပြောဆိုနေစဥ်မှာပင် အရှင်ထျန်ဟဲ၏ ကျယ်လောင်သော အသံသည် ယန်ဝူရင်ပြင် အထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအသံထဲတွင် နယ်မြေနတ်ဘုရား၏ စွမ်းအား ပါဝင်နေခဲ့၍ ယန်ဝူရင်ပြင်ရှိ ဟန်ယွဲ့နန်းတော်မှ တပည့် အများအပြားသည် ချက်ချင်းဆိုသလိုပင် မျက်နှာများ ဖြူဖျော့သွားကြသည်။
“ထျန်ဟဲ မင်းသိပ်မလွန်လာနဲ့.. ငါရဲ့ ဟန်ယွဲ့နန်းတော်က မင်းထင်တိုင်းကျဲလို့ရတဲ့နေရာ မဟုတ်ဘူး”
ထိုအချိန်မှာ အေးစက်စက် အော်ဟစ်သံတစ်သံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ယန်ဝူရင်ပြင် အထက်ရှိ နယ်မြေနတ်ဘုရား စွမ်းအားကို ချက်ချင်းဆိုသလို ဘာမှမကျန်ရှိတော့သည်အထိ ဖိနှိပ်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် အရှင်ဟောင်ယွဲ့၏ ပုံရိပ်သည် အရှင်ထျန်ဟဲ၏ ဆန့်ကျင်ဘက် အရပ်ကနေ ထွက်ပေါ်လာခဲ့သည်။
အရှင်ဟောင်ယွဲ့က အရှင်ထျန်ဟဲကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“အပိုစကားတွေ ပြောနေတာရပ်ပြီး တိုက်ပွဲကို စလိုက်ကြစို့”
အရှင်ထျန်ဟဲက အရှင်ဟောင်ယွဲ့ကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။
“ဟောင်ယွဲ့.. ဒီနေ့က မင်းရဲ့ဟန်ယွဲ့နန်းတော်က နံပါတ်(၁)ပါရမီရှင်နဲ့ ငါတို့ အေးခဲမြစ်ဂိုဏ်းက နံပါတ်(၁)ပါရမီရှင် တို့ရဲ့ ပြိုင်ပွဲဆိုတော့ ငါတို့တွေ လောင်းကြေးတစ်ခုခု ထပ်ကြမလား”
“မင်းက ဒီတိုက်ပွဲမှာ အရမ်းကို ယုံကြည်မှုရှိနေတဲ့ပုံပဲ”
အရှင်ဟောင်ယွဲ့က အေးစက်စက် ပြုံးလိုက်သည်။
“ပြောပါ မင်းဘယ်လို လောင်းချင်တာလဲ”
“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲက စတင်တော့မယ်.. ဒါကြောင့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ဝင်ခွင့်နေရာ တစ်နေရာကို လောင်းကြေးထပ်ကြတာပေါ့.. မင်းဘယ်လိုသဘောရလဲ”
“ကောင်းပြီ မင်းဆန္ဒရှိမှတော့ ငါလိုက်လျောပေးရတာပေါ့”
အရှင်ထျန်ဟဲ၏ စကားကို ကြားလျှင် အရှင်ဟောင်ယွဲ့၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
ကျန်းချန်သာ ဟန်ယွဲ့နန်းတော်သို့ ပြန်ရောက်မလာခင်က ဆိုလျှင် အရှင်ထျန်ဟဲ အဆိုပြုသော လောင်းကြေးကို သူ့အနေဖြင့် တွေဝေကောင်း တွေဝေနိုင်၏။
အဘယ်ကြောင့်ဆိုသော် အေးခဲမြစ်ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် မိုကျိဟန်၏ ကျင့်ကြံခြင်းသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ရောက်ရှိနေရုံသာမက ရေခဲလမ်းစဥ် သဘာဝနတ်ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထား၍ ခွန်အားက ကုန်းလင်ထက် များစွာ သာလွန်နေခဲ့သောကြောင့်ပင်။
ကျန်းချန်က ကုန်းလင်ကို အနိုင်ယူနိုင်သည့် ခွန်အားရှိသော်လည်း မိုကျိဟန်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်မဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သော ၃ရက်ခန့်က ကျန်းချန်ကို မြင်တွေ့ရပြီးနောက်တွင် အရှင်ဟောင်ယွဲ့သည် ကျန်းချန်၏ လက်ရှိခွန်အားကို သိရှိသွားခဲ့ပြီး အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
လအနည်းငယ်ကြာ မတွေ့ရသည်နှင့် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကနေ နောက်ထပ် အဆင့်နှစ်ဆင့်ကို ထိုးဖောက်ခဲ့ပြီး ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ မဟာကောင်းကင် နတ်ဘုရား ဖြစ်လာခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မဟာမြေရိုင်းပါရမီရှင် စာရင်းထဲမှ ပါရမီရှင်များထဲမှာပင် ကျန်းချန်ကို ရင်ဆိုင်နိုင်သူအား လက်တစ်ဖက်တည်းဖြင့်သာ ရေတွက်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ အေးခဲမြစ်ဂိုဏ်းမှ မိုကျိဟန်သည် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ထို့ကြောင့်လည်း အရှင်ထျန်ဟဲက မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲ၏ ဝင်ခွင့်တစ်နေရာ အတွက် လောင်းကြေးထပ်သည်ကို အရှင်ဟောင်ယွဲ့က အေးဆေးစွာ သဘောတူခဲ့ခြင်းပင်။
သူက အရှင်ထျန်ဟဲကို ကိုယ့်ခြေထောက်ကိုယ် ကျောက်တုံးဖြင့် ထုချသည့် စကားပုံက မည်ကဲ့သို့ အဓိပ္ပါယ်မှန်း မကြာခင်သိရှိစေလိမ့်မည် ဖြစ်၏။
အခန်း(၁၈၇၂)
အရှင်ဟောင်ယွဲ့က အလွယ်တကူ သဘောတူလိုက်သည်ကို မြင်လျှင် အရှင်ထျန်ဟဲ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
ဟန်ယွဲ့နန်းတော်ကို ရောက်မလာမီက အရှင်ထျန်ဟဲသည် ဟန်ယွဲ့နန်းတော်တွင် ကျင်းပခဲ့သည့် သိုင်းပြိုင်ပွဲ၏ အခြေအနေများကို စုံစမ်းပြီးသားဖြစ်၏။
သိုင်းပြိုင်ပွဲတွင် ဟန်ယွဲ့နန်းတော်၏ လူငယ်မျိုးဆက်ကို လွှမ်းမိုးထားသော ကုန်းလင်ကို အနိုင်ယူခဲ့သည့် ကျန်းချန်ဟု အမည်ရသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့သော်လည်း ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်သာ ဖြစ်သည်။
သူတို့ အေးခဲမြစ်ဂိုဏ်းမှ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် မိုကျိဟန်ကမူ သိပ်မကြာခင်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်၏။
ထို့အပြင် မိုကျိဟန်သည် ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၍ အဆင့်တူချင်း ရင်ဆိုင်ရလျှင် အားသာချက် ရှိနေခဲ့သည်။
မိုကျိဟန်၏ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျန်းချန်ကို အနိုင်ယူရန်မှာ အလွယ်လေးပင် မဟုတ်ပါလော။
အရှင်ဟောင်ယွဲ့က သူနှင့် အလောင်းအစားလုပ်ရန် မည်သည့်နေရာမှ ယုံကြည်မှု ရခဲ့သည်ကို အရှင်ထျန်ဟဲသည် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
သို့သော်လည်း အလောင်းအစားက သဘောတူညီပြီးပြီ ဖြစ်၍ အရှင်ထျန်ဟဲသည် သဘာဝအားဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး မိုကျိဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျိဟန် ဟန်ယွဲ့နန်းတော်က နံပါတ်(၁)ပါရမီရှင် အသစ်နဲ့ သွားရင်ဆိုင်လိုက်”
“ဟုတ်ကဲ့ဆရာ”
မိုကျိဟန်က ပြန်ဖြေလိုက်ပြီး ချက်ချင်းဆိုသလိုပင် လေထုထဲကနေ ယန်ဝူရင်ပြင်၏ အလယ်ဗဟိုသို့ ဆင်းသက်လိုက်သည်။
ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
“ကျန်းချန်.. ငါနဲ့ တိုက်ခိုက်ဖို့ ထွက်လာခဲ့ပါ”
ထိုအချိန်တွင် ယန်ဝူရင်ပြင်မှ လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ရှန်းဟုန်သည် ကျန်းချန်ကို အလေးအနက် သတိပေးလိုက်၏။
“ဆရာတူညီလေးကျန်း သတိထားပါ.. မိုကျိဟန်ရဲ့ ခွန်အားက သာမန်မဟုတ်ဘူး”
“စိတ်ချပါ ဆရာတူအစ်ကိုတို့”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ယန်ဝူရင်ပြင်၏ အလယ်ဗဟို ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
သူက ဆန့်ကျင်ဘက်မှ မိုကျိဟန်ကို လှမ်းကြည့်ကာ အရေးမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းက တိုက်ခိုက်ချင်တယ် ဆိုမှတော့ ငါမင်းနဲ့ ကစားပေးမယ်”
“ဒါက ဟန်ယွဲ့နန်းတော်ရဲ့ လက်ရှိ နံပါတ်(၁)ပါရမီရှင် ကျန်းချန်လား”
ယန်ဝူရင်ပြင်၏ အလယ်ဗဟိုသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော ကျန်းချန်ကိုကြည့်ရင်း အရှင်ထျန်ဟဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
နယ်မြေနတ်ဘုရား ဖြစ်သည့်အလျောက် အရှင်ထျန်ဟဲသည် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် သိနိုင်သည်အထိ အမြင်စူးရှ၏။
သို့ရာတွင် အရှင်ထျန်ဟဲကို အံ့အားသင့်စေခဲ့သည်မှာ သူက ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ခဲ့ခြင်းပင်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အရှင်ထျန်ဟဲက သူ့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
နယ်မြေနတ်ဘုရားအဆင့်နှင့် ကောင်းကင်နတ်ဘုရားအဆင့် တို့သည် လုံးဝကွဲပြားသော အဆင့်များ ဖြစ်ကြသည်။
သာမန် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် နယ်မြေနတ်ဘုရား ရှေ့တွင် အရှိန်အဝါကို ဖုံးကွယ်နိုင်မည် မဟုတ်ချေ။
အရှင်ထျန်ဟဲသည် နှစ်သန်းပေါင်း များစွာကတည်းကပင် နယ်မြေနတ်ဘုရား အဆင့်ကို ရောက်ရှိခဲ့သူ ဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံးတွင် ခွန်အား အတိမ်အနက်ကို မမှန်းဆနိုင်သည့် အထွတ်အထိပ် ပါရမီရှင် အနည်းငယ်မျှသာ ဖြစ်၏။
ထိုပါရမီရှင်များသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ကျော်လွန်ကာ ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်၍ မဟာကောင်းကင် နတ်ဘုရား အဆင့်ကို ဝင်ရောက်ခဲ့သူများ ဖြစ်ကြသည်။
သို့သော်လည်း သူ၏ရှေ့မှ ကျန်းချန်ကမူ လွန်ခဲ့သည့် လအနည်းငယ်က ဟန်ယွဲ့နန်းတော်တွင် ကျင်းပပြုလုပ်သည့် သိုင်းပြိုင်ပွဲတွင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ထက် မပိုခဲ့ပေ။
“ကြည့်ရတာ ဒီကောင်လေးဆီမှာ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ အစွမ်းထက် မှော်ရတနာရှိတဲ့ပုံပဲ”
အရှင်ထျန်ဟဲ၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်က မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိသွားပြီဟု သူ မယုံကြည်ခဲ့ပေ။
“ကျန်းချန်.. ကုန်းလင်ကိုတောင် အနိုင်ယူခဲ့တဲ့ မင်းရဲ့စွမ်းရည်က ဘယ်လိုလဲဆိုတာ ငါကြည့်ချင်တယ်”
ကျန်းချန်က သူ့ကို အလေးမထားသည်အား မြင်လျှင် မိုကျိဟန်သည် ဒေါသတကြီးဖြင့် ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဆန်းကြယ်သော အဖြူရောင် ရေခဲတုံးများသည် လေထဲတွင် ဖြစ်ပေါ်လာခဲ့ပြီး ရေခဲလှံ ဒါဇင်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားကာ လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ကျန်းချန်ထံ တိုးဝင်လာခဲ့သည်။
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ညှိုးကို အသာအယာ ဆန့်ထုတ်လိုက်ရာ ထိုရေခဲလှံ ဒါဇင်ပေါင်းများစွာသည် ကျန်းချန်ဆီသို့ မရောက်မီ ပေ၁၀၀ခန့် အကွာအဝေးရှိ လေထုထဲမှာပင် ကွဲအက်သွားခဲ့သည်။
“မင်းရဲ့ ရေခဲလမ်းစဥ် သဘာဝနတ်ခန္ဓာကိုယ်က ဘယ်လောက်ထိ အစွမ်းထက်လဲ ဆိုတာ ကြည့်ရသေးတာပေါ့”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံးစည်းတံဆိပ် ဖြစ်သော ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ မိုကျိဟန်ကို တိုက်ခိုက်လိုက်သည်။
ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က မဟာကောင်းကင် နတ်ဘုရားအဆင့်သို့ ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံးစည်းတံဆိပ်သည်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသောအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သာမန် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလာခဲ့၏။
ကျန်းချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါတွင် မိုကျိဟန်၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက လက်ဟန်များကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ပေရာပေါင်းများစွာ အရွယ်အစားရှိသည့် ဧရာမ ရေခဲလှံ တစ်စင်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော စွမ်းအင် ပေါက်ကွဲသံသည် ယန်ဝူရင်ပြင် တစ်ခွင်လုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
ထိတ်လန့်ဖွယ် အဖျက်စွမ်းအင်မုန်းတိုင်သည် သူတို့နှစ်ဦးကို ဗဟိုပြုကာ ပတ်ပတ်လည်သို့ လျင်မြန်စွာ ပျံ့နှံသွားခဲ့၏။
ထိုအဖျက်စွမ်းအင် မုန်တိုင်းသက်ရောက်သော နေရာတိုင်းရှိ ဟင်းလင်းပြင်သည်ပင် ပျက်သုဥ်းသွားခဲ့ပြီး ဘာမှ မကျန်ရှိတော့သည့် အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ဤအဖျက်စွမ်းအင် မုန်တိုင်းကိုသာ ဆက်လက် တိုက်ခိုက်ခွင့် ပြုခဲ့လျှင် ပတ်ဝန်းကျင်ရှိ ဟန်ယွဲ့နန်းတော်မှ တပည့်များစွာသည် အဖျက်စွမ်းအင် မုန်တိုင်း၏ သက်ရောက်မှုကို ခံရလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် အရှင်ဟောင်ယွဲ့သည် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ယန်ဝူရင်ပြင်၏ အလယ်ဗဟိုသည် အဆုံးမဲ့လွင်ပြင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအဆုံးမဲ့လွင်ပြင်သည် သီးခြားကမ္ဘာ တစ်ခုလို ဖြစ်နေခဲ့သည်။
ကျန်းချန်က ရုတ်တရက် ပြောင်းလဲသွားသော ပတ်ဝန်းကျင်ကို ကြည့်ကာ နယ်မြေ နတ်ဘုရားများ၏ စွမ်းအားကို အံ့အားသင့်နေခဲ့သည်။
နယ်မြေနတ်ဘုရားများသည် ကမ္ဘာကိုပင် ဖန်တီးနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ထိုကြောင့် ဤအဆုံးမဲ့လွင်ပြင်သည် သူတို့နှစ်ဦး ခွန်အားအပြည့်ဖြင့် တိုက်ခိုက်နိုင်စေရန် အတွက် အရှင်ဟောင်ယွဲ့ ဖန်တီးပေးထားသော ကမ္ဘာတစ်ခု ဖြစ်သည်မှာ ထင်ရှား၏။
ထိုအချိန်တွင် မိုကျိဟန်သည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ သက်ရောက်မှုကို အနည်းငယ် ခံစားလိုက်ရပြီး ပေရာပေါင်း များစွာ နောက်ဆုတ်သွားခဲ့ရသည်။
ကျန်းချန်က မိုကျိဟန်ကို အနားယူခွင့်ပင် မပေးဘဲ ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်ကာ ထပ်မံ ဖိနှိပ်လိုက်၏။
ကြောက်မက်ဖွယ် ကျူးရှန်းစည်းတံဆိပ်သည် အဆုံးမဲ့အင်အားကို သယ်ဆောင်ကာ မိုကျိဟန်ဆီ ဆင်းသက်လာခဲ့သည်။
ကျူးရှန်းစည်းတံဆိပ်၏ ဖိအားအောက်တွင် နေရာလွတ်များပင် အဆက်မပြတ် ပြိုကျနေခဲ့၏။
“ဒီကောင်က ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ပဲ ရှိသေးတာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နေရတာလဲ”
မိုကျိဟန်က ကျူးရှန်းစည်းတံဆိပ်ကို ကြည့်ကာ စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။
သူက သွားများကို အံကြိတ်လိုက်သည်။
ထို့နောက်တွင် သူ၏ မျက်ခုံးနှစ်ခု အလယ်ရှိ ခရစ္စတယ်ပုံစံ သင်္ကေတသည် ရုတ်တရက် တောက်ပစွာ လင်းလက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ ကောင်းသော အအေးစွမ်းအားများကို ထုတ်လွှတ်လိုက်၏။
မိုကျိဟန်၏ ထိန်းချုပ်မှုအောက်တွင် ထိုအအေးစွမ်းအားသည် လျင်မြန်စွာ စုစည်းသွားခဲ့ပြီး ဧရာမ ရေခဲလက်ဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဧရာမ ရေခဲလက်ဝါး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မိုင်ရာချီ လေဟာနယ်သည် အေးခဲသွားမတတ် ဖြစ်သွားခဲ့၏။
“ရွှယ်မင်အေးခဲကောင်းကင်လက်ဝါးသိုင်း”
မိုကျိဟန်က ထိုဧရာမရေခဲလက်ဝါးဖြင့် ကောင်းကင်ပေါ်ရှိ ကျူးရှန်း စည်းတံဆိပ်ကို ရိုက်ချလိုက်သည်။
“ဝုန်း..”
ယန်ဝူရင်ပြင်အထက်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ကျူးရှန်း စည်းတံဆိပ်နှင့် ဧရာမ ရေခဲလက်ဝါးတို့သည် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ထိတ်လန့်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းသည် ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့ပြီး ရှေးဟောင်း သားရဲကြီးများ ပါးစပ်ကို ကျယ်လောင်စွာ ဟထားသကဲ့သို့ ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမ နေရာလွတ် အက်ကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်ယံတွင် အဖျက်စွမ်းအင်မုန်တိုင်း ပျံ့နှံ့သွားသည်နှင့်အမျှ အဖြူရောင်ပုံရိပ် တစ်ခုသည် လေထဲတွင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။