အခန်း (၁၈၇၃+၁၈၇၄)
Vol. 128 Ch. 1873+1874
အခန်း(၁၈၇၃)
သူ၏ ခြေဖဝါးများသည် လေထုထဲတွင် စည်းတံဆိပ် ရိုက်နှိပ်ထားသကဲ့သို့ ၁၀ပေ အရွယ်အစားရှိသည့် နေရာလွတ်တွင်းများကိုပင် ဖြစ်ပေါ်စေခဲ့သည်။
မိုကျိဟန်က ခန္ဓာကိုယ် ဟန်ချက်ကို တည်ငြိမ်အောင် မနည်းထိန်းချုပ်လိုက်ရသည်။
သူ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ တစ်စွန်းတစ်စ ဖြစ်ပေါ်နေခဲ့၏။
သူ၏ ရှေ့မှလူသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် လုံးဝ မဟုတ်သည်မှာ သေချာ၏။
သူက ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့ပြီး အေးခဲမြစ်ဂိုဏ်း၏ ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားနည်းစနစ်များကို ကျင့်ကြံထား၍ သူ၏စွမ်းအားသည် သာမန် ကျင့်ကြံသူများထက် များစွာ ပို၍ အားကောင်းသည်။
ကျင့်ကြံခြင်း အဆင့်တူအတွင်း ဆိုလျှင်ပင် သူ့ကို ဤကဲ့သို့ လုံးဝ ဖိနှိပ်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရ၏။
ဟန်ယွဲ့နန်းတော်က သိုင်းပြိုင်ပွဲတွင် ထိုလူငယ်သည် ကုန်းလင်နှင့် ရင်ဆိုင်ရာ၌ အစွမ်းအစကို သိုဝှက်ထားပုံရသည်။
ထိုလူငယ်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားသည်မှာ ဖြစ်နိုင်ဖွယ် ရှိ၏။
“ဟောင်ယွဲ့ မင်းငါ့ရဲ့ အလောင်းအစားကို လက်ခံရဲတာ မအံ့သြတော့ဘူး”
အရှင်ထျန်ဟဲက တိုက်ပွဲဝင်နေသည့် နှစ်ဦးကို မှုန်မှိုင်းသောမျက်ဝန်းများဖြင့် ကြည့်ကာ ပါးစပ်ကနေ အေးစက်စက်ရေရွတ်လိုက်သည်။
ကျန်းချန်၏ အခြေအနေက အနည်းငယ် ထူးဆန်းပြီး သူ့အနေဖြင့် ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို မြင်နိုင်ရန် ခက်ခဲသည်။
သို့သော်လည်း ကျန်းချန်နှင့် မိုကျိဟန်တို့ တိုက်ခိုက်နေချိန်တွင် အရှင်ထျန်ဟဲသည် သဲလွန်စတချို့ကို မြင်တွေ့ခဲ့ရသည်။
ကျန်းချန် ဆိုသောလူငယ်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမ အဆင့်ကို ရောက်ရှိနေခဲ့ပြီး မိုကျိဟန်ထက်ပင် ပိုမို၍ သန်မာနေခဲ့သည်။
အဆုံးသတ်တွင် အရှင်ထျန်ဟဲသည် အရှင်ဟောင်ယွဲ့က အလောင်းအစားကို အဘယ်ကြောင့် အလွယ်တကူ သဘောတူခဲ့မှန်း နားလည်သွားခဲ့၏။
အရှင်ဟောင်ယွဲ့က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ဟားဟား ငါတို့ ဟန်ယွဲ့နန်းတော်က ဟန်ယွဲ့နယ်မြေမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ပြီး ဘယ်သူမှ ငါတို့ကို မယှဥ်နိုင်ခဲ့ဘူး.. ထျန်ဟဲ.. မင်းတို့ အေးခဲမြစ်ဂိုဏ်းက ဒီတစ်ကြိမ် တိုက်ပွဲမှာ ရှုံးနိမ့်ဖို့ သေချာသွားပြီ”
“ဟောင်ယွဲ့ မင်းက တကယ်ပဲ အနိုင်ရဖို့သေချာသွားပြီလို့ ထင်နေတာလား”
အရှင်ထျန်ဟဲက အေးစက်စက်ပြုံးလိုက်သည်။
“ကျန်းချန် ဆိုတဲ့ ကောင်လေးက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ခဲ့တာနဲ့ပဲ အနိုင်ရမယ်လို့ မင်းထင်နေတယ်လား”
အရှင်ထျန်ဟဲသည် မိုကျိဟန်၏ စွမ်းအားနှင့် ပတ်သက်၍ အလွန်အမင်း ယုံကြည်မှုရှိသည်။
အကြောင်းရင်းမှာ ရေခဲလမ်းစဥ် သဘာဝနတ်ခန္ဓာကိုယ်သည် အဆင့်တူချင်း ရင်ဆိုင်ရလျှင် တစ်ဖက်လူကို ချေမှုန်းနိုင်စွမ်း ရှိသောကြောင့်ပင်။
ထို့ကြောင့် ကျန်းချန်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ရောက်ရှိနေစေကာမူ မိုကျိဟန်ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။
“တကယ်လား ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့”
အရှင်ဟောင်ယွဲ့က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ကျန်းချန်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်တွင်သာ ရှိလျှင် ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော မိုကျိဟန်အား အနိုင်ရရန် မလွယ်ကူပေ။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား၏ အကန့်အသတ်ကို ဖြတ်ကျော်ခဲ့သော မဟာကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မဟာကောင်းကင် နတ်ဘုရားသည် နယ်မြေနတ်ဘုရားနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိ၏။
ဆိုရလျှင် မိုကျိဟန်သည် သဘာဝ နတ်ခန္ဓာကိုယ်ဖြင့် မွေးဖွားလာပြီး တိုက်ခိုက်ရေးစွမ်းအားတွင် ပြိုင်ဘက်ကင်းသော်လည်း ကျန်းချန်၏ ရှေ့တွင် အရှုံးပေးရမည်မှာ သေချာသလောက်ပင်။
“ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်”
နယ်မြေနတ်ဘုရားနှစ်ပါး စကားပြောဆိုနေကြချိန်တွင် ကျန်းချန်သည် မိုကျိဟန်ကို အသက်ရှူဖို့ပင် အခွင့်အရေးပေးရန် အစီအစဥ် မရှိခဲ့ပေ။
သူက လက်ဟန်များကို ထုတ်ဖော်လိုက်ရာ ရွှေရောင်စည်းတံဆိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး မိုင်ထောင်ချီ နေရာလွတ်ကို ဖြတ်ကျော်ကာ မိုကျိဟန် ဆီသို့ ရွေ့လျားသွားခဲ့သည်။
“ရေခဲနတ်ဘုရားကမ္ဘာ စုစည်းစမ်း”
ယခင် စည်းတံဆိပ် နှစ်ခုထက် ပိုမို အစွမ်းထက်သော ကျန်းချန်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် မိုကျိဟန်၏ စိတ်နှလုံးသည် ရှင်းပြ၍ မရနိုင်လောက်အောင် အေးစက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား၆မျိုးကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကမ္ဘာ့စွမ်အား ၆မျိုးသည် ရေခဲကမ္ဘာ၏ စွမ်းအားကို ဗဟိုပြုကာ အလွန် လျင်မြန်စွာ ရောယှက်သွားခဲ့ပြီး မိုင်၁၀၀ လေထုကို လွှမ်းခြုံထားသော အရောင်၆မျိုး ရှိသည့် ဧရာမရေခဲမှန်ချပ် အဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။
အရောင်၆မျိုး ဧရာမ ရေခဲမှန်ချပ်ကို စုစည်းပြီးသော အချိန်မှာပင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် ဧရာမ ရေခဲမှန်ချပ် ဆီသို့ သက်ရောက်လာခဲ့၏။
“ဝုန်း..”
ကျယ်လောင်သော အသံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပျံ့နှံ့သွားခဲ့သည်။
မိုကျိဟန်၏ ဧရာမ ရေခဲမှန်ချပ်သည် အနည်းငယ် တုန်ယင်သွားခဲ့သော်လည်း ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို တားဆီးနိုင်ခဲ့သည်။
ကျန်းချန်က ထိုမြင်ကွင်းကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။
သူက မိုကျိဟန်နှင့် ယခင်က တိုက်ခိုက်ခဲ့ရာတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ခွန်အားကိုသာ အသုံးပြုခဲ့သည်။
သို့သော်လည်း သူက နတ်ဘုရင်အဆင့် နည်းစနစ်ကို ကျင့်ကြံထား၍ သူ၏ ကမ္ဘာ့စွမ်းအားသည် သာမန် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများထက် များစွာ ပို၍ အားကောင်းသည်။
ယခု သူ ထုတ်ဖော်လိုက်သည့် အင်အားသည် မဟာမြေရိုင်းပါရမီရှင် စာရင်းထဲမှ ကျင့်ကြံသူ အများစုကိုပင် ချက်ချင်းဆိုသလို အနိုင်ယူနိုင်စွမ်း ရှိ၏။
သို့သော် သူ၏ ရှေ့မှ ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော မိုကျိဟန်သည် သူ၏ လူသားဧကရာဇ် စည်းတံဆိပ် သုံးခုလုံးကို ခုခံနိုင်ခဲ့သည်။
မိုကျိဟန်၏ ခွန်အားဖြင့်သာ ဆိုလျှင် မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် ကောင်းမွန်သော အဆင့်ကို သေချာပေါက် ရနိုင်လိမ့်မည် ဖြစ်၏။
ကျန်းချန်က ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို တားဆီးထားသည့် ဧရာမ ရေခဲမှန်ချပ်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ခွန်အားကို တိုးမြှင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် ရွှေရောင်အလင်းများ ပိုမို တောက်ပလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဧရာမ ရေခဲမှန်ချပ်၏ ချောမွေ့သော မျက်နှာပြင်သည် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်၏ ဖိအားအောက်တွင် ပုံပျက်လာခဲ့သည်။
ယင်းနောက်တွင်မူ ဧရာမ ရေခဲမှန်ချပ်သည် သေးငယ်သောအက်ကွဲကြောင်းများ တစ်ခုပြီး တစ်ခု ဖြည်းညင်းစွာ ပျံ့နှံ့လာခဲ့၏။
မကြာမီမှာပင် ဧရာမ ရေခဲမှန်ချပ် ပေါ်ရှိ သေးငယ်သောအက်ကွဲကြောင်းများ ပျံ့နှံ့မှုသည် ပိုမို မြန်ဆန်လာခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အက်ကွဲကြောင်းများသည် ပင့်ကူမျှင် ကဲ့သို့ ဖြစ်လာခဲ့ပြီး ဧရာမ ရေခဲမှန်ချပ်၏ မျက်နှာပြင် တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။
အဆုံးသတ်တွင် ဧရာမ ရေခဲမှန်ချပ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး လေထုထဲတွင် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့၏။
ရေခဲတုံး အပိုင်းအစများစွာက လေထုထဲတွင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
မိုကျိဟန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပေရာပေါင်း များစွာ အကွာအဝေး အထိ နောက်ပြန် လွင့်စင်သွားခဲ့၏။
မိုကျိဟန်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်ပြီးနောက်တွင် ခန္ဓာကိုယ်ထဲရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအင်များကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။
ထို့နောက်တွင် မိုကျိဟန်၏ မျက်နှာအမူအရာသည် ယခင်ထက် ပိုမို လေးနက်လာခဲ့၏။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ကျန်းချန်.. မင်းက တကယ်ပဲ အစွမ်းထက်တယ် ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ဒီနေ့ တိုက်ပွဲမှာတော့ မင်းငါ့ကို ဘယ်လိုမှ အနိုင်ရမှာ မဟုတ်ဘူး”
“တကယ်လား ဒါဆိုရင် မင်းကိုငါ အခွင့်အရေး ထပ်ပေးမယ် မင်းမှာ ဘယ်လိုဝှက်ဖဲတွေ ကျန်သေးလဲ အကုန်လုံးသာ ထုတ်သုံးလိုက်”
“ကောင်းပြီလေ မင်းမြင်ချင်တယ် ဆိုမှတော့ မင်းဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့”
ထိုစကားကို ပြောပြီးနောက်တွင် မိုကျိဟန်၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ယင်းနောက်တွင် မိုကျိဟန်၏ အေးစက်စက် အသံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။
“ကျန်းချန်.. ငါဒီနေ့ မင်းကို ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ် စွမ်းအားကို ပြသပေးမယ်”
အခန်း(၁၈၇၄)
စကားဆုံးသည်နှင့် မိုကျိယန်၏ ခန္ဓာကိုယ်ကနေ ကြည်လင်တောက်ပသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မိုင်ရာချီ နေရာလွတ်၏ အပူချိန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသောနှုန်းဖြင့် ကျဆင်းသွားခဲ့သည်။
လေထုထဲတွင် တောက်ပပြီး သေးငယ်သော ရေခဲစများ ထူထပ်စွာ စုစည်းလာခဲ့သည်။
“နတ်ခန္ဓာပုံရိပ် စုစည်းစမ်း”
မိုကျိဟန်က ကြုံးဝါးလိုက်ရာ သေးငယ်သော ရေခဲအပိုင်းအစများသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် မိုကျိဟန်၏ ကျောဘက်တွင် ရူးသွပ်စွာ စုဝေးလာခဲ့သည်။
ခဏအကြာတွင် ပေထောင်ပေါင်း များစွာ ရှည်လျားသည့် အဖြူရောင်ရေခဲလေး အဖြစ်သို့ စုစည်းသွားခဲ့သည်။
ထိုရေခဲလေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီး ကြားရှိ အေးစက်သော လေထုသည် အေးစိမ့်မှု ရုတ်တရက် မြင့်တက်လာခဲ့ပြီး မိုင်ရာချီ နေရာလွတ်ကို လုံးဝ အေးခဲသွားစေတော့မည့် အလား ဖြစ်နေခဲ့၏။
မိုကျိဟန်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ၏ ကျောဘက်မှ ရေခဲလေးသည် သူ၏ လက်ထဲသို့ ပျံသန်းလာခဲ့သည်။
ထို့နောက်တွင် မိုကျိဟန်သည် ဘယ်လက်ဖြင့် လေးကို ကိုင်လိုက်ပြီး ညာဘက်ဖြင့် လေးကြိုးကို အသာအယာ ဆွဲလိုက်၏။
ထိုအချိန်တွင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အေးစက်စက် လေထုသည် သူ၏ ပတ်ပတ်လည်တွင် စုစည်းလာခဲ့သည်။
မကြာမီမှာပင် ၅မီတာ အရှည်ရှိသည့် အဖြူရောင် ရေခဲမြား တစ်စင်းသည် လေးကြိုးပေါ်တွင် ရုတ်ခြည်း ပေါ်ထွက်လာခဲ့၏။
“ရေခဲလမ်းစဥ် သဘာဝနတ်ခန္ဓာကိုယ်ရဲ့ နတ်ခန္ဓာပုံရိပ်က စိတ်ဝင်စားစရာပဲ”
မိုကျိဟန် စုစည်းထားသော ရေခဲလမ်းစဥ် သဘာဝနတ်ခန္ဓာကိုယ်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မိုကျိဟန်သည် ရှားပါးသော ရေခဲလမ်းစဥ် သဘာဝနတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၍ သူ၏ နတ်ခန္ဓာပုံရိပ်သည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်သည်။
မိုကျိဟန်၏ နတ်ခန္ဓာပုံရိပ်သည် အလွန်ပင် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဆိုရလျှင် မိုကျိဟန်၏ တိုက်ခိုက်မှုသည် နယ်မြေနတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဥ်၍ မရသော်လည်း အရမ်းကြီး နိမ့်ကျမနေခဲ့ပေ။
ထိုတိုက်ခိုက်မှုသည် သာမန် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိ၏။
“ကျန်းချန် ငါမင်းကို ဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်နေလိုက်”
မိုကျိဟန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် လေးကြိုးကို တင်းနေအောင် ဆွဲလိုက်ပြီး သူ၏ လက်ချောင်းများကို လွှတ်လိုက်ရာ အဖြူရောင် ရေခဲမြားသည် လေထုကို ထိုးခွင်း၍ ထွက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် အဖြူရောင် အအေးစွမ်းအားသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့၏။
ယင်း အအေးစွမ်းအား၏ အောက်တွင် မိုင်ရာချီ နေရာလွတ်၌ ဧရာမ ရေခဲတုံးများ စတင် စုစည်းလာခဲ့သည်။
သာမန် ကောင်းကင်နတ်ဘုရား တစ်ပါးသာ ထိုအေးစက်နေသော နေရာလွတ်တွင် ရှိနေခဲ့လျှင် ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ရာ ကောင်းသော အအေးစွမ်းအားကြောင့် ရေခဲရုပ်ထု အဖြစ်သို့ ချက်ချင်းဆိုသလို အေးခဲသွားမည် ဖြစ်ပြီး စိတ်ဝိညာဥ်ပင် အေးခဲသွားနိုင်ဖွယ် ရှိသည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရောင်စုံနတ်အလင်းကို ထုတ်ဖော်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းလိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ အအေးစွမ်းအားကို တားဆီးလိုက်သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ့စွမ်းအား ၇မျိုး၏ စွမ်းအားသည် သူ၏ လက်ဖဝါးပေါ်တွင် ရောယှက်သွားခဲ့ပြီး အဆုံးသတ်တွင် အလွန်တရာ တောက်ပသော အရောင်၇မျိုးရှိသည့် မီးတောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်၏ လက်ဖဝါးတွင် အရောင်၇မျိုး မီးတောက်အဖြစ် စုစည်းသွားချိန်မှာပင် လေထုထဲရှိ ဧရာမ ရေခဲတုံးများ၏ ထုထည်သည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး အဆုံးသတ်တွင် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့၏။
ကျန်းချန် ရှိနေသော နေရာလွတ်သည်ပင် မျက်စိတစ်မှိတ်အတွင်း လုံးဝ အေးခဲသွားခဲ့ပြီး ကျန်းချန်သည် အထဲတွင် ပိတ်မိသွားခဲ့၏။
အဝေးမှ ကြည့်လိုက်လျှင် လေထုထဲတွင် ဧရာမ ရေခဲတုံးကြီး တစ်တုံး ပျံဝဲနေသကဲ့သို့ပင်။
“ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်က တကယ်ကို ကြောက်စရာပဲ.. ကျန်းချန်က မိုကျိဟန်ရဲ့ ဒီတိုက်ခိုက်မှုကို ခံနိုင်ရည် မရှိလောက်ဘူး ထင်တယ်”
“..........”
သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ဟန်ယွဲ့နန်းတော်၏ တပည့်များစွာ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
“မိုကျိဟန်ရဲ့ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်က တကယ်ကိုကြောက်စရာပဲ.. ဆရာတူညီလေးကျန်းက အန္တရာယ်ရှိနေပြီထင်တယ်”
ရှချင်းမင်၏ အကြည့်က လေးနက်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ရှန်းဟုန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့ ဆရာတူညီလေးကျန်းက ဒီလောက်လွယ်လွယ်နဲ့တော့ မရှုံးနိမ့်လောက်ဘူး”
မိုကျိဟန်၏ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်သည် အမှန်တကယ်ပင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း သူတို့၏ ဆရာတူညီလေး ကျန်း၏ ခွန်အားသည် တိုင်းတာ၍မရနိုင်လောက်အောင် နက်ရှိုင်း၏။
ဟန်ယွဲ့နန်းတော်မှ ကျင်းပပြုလုပ်သော သိုင်းပြိုင်ပွဲတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ဖြင့်ပင် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ကုန်းလင်ကို အနိုင်ယူခဲ့သည်။
ယခုအခါ ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ မိုကျိဟန်သည် ကျန်းချန်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် သူတို့၏ ဆရာသည် ဆရာတူညီလေးကျန်းကို အလွန်တရာပင် ချစ်ခင်မှု ရှိသည်။
ဆရာတူညီလေးကျန်းသာ အန္တရာယ်ရှိလျှင် သူတို့၏ ဆရာသည် ထိုင်ကြည့်နေမည် မဟုတ်ပေ။
“ဟားဟား ဟောင်ယွဲ့.. မင်းအခု ဘာတတ်နိုင်သေးလဲ.. ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်ကို နယ်မြေနတ်ဘုရား အဆင့်အောက်မှာ တော်ရုံဘယ်သူမှ ယှဥ်နိုင်မှာမဟုတ်ဘူး.. ကျန်းချန်မှာ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်ထက် မနိမ့်ကျတဲ့ နတ်ခန္ဓာပုံရိပ် မရှိရင် ဒီတိုက်ပွဲမှာ သေချာပေါက် ရှုံးနိမ့်မှာပဲ”
လေထုထဲရှိ အရှင်ထျန်ဟဲသည် ဝင့်ကြွားစွာ ရယ်မော၍ ပြောလိုက်သည်။
ဟန်ယွဲ့နယ်မြေတွင် ဟန်ယွဲ့နန်းတော်သည် အေးခဲမြစ်ဂိုဏ်းကို အမြဲတစေ ဖိနှိပ်ထားခဲ့သည်။
သို့သော်လည်း ယနေ့ အချိန်အခါတွင် အေးခဲမြစ်ဂိုဏ်းသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး မိုကျိဟန် ကဲ့သို့ ရေခဲလမ်းစဥ်သဘာဝနတ်ခန္ဓာကိုယ် ပိုင်ရှင်တစ်ဦးကိုပင် မွေးထုတ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် သူတို့ အေးခဲမြစ်ဂိုဏ်း၏ ခွန်အားသည် ဟန်ယွဲ့နန်းတော်ထက် မနိမ့်ကျတော့ပေ။
ဤတိုက်ပွဲတွင်သာ မိုကျိဟန် အနိုင်ရခဲ့လျှင် အေးခဲမြစ်ဂိုဏ်းသည် ဟန်ယွဲ့နယ်မြေတွင် တစ်ဟုန်ထိုး ကျော်ကြားသွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သူတို့ အေးခဲမြစ်ဂိုဏ်းသည် ဟန်ယွဲ့နန်းတော်ကို အစားထိုးပြီး ဟန်ယွဲ့နယ်မြေကို လွှမ်းမိုးရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
“ထျန်ဟဲ မင်းကို ကြည့်ရတာ ပျော်ရွှင်နေပုံပဲ”
အရှင်ထျန်ဟဲ၏ ဝင့်ကြွားသော အမူအရာကို မြင်လျှင် အရှင်ဟောင်ယွဲ့က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“ငါ့စကားကို မမေ့ပါနဲ့.. ဒီအလောင်းအစားမှာ ရှုံးနိမ့်မဲ့သူက မင်းပဲ ဖြစ်လိမ့်မယ်”
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် မိုကျိဟန် ထုတ်ဖော်လိုက်သော ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်သည် အလွန်တရာပင် အစွမ်းထက်သည်။
သို့သော်လည်း ကျန်းချန်သည် ကောင်းကင်နတ်ဘုရားအဆင့်၏ အကန့်အသတ်ကို ကျော်ဖြတ်ခဲ့သော မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်၏။
မိုကျိဟန်၏ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်က မည်မျှပင် အစွမ်းထက်သည် ဖြစ်စေကာမူ မဟာကောင်းကင်နတ်ဘုရားတစ်ပါးကို အနိုင်ရရန်မှာ အလွန်တရာ စိတ်ကူးယဥ်ဆန်လွန်းလှသည် မဟုတ်ပါလား။
“ဟားဟား ကောင်းပြီလေ.. ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်ရဲ့ စွမ်းအားကို ကျန်းချန် ဘယ်လိုတားဆီးနိုင်မလဲ ဆိုတာ ဒီနတ်ဘုရား ကြည့်ချင်သေးတယ်”
အရှင်ထျန်ဟဲက အေးစက်စက် ပြုံးကာ ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် အရှင်ဟောင်ယွဲ့ကို လျစ်လျူရှုကာ ကျန်းချန်တို့ နှစ်ဦး၏ တိုက်ပွဲကို တစ်ဖန် ကြည့်ရှုလိုက်သည်။
ယန်ဝူရင်ပြင်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်တွင် အချိန်မည်မျှ ကြာသွားမှန်းကိုပင် မသိလိုက်ပေ။
မိုကျိဟန်၏ နတ်ခန္ဓာပုံရိပ် စွမ်းအားဖြင့် အေးခဲထားသည့် ဧရာမ ရေခဲတုံးကြီးသည် အဆုံးသတ်တွင် အက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
လူပေါင်းများစွာ၏ နှလုံးသားက တုန်လှုပ်သွားခဲ့ပြီး အချို့သော မျက်စိရှင်သူများသည် လေထုထဲတွင် အေးခဲနေသော ဧရာမ ရေခဲတုံးကြီးပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်ကို တအံ့တသြ တွေ့ရှိခဲ့ကြသည်။
တဖြည်းဖြည်းနှင့် အက်ကွဲသံများသည် ပို၍ ထူထပ် လာခဲ့သည်။
အက်ကွဲသံက အရမ်းကြီး မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲကို ရှင်းရှင်းလင်းလင်း ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
ဤသို့ဖြင့်ပင် ဧရာမ ရေခဲတုံးကြီး ပေါ်ရှိ အက်ကွဲကြောင်းများသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ၏ နတ်ခန္ဓာပုံရိပ်စွမ်းအားဖြင့် အေးခဲထားသော ဧရာမ ရေခဲတုံးကြီးတွင် ကျန်းချန်၏ လက်ချက်ဖြင့် ကွဲအက်လာသည့် လက္ခဏာများ ရှိနေသည်ကို မြင်လျှင် မိုကျိဟန်၏ မျက်နှာ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင်လည်း ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
သူက ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ အက်ကွဲကြောင်းများကို ဖာထေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဧရာမရေခဲတုံးကြီးပေါ်ရှိ အက်ကွဲကြောင်းများသည် ပင့်ကူမျှင် ကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မကြာမီမှာပင် ဧရာမ ရေခဲတုံးကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ယင်းနောက်တွင်မူ အက်ကွဲကြောင်းများမှ တစ်ဆင့် ရောင်စုံမီးလျှံ အပိုင်းအစများသည် ထွက်ပေါ်လာခဲ့သည်။