အခန်း (၁၈၇၅+၁၈၇၆)
Vol. 128 Ch. 1875+1876
အခန်း(၁၈၇၅)
တောက်ပသော အရောင်၇မျိုး မီးတောက်များသည် ဧရာမရေခဲတုံးကြီး၏ အက်ကြောင်းများကနေ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် အရောင်၇မျိုး မီးတောက်၏ ကြောက်မက်ဖွယ်ရာကောင်းသော အပူစွမ်းအင်ကြောင့် ဧရာမ ရေခဲတုံးကြီးသည် လျင်မြန်စွာပင် အရည်ပျော်သွားခဲ့သည်။
အဆုံးသတ်တွင် လေထုထဲရှိ ရေခဲအပိုင်းအစ အားလုံးသည် ကောင်းကင်ကိုပင် လောင်ကျွမ်းပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် အပူစွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲထွက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် အဖြူရောင် ရေခဲအပိုင်းအစများသည် လွင့်စင်သွားခဲ့ပြီး မိုင်ရာချီ နေရာလွတ်ကို ချက်ချင်းဆိုသလို ဘာမှမကျန်ရှိတော့သည့် အဖြစ်သို့ ပြိုကျသွားစေခဲ့သည်။
“ဝေါ့..”
မိုကျိဟန်က သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ကောင်းကင်ကနေ ပြုတ်ကျသွားခဲ့သည်။
“ဝုန်း..”
သွေးအလိမ်းလိမ်းဖြစ်နေသော မိုကျိဟန်သည် ယန်ဝူရင်ပြင်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် အောက်ဘက်ရှိ ရင်ပြင် ဆီသို့ ပြုတ်ကျလာခဲ့ပြီး မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
သူ၏ ခန္ဓာကိုယ်က ပေထောင်ပေါင်းများစွာ ရှိသော တွင်းနက်ကြီးထဲတွင် နစ်မြုပ်သွားခဲ့ပြီး သေသလား ရှင်သလားမှန်းပင် မသိရပေ။
လေထုထဲတွင် ရေခဲ အပိုင်းအစများ ပျောက်ကွယ်သွားပြီးနောက်တွင် ရောင်စုံနတ်အလင်းများ လွှမ်းခြုံနေသော ပုံရိပ်တစ်ခုသည် လူတိုင်း၏ မြင်ကွင်းတွင် ထွက်ပေါ်လာခဲ့သည်။
သူတို့က လေထဲတွင် ဝင့်ကြွားစွာ ရပ်နေပြီး ဒဏ်ရာ လုံးဝ မရရှိထားသည့် ကျန်းချန်နှင့် မြေပြင်ပေါ်ရှိ ပေထောင်ချီ ရှည်လျားသော ဧရာမ တွင်းနက်ကြီးကို တစ်လှည့်စီ ကြည့်လိုက်ကြသည်။
ဤအချိန်တွင် ယန်ဝူရင်ပြင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းသည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
“ကျန်းချန်ရဲ့ခွန်အားက ဒီလောက်တောင် ကြောက်ဖို့ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး”
“အမှန်ပဲ.. မိုကျိဟန်ရဲ့ ခွန်အားနဲ့တောင် အနိုင်ယူခံလိုက်ရတယ်.. ကျန်းချန်ရဲ့ ခွန်အားနဲ့သာ ဆိုရင် ဒီတစ်ကြိမ် ကျင်းပမဲ့ မဟာမြေရိုင်း သိုင်းပြိုင်ပွဲမှာ တောက်ပနိုင်မှာ သေချာသလောက်ပဲ”
“............”
ဟန်ယွဲ့နန်းတော်မှ တပည့်များသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်ကြသည်။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် မိုကျိဟန်က ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
“ဆရာတူညီလေးကျန်း အနိုင်ရသွားပြီ”
သူတို့ရှေ့မှမြင်ကွင်းကို ကြည့်ကာ ရှန်းဟုန်နှင့် ရှချင်းမင် တို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
မိုကျိဟန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ရေခဲလမ်းစဥ်နတ်ခန္ဓာပုံရိပ်နှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းချန် အတွက် ခုခံရန်မလွယ်လောကဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းချန်သည် မိုကျိဟန်သည် ကျန်းချန်ကို သက်တောင့်သက်သာပင် အနိုင်ယူခဲ့သည်။
ရှန်းဟုန်နှင့် ရှချင်းမင် တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မချိပြုံး ပြုံးလိုက်ကြသည်။
သူတို့၏ ဆရာတူညီလေးသည် သာမန် အတွေးဖြင့် တိုင်းတာ၍မရသည့် နတ်ဆိုးဆန်သော ပါရမီရှင်တစ်ယောက်ပင် ဖြစ်သည်။
“မဖြစ်နိုင်ဘူး.. ဒါ လုံးဝမဖြစ်နိုင်ဘူး”
မိုကျိဟန်၏ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ် စွမ်းအားဖြင့် တိုက်ခိုက်မှုကို ကျန်းချန်က အလွယ်တကူ ချိုးဖျက်လိုက်သည်ကို မြင်လျှင် အရှင်ထျန်ဟဲသည် မှင်တက်သွားခဲ့သည်။
သူက သူ့မျက်လုံးကိုပင် မယုံကြည်နိုင်လု နီးပါး ဖြစ်နေခဲ့၏။
သိထားရမည့်အချက်မှာ မိုကျိဟန်သည် သူ၏ တိုက်ရိုက်တပည့် ဖြစ်ပြီး သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့သော တပည့်ရင်းတစ်ဦးလည်း ဖြစ်သည်။
ထို့ကြောင့် အရှင်ထျန်ဟဲသည် မိုကျိဟန်၏ စွမ်းရည်ကို တခြားသူများထက် ပိုမို သိထားခဲ့၏။
သူ၏အမြင်တွင် မိုကျိဟန်၏ စွမ်းရည်သည် ဟန်ယွဲ့နန်းတော်၏ ယခင်နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် ကုန်းလင်ထက် အပြတ်အသတ် သာလွန်နေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်က ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်သော်လည်း မိုကျိဟန်ကို ဤမျှ လွယ်ကူစွာ အနိုင်ယူနိုင်မည်မဟုတ်ပေ။
ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် အသစ်သည် မိုကျိဟန်ထက်ပင် ပိုမို အစွမ်းထက်သည့် အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်ပါသလော။
“ဟားဟား မဖြစ်နိုင်တာ ဘာမှမရှိဘူး”
အရှင်ဟောင်ယွဲ့က အားပါးတရ ရယ်မောလိုက်သည်။
“ထျန်ဟဲ.. မင်းဒီတိုက်ပွဲမှာ ရှုံးမယ်လို့ ငါအစောကြီးကတည်းက ပြောခဲ့သားပဲ”
“ဟမ့်.. တိုက်ပွဲက ပြီးမှ မပြီးသေးတာ.. နောက်ဆုံးအချိန်ကို မရောက်မချင်း ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမယ်ဆိုတာ မသိနိုင်သေးဘူး ဟောင်ယွဲ့”
အရှင်ထျန်ဟဲက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
သူက လေထုထဲရှိ ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့၏။
မိုကျိဟန်သည် အေးခဲမြစ်ဂိုဏ်း၏ သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းသည့် ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
ဤနှစ်များအတွင်း အရှင်ထျန်ဟဲသည် မိုကျိဟန်ကို အားလပ်ချိန်ပင် မပေးဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်စေခဲ့သည်။
ကျန်းချန်က မိုကျိဟန်၏ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်ကို အနိုင်ယူခဲ့သော်လည်း မိုကျိဟန်သည် ဤမျှလောက်ဖြင့် ရှုံးနိမ့်ပြီဟု ဆို၍မရပေ။
အကြောင်းအရင်းမှာ ရေခဲလမ်းစဥ်နတ်ခန္ဓာပုံရိပ် အပြင် မိုကျိဟန်တွင် နယ်မြေနတ်ဘုရား သလင်းကျောက် ဟူသည့် အစွမ်းထက် ဝှက်ဖဲ တစ်ခုလည်း ရှိနေသေးသောကြောင့်ပင်။
မိုကျိဟန်က အေးခဲမြစ်ဂိုဏ်းသို့ ဝင်ရောက်ပြီး သူ၏ တိုက်ရိုက်တပည့် ဖြစ်လာကတည်းကပင် အရှင်ထျန်ဟဲသည် သူကံကောင်းထောက်မ၍ ရရှိခဲ့သော နယ်မြေနတ်ဘုရား သလင်းကျောက်ကို မိုကျိဟန်ထံ ပေးအပ်ထားခဲ့သည်။
ထို့ကြောင့် သေရေးရှင်ရေး အခိုက်အတန့်တွင် မိုကျိဟန်သည် နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားကို လှုံ့ဆော်ကာ နယ်မြေနတ်ဘုရား တစ်ပါးနှင့် နှိုင်းယှဥ်နိုင်သော စွမ်းအားများကို ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်၏။
ကျန်းချန်၏ ခွန်အားက မည်မျှပင် သန်မာစေကာမူ နယ်မြေနတ်ဘုရား စွမ်းအား၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။
“ဝုန်း..”
ထိုသို့ တွေးမိသည်နှင့် အရှင်ထျန်ဟဲသည် စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်သည်။
ယင်းအချိန်မှာပင် အဖြူရောင်ပုံရိပ် တစ်ခုသည် ရင်ပြင်ရှိ ပေ၁၀၀၀ နက်သော ဧရာမ တွင်းနက်ထဲကနေ ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။
ထိုလူက မိုကျိဟန်ပင် ဖြစ်သည်။
မိုကျိဟန်၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်ကလည်း သွေးအလိမ်းလိမ်း ဖြစ်နေကာ သူ၏ အဖြူရောင်ဝတ်စုံသည်ပင် လက်နှီးစုတ်နှယ် ပြဲစုတ်နေခဲ့၏။
“ကျန်းချန် မင်းက ကုန်းလင်ကို အနိုင်ယူပြီး ဟန်ယွဲ့နန်းတော်ရဲ့နံပါတ်(၁)ပါရမီရှင် အသစ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. ငါ့ရဲ့ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်ကိုတောင် မင်းကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး”
မိုကျိဟန်က သူ၏ နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်သည်။
သူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်သည် ပို၍ပင် စူးရှလာခဲ့၏။
“ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ်က ငါ့ရဲ့ မျက်လုံးထဲမှာတော့ သာမန်လောက်ပါပဲ”
ကျန်းချန်က မထီတရီ အမူအရာဖြင့် မိုကျိဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဘယ်လိုလဲ မင်းအရှုံးပေးတော့မှာလား”
အစောပိုင်းက မိုကျိဟန် ထုတ်သုံးလိုက်သော တိုက်ကွက်သည် မိုကျိဟန်၏ အစွမ်းအထက်ဆုံး တိုက်ကွက်ဟု ကျန်းချန် မှန်းဆထားခဲ့သည်။
“အရှုံးပေးဖို့ဟုတ်လား.. ငါမိုကျိဟန်က ဒီလောက်ထိ လွယ်လွယ်ကူကူ အရှုံးပေးတတ်တဲ့သူ မဟုတ်ဘူး”
မိုကျိဟန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ထီမထင်သော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကနေ နယ်မြေနတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
“ဒါက နယ်မြေနတ်ဘုရား သလင်းကျောက်ရဲ့ အရှိန်အဝါပဲ”
မိုကျိဟန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းက နယ်မြေနတ်ဘုရား သလင်းကျောက်ကို အသုံးပြုမလို့လား”
“ဟက်.. ဘယ်ဆိုးလို့လဲ.. မင်းရဲ့အမြင်က စူးရှသားပဲ.. တကယ်တော့ ဒီနည်းလမ်းကို မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ အသုံးပြုဖို့ ရည်ရွယ်ထားပေမဲ့ မင်းက ငါ့ကို ဒီအခြေအနေ အထိ တွန်းပို့နိုင်လိမ့်မယ်လို့ ငါတကယ် မထင်မိခဲ့ဘူး.. ဒီနေ့တိုက်ပွဲမှာ ငါမိုကျိဟန် ဘယ်လောက်ပဲ ရင်းနှီးရပါစေ.. မင်းကို လုံးဝအရှုံးပေးမှာ မဟုတ်ဘူး”
စကားဆုံးသည်နှင့် လက်သီးဆုပ်အရွယ်အစားရှိ သလင်းကျောက်တစ်ခုကို မိုကျိဟန်က ထုတ်ယူလိုက်သည်။
မိုကျိဟန်က လက်ထဲတွင် နယ်မြေနတ်ဘုရားသလင်းကျောက်ကို ကိုင်ဆောင်ထားသည့် အခိုက်အတန့်မှာပင် မိုင်ထောင်ပေါင်းများစွာ အချင်းဝက်ရှိ ကမ္ဘာ့စွမ်းအားသည် မိုကျိဟန်ဆီသို့ ရူးသွပ်စွာ စုဝေးလာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး၏ ကြောက်မက်ဖွယ်စွမ်းအားသည် နယ်မြေနတ်ဘုရား သလင်းကျောက်၏ လှုံ့ဆော်မှုအောက်တွင် ဧရာမ ရေခဲနဂါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အလွန် ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲဖိအားများသည် ဧရာမ ရေခဲနဂါးထံကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ကာ ယန်ဝူရင်ပြင်ရှိ ဟန်ယွဲ့နန်းတော်မှ တပည့်များစွာသည် စိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံး အပိုင်းအထိ တုန်လှုပ်သွားသည့် ခံစားချက်မျိုးကို ရရှိခဲ့ကြသည်။
လူတိုင်းက အံ့သြမှင်တက်နေသော အချိန်မှာပင် မိုကျိဟန်၏ မောက်မာသော ရယ်သံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
“ဟားဟား ကျန်းချန်.. နယ်မြေနတ်ဘုရား သလင်းကျောက်ကို လှုံ့ဆော်လိုက်တာနဲ့ ငါ့ရဲ့ တိုက်ခိုက်မှုက နယ်မြေနတ်ဘုရား တစ်ပါးထက် မနိမ့်ကျတော့ဘူး.. မင်းဘယ်လို ခုခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
အခန်း(၁၈၇၆)
“နယ်မြေနတ်ဘုရား သလင်းကျောက်ပါလား"
"မိုကျိဟန်က နယ်မြေနတ်ဘုရားသလင်းကျောက်ကို ပိုင်ဆိုင်ထားတာပဲ”
မိုကျိဟန်၏ မောက်မာသော ရယ်သံကိုကြားလျှင် ယန်ဝူရင်ပြင်ရှိ ဟန်ယွဲ့နန်းတော်မှ တပည့်အားလုံး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရားတစ်ပါး၏ စွမ်းအားအဆီအနှစ် ဖြစ်သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပိုင်ဆိုင်သော ကောင်းကင်နတ်ဘုရား တစ်ပါးသည် တစ်ဝက်ခန့် အားထုတ်ရုံဖြင့်ပင် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မည်ဖြစ်သည်။
ထို့အပြင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို အသုံးပြု၍ ပြင်းထန်သော တိုက်ခိုက်မှုများကိုလည်း ပြုလုပ်နိုင်သေး၏။
ယင်းတိုက်ခိုက်မှု၏ စွမ်းအားသည် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းထက်ပင် ပိုမို၍ အစွမ်းထက်သည်။
ကျန်းချန်က မည်မျှပင် အစွမ်းထက်စေကာမူ နယ်မြေနတ်ဘုရား စွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။
မိုကျိဟန်က နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားကို လှုံ့ဆော်လိုက်သော်လည်း အရှင်ဟောင်ယွဲ့၏ အမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။
သူက အရှင်ထျန်ဟဲကို ကြည့်ကာ မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။
“ထျန်ဟဲ.. မင်းက ဒီတပည့်လေးကို နယ်မြေနတ်ဘုရား သလင်းကျောက်တောင် ပေးထားတယ် ဆိုတော့ အတော်လေး ပုံအပ်ထားတဲ့ပုံပဲ”
အရှင်ထျန်ဟဲက အေးစက်စက် ပြုံးလိုက်သည်။
“ဘာလဲ.. မင်းရဲ့အမြင်မှာ မိုကျိဟန်ရဲ့ ပါရမီက နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပိုင်ဆိုင်ဖို့ မထိုက်တန်လို့လား”
“မဟုတ်ပါဘူး.. သူက မင်းရဲ့ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ်”
အရှင်ဟောင်ယွဲ့က ခေါင်းညိတ်၍ ပြောလိုက်သည်။
သဘာဝ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူသည် နတ်ဘုရားနယ်မြေမှာပင် အလွန်တရာ ရှားပါးသော ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်၂၀က မိုကျိဟန်သည် ကုန်းလင်ထက်ပင် အားနည်းခဲ့သည်။
ယခု မိုကျိဟန် ထုတ်ဖော် ပြသနေသော ခွန်အားသည် ကုန်းလင်ထက် အဆများစွာ သာလွန်နေပြီ ဖြစ်၏။
သာမန်အတွေးဖြင့် တိုင်းတာ၍ မရသည့် ကျန်းချန် ကဲ့သို့ ပါရမီရှင်သာ သူတို့ ဟန်ယွဲ့နန်းတော်တွင် ထွက်ပေါ်လာခြင်း မရှိခဲ့လျှင် မိုကျိဟန်၏ စိန်ခေါ်မှုကြောင့် သူတို့ ဟန်ယွဲ့နန်းတော်သည် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားနိုင်ဖွယ်ရှိသည်။
အရှင်ဟောင်ယွဲ့က ခေါင်းခါရမ်းလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“နယ်မြေနတ်ဘုရား သလင်းကျောက်ကို ဒီလိုမျိုး အသုံးချလိုက်ရင် သူ့ရဲ့သက်ရောက်မှုက လုံးဝ ပျောက်ဆုံးသွားလိမ့်မယ်.. ထျန်ဟဲ ဒီတိုက်ပွဲအတွက် မင်းက အများကြီးရင်းနှီးထားတာပဲ”
အရှင်ဟောင်ယွဲ့၏ စကားကို အရှင်ထျန်ဟဲသည် မငြင်းနိုင်ခဲ့ပေ။
မိုကျိဟန်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး နယ်မြေနတ်ဘုရား သလင်းကျောက်ကနေ နားလည်သဘောပေါက်မှုတွင် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ယခု နယ်မြေနတ်ဘုရား သလင်းကျောက်ကို ဆုံးရှုံးသွားလျှင်ပင် သိပ်ပြီး သက်ရောက်မှုရှိမည် မဟုတ်ပေ။
ဆိုရလျှင် ဤစိန်ခေါ်ပွဲနှင့် ပတ်သက်၍ အရှင်ထျန်ဟဲသည် အရာအားလုံးကို ပုံအပ်ထားခဲ့သည်။
ဤတိုက်ပွဲကို အနိုင်ရသရွေ့ အေးခဲမြစ်ဂိုဏ်းသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ခွဲတမ်းနေရာ တစ်နေရာကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။
ထိုမျှသာမက အေးခဲမြစ်ဂိုဏ်းသည် ဟန်ယွဲ့နန်းတော်ကို လွှမ်းမိုးနိုင်သည့် စွမ်းရည်ရှိနေပြီဟု လူတိုင်းကိုလည်း အချက်ပေးနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းချန်နှင့် မိုကျိဟန် တို့၏ တိုက်ပွဲသည် အေးခဲမြစ်ဂိုဏ်း အတွက် အလွန်တရာပင် အရေးပါနေခဲ့သည်။
ထို့ကြောင့်လည်း တိုက်ပွဲမစမီကပင် အရှင်ထျန်ဟဲသည် မိုကျိဟန်ကို မည်မျှပင် ရင်းနှီးရပါစေ၊ တိုက်ပွဲကို အနိုင်တိုက်ရန် အမိန့်ပေးခဲ့သည်။
သို့ရာတွင် အရှင်ဟောင်ယွဲ့က ယခုအချိန်အထိ အေးအေးဆေးဆေးသာ ဖြစ်နေသည်ကို မြင်လျှင် အရှင်ထျန်ဟဲက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဟောင်ယွဲ့က သူ့လူ ရှုံးနိမ့်မှာကို ဘာလို့ စိတ်မပူရတာလဲ”
သိထားရမည့်အချက်မှာ မိုကျိဟန်၏ နယ်မြေနတ်ဘုရား သလင်းကျောက် စွမ်းအားဖြင့် စုစည်းထားသော တိုက်ခိုက်မှုသည် နယ်မြေနတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုနှင့် အလားတူနီးပါး အစွမ်းထက်ခြင်းပင်။
မည်မျှပင် အစွမ်းထက်သည့် ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်နေပါစေ၊ ဤတိုက်ခိုက်မှုကို ခုခံရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းချန်သည်လည်း နယ်မြေနတ်ဘုရားသလင်းကျောက်၏ စွမ်းအားကို အသုံးပြုမှသာ ဖြစ်နိုင်ပေလိမ့်မည်။
သူသိထားသလောက် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်၏ သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရရှိပြီး အကြီးအကဲချုပ် ချန်ထားရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့သည်။
သို့ရာတွင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကျန်းချန်ရရှိသည့် အချိန်သည် လအနည်းငယ်ခန့်သာ ရှိသေး၏။
ကျန်းချန်၏ ပါရမီက မည်မျှပင် နတ်ဆိုးဆန်စေကာမူ ထိုကဲ့သို့ ကာလတိုအတွင်း နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားကို နားလည်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော်လည်း သူ၏ရှေ့မှ အရှင်ဟောင်ယွဲ့၏ အမူအရာသည် ယုံကြည်မှုအပြည့် ရှိနေပုံ ပေါ်နေခဲ့သည်။
မိုကျိဟန်၏ နယ်မြေနတ်ဘုရား သလင်းကျောက် စွမ်းအားဖြင့် စုစည်းထားသော တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် ကျန်းချန်က မည်သို့သော နည်းလမ်း အသုံးပြုမည်နှင့်ပတ်သက်၍ အရှင်ထျန်ဟဲသည် အမှန်တကယ် နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဂရား..”
ထိုအချိန်မှာပင် မိုကျိဟန်၏ ဦးခေါင်းအထက်ရှိ ဧရာမ ရေခဲနဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကျန်းချန်ဆီသို့ ဦးတည်ကာ ပျံသန်းလာခဲ့သည်။
ယင်းအခိုက်အတန့်တွင် တောင်များနှင့် မြစ်များက ပြိုကျသွားခဲ့ပြီး နေနှင့်လတို့ပင် ဗြောင်းဆန်မတတ် ဖြစ်နေခဲ့သည်။
မိုင်ရာချီ အချင်းဝက်အတွင်းရှိ အရာအားလုံးသည် ဧရာမ ရေခဲနဂါးကြီး၏ ဖိအားအောက်တွင် ပြာမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က နေရာမှာပင် ကျောက်တုံး ကျောက်စိုင် ကဲ့သို့ တည်ငြိမ်စွာ မားမားမတ်မတ် ရပ်နေခဲ့သည်။
သူက သူ့ဆီသို့ ပျံသန်းလာသည့် ဧရာမ ရေခဲနဂါးနှင့်ပတ်သက်၍ အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိခဲ့ပေ။
သူ၏ ခပ်ထေ့ထေ့ရယ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“ဟားဟား နယ်မြေနတ်ဘုရား သလင်းကျောက်ရဲ့ စွမ်းအားက ဘာမို့လို့လဲ.. အစစ်အမှန် နယ်မြေနတ်ဘုရား တစ်ပါး ဒီနေရာမှာ ရှိနေရင်တောင် လက်သီးတစ်ချက်တည်းနဲ့ ချေမှုန်းနိုင်တယ်.. မင်းရဲ့ နယ်မြေနတ်ဘုရားသလင်းကျောက် စွမ်းအားဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး”
စကားဆုံးသည်နှင့် မဟာကောင်းကင်နတ်ဘုရား အရှိန်အဝါသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို တောက်ပသော ရောင်စုံအလင်းများ လွှမ်းခြုံသွားခဲ့၏။
ထို့နောက်တွင် ကျန်းချန်က လက်သီးဆုပ်လိုက်ပြီး ရောင်စုံလက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ချက်ချင်းဆိုသလိုပင် အရောင်၇မျိုးဖြင့် ရောယှက်နေသော အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် လက်သီးအလင်းသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး နေနှင့်လတို့ကိုပင် ဗြောင်းဆန်သွားစေကာ ဂလက်စီများကိုပင် ကွဲအက်သွားစေခဲ့သည်။
ထိုလက်သီးချက်က ပေ၁၀၀၀၀ အကွာရှိ ဧရာမ ရေခဲနဂါးကြီးကို ထိမှန်သွားခဲ့သည်။
ဧရာမ ရေခဲနဂါးကြီးသည် ကျန်းချန်၏ လက်သီးချက်နှင့် ထိမိသည်နှင့် တစ်ပြိုင်နက် ဘာမှမကျန်ရှိတော့သည် အထိ ပေါက်ကွဲထွက်သွားသည်ကို အားလုံးက ထိတ်လန့်တကြား မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် မိုကျိဟန်၏ ခန္ဓာကိုယ်သည် အောက်ဘက်သို့ ပြုတ်ကျလာခဲ့ပြီး မြေပြင်ပေါ်တွင် တွင်းနက်ကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
လေထုထဲတွင်မူ ကျန်းချန်သည် ဝင့်ကြွားစွာ ရပ်နေဆဲ။
သူ၏ ခန္ဓာကိုယ်ကနေ ရောင်စုံနတ်အလင်းများ ထုတ်လွှတ်နေခဲ့ပြီး မည်သူမှ မယှဥ်နိုင်သော စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့၏။
ဤအခိုက်အတန့်တွင် ယန်ဝူရင်ပြင် တစ်ခုလုံးနှင့် ကောင်းကင်နှင့်မြေကြီးသည် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ထိုမြင်ကွင်းကို တအံ့တသြ ကြည့်ကာ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်နေခဲ့ကြသည်။
မိုကျိဟန် လှုံ့ဆော်ခဲ့သည်မှာ နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအား ဖြစ်သည်။
နယ်မြေနတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုနှင့်ပင် ယှဥ်နိုင်သော ထိုစွမ်းအားကို ကျန်းချန်သည် လက်သီး တစ်ချက်တည်းဖြင့်ပင် ချေမှုန်းခဲ့သည်။
“ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ကျန်းချန် ထုတ်ဖော်လိုက်တဲ့လက်သီးချက်မှာ ကမ္ဘာ့စွမ်းအား ၇မျိုးရဲ့ စွမ်းအားတွေ ပါဝင်နေတယ်.. သူက ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်ပြီး မဟာကောင်းကင် နတ်ဘုရားအဆင့်ကို ရောက်ရှိသွားခဲ့ပြီ”
အမြင်စူးရှသော ကျင့်ကြံသူ တချို့သည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
“ကမ္ဘာ့စွမ်းအား၇မျိုးကို ပိုင်ဆိုင်သော မဟာကောင်းကင် နတ်ဘုရား”
လူတိုင်းက ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
မဟာကောင်းကင် နတ်ဘုရားသည် နယ်မြေနတ်ဘုရား တစ်ပါးနှင့်ပင် ယှဥ်နိုင်သော စွမ်းရည်ရှိသည်။
ထို့ကြောင့် ကျန်းချန်က မိုကျိဟန်၏ တိုက်ခိုက်မှုကို လက်သီး တစ်ချက်တည်းဖြင့်ပင် အနိုင်ယူနိုင်သည်မှာ အံ့သြစရာမရှိတော့ပေ။
အကြောင်းရင်းမှာ ကျန်းချန်သည် နယ်မြေနတ်ဘုရား တစ်ပါးနှင့်ပင် ယှဥ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သောကြောင့်ပင်။
“မဟာကောင်းကင် နတ်ဘုရားလား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အရှင်ထျန်ဟဲ၏ မျက်ဝန်းများက မှုန်မှိုင်းသွားခဲ့ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အရှင်ထျန်ဟဲသည် အရှင်ဟောင်ယွဲ့က ကျန်းချန် အပေါ်တွင် အဘယ်ကြောင့် အကြွင်းမဲ့ယုံကြည်မှု ရှိနေမှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
နယ်မြေနတ်ဘုရားနှင့်ပင် ယှဥ်နိုင်သော မဟာကောင်းကင်နတ်ဘုရား၏ တိုက်ခိုက်မှုကို နယ်မြေနတ်ဘုရားသလင်းကျောက်၏ စွမ်းအားဖြင့် လှုံ့ဆော်ထားသော တိုက်ခိုက်မှုက မည်ကဲသို့ ခံနိုင်ရည်ရှိပါအံ့နည်း။
အရှင်ထျန်ဟဲသည် ဤတစ်ကြိမ်တွင် ဟန်ယွဲ့နယ်မြေရှိ ဟန်ယွဲ့နန်းတော်၏ လွှမ်းမိုးမှုကို စိန်ခေါ်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဟန်ယွဲ့နန်းတော်တွင် ကျန်းချန်ကဲ့သို့ အလွန်အမင်း နတ်ဆိုးဆန်သော ပါရမီရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဤတစ်ကြိမ်တွင် သူ၏ အေးခဲမြစ်ဂိုဏ်းသည် လုံးဝရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်၏။