အခန်း (၁၈၇၉+၁၈၈၀)
Vol. 128 Ch. 1879+1880
အခန်း(၁၈၇၉)
မဟာမြေရိုင်းနယ်မြေတွင် နယ်မြေတစ်ဆယ့်သုံးခု ရှိသည်။
မဟာမြေရိုင်းနယ်မြေ၏ ဗဟိုတွင် နယ်မြေ တစ်ဆယ့်သုံးခုထဲမှ မည်သည့် နယ်မြေနှင့်မှ မသက်ဆိုင်သော ဒေသတစ်ခု ရှိသည်။
ထိုဒေသကို မဟာစွန့်ပစ်ကုန်းမြေဟု ခေါ်ပြီး မဟာမြေရိုင်းနယ်မြေ၏ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်သည့် မဟာမြေရိုင်းနတ်ဂိုဏ်း တည်ရှိသော ဒေသလည်းဖြစ်သည်။
ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းနယ်မြေနှင့် ဝေးကွာပြီး အလယ်တွင် အဓိကနယ်မြေနှစ်ခု ခြား၏
ထို့ကြောင့် ကျန်းချန်တို့ လူစုသည် တစ်လကျော်အကြာ ခရီးထွက်ခဲ့ပြီးမှသာ မဟာမြေရိုင်းနယ်မြေ၏ ဩဇာလွှမ်းမိုးသောနယ်မြေထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ကျန်းချန်က ပျံသန်းလျက်ရှိသော သင်္ဘောပေါ်တွင် မတ်တတ်ရပ်ကာ အဝေးကို လှမ်းကြည့်လိုက်၏။
ထိုအခါ ချောက်ကမ်းပါးများ၊ ရှေးဟောင်းသစ်တောများ၊ တောင်များနှင့် မြစ်များဖြင့် ခမ်းနားထည်ဝါနေသော နယ်မြေတစ်ခုကို တွေ့လိုက်ရသည်။
“ဒါက မဟာစွန့်ပစ်ကုန်းမြေလား”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ရှေ့ရှိ နယ်မြေမှ လေထုသည် ရှေးခေတ်ကာလ၏ အငွေ့အသက်ကို ထုတ်လွှတ်နေပုံရ၏။
ထိုဒေသတွင် ရုန့်ရင်းသော ငှက်များနှင့် သားရဲ အများအပြားလည်း ရှိ၏။
ထိုငှက်များနှင့် သားရဲများသည် အရှင်ဟောင်ယွဲ့၏ နယ်မြေနတ်ဘုရား အရှိန်အဝါကြောင့် ထိတ်လန့်နေခဲ့ကြသည်။
မကြာခင်မှာပင် လခြမ်းစစ်သင်္ဘော၏ အရှိန်အဟုန်သည် ရုတ်တရက် လျော့ကျသွားခဲ့ပြီး အဆုံးသတ်တွင် ကြီးမားသော တောင်ကြားတစ်ခု၌ ဆင်းသက်ခဲ့သည်။
ထိုတောင်ကြားတွင် အရွယ်အစား အမျိုးမျိုးရှိသော ရွက်ဖျင်တဲများနှင့် အင်အားစု အများအပြား ရှိနေခဲ့သည်။
အင်အားစုများသည် နယ်မြေနတ်ဘုရားများ၏ ဦးဆောင်မှုဖြင့် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါတွင် တောင်ကြားထဲတွင် အင်အားစု အများအပြားမှ လူငယ်ပါရမီရှင် အများအပြားနှင့် ပြည့်နှက်နေခဲ့၏။
ထိုလူငယ်ပါရမီရှင်များ ထဲတွင် အားအနည်းဆုံး အဆင့်မှာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ဖြစ်ပြီး အများစုသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်၏။
ဆိုရလျှင် ပိုင်ရှင်းကျန့် ကဲ့သို့ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အစောပိုင်း ကျင့်ကြံသူသည် ဤတောင်ကြားထဲတွင် ရှိနေသော လူငယ်ပါရမီရှင်များ ထဲတွင် အလယ်အလတ်အဆင့်လောက်သာ ဖြစ်၏။
“ဒီလူတွေအားလုံးက မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါဝင်မဲ့သူတွေလား.. ဘယ်လိုလုပ်ပြီး အရေအတွက်က ဒီလောက်တောင် များနေရတာလဲ”
တောင်ကြားရှိ အခြေအနေကို အကဲခတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများ၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန် သိထားသလောက် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ တစ်ဆယ့်သုံးခုတွင် နယ်မြေနတ်ဘုရား အင်အားစု အများဆုံး နှစ်ဆယ်သာ ရှိသည်။
အင်အားစုတစ်ခုကို နေရာသုံးနေရာဖြင့် တွက်ချက်လျှင်ပင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်မည့် ပါရမီရှင်အရေအတွက်သည် တစ်ရာထက် မပိုပေ။
သို့သော်လည်း ဤနေရာတွင် ပါရမီရှင် အရေအတွက်သည် အနည်းဆုံး ၃၀၀ခန့် စုဝေးနေပုံရ၏။
“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ခွဲတမ်းနေရာ အရေအတွက်က မဟာမြေရိုင်းပါရမီရှင် အဆင့်နဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိတယ်”
ကျန်းချန်၏ အံ့အားသင့်နေသော အမူအရာကို မြင်လျှင် ယွဲ့ဝူရွှမ်းက ကျန်းချန်ကို မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဥ်းများအား ရှင်းပြခဲ့သည်။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ခွဲတမ်းကို အဓိကအားဖြင့် မဟာမြေရိုင်းပါရမီရှင် စာရင်းဖြင့် ဆုံးဖြတ်သည်။
မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် စုစုပေါင်း ၃၆နေရာ ရှိ၏။
အဆင့် ၃၀၏ နောက်တွင်သာ အဆင့် သတ်မှတ်ခံရသော ကျင့်ကြံသူ၏ နောက်ကွယ်မှ အင်အားစုသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ခွဲတမ်းနေရာ သုံးနေရာကို ရရှိနိုင်သည်။
အကယ်၍ အဆင့် ၂၁ မှ အဆင့်၃၀ အတွင်း အဆင့်သတ်မှတ်ခံရလျှင် ခွဲတမ်းနေရာ အတွက် ငါးနေရာ ရရှိနိုင်မည်ဖြစ်သည်။
အဆင့် ၁၁ မှ အဆင့် ၂၀ အထိ အဆင့်သတ်မှတ်ခံရလျှင်မူ ခွဲတမ်းနေရာ ၇နေရာကို ရရှိနိုင်သည်။
ထိပ်ဆုံး ဆယ်နေရာကို ဝင်ရောက်နိုင်သည့် ကျင့်ကြံသူ တစ်ဦးချင်းစီ၏ နောက်ကွယ်မှ အင်အားစုများ အတွက်မူ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ခွဲတမ်းနေရာ ၁၀နေရာကို ရရှိနိုင်မည် ဖြစ်သည်။
ထို့အပြင် မဟာမြေရိုင်းနယ်မြေရှိ မည်သည့် အင်အားစုနှင့်မသက်ဆိုင်သော နယ်မြေနတ်ဘုရား တချို့လည်း ရှိသည်။
ထိုနယ်မြေနတ်ဘုရားများ၏ တပည့်များသည်လည်း မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်နိုင်ခွင့် ရရှိကြ၏။
ထို့ကြောင့် ပြိုင်ပွဲကျင်းပသည့် အကြိမ်တိုင်းတွင် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှ ထိပ်တန်းပါရမီရှင်များ စုဝေး၍ ရောက်လာလေ့ ရှိကြသည်။
ထိုစည်းမျဥ်းကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့၏။
“ဒါဆို မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါဝင်မဲ့ မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ အရေအတွက်က အများဆုံး ဖြစ်မယ်လို့ ထင်တယ်”
ကျန်းချန် သိထားသလောက် ဆိုလျှင် နောက်ဆုံးအကြိမ်က ထုတ်ပြန်ခဲ့သည့် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် မဟာမြေရိုင်းနတ်ဂိုဏ်းမှ အထွတ်အထိပ် ပါရမီရှင် သုံးဦးသည် ထိပ်ဆုံးဆယ်ဦး စာရင်းကို ဝင်ရောက်နိုင်ခဲ့ကြသည်။
ထိုသုံးဦးဖြင့်ပင် မဟာမြေရိုင်းနတ်ဂိုဏ်းသည် ခွဲတမ်းနေရာ ၃၀ ကို ရရှိနေခဲ့ပြီ ဖြစ်၏။
ပြောနေစရာ မလိုလောက်အောင်ပင် ထိုသုံးဦးအပြင် မဟာမြေရိုင်းနတ်ဂိုဏ်းမှ တခြားသော ပါရမီရှင်များသည်လည်း မဟာမြေရိုင်း ပါရမီရှင် စာရင်း၏ အဆင့်သတ်မှတ်ချက်ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။
ကျန်းချန်၏ စကားကိုကြားလျှင် ယဲ့ဝူရွှမ်းက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ.. မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ ကျင်းပတိုင်းမှာ မဟာမြေရိုင်းနတ်ဂိုဏ်းက ခွဲတမ်းနေရာရဲ့ ၃ပုံ၁ပုံ နီးပါးကို ရယူနိုင်ခဲ့ကြတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းမရှူဘဲ မနေနိုင်တော့ပေ။
ဤမဟာမြေရိုင်းနတ်ဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်ရန် အမှန်တကယ်ပင် ထိုက်တန်မှု ရှိပြီး နယ်မြေနတ်ဘုရားအင်အားစုများပင် နှိုင်းယှဥ်၍ မရနိုင်ပေ။
“ခွဲတမ်းနေရာက မဟာမြေရိုင်းပါရမီရှင် အဆင့် သတ်မှတ်ချက်နဲ့ သက်ဆိုင်တယ် ဆိုလို့ရှိရင် ဘာလို့ အေးခဲမြစ်ဂိုဏ်းက ပါဝင်ခွင့်ရနေတာလဲ”
ကျန်းချန်က သူတို့အဖွဲ့နှင့် သိပ်မဝေးသည့် နေရာတွင် အေးခဲမြစ်ဂိုဏ်းမှ အရှင်ထျန်ဟဲတို့ အဖွဲ့ကို တွေ့လိုက်ရ၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“မဟာမြေရိုင်းပါရမီရှင် စာရင်းထဲမှာ အဆင့်၃၅ နေရာမှာ ရှိတဲ့ လန်ကောင်းဟန်က အေးခဲမြစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦးပဲ.. သူက အခု အသက် ၁၀၀၀ ကျော်သွားတဲ့ အတွက် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူး.. ဒါပေမဲ့ သူရယူပေးထားတဲ့ အေးခဲမြစ်ဂိုဏ်းအတွက် ခွဲတမ်းသုံးနေရာကတော့ ရှိနေဆဲပဲ.. ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင်စာရင်းထဲမှာ အေးခဲမြစ်ဂိုဏ်းက တစ်ယောက်မှ မပါဝင်ခဲ့ရင် နောက်တစ်ကြိမ် ကျင်းပမဲ့ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ခွဲတမ်းနေရာကို ရရှိတော့မှာ မဟုတ်ဘူး”
ယွဲ့ဝူရွှမ်းက ကျန်းချန်ကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“ဒီလိုကိုး”
ကျန်းချန်က အနည်းငယ် နားလည်သွားခဲ့၏။
မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုများစွာသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို အလွန်တရာ အလေးထားကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အကြောင်းရင်းမှာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ အောင်မြင်မှုများသည် မဟာမြေရိုင်းနယ်မြေရှိ အင်အားစုများစွာအတွက် ခွန်အားနှင့် အဆင့်အတန်း၏ သင်္ကေတ ဖြစ်သောကြောင့်ပင်။
“ဟောင်ယွဲ့.. ဒီကလေးတွေက မင်းရဲ့ ဟန်ယွဲ့နန်းတော်က တပည့်တွေလား.. သိပ်လည်း ပုံလာတဲ့ပုံ မပေါ်ဘူး”
ကျန်းချန်နှင့် ယွဲ့ဝူရွှမ်းတို့ ခပ်တိုးတိုး စကားပြောဆိုနေကြချိန်မှာပင် လှောင်ပြောင်သံ တစ်သံသည် ကျန်းချန်တို့၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ နက်ရှိုင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ငါးဦးကို ဦးဆောင်ကာ သူတို့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတို့ အဖွဲ့ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လေးနက်သွားခဲ့၏။
ထိုလူများ၏ အရှိန်အဝါသည် ထာဝရဟင်းလင်းပြင်တွင် သူကြုံတွေ့ခဲ့ရသည့် ယိုထျန်းခွေ့၏ အရှိန်အဝါနှင့် အတော်လေးဆင်တူနေခဲ့သည်။
“တစ္ဆေဂိုဏ်းက လူတွေပဲ”
ယိုထျန်းခွေ့သည် ထာဝရဟင်းလင်းပြင်ကနေ မဟာမြေရိုင်းနယ်မြေအထိ သူ၏ နောက်သို့ ဇွဲကောင်းကောင်းနှင့် လိုက်လာခဲ့သော်လည်း အဆုံးသတ်တွင် သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ယခု နှစ်အနည်းငယ်ကြာပြီးနောက်တွင် သူက တစ္ဆေဂိုဏ်းမှ လူများနှင့် နောက်တစ်ကြိမ် ကြုံတွေ့နေရပြီ ဖြစ်၏။
(ယခင်က ကွေကြုံဂိုဏ်းဟု ဘာသာပြန်ထားပါသည်)
“တစ္ဆေဂိုဏ်းက လူတွေ ဒီဘက်ကို လျှောက်လာတာက သူတို့လူကို ငါသတ်လိုက်တာ သိနေလို့များလား”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။
တစ္ဆေဂိုဏ်းသည် စိတ်ဝိညာဥ်လမ်းစဥ်တွင် အလွန်တရာ အားကောင်းသည်ဟု နာမည်ကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ထို့ကြောင့် ယိုထျန်းခွေ့ကို သတ်ဖြတ်လိုက်သည့် လက်သည်တရားခံက သူမှန်း တစ္ဆေဂိုဏ်းက သိမသိ ကျန်းချန် မသေချာခဲ့ပေ။
သို့သော် တစ္ဆေဂိုဏ်းက ထိုအကြောင်းကို သိခဲ့လျှင်လည်း ကျန်းချန်က အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။
သူက ယခုအခါတွင် မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ နယ်မြေနတ်ဘုရားနှင့်ပင် ယှဥ်တိုက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်နေပြီ ဖြစ်၏။
ပြောနေစရာ မလိုလောက်အောင်ပင် သူ၏ ဘေးတွင် ဟန်ယွဲ့နန်းတော်၏ ခေါင်းဆောင် အရှင်ဟောင်ယွဲ့လည်း ရှိနေခဲ့သည်။
လက်ရှိတွင် အရှင်ဟောင်ယွဲ့သည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ မျှော်လင့်ချက်ကို သူ့အပေါ်တွင် ပုံအပ်ထားသည် ဖြစ်ရာ သူ့အတွက် ပြဿနာဖြစ်အောင် လုပ်ဆောင်လျှင် တစ္ဆေဂိုဏ်းမှ လူများကို အရှင်ဟောင်ယွဲ့က မည်ကဲ့သို့ လျစ်လျူရှုနိုင်ပါမည်နည်း။
“သူတို့က ဟေးယွင်နယ်မြေမှာ အခြေစိုက်တဲ့ တစ္ဆေဂိုဏ်းကပဲ”
ယွဲ့ဝူရွှမ်း၏ လှပသော မျက်လုံးလေးများက အနည်းငယ်လေးနက်သွားခဲ့ပြီး ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
“နောက်ဆုံးအကြိမ်က မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ကုန်းလင်က တစ္ဆေဂိုဏ်းက ပါရမီရှင်ကို ပစ်မှတ်ထားပြီး မဟာမြေရိုင်းပါရမီရှင် စာရင်းမှာ ပါဝင်ခဲ့တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဟန်ယွဲ့နန်းတော်နှင့် တစ္ဆေဂိုဏ်းတို့ ကြားတွင် ထိုကဲ့သို့ ရန်စမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ကြည့်ရသည်မှာ တစ္ဆေဂိုဏ်းသည် သူ့အတွက် ဤနေရာသို့ ရောက်လာခြင်း မဟုတ်ပုံရ၏။
အခန်း(၁၈၈၀)
“အရှင်ဝိညာဥ်နက်.. ငါတို့ ဟန်ယွဲ့နန်းတော်ရဲ့ တပည့်တွေနဲ့ပတ်သက်ပြီး မင်းဘာမှ စိတ်ပူနေစရာမလိုဘူး”
သူ့ရှေ့မှ အရှင်ဝိညာဥ်နက်ကို ကြည့်ကာ အရှင်ဟောင်ယွဲ့က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
“ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ငါတို့ တစ္ဆေဂိုဏ်းက မင်းရဲ့ ဟန်ယွဲ့နန်းတော်က တပည့်တွေကို သေချာလေး ဂရုစိုက်ပေးပါ့မယ်”
အရှင်ဝိညာဥ်နက်က လှောင်ပြောင်၍ ပြောလိုက်သည်။
တစ္ဆေဂိုဏ်းတွင် ယခင်က မဟာမြေရိုင်းပါရမီရှင် စာရင်း၏ အဆင့်သတ်မှတ်ချက်ထဲတွင် ပါဝင်သည့် တပည့်နှစ်ယောက်ရှိခဲ့ပြီး တစ်ယောက်မှာ အဆင့်၂၆ ဖြစ်ကာ နောက်တစ်ယောက်မှာ အဆင့်၃၂ ဖြစ်သည်။
သို့သော် နောက်ဆုံးအကြိမ်က ကျင်းပပြုလုပ်သည့် မဟာမြေရိုင်းပါရမီရှင် ပြိုင်ပွဲတွင် ကုန်းလင်သည် အဆင့် ၃၂နေရာတွင် ရှိသည့် တစ္ဆေဂိုဏ်းမှ တပည့်ကို စိန်ခေါ်ခဲ့သည်။
ရလဒ်အနေဖြင့် တစ္ဆေဂိုဏ်းမှ တပည့်က ရှုံးနိမ့်သွားခဲ့ပြီး တစ္ဆေဂိုဏ်းသည်လည်း မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ဝင်ခွင့်နေရာသုံးနေရာကို ဆုံးရှုံးသွားခဲ့သည်။
သို့ဖြစ်ရာ ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် တစ္ဆေဂိုဏ်းသည် ဟန်ယွဲ့နန်းတော်မှ လူများကို အဘယ်ကဲ့သို့ အလွှတ်ပေးနိုင်ပါမည်နည်း။
“ငါ့ရဲ့တပည့်တွေကလည်း မင်းရဲ့ တပည့်တွေကို စောင့်ကြိုနေပါ့မယ်”
အရှင်ဝိညာဥ်နက်က ခပ်ထေ့ထေ့ ပြောလိုက်သော်လည်း အရှင်ဟောင်ယွဲ့က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။
ဤတစ်ကြိမ်ကျင်းပပြုလုပ်မည့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်မည့် တစ္ဆေဂိုဏ်းမှ ပါရမီရှင်ငါးဦးသည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်သည်။
ကုန်းလင်တို့ သုံးဦးဖြင့်သာဆိုလျှင် တစ္ဆေဂိုဏ်းမှ ပါရမီရှင်များနှင့်ယှဥ်ပြိုင်ရန် အမှန်တကယ် ခက်ခဲလိမ့်မည်ဖြစ်၏။
သို့သော်လည်း ယနေ့အခါတွင် ဟန်ယွဲ့နန်းတော်သည် ကျန်းချန်ကဲ့သို့ မဟာကောင်းကင်နတ်ဘုရား တစ်ပါးကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးကို ကြည့်လိုက်လျှင် ကျန်းချန်ကို ယှဥ်နိုင်သည့် အထွတ်အထိပ်ပါရမီရှင် အများဆုံး နှစ်ယောက် သုံးယောက်ခန့်သာ ရှိနိုင်သည်။
ထို့ကြောင့် အရှင်ဟောင်ယွဲ့သည် တစ္ဆေဂိုဏ်းမှ တပည့်အနည်းငယ်လောက်ကို ဂရုစိုက်မနေခဲ့ပေ။
အရှင်ဝိညာဥ်နက်က အရှင်ဟောင်ယွဲ့၏ စကားကိုကြားလျှင် နှာခေါင်းရှုံ့လိုက်ပြီး နောက်ထပ် ဘာစကားမှ ထပ်မပြောတော့ဘဲ တစ္ဆေဂိုဏ်းမှ တပည့် ငါးဦးကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။
“မင်းတို့ ငါ့စကားကို နားထောင်.. ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲမှာ ဟန်ယွဲ့နန်းတော်က တပည့်တွေနဲ့တွေ့ရင် ညှာနေစရာမလိုဘူး.. သူတို့ကို တစ်ခါတည်းသတ်ပစ်လိုက်”
အရှင်ဝိညာဥ်နက်က တစ္ဆေဂိုဏ်းမှ သူ၏ တပည့်ငါးဦးကို အမိန့်ပေး တိုက်တွန်းလိုက်သည်။
“ခေါင်းဆောင်.. ဟန်ယွဲ့နန်းတော် တပည့်တွေထဲက အနက်ရောင်ဝတ်စုံဝတ် လူငယ်ရဲ့ အရှိန်အဝါက နည်းနည်းထူးဆန်းနေသလိုပဲ”
အဖြူ၊အမည်း မျက်ခုံးမွေးနှင့် တစ္ဆေဂိုဏ်းမှ တပည့်တစ်ဦးက ရုတ်တရက် ပြောဆိုလိုက်သည်။
ထို တစ္ဆေဂိုဏ်းမှ တပည့်သည် မဟာမြေရိုင်းပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် အဆင့်၂၆ နေရာကို ရရှိထားပြီး တစ္ဆေဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ယိုစစ်မင် ဖြစ်သည်။
ယိုစစ်မင်၏ စကားကိုကြားလျှင် အရှင်ဝိညာဥ်နက်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ယိုစစ်မင်သည် တစ္ဆေဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးဖြစ်ပြီး အထူးခန္ဓာကိုယ် ပိုင်ရှင်တစ်ဦးလည်း ဖြစ်သည်။
သူက ဝိညာဥ်လမ်းစဥ်တွင် အတော်လေး ပေါက်မြောက်ထားပြီး သူ၏ အာရုံခံနိုင်စွမ်းသည် နယ်မြေနတ်ဘုရား အများစုထက်ပင် ပို၍ အားကောင်း၏။
ထို့ကြောင့် ယိုစစ်မင်၏ စကားကို အရှင်ဝိညာဥ်နက်က အလေးအနက် ထားခဲ့သည်။
အရှင်ဝိညာဥ်နက်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဟန်ယွဲ့နန်းတော် အဖွဲ့ထဲမှ ကျန်းချန်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို ခံစားမိလျှင် အရှင်ဝိညာဥ်နက်သည် အံ့အားသင့်သွားခဲ့သည်။
သူက နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်၍ မည်မျှပင် အစွမ်းထက်သော ပါရမီရှင် ဖြစ်နေပါစေ သူ၏ရှေ့တွင် အရှိန်အဝါကို ဖုံးကွယ်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော်လည်း ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်ကို သူက မမြင်တွေ့နိုင်ခဲ့ပေ။
“မစိုးရိမ်ပါနဲ့.. ဒီကောင်လေးရဲ့ ကိုယ်ပေါ်မှာ အရှိန်အဝါကို ဖုံးကွယ်နိုင်တဲ့ မှော်ရတနာ ရှိနေလို့ဖြစ်မယ်.. ပုံမှန်အခြေအနေဆိုရင် ငါ့ရဲ့အကြည့်အောက်ကနေ မလွတ်မြောက်နိုင်ပါဘူး”
အရှင်ဝိညာဥ်နက်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးတွင် သူ့ကို အမှန်တကယ် မမြင်နိုင်အောင် လုပ်ဆောင်နိုင်သော အထွတ်အထိပ် ပါရမီရှင်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော မဟာကောင်းကင် နတ်ဘုရား အဆင့်သာ ဖြစ်သည်။
ထို့ကြောင့် ဟန်ယွဲ့နန်းတော်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မဟာကောင်းကင်နတ်ဘုရား ဖြစ်မည်ဟု အရှင်ဝိညာဥ်နက် မယုံကြည်ခဲ့ပေ။
“ခေါင်းဆောင်.. ကျွန်တော် ထူးဆန်းတယ်လို့ ပြောချင်တာက အဲဒီသဘောမဟုတ်ဘူး.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်ဦးလေး ကျဆုံးသွားတဲ့အခါ သူ့ရဲ့ ကျိုးပဲ့နေတဲ့ ဝိညာဥ်ကမ္မည်းတိုင်ကနေ တစ်ဆင့် အရှိန်အဝါတစ်ခုကို ကျွန်တော်ခံစားမိခဲ့တယ်”
ယိုစစ်မင်က ကျန်းချန်ကို စိုက်ကြည့်ရင်း အရှင်ဝိညာဥ်နက်ကို ပြောလိုက်သည်။
“အဲဒီကောင်လေးရဲ့ ကိုယ်ပေါ်က အရှိန်အဝါက ကျွန်တော် ဝိညာဥ်ကမ္မည်းတိုင်ကနေ ခံစားခဲ့ရတဲ့ အရှိန်အဝါနဲ့ အရမ်းကို ဆင်တူတယ်”
“ဒါဆို အဲဒီကောင်လေးက ယိုထျန်းခွေ့ကို သတ်ဖြတ်ခဲ့တယ်လို့ မင်းဆိုလိုချင်တာလား”
အရှင်ဝိညာဥ်နက်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
ယိုစစ်မင်၏ ဦးလေးသည် တစ္ဆေဂိုဏ်း၏ အကြီးအကဲဖြစ်သည့် ယိုထျန်းခွေ့ ဖြစ်သည်။
သူတို့က ယိုထျန်းခွေ့ကို ထာဝရဟင်းလင်းပြင်တွင် ကျဆုံးသွားခဲ့သည်ဟု ထင်ခဲ့ကြသော်လည်း တကယ်တမ်းတွင် ထိုသို့မဟုတ်ပုံရ၏။
“သေတော့မသေချာဘူး.. ဒါပေမဲ့ လက်သည်တရားခံက သူမဟုတ်ရင်တောင် သူနဲ့ ပတ်သက်ဆက်စပ်မှုတော့ ရှိရမယ်”
ယိုစစ်မင်က အေးစက်စက် ပြောလိုက်သည်။
“သူက ဦးလေးကို သတ်ခဲ့တယ် ဆိုရင်တော့ ဦးလေးအတွက် သူ့ကို လက်စားချေရမယ်”
“တကယ်ပဲ ဒီလိုဆိုရင်တော့ မင်းပေါ့ဆလို့မဖြစ်ဘူး”
အရှင်ဝိညာဥ်နက်က သတိပေးလိုက်သည်။
ယိုထျန်းခွေ့သည် တစ္ဆေဂိုဏ်း၏ အစွမ်းအထက်ဆုံးအကြီးအကဲများ ထဲမှ တစ်ဦး ဖြစ်ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည်။
ထိုကောင်လေးသာ ယိုထျန်းခွေ့ကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုလျှင် ထိုကောင်လေး၏ ခွန်အားသည် လုံးဝရိုးရှင်းမည် မဟုတ်ပေ။
“စိတ်ချပါ ခေါင်းဆောင်”
ယိုစစ်မင်က ယုံကြည်မှုအပြည့်ဖြင့် အေးစက်စက် ရေရွတ်လိုက်သည်။
သူက အဆင့်၂၆နေရာကို ရရှိခဲ့သည်။
ယခု နှစ်ပေါင်းများစွာ ကြာသောအခါတွင် သူ၏ ခွန်အားက အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်၏။
သူ၏ ပန်းတိုင်သည် မဟာမြေရိုင်း ပါရမီရှင် အဆင့်စာရင်းတွင် ထိပ်ဆုံးဆယ်နေရာကို ဝင်နိုင်ရန် ဖြစ်သည်။
ထို့ကြောင့် ဟန်ယွဲ့နန်းတော်မှ တပည့်တွင် ထူးခြားသော ခွန်အားတချို့ ရှိနေလျှင်ပင် ယိုစစ်မင်က ဂရုစိုက်နေမည်မဟုတ်ပေ။
အရှင်ဝိညာဥ်နက်က ယိုစစ်မင်နှင့် စကားပြောဆိုနေသောအချိန်တွင် အရှင်ဟောင်ယွဲ့သည်လည်း ကုန်းလင်တို့ သုံးဦးကို မှာကြားနေခဲ့သည်။
“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲက သိပ်မကြာခင် စတင်တော့မယ်.. မင်းတို့သုံးယောက်က ကျန်းချန်နဲ့ ပူးပေါင်းဖို့ ကြိုးစားပါ”
တစ္ဆေဂိုဏ်း၏ ပါရမီရှင်ငါးဦး ထဲတွင် သုံးဦးသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ဖြစ်ပြီး နှစ်ဦးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သည်။
အထူးသဖြင့် တစ္ဆေဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင်ယိုစစ်မင်သည် ဤတောင်ကြားရှိ ပါရမီရှင်များစွာ ထဲတွင် အစွမ်းအထက်ဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်သည်။
တစ္ဆေဂိုဏ်းသာ ဟန်ယွဲ့နန်းတော်ကို ပစ်မှတ်ထားလာခဲ့လျှင် ကုန်းလင်တို့ သုံးဦးသည် အမှန်တကယ် အန္တရာယ်ရှိလာနိုင်၏။
“တစ္ဆေဂိုဏ်းက ငါ ယိုထျန်းခွေ့ကို သတ်ခဲ့တာ သိနေပုံပဲ”
အရှင်ဝိညာဥ်နက် နှင့် ယိုစစ်မင်တို့၏ အကြည့်များကို ခံစားမိလျှင် ကျန်းချန်သည် စိတ်နှလုံးထဲတွင် ရေရွတ်လိုက်သည်။
မည်သို့ပင် ဖြစ်စေကာမူ ယိုစစ်မင်တို့ လူစုသာ သူ့ကို ပြဿနာလာရှာရဲလျှင် သူက ယိုစစ်မင်တို့ကို မြေအောက်ငရဲဘုံတွင် ယိုထျန်းခွေ့နှင့် ပြန်လည် ပေါင်းစည်းပေးလိုက်ရန် ဝန်လေးနေမည်မဟုတ်ပေ။
ကျန်းချန် အတွေးနက်နေစဥ်မှာပင် တောင်ကြား အထက်ရှိ ကောင်းကင်ယံတွင် ရုတ်တရက် ပြင်းထန်သော နေရာလွတ် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြီးမားသော ဖိအားတစ်ခုသည် လေထုထဲကနေ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က လေထုထဲကို မော့ကြည့်လိုက်ရာ တိမ်တိုက်များကြားတွင် အလွန်ကြီးမားသော အနက်ရောင် နန်းတော် တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုနန်းတော်သည် အလွန်တရာ ခန့်ညားပြီး လေထုထဲတွင် တည်တံ့နေကာ နန်းတော်၏ အဓိကဝင်ပေါက် အထက်တွင်လည်း “မဟာမြေရိုင်း”ဟူသော စာလုံးကို ရွှေရောင်ဆိုင်းဘုတ်ဖြင့် ရေးထွင်းထားသည်။
ထိုစာလုံးမှ မမြင်နိုင်သော စွမ်းအားသည် စိတ်ဝိညာဥ်ကို တုန်လှုပ်စေနိုင်စွမ်း ရှိ၏။
မူလက ဆူညံနေသော တောင်ကြားသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်က ရုတ်တရက် ပေါ်ထွက်လာသော နန်းတော်ကို ကြည့်ကာ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
မဟာမြေရိုင်းနယ်မြေရှိ တစ်ခုတည်းသော နတ်ဘုရင်အဆင့်အင်အားစုသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့ချေပြီ။
တောင်ကြားရှိ လူတိုင်း၏ အကြည့်အောက်မှာပင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး နဂါးခေါင်းတုတ်ကောက်ကို ကိုင်ဆောင်ထားသော အဘိုးအို တစ်ဦးသည် အနက်ရောင် နန်းတော်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုအဘိုးအို ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မမြင်နိုင်သော စွမ်းအားများနှင့် ကြောက်မက်ဖွယ် နေရာလွတ်လှိုင်းလုံးများသည် ကောင်းကင်နှင့်မြေကြီး၏ အရောင်အဆင်းကိုပင် ပြောင်းလဲသွားစေခဲ့သည်။