အခန်း (၁၈၇၇+၁၈၇၈)
Vol. 128 Ch. 1877+1878
အခန်း(၁၈၇၇)
“ဟားဟား ထျန်ဟဲ မင်း ဒီအလောင်းအစားမှာ ရှုံးပြီ”
အရှင်ဟောင်ယွဲ့က အလွန်တရာ သုန်မှုန်နေသော အရှင်ထျန်ဟဲကို ကြည့်လိုက်သည်။
သူ၏ အားပါးတရ ရယ်မောသံသည် ယန်ဝူရင်ပြင်အထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ကျဆုံးသွားပြီးနောက်တွင် အေးခဲမြစ်ဂိုဏ်းသည် ဟန်ယွဲ့နန်းတော်ကို ပခုံးချင်းတိုင်းရန် စတင် လှုပ်ရှားလာခဲ့သည်။
ဤတစ်ကြိမ်တွင် အရှင်ထျန်ဟဲသည် အေးခဲမြစ်ဂိုဏ်းမှ ထိပ်တန်း တပည့်များကို ခေါ်ဆောင်ကာ လာရောက်စိန်ခေါ်ခဲ့၏။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်ဖြစ်သည့် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်တွင် ထွက်ပေါ်လာခဲ့သည်။
သို့မဟုတ်လျှင် သူတို့ ဟန်ယွဲ့နန်းတော်သည် ဤတစ်ကြိမ် အေးခဲမြစ်ဂိုဏ်း၏ အသာစီးယူခြင်းကို ခံရလိမ့်မည်မှာ သေချာသလောက်ပင်။
“ဟောင်ယွဲ့.. ဟန်ယွဲ့နန်းတော်မှာ မဟာကောင်းကင် နတ်ဘုရားတစ်ပါး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါအရှုံးကို လက်ခံပါတယ်”
အရှင်ထျန်ဟဲက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး “မဟာမြေရိုင်း”ဟူသော စာလုံးကို ထွင်းထားသည့် ရွှေရောင်တံဆိပ်ပြားတစ်ခုအား အရှင်ဟောင်ယွဲ့ထံ ပစ်ပေးလိုက်သည်။
မကြာမီမှာပင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ယန်ဝူရင်ပြင် အလယ်ဗဟိုရှိ လေထုကို ဖမ်းဆုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် မိုကျိဟန်၏ သွေးအလိမ်းလိမ်းဖြစ်နေသော ပုံရိပ်သည် လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။
အရှင်ထျန်ဟဲက ကျန်းချန်ကို စူးရှစွာ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် မိုကျိဟန်နှင့် အေးခဲမြစ်ဂိုဏ်းမှ တခြားအထွတ်အထိပ် တပည့်နှစ်ဦးကို ခေါ်ဆောင်ကာ စကားတစ်ခွန်းမှ မပြောတော့ဘဲ ယန်ဝူရင်ပြင်၏ အထက် ကောင်းကင်ယံကနေ ပျောက်ကွယ်သွားခဲ့သည်။
အရှင်ထျန်ဟဲတို့ လူစု ထွက်ခွာသွားပြီးနောက်တွင် အရှင်ဟောင်ယွဲ့၏ အကြည့်သည် ယန်ဝူရင်ပြင်၏ အလယ်ဗဟိုဆီသို့ ရောက်ရှိသွားခဲ့သည်။
သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး သူဖန်တီးထားသည့် အဆုံးမဲ့လွင်ပြင်ကို ရုတ်သိမ်းလိုက်သည်။
“ကျန်းချန်.. ဒီမဟာမြေရိုင်းတံဆိပ်ပြားက မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာကို ကိုယ်စားပြုတယ်.. ဒီတံဆိပ်ပြားကို မင်းဘယ်လို စီမံခန့်ခွဲချင်လဲ”
အရှင်ဟောင်ယွဲ့က အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
ဟန်ယွဲ့နန်းတော်၏ နန်းတော်သခင် ဖြစ်သည့် အရှင်ဟောင်ယွဲ့သည် တကယ်တမ်းတွင် ကိုယ်ကျိုးရှာသော လူယုတ်မာတစ်ဦး မဟုတ်ပေ။
သူလုပ်ခဲ့သမျှ အရာအားလုံး၏ ရည်ရွယ်ချက်မှာ ဟန်ယွဲ့နန်းတော်ကို ပိုမို အခြေခိုင်စေရန်သာ ဖြစ်သည်။
အကြီးအကဲချုပ်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကုန်းလင်ထံ လွှဲပြောင်းပေးရန် ကြိုးစားခဲ့သည့် အကြောင်းရင်းမှာလည်း ကုန်းလင်သာ ပိုမို လျင်မြန်စွာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် ဟန်ယွဲ့နန်းတော်ကို အထောက်အပံ့ ပေးနိုင်လိမ့်မည်ဟု မျှော်လင်ခဲ့ခြင်းကြောင့်ပင်။
ယခုအခါ ဟန်ယွဲ့နန်းတော်တွင် ကျန်းချန်ကဲ့သို့ မဟာကောင်းကင်နတ်ဘုရား တစ်ပါး ရှိနေခဲ့ချေပြီ။
နတ်ဘုရားနယ်မြေရှိ မရေမတွက်နိုင်သော အင်အားစုများအတွက် မဟာကောင်းကင် နတ်ဘုရားသည် နယ်မြေနတ်ဘုရား မွေးထုတ်နိုင်ခြင်းထက်ပင် ပိုမို၍ အံ့အားသင့်စရာ ဖြစ်သည်။
ဆိုရလျှင် ကျန်းချန်လို မဟာကောင်းကင်နတ်ဘုရား တစ်ပါးကို ပိုင်ဆိုင်ထားသည် ဟန်ယွဲ့နန်းတော်၏ ဟန်ယွဲ့နယ်မြေအပေါ် လွှမ်းမိုးမှုသည် မယိမ်းယိုင်နိုင်တော့ပေ။
ထိုအကြောင်းကြောင့်ပင် အရှင်ဟောင်ယွဲ့သည် ကျန်းချန်ကိုပို၍ အလေးပေးကာ ဆက်ဆံလာခဲ့သည်။
သူက ကျန်းချန်ကို ဟန်ယွဲ့နန်းတော်၏ တပည့်အဖြစ် မသတ်မှတ်တော့ဘဲ ကွယ်လွန်သွားသည့် အကြီးအကဲချုပ်နှင့် အဆင့်အတန်းတူ အဖြစ် သတ်မှတ်ခဲ့သည်။
အရှင်ထျန်ဟဲ ဆီမှ ရရှိသည့် မဟာမြေရိုင်း တံဆိပ်ပြားကို ကုန်းလင်အား ပေးအပ်ရန် သူ၏ စိတ်နှလုံးထဲတွင် ဆန္ဒရှိသော်လည်း အဆုံးသတ်တွင် ကျန်းချန်ကိုသာ ဆုံးဖြတ်ခွင့် ပေးအပ်ခဲ့သည်။
“ဒီတံဆိပ်ပြားကို နန်းတော်သခင်က အလောင်းအစားမှာ အရှင်ထျန်ဟဲကို အနိုင်ယူပြီး ရခဲ့တဲ့တံဆိပ်ပြားပဲ ဆိုတော့ နန်းတော်သခင်ကပဲ စီမံခန့်ခွဲတာ ပိုကောင်းမယ်လို့ ထင်ပါတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး မဟာမြေရိုင်းတံဆိပ်ပြားအား စီမံခန့်ခွဲခွင့်ကို အရှင်ဟောင်ယွဲ့ထံ ပေးအပ်ခဲ့သည်။
သူက ဟန်ယွဲ့နန်းတော်တွင် နေထိုင်သည်မှာ မကြာသေး၍ ဟန်ယွဲ့နန်းတော်မှ တပည့်များနှင့် သိပ်မသိခဲ့ပေ။
သူ့ကိုသာ စီမံခန့်ခွဲခွင့် ပြုခဲ့လျှင် သူက ထိုနေရာကို သူ၏ ဆရာတူအစ်ကိုရှန်းဟုန် ဆီသာ ပေးအပ်လိမ့်မည် ဖြစ်၏။
သို့သော်လည်း မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲသည် မဟာမြေရိုင်း နယ်မြေရှိ မရေမတွက်နိုင်သော အထွတ်အထိပ် ပါရမီရှင်များ စုဝေးသည့် ပြိုင်ပွဲ ဖြစ်သည်။
ထို့အပြင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲသည် အလွန်တရာပင် ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုကြ၏။
ပြိုင်ပွဲပြုလုပ်သည့် အချိန်တိုင်းတွင် မဟာမြေရိုင်းနယ်မြေမှ ထိပ်တန်း ပါရမီရှင်များစွာသည် ကျဆုံးသွားလေ့ ရှိသည်။
ရှန်ဟုန်း၏ ခွန်အားက အလွန်ပင် နိမ့်ကျနေ၍ ကျန်းချန်သည် သူ၏ ဆရာတူအစ်ကိုကို အန္တရာယ်ဖြစ်စေလိုခြင်း မရှိခဲ့ပေ။
“ကောင်းပြီ ဒီလိုဆိုမှတော့ ငါမတိုက်တွန်းတော့ဘူး”
အရှင်ဟောင်ယွဲ့က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲစဖို့ အချိန်သိပ်မရှိတော့ဘူး.. အပြင်ကိုမသွားနဲ့တော့ ကျန်းချန်.. ငါတို့ ၁လအတွင်း မဟာမြေရိုင်းနတ်ဂိုဏ်းဆီ ခရီးထွက်ရတော့မယ်”
“နားလည်ပါပြီ နန်းတော်သခင်”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ယန်ဝူရင်ပြင်ကနေ ထွက်ခွာသွားခဲ့သည်။
“ဆရာတူညီလေးကျန်း.. မင်းက တကယ်ကို သာမန်ပါရမီရှင် မဟုတ်ဘူးပဲ..မင်းက ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး မဟာကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. တော်သေးတာပေါ့.. ငါနဲ့ ဆရာတူအစ်ကိုရှန်းက မင်းအတွက် စိတ်ပူနေခဲ့ကြတာ”
ရှချင်းမင်က သူတို့ထံသို့ လျှောက်လာသော ကျန်းချန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်၏။
“ကံကောင်းသွားလို့ပါ ဆရာတူအစ်ကိုရှ”
“ဆရာတူညီလေးကျန်းက နှိမ့်ချလွန်းနေပါပြီ.. မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ကံကောင်းရုံလောက်နဲ့ ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ”
ရှန်းဟုန်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဒီတစ်ကြိမ် ကျင်းပမဲ့ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ဆရာတူညီလေးကျန်းက နာမည်ကျော်ကြားလာမှာ သေချာသလောက်ပဲ”
မဟာကောင်းကင် နတ်ဘုရားအဆင့် အထွတ်အထိပ်ပါရမီရှင်သည် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ရှားပါးသော ပါရမီရှင် ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေရှိ တစ်ခုတည်းသော နတ်ဘုရင်အဆင့်အင်အားစု ဖြစ်သည့် မဟာမြေရိုင်းနတ်ဂိုဏ်းမှ လွဲလျှင် တခြားသော အင်အားစုများသည် မဟာကောင်းကင်နတ်ဘုရား မရှိသလောက်ဟုပင် ဆိုကြသည်။
ကျန်းချန်၏ ခွန်အားဖြင့်သာဆိုလျှင် ဤတစ်ကြိမ် ကျင်းပမည့် မဟာမြေရိုင်း ပါရမီရှင်သိုင်းပြိုင်ပွဲတွင် အနည်းဆုံး ထိပ်ဆုံး သုံးနေရာတွင် ပါဝင်ရန် လုံလောက်၏။
နံပါတ်(၁) နေရာ အတွက်ပင် တိုက်ပွဲဝင်ရန် မဖြစ်နိုင်ဟု ဆို၍ မရပေ။
ရှန်းဟုန်တို့နှင့် ခဏမျှ စကားပြောပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲတွင် အရှင်ရွှယ်သောင်း၏ စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် ကျန်းချန်က ရှန်းဟုန် တို့ကို နှုတ်ဆက်လိုက်ပြီး အရှင်ရွှယ်သောင်း ဆီသို့ သွားရောက်ခဲ့သည်။
-----------------
“ဆရာ တပည့်ရောက်ပါပြီ”
ကျန်းချန်က အရှင်ရွှယ်သောင်းကို ရိုသေစွာ ဦးညွှတ်၍ ပြောလိုက်သည်။
အရှင်ရွှယ်သောင်းက ကျန်းချန်ကို ကျေနပ်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ချစ်တပည့် မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ.. ငါ့ရဲ့ဘဝတစ်လျှောက်လုံးမှာ မင်းလို တပည့်တစ်ယောက်နဲ့ ဆုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး.. အခုအချိန် သေရမယ်ဆိုရင်တောင် ငါ့အတွက် နောင်တမရှိတော့ဘူး ထင်တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဆရာနှင့် တွေ့ဆုံခွင့်ရတာကလည်း တပည့်အတွက် ကံကောင်းခြင်းပါပဲ”
အရှင်ရွှယ်သောင်းက ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
“ချန်အာ.. မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ ပြီးရင် မင်းဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ”
ကျန်းချန်က အရှင်ရွှယ်သောင်း၏ တုံ့ဆိုင်းနေသော အမူအရာကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ဆရာ ကျွန်တော်က ဆရာ့တပည့် ဖြစ်လာပြီပဲ.. မေးချင်တာရှိရင် အားမနာဘဲ မေးလို့ရပါတယ်”
“ကောင်းပြီ ဒါဆိုရင်လည်း ငါ အပိုတွေ မပြောတော့ဘူး”
အရှင်ရွှယ်သောင်းက ခေါင်းညိတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ပြောလိုက်သည်။
“မင်းက အခု မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိသွားခဲ့ပြီ.. ဒီမဟာမြေရိုင်းနယ်မြေလောက်က မင်းကျင်လည်ဖို့အတွက် သင့်တော်တဲ့နယ်မြေ မဟုတ်ဘူး.. ငါဒီကနေ ထွက်သွားခဲ့ရင် မင်းငါနဲ့ လိုက်ခဲ့မလား ဆိုတာ ငါသိချင်တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှ မှင်တက်သွားခဲ့သည်။
“ဆရာက မဟာမြေရိုင်းနယ်မြေက မဟုတ်ဘူးလား”
“ငါက မဟာမြေရိုင်းနယ်မြေကို ကိစ္စတစ်ခုကြောင့် ရောက်လာခဲ့တာပဲ”
အရှင်ရွှယ်သောင်းက ကျန်းချန်ကို အလေးအနက်ကြည့်ကာ ပြောလိုက်သည်။
“ငါ့ဘဝမှာ ဘယ်တော့မှ ပြန်သွားဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ မင်းက ငါ့ကို မျှော်လင့်ချက် ပေးနိုင်ခဲ့တယ်”
“ဆရာ.. တကယ်တော့ ကျွန်တော်လည်း မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲပြီးရင် မဟာမြေရိုင်းနယ်မြေမှာ ဆက်မနေတော့ပါဘူး”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်က တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့ပြီး အရှင်ရွှယ်သောင်းကို မေးလိုက်သည်။
“ဆရာက အတွေ့အကြုံ ကြွယ်ဝတော့ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် ပတ်သက်ပြီး ဆရာကြားဖူးလား”
ထိုမေးခွန်းကို ကြားလျှင် အရှင်ရွှယ်သောင်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို တအံ့တသြကြည့်လိုက်သည်။
“မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကို သိနေတယ်လား”
အခန်း(၁၈၇၈)
“ဆရာက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု အကြောင်းကို တကယ်သိနေတာပဲ”
အရှင်ရွှယ်သောင်း၏ တုံ့ပြန်ပုံကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများတွင် ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် မဟာမြေရိုင်းနယ်မြေမှ မဟုတ်ဘဲ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုဖြစ်သည်။
ကျန်းချန်က ဟန်ယွဲ့နန်းတော်၏ ရှေးဟောင်းကျမ်း စာအုပ်များစွာကို ဖတ်ရှုခဲ့သော်လည်း ဟန်ယွဲ့နန်းတော်၏ နှစ်သန်းပေါင်းများစွာ ရှည်လျားသော သမိုင်းမှာပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် ပတ်သက်သော မှတ်တမ်းများ ရှိမနေခဲ့ပေ။
မဟာမြေရိုင်းနယ်မြေတွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် ပတ်သက်သော အကြောင်းကို သိရှိသည့် အင်အားစုများ ရှိလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းသာလျှင် ဖြစ်နိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။
ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ရသည့် အဓိက အကြောင်းအရင်းမှာ မဟာမြေရိုင်းနတ်ဂိုဏ်းကို အသုံးပြု၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေနိုင်ရန်အတွက်ပင်။
သို့သော်လည်း လျှို့ဝှက်နက်နဲသော ဇာစ်မြစ် ရှိသည့် သူ၏ ဆရာရွှယ်သောင်းသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် ပတ်သက်၍ သိရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ယင်းက သူ့အတွက် ပြဿနာများစွာကို သက်သာသွားစေမည် မဟုတ်ပါလား။
“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက နတ်ဘုရားနယ်မြေမှာ ရှေးခေတ်ကာလကတည်းက တည်ရှိခဲ့တဲ့ အစွမ်းထက်မျိုးနွယ်စုပဲ.. မဟာမြေရိုင်းနယ်မြေက ထာဝရဟင်းလင်းပြင်ထဲမှာ ရေစက်တစ်စက် သာသာလောက်ပဲရှိတယ်.. ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုက မဟာမြေရိုင်းနယ်မြေနဲ့ အရမ်းကို ဝေးလံလွန်းတဲ့ အတွက် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအကြောင်းကို သိတဲ့သူ အရမ်းနည်းတယ်"
"ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ဘယ်နေရာမှာ တည်ရှိနေလဲဆိုတာ ပြောဖို့အတွက်ဆိုရင် ပထဆုံးအနေနဲ့ နတ်ဘုရားနယ်မြေရဲ့ လက်ရှိ ဖွဲ့စည်းမှု ပုံစံ အကြောင်းကို ပြောမှ ဖြစ်လိမ့်မယ်”
အရှင်ရွှယ်သောင်းက လေးနက်စွာ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေရဲ့ လက်ရှိ ဖွဲ့စည်းမှုပုံစံလား”
အရှင်ရွှယ်သောင်း၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် မရေရာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ဆရာ.. နတ်ဘုရားနယ်မြေမှာရှိတဲ့ နယ်မြေတွေက ရှေးကာလက နတ်ဘုရား ကုန်းမြေတိုက်ရဲ့ ကြီးမားတဲ့ အပြောင်းအလဲကြောင့် ထာဝရဟင်းလင်းပြင်မှာ ပျံ့နှံ့နေတဲ့ ဘီလီယံချီတဲ့ ဖုန်မှုန့်တွေကနေ ပြောင်းလဲသွားခဲ့တယ်လို့ သိရတယ်.. ဒါ တကယ်ပဲလား”
“အမှန်ပဲ.. နတ်ဘုရားကုန်းမြေတိုက်က ပဲ့ထွက်သွားပြီး ထာဝရဟင်းလင်းပြင်မှာ ပြန့်ကျဲနေတဲ့ ဘီလီယံနဲ့ ချီတဲ့ ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်.. ဒါပေမဲ့ ထာဝရ ဟင်းလင်းပြင်ရဲ့ဗဟိုမှာ ပုံမှန်အတိုင်း ကျန်ရှိနေတဲ့ ကုန်းမြေတစ်ခု တည်ရှိနေတယ် ဆိုတာကို လူနည်းစုကပဲ သိကြတယ်"
"ဒီကုန်းမြေရဲ့ ဧရိယာက အတော်လေး ကြီးမားပြီး ထာဝရဟင်းလင်းပြင်ထဲမှာ ရှိတဲ့ မရေမတွက်နိုင်တဲ့ နယ်မြေတွေစုပေါင်းထားတဲ့ အကျယ်အဝန်းနဲ့ ညီမျှလုနီးပါးပဲ.. ဒီကုန်းမြေတိုက်က ယနေ့ခေတ် နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားကုန်းမြေတိုက်အသစ် ဖြစ်ပြီး နတ်ဘုရားနယ်မြေရဲ့ အဓိက နယ်မြေ လည်း ဖြစ်တယ်”
အရှင်ရွှယ်သောင်းက ကျန်းချန်ကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
အရှင်ရွှယ်သောင်း၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒါဆို ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုက နတ်ဘုရားကုန်းမြေတိုက်မှာ ရှိနေတာလား ဆရာ”
“ဟုတ်တယ်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက နတ်ဘုရားကုန်းမြေတိုက်မှာတောင် ထိပ်တန်းအဆင့်မှာရှိတဲ့ မျိုးနွယ်စုတစ်ခုပဲ”
အရှင်ရွှယ်သောင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို ချက်ချင်းဆိုသလို စိတ်ဝင်စားသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ချန်အာ.. မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု အကြောင်းကို ဘယ်လိုလုပ်ပြီး သိတာလဲ”
“ကျွန်တော့်အမေနဲ့ အတူ အဆင့်နိမ့်နယ်မြေကနေ နတ်ဘုရားနယ်မြေကို ရောက်လာတဲ့ မိတ်ဆွေနှစ်ယောက်ရှိတယ်.. သူတို့ကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ခေါ်သွားပုံပဲ”
ကျန်းချန်က ဖုံးကွယ်မထားဘဲ မုန့်ချင်းရွှယ်တို့ နှစ်ယောက် အကြောင်းကို အရှင်ရွှယ်သောင်းထံ ပြောပြလိုက်သည်။
“မမျှော်လင့်ဘဲ ငါ့ရဲ့မိတ်ဆွေကြီး ရုတ်တရက် သေဆုံးသွားရတာက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနဲ့ ပတ်သက်နေတာကိုး”
ကျန်းချန် ထံကနေ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရလျှင် အရှင် ရွှယ်သောင်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မဟာမြေရိုင်းနယ်မြေနှင့် နတ်ဘုရားကုန်းမြေတိုက်ကြားမှ အကွာအဝေးသည် မိုင်ပေါင်း မရေမတွက်နိုင်အောင် ရှိ၏။
ယေဘုယျအားဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါး အတွက် မဟာမြေရိုင်း နယ်မြေကနေ နတ်ဘုရား ကုန်းမြေတိုက်ကို ရောက်ရန်မှာ ဆယ်စုနှစ် များစွာ သို့မဟုတ် ရာစုနှစ်များစွာပင် ကြာမြင့်နိုင်သည်။
နယ်မြေနတ်ဘုရား၏ စွမ်းအားဖြင့်ပင် ၁၀နှစ်ခန့် အနည်းဆုံးကြာမြင့်နိုင်ဖွယ် ရှိ၏။
ထို့ကြောင့် နတ်ဘုရားကုန်းမြေတိုက်မှ အင်အားကြီးပုဂ္ဂိုလ်များသည် ထာဝရဟင်းလင်းပြင်ကို ခရီးထွက်လျှင်ပင် မဟာမြေရိုင်းနယ်မြေ ကဲ့သို့ ဝေးလံခေါင်သီသော နေရာများကို ခရီးထွက်လေ့ မရှိကြပေ။
“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက နတ်ဘုရားကုန်းမြေတိုက်ရဲ့ နာမည်ကျော် နတ်ဘုရင်အင်အားစု ဖြစ်တဲ့အတွက် သူတို့ရဲ့တပည့် စုဆောင်းတဲ့ အခြေအနေတွေက အရမ်းကို တင်းကျပ်လွန်းတယ်.. မင်းရဲ့ မိတ်ဆွေနှစ်ယောက်က ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုရဲ့ နှစ်သက်မှုကို ခံရတယ်ဆိုမှတော့ သူတို့ရဲ့ပါရမီက ထူးခြားမှာ သေချာသလောက်ပဲ.. သူတို့က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထဲ ရောက်သွားတဲ့အတွက် နတ်ဘုရားကုန်းမြေတိုက်မှာ သူတို့ရဲ့ဘေးကင်းရေးက ပြဿနာရှိတော့မှာ မဟုတ်ဘူး.. ဒါကြောင့် မင်းသူတို့အတွက် စိတ်ပူမနေနဲ့တော့.. တစ်နေ့ကျရင် မင်းအနေနဲ့ နတ်ဘုရားကုန်းမြေတိုက်ကို သွားပြီး သူတို့နဲ့ တွေ့ဆုံဖို့ အခွင့်အရေးရနိုင်ပါတယ်”
အရှင်ရွှယ်သောင်း၏ သုံးသပ်မှုနှင့် ပတ်သက်၍ ကျန်းချန်က လက်ခံခဲ့သည်။
နတ်ဘုရားနယ်မြေသည် အလွန်ရက်စက်သည့် လောကတစ်ခုဖြစ်သည်။
မုန့်ချင်းရွှယ်တို့ နှစ်ယောက်က နတ်ဘုရင်အဆင့် အင်အားစုအကာအကွယ်ဖြင့် ဆိုလျှင် ပို၍ ဘေးအန္တရာယ်ကင်းမည်မှာ သေချာ၏။
ထို့အပြင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ဝေးလံသောအရပ်တွင် ရှိနေသည့် အတွက် နတ်ဘုရားကုန်းမြေတိုက်ကို သွားရန် စိတ်မလောဖို့ ဆုံးဖြတ်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရပ်တန့်လိုက်ကာ အရှင်ရွှယ်သောင်းကို ကြည့်လိုက်၏။
“ဆရာက နတ်ဘုရားကုန်းမြေတိုက် အကြောင်း ဒီလောက်တောင် သိနေမှတော့ ကျွန်တော့်အထင် ဆရာက နတ်ဘုရားကုန်းမြေတိုက်ကနေ လာတာပဲ ဖြစ်လိမ့်မယ်”
“ဟုတ်တယ် ငါက နတ်ဘုရားကုန်းမြေတိုက်ကပဲ.. ကိစ္စတချို့ကြောင့် အဲဒီကနေ ထွက်လာခဲ့ရတယ်”
ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အရှင်ရွှယ်သောင်း၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
“ငါ့ကိစ္စက ပြောရရင် ရှည်လိမ့်မယ်.. မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲပြီးလို့ မင်းနဲ့ငါ မဟာမြေရိုင်းနယ်မြေကနေ ထွက်ခွာတဲ့အခါကျရင် လမ်းခရီးမှာ မင်းကို ပြောပြပါ့မယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ဆရာ.. ကျွန်တော့်အတွက် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါပါ မပါပါ အရေးမကြီးပါဘူး”
“ဟန်ယွဲ့နန်းတော်ရဲ့ အကြီးအကဲချုပ်က ငါ့ရဲ့ မိတ်ဆွေရင်းချာပဲ.. ဒါကြောင့် ငါတို့ မထွက်ခွာခင်မှာ ဟန်ယွဲ့နန်းတော်ကို တစ်ကြိမ်လောက် အကူအညီ ပေးသွားသင့်တယ်”
အရှင်ရွှယ်သောင်းက ပြုံး၍ ပြောလိုက်သည်။
“ဒါ့အပြင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲပြီးတိုင်းမှာ မဟာမြေရိုင်းနတ်ဂိုဏ်းက ကြီးမှုးပြီး နတ်ဘုရင်ပွဲတော်ကို ကျင်းပပေးလိမ့်မယ်.. ဒါက မင်းအတွက် သေချာပေါက် အကျိုးရှိလိမ့်မယ်”
“နတ်ဘုရင်ပွဲတော်လား”
ကျန်းချန်က စိတ်နှလုံးထဲကနေ တအံ့တသြ ရေရွတ်လိုက်သည်။
သံသယဖြစ်ဖွယ်ရာ မရှိလောက်အောင်ပင် ထိုနတ်ဘုရင်ပွဲတော်ဟု ခေါ်သော ပွဲတော်သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ နတ်ဘုရင်က ကြီးမှူးကျင်းပသည့် ပွဲတော် ဖြစ်ရပေမည်။
ထို့ကြောင့် ကျန်းချန်သည် မဟာမြေရိုင်းနတ်ဂိုဏ်းကို သွားရန် စိတ်ဝင်စားလာခဲ့သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
ယနေ့တွင် ဟန်ယွဲ့နန်းတော်၏ ယန်ဝူရင်ပြင်၌ ကျန်းချန်၊ယွဲ့ဝူရွှမ်း နှင့် ပိုင်ရှင်းကျန့် တို့သည် စုဝေးနေခဲ့ကြ၏။
သူတို့သုံးယောက်အပြင် ကုန်းလင်သည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။
အရှင်ဟောင်ယွဲ့က အေးခဲမြစ်ဂိုဏ်းမှ ခွဲတမ်းရခဲ့သော တစ်နေရာကို ကုန်းလင်အား လွှဲပြောင်းပေးခဲ့သည်မှာ ထင်ရှား၏။
ကုန်းလင်နှင့် ပိုင်ရှင်းကျန့် တို့က သူတို့ထံသို့ လျှောက်လာသော ကျန်းချန်ကို မြင်လျှင် အနည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့သည်။
ယွဲ့ဝူရွှမ်း တစ်ယောက်သာလျှင် ကျန်းချန်ကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ခဲ့၏။
ယန်ဝူရင်ပြင်သို့ ကျန်းချန် ရောက်ရှိပြီး မကြာမီမှာပင် လေထုထဲရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် ရုတ်တရက်လှုပ်ရှားလာခဲ့ပြီး လအလင်းရောင်က ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် ကြီးမားသော အနက်ရောင် ပုံရိပ်တစ်ခုက လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ လခြမ်းပုံသဏ္ဌာန် စစ်သင်္ဘောတစ်စင်း ဖြစ်၏။
စစ်သင်္ဘောက တောက်ပသော လရောင်အလင်းများကို ထုတ်လွှတ်နေခဲ့သည်။
“တက်ခဲ့ကြ.. ငါနဲ့အတူ မဟာမြေရိုင်းနတ်ဂိုဏ်းကို သွားကြမယ်”
လခြမ်းပုံစစ်သင်္ဘောပေါ်ရှိ အရှင်ဟောင်ယွဲ့၏ အသံသည် ကျန်းချန်တို့၏ နားထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲသည် နှစ်ပေါင်း ၁၀၀၀မှသာ တစ်ကြိမ် ကျင်းပသည့် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲဖြစ်သည်။
ထို့ကြောင့်လည်း အရှင်ဟောင်ယွဲ့သည် အလွန်တရာပင် အလေးအနက်ထားခဲ့ပြီး ဟန်ယွဲ့နန်းတော်မှ ကိုယ်စားပြုအဖွဲ့ကို ကိုယ်တိုင် လိုက်ပို့ပေးရန် စီစဥ်ခဲ့သည်။
ကျန်းချန်တို့ လေးယောက်က တုံ့ဆိုင်းမနေဘဲ လခြမ်းပုံ စစ်သင်္ဘောထံသို့ ခုန်တက်လိုက်ကြသည်။
ထို့နောက်တွင် လခြမ်းပုံ စစ်သင်္ဘောသည် လေထုထဲတွင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ရွေ့လျားသွားခဲ့ပြီး အဝေးရှိကောင်းကင်ယံ ဆီသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။