အလုံးစုံသိမြင်ကားချပ်
Vol. 18 Ch. 236
"ကောင်းပြီလေ"
ကျန်းရွှမ်က သဘောတူလိုက်သည်။
သူသည် ယခုချိန်၌ ဓမ္မရုပ်သွင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်ကာ ကျင့်ကြံဆင့်ချိုးဖျက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ကြယ်စင်မြစ်နယ်ပယ်သို့ ဝင်ရောက်ပြီးသည်နှင့် သူ၏ကျင့်ကြံမှုအရှိန်နှုန်းအရ နောက်အဆင့်သို့တက်လှမ်းရန် အချိန်အလွန်ကြာမြင့်မည် မဟုတ်ချေ။
"ငါ ဘာတွေကိုပြင်ဆင်ထားဖို့ လိုအပ်လဲ"
ကျန်းရွှမ်က အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် မေးမြန်းလိုက်သည်။
တခြားတစ်ဖက်တွင် အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက် ခုန်းရှီ၏အသံ ဆက်တိုက်ထွက်ပေါ်လာသည်။
"ကံကြမ္မာခန်းမမှာ စုစည်းခြင်းကြေးမုံလို့ခေါ်တဲ့ ပစ္စည်းတစ်ခု ရှိတယ်...အခွင့်အရေးရရင် အဲ့ဒါကို ယူလာခဲ့နိုင်မယ့် နည်းလမ်းကို ရှာကြည့်ပါ...ဒါက ကျီးလန်တောင်ကြားကို သန့်စင်တဲ့ လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးနိုင်လိမ့်မယ်"
"နားလည်ပါပြီ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး ထိုအမည်ကို မှတ်သားထားလိုက်၏။
"ငါက ဒီနေရာကနေ မင်းကို အကြာကြီး ဆက်သွယ်ဖို့ အဆင်မပြေဘူး...မင်းရဲ့ ကျင့်ကြံမှု တိုးတက်လာတဲ့အချိန်ကျရင် ငါ့ကို လာရှာ..."
ခုန်းရှီ၏အသံ တဖြည်းဖြည်း တိမ်ဝင်သွားသည်နှင့် ကျန်းရွှမ်သည် သူ၏ဓားချီစွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။
ဤသည်က ခုန်းရှီ ဖြစ်နေသည်မှာ သံသယဝင်ဖွယ် မရှိတော့ချေ။ တခြားလူများမှ အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကြောက်ရွံ့နေကြသော ကံကြမ္မာနတ်ဘုရားနယ်မြေကို သန့်စင်ရန် ကြံစည်ဝံ့သူပင်။ အထင်ကြီးစရာ အကောင်းဆုံး အပိုင်းသည် သူသည် ထိုကိစ္စကို အောင်မြင်ပြီးမြောက်ရန်အတွက် အဓိကသော့ချက်ပစ္စည်းကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်နေခြင်းပင်။
လက်ရှိ အခြေအနေကို နားလည်သွားပြီးနောက် ကျန်းရွှမ်သည် အလွန်စိုးရိမ်ပူပန်ခြင်း မရှိတော့ချေ။ သူသည် စွန်းချန်ထံမှ သတင်းကို စောင့်ဆိုင်းရင်း သူ၏ကျင့်ကြံမှုကို ပြန်လည်၍ စတင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ စီးဆင်းသောအလင်းတန်း ကောင်းကင်ကံကြမ္မာကို တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ဆက်လက်၍ကျင့်ကြံနေခဲ့သည်။
ဤသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားမျိူးကို ရရှိရန်မဟုတ်ဘဲ ကောင်းကင်ကံကြမ္မာကို တိုးတက်စေမည့် လမ်းကြောင်းကို စစ်ဆေးစမ်းသပ်ရန်ပင်။
တိတ်ဆိတ်သော ခြံဝင်းထဲတွင် ကျန်းရွှမ်သည် သူ၏လှံရှည်အရိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး လှံထိပ်ကို တည်ငြိမ်စွာထိန်းသိမ်းထားကာ တံတားတစ်စင်းကဲ့သို့ မလှုပ်မယှက် မတ်တတ်ရပ်နေသည်။
ဝီ..ဝီ...ဝီ...
ယင်ကောင်တစ်ကောင် တဝီဝီပျံသန်းလာသည်။ ထိုအရာကို အာရုံခံမိပုံရသဖြင့် ကျန်းရွှမ်က လှံကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး တစ်ဆက်တည်းမှာပင် ရှေ့သို့ထိုးနှက်လိုက်၏။
သို့ရာတွင် ယင်ကောင်သည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား ဒယီးဒယိုင်ဖြင့်လွတ်မြောက်ကာ ပျံသန်းသွားသည်။
"မအောင်မြင်ဘူးလား..."
ယခုလေးတင်မှ ရောက်လာသော စွန်းချန်က သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။
"သေချာကြည့်အုံး..."
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ လှံကိုဝှေ့ယမ်းကာ အနားသို့ ဆွဲယူလိုက်သည်။
သံသယများဖြင့် ပြည့်နှက်နေသော စွန်းချန်က သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ ကြက်သေသေသွားသည်။
"သခင်လေးက သူ့ရဲ့ခြေထောက်တစ်ချောင်းကို ဖြတ်ပစ်လိုက်တာလား"
သူ၏သခင်လေး တိုက်ခိုက်လိုက်သည့် အချိန်တခဏအတွင်းမှာပင် သူသည် ယင်ကောင်ကို ထိမှန်ခဲ့ပြီး ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ ခြေထောက်တစ်ချောင်းကို ဖြတ်တောက်နိုင်ခဲ့သည်။
လေထုအတွင်းတွင် လှုပ်ရှားနေသော ယင်ကောင်တစ်ကောင်ကို ထိုးဖောက်နိုင်ခြင်းသည်ပင် အထင်ကြီးဖွယ် ကောင်းနေလေပြီ။ သို့ရာတွင် တခြားဒဏ်ရာများကို မဖြစ်စေဘဲ ခြေထောက်တစ်ချောင်းတည်းကို ဖြတ်တောက်နိုင်ခြင်း... ဤစွမ်းအားထိန်းချုပ်နိုင်စွမ်းအဆင့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
"ဒါတောင် မလုံလောက်သေးဘူး...တကယ်လို့ ငါကသာ အဲ့ဒီယင်ကောင်ရဲ့ခြေထောက်က အမွှေးတစ်ပင်ကို ဖြတ်နိုင်ခဲ့ရင် ငါ အဆင့်ချိုးဖျက်နိုင်တော့မယ်..."
ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
စွန်းချန်သည် မယုံကြည်နိုင် ဖြစ်နေသော်လည်း ကျန်းရွှမ်သည် တတိယအဆင့်သို့ ရောက်ရှိရန် လိုအပ်နေသေးကြောင်း သူ နားလည်သဘောပေါက်သွားသည်။
စီးဆင်းသောအလင်းတန်း ကောင်းကင်ကံကြမ္မာသည် ဆဋ္ဌမတန်းစား ကောင်းကင်ကံကြမ္မာ ဖြစ်ပြီး မိုတောက်ကံကြမ္မာထက် များစွာပို၍သာလွန်သည်။ သို့ရာတွင် ဟန်ချန်ယဲ့ သေဆုံးသွားသဖြင့် ထိုအရာကို ထပ်မံ၍ ထုတ်ဖော်ပြသပေးမည့်သူ မရှိတော့လေရာ သူ နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အလွန်ခက်ခဲနေသည်။
ကောင်းကင်ကံကြမ္မာ စွမ်းအင်များကို သူ ရိုးရှင်းစွာ လမ်းကြောင်းပေးရုံမျှဖြင့် အလုပ်မဖြစ်တော့ပေ။ ဤအဆင့်ကို ချိုးဖျက်နိုင်မှသာ သူသည် စီးဆင်းသောအလင်းတန်းကံကြမ္မာကို ဆက်လက်၍ လမ်းကြောင်းပေးနိုင်မည်ဖြစ်ပြီး ကံကြမ္မာစွမ်းအင်မြစ်ကို ချဲ့ထွင်နိုင်ပေမည်။ ဤသည်မှာ အလွန်အမင်း စိန်ခေါ်မှုကြီးမားသော ကိစ္စတစ်ရပ်ပင်။
"ထားလိုက်တော့.... ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ အရင်ဆုံးအာရုံစိုက်တာက ပိုကောင်းလိမ့်မယ်"
ကျန်းရွှမ်သည် ခေါင်းခါလိုက်ပြီး သူ၏လှံကို ကမ္ဘာသစ်ထဲသို့ သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ကောင်းကင်ကံကြမ္မာ စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ရေလွှမ်းမိုးသည့်အလား ဤနေရာသို့ ကျရောက်လာသည်။ ထိုစွမ်းအင်လှိုင်းလုံးကြီးသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းရှိ စီးဆင်းသောအလင်းတန်း စွမ်းအင်မြစ်အတွင်းသို့ အရူးအမူး စီးဝင်သွားသည်။
အချိန်တခဏအတွင်းမှာပင် ဤကောင်းကင်ကံကြမ္မာသည် စွမ်းအားနှစ်ဆတိုးလာပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။
စီးဆင်းသောအလင်းတန်း ကောင်းကင်ကံကြမ္မာ တတိယအဆင့်....
တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်သည် ကြိုးစားခြင်းကို ရပ်တန့်လိုက်သည့်အချိန်၌ သူ မျှော်လင့်ထားခဲ့ဆုံး ရလဒ်များ ဖြစ်ပေါ်လာတတ်သည်။ ကျန်းရွှမ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် အောင်မြင်မှုကို ရှာဖွေချိန်တွင် ကျရှုံးခဲ့သည်။ သို့ရာတွင် ယခုချန်၌ အတားအဆီးတစ်စုံတစ်ရာ မရှိခဲ့ဘဲ သူ လွယ်လင့်တကူ အဆင့်ချိုးဖျက်နိုင်ခဲ့သည်။
"ဒါက... ကျန်းယန်ပဲ....သူက စီးဆင်းသောအလင်းတန်း လှံနည်းစနစ်ကို ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ"
ကျန်းရွှမ်သည် အကြောင်းအရင်းကို လျင်မြန်စွာ နားလည်သဘောပေါက်သွားပေ၏။
ဤရုတ်တရက်ရရှိသော ဆုလာဘ်သည် ကျန်းယန်၏ အဆင့်ချိုးဖျက်မှလာခြင်း ဖြစ်နိုင်ခြေရှိပြီး ကျန်းရွှမ်ကို လျှင်မြန်စွာ တိုးတက်စေခဲ့သည်။
"သူတို့က အခုဆိုရင် အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဌာနချုပ်ကို ရောက်နေလောက်ပြီ"
ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။
သူ အိုးယန်ဟိုင်နှင့် လမ်းခွဲခဲ့သည်မှာ ငါးရက် ခြောက်ရက်ခန့် ရှိနေလေပြီ။ တစ်ယောက်တည်း ပျံသန်းခြင်းထက် လူအများနှင့်ခရီးသွားခြင်းသည် ပို၍နှေးကွေးသော်လည်း ကျန်းယန်နှင့် တခြားသူများ ယခုအချိန်တွင် ရောက်ရှိနေသင့်လေပြီ။
သူတို့သည် မည်ကဲ့သို့ လေ့ကျင့်သင်ကြားပေးခြင်းခံရမည်နှင့် မည်သည့် ကောင်းကင်ကံကြမ္မာ အမွေဆက်ခံမှုမျိုး ရရှိမည်တို့ကို သူ သိလိုသည်။
သူတို့သည် သူ့ကို ဆက်သွယ်ခြင်း မပြုသရွေ့ သူတို့ထံ၌ မည်သည့်ပြဿနာမျှမရှိဘဲ ဘေးကင်းလုံခြုံသည်ဟု ဆိုလိုသည်။
တဒင်္ဂပင်လယ်...အလုံးစုံသိမြင်ဂိုဏ်း ဌာနချုပ်
ခမ်းနားထည်ဝါပြီး မြင့်မားသော ခန်းမကြီးများတွင် ဝိုးတဝါးပုံရိပ်သုံးခု မျောလွင့်နေပြီး သူတို့၏ ပုံပန်းသဏ္ဌာန်များသည် ဝေဝါးနေကာ မသဲကွဲချေ။ သူတို့၏အောက် တစ်ဆင့်နိမ့်သောနေရာတွင် တင်းမာခက်ထန်သော မျက်နှာအမူအယာရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။
"အကြီးအကဲအိုးယန်... ဒါက ခင်ဗျား ခေါ်လာတဲ့ ပါရမီရှင်တွေလား"
ထိုလူသည် ခန်းမထဲတွင် မတ်တတ်ရပ်နေသော ကျောက်ယာတို့လူစုကို တစ်ချက် ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် သံသယ အရိပ်အယောင်များ ရှိနေသည်။
"သူတို့က အသက်မငယ်တော့ဘူး.... ဒါပေမဲ့ သူတို့ရဲ့ကျင့်ကြံမှုက အရမ်းနိမ့်ကျနေတုန်းပဲ..."
အိုးယန်ဟိုင်သည် အလုံးစုံသိမြင်ဂိုဏ်းသို့ ပြန်ရောက်ချိန်၌ သူသည် ပါရမီရှင်တစ်စုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းပို့ခဲ့သည်။ သူသည် သူတို့၏ပါရမီအရည်အချင်းများကို အသေးစိတ် မပြောခဲ့သော်လည်း သူတို့အတွက် သင့်လျော်သော လေ့ကျင့်သင်ကြားမှုများ ရရှိရန်ကို မျှော်လင့်ကြောင်း တောင်းဆိုခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် အိုးယန်ဟိုင်၏စွမ်းအားကို ကောင်းစွာသိရှိထားသည်။ အလုံးစုံသိမြင်ဂိုဏ်း၏ ထိပ်သီးအကြီးအကဲများအနက်မှ တစ်ဦးအနေဖြင့် သူ အရေးကြီးသည်ဟု ယူဆသည့် အရာမှန်သမျှသည် သာမညမဖြစ်နိုင်ချေ။ သို့ရာတွင် အချိန်တခဏကြာခန့် စောင့်ကြည့်ပြီးနောက် သူသည် ဤလူသုံးဦးထံမှ ထူးခြားသောအရာဟူ၍ တစ်စုံတစ်ခုကိုမျှ မမြင်တွေ့ခဲ့ချေ။
သူတို့အားလုံးသည် အသက်နှစ်ဆယ်ကျော် အရွယ်များ ဖြစ်ကြပြီး သူတို့၏ကျင့်ကြံဆင့်သည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ သတ္တမအဆင့် ဖြစ်သော ကျောက်စိမ်းအရိုးနယ်ပယ်ထက် မြင့်မားခြင်းမရှိချေ။ အလုံးစုံသိမြင်ဂိုဏ်း၏ အစေခံတပည့်အများစုပင်လျှင် ထိုကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေနိုင်သည်။
ရင်းမြစ်ကမ္ဘာ၏ အစွမ်းထက်ဆုံး အင်အားစုများအနက်မှ တစ်ခုအနေဖြင့် တခြားနေရာများတွင် ပါရမီရှင်ဟု သတ်မှတ်ခံရသူများပင်လျှင် ဤနေရာတွင် အစေခံတစ်ယောက်ဖြစ်ရန် အရည်အချင်း မမီနိုင်ချေ။
"ဂိုဏ်းချုပ်အနေနဲ့ သူတို့ရဲ့ပါရမီကို စမ်းသပ်လို့ရပါတယ်"
အိုးယန်ဟိုင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
အစောပိုင်းက စကားပြောဆိုသူမှာ အလုံးစုံသိမြင်ဂိုဏ်း၏ ဂိုဏ်းချုပ်ပိုင်ရှောင်ရှန့်မှလွဲ၍ တခြားလူ မဟုတ်ချေ။
"အလုံးစုံသိမြင်ခြင်း သခင်"ဟု အဓိပ္ပာယ်ရသော ပိုင်ရှောင်ရှန့်ဟူသည့် သူ၏အမည်သည် ကောင်းကင်ကံကြမ္မာ စာရင်းအင်းများကို ကြီးကြပ်သူများနှင့် ဆက်စပ်နေသော ဘွဲ့အမည်အား အမွေဆက်ခံထားခြင်းပင်။ ဂိုဏ်းချုပ်တိုင်း ဤအမည်ကို ခံယူကြပြီး သူ၏မူလ အမည်သည် မေ့လျော့ခြင်း ခံခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"ပါရမီ စမ်းသပ်မှုလား...."
ပိုင်ရှောင်ရှန့်က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ချပ်က လေထုအတွင်းသို့ ပျံဝဲလာသည်။ ထိုအရာ အောက်သို့ ကျဆင်းလာတော့မည့်အချိန်တွင် အိုးယန်ဟိုင်က ကြားဖြတ်ပြောလိုက်၏။
"ဂိုဏ်းချုပ်....ကျွန်တော်က အလုံးစုံသိမြင်ကားချပ်နဲ့ စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်"
ပိုင်ရှောင်ရှန့်က ကျောက်စိမ်းပြားကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အကြီးအကဲ အိုးယန်ဟိုင်....အလုံးစုံသိမြင်ကားချပ်ကို တောင်းဆိုတာတွေရဲ့ အကျိုးဆက်တွေကို မင်း သိရဲ့လား..."
အလုံးစုံသိမြင်ကားချပ်သည် ဝမ်ချန်းဂိုဏ်း၏ အထွတ်အထိပ်ရတနာဖြစ်ပြီး ကောင်းကင်ကံကြမ္မာကို ကျင့်ကြံခြင်းနှင့် စစ်ဆေးသုံးသပ်ခြင်းတို့အတွက် အရေးပါသည်။ ထိုအရာကို ဂိုဏ်း၏ပထမဆုံးမျိုးဆက် ပိုင်ရှောင်ရှန့်မှ လောကကြီးတခွင်လုံးရှိ ရတနာများကို စုဆောင်းကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုအရာကို အလုံးစုံသိမြင်မျှော်စင်တွင် ထားရှိပြီး မဟာအကြီးအကဲသုံးဦးက စောင့်ကြပ်နေကာ မည်သူ့ကိုမျှ ပြသလေ့ မရှိပေ။ ထူးခြားသော အခြေအနေများအောက်တွင်သာ ထိုအရာကို ထုတ်ယူလေ့ရှိပြီး သာမန် ပါရမီစမ်းသပ်မှုတစ်ခုအတွက် မဟုတ်ချေ။
အိုးယန်ဟိုင်က တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ကျွန်တော် သိပါတယ်...ဒါပေမဲ့ လင်းလန်ကျောက်တိုင်က သူတို့ရဲ့ပါရမီကို တိတိကျကျ အကဲဖြတ်နိုင်မှာ မဟုတ်ဘူး...ဒါကြောင့် အလုံးစုံသိမြင်ကားချပ် လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်တယ်"
ပိုင်ရှောင်ရှန့်က မျက်ခုံးပင့်လိုက်သည်။
"လင်းလန်ကျောက်တိုင်က ရင်းမြစ်ကမ္ဘာမှာ အတိကျဆုံး ပါရမီစစ်ဆေးတဲ့ ပစ္စည်းပဲ... ဧကရာဇ်အဆင့် ပါရမီကိုတောင် တိုင်းတာနိုင်တယ်...ခင်ဗျားက သူတို့ရဲ့ ပါရမီက ဧကရာဇ်အဆင့်ထက်တောင် ကျော်လွန်နိုင်တယ်လို့ ဆိုလိုချင်တာလား..."
ရင်းမြစ်ကမ္ဘာရှိ ပါရမီအကဲဖြတ်ခြင်းသည် ရင်းမြစ်ရေအိုင် မီးပြင်းဖို နှင့် ကောင်းကင်ကံကြမ္မာအပါအဝင် အချက်များစွာကို ထည့်သွင်းစဉ်းစားသဖြင့် တစ်ခုချင်းစီ အကဲဖြတ်ခြင်းထက် ပို၍ပြည့်စုံသည်။
မီးပြင်းဖိုအဆင့်များကဲ့သို့ပင် ပါရမီအဆင့်များကို အဆင့်နိမ့် အလယ်အလတ်အဆင့် အဆင့်မြင့် အထွတ်အထိပ် တော်ဝင်အဆင့်နှင့် ဧကရာဇ်အဆင့်ဟူ၍ ခွဲခြားထားသည်။
ဧကရာဇ်အဆင့် ပါရမီသည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကာ တတိယတန်းစား ကောင်းကင်ကံကြမ္မာကို အမွေဆက်ခံနိုင်စွမ်း ရှိသည်။ ထိုကဲ့သို့ ပါရမီရှင်များသည် ရင်းမြစ်ကမ္ဘာတွင် အလွန်ရှားပါးပြီး သန်းရာနှင့်ချီသောကျင့်ကြံသူများအကြားတွင် တစ်ဦးခန့်သာ ထွက်ပေါ်လာလေ့ ရှိသည်။
ဧကရာဇ်အဆင့်ထက် ကျော်လွန်ခြင်းမှာ မကြားဖူးသလောက်နီးပါးဖြစ်ပြီး ထိုကဲ့သို့ အရည်အချင်းရှိသူများသည် ပြိုင်ဘက်ကင်းပါရမီရှင်များအဖြစ် သတ်မှတ်ခံရကာ လက်ရှိတည်ရှိနေသော ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ နှစ်ဆယ့်လေးခုကို နားလည်သဘောပေါက်နိုင်သူများ ဖြစ်လေ့ရှိသည်။
ပထမတန်းစား ကောင်းကင်ကံကြမ္မာရှစ်ခုမှာမူ ရှေးကျပြီး ရင်းမြစ်ကမ္ဘာ စတင်ထွက်ပေါ်လာကတည်းက တည်ရှိခဲ့သဖြင့် မည်သည့်ပါရမီမျိုး လိုအပ်မည်ကို ခန့်မှန်း၍ မရနိုင်ချေ။
ဂိုဏ်းချုပ်ပိုင်ရှောင်ရှန့် ကိုယ်တိုင်ပင်လျှင် သူထံ၌ ကြီးမားသောစွမ်းအားမျိုး ရှိနေသည့်တိုင် ဧကရာဇ်အဆင့်သို့ ရောက်ရုံမျှသာရှိသော ပါရမီကိုသာ ပိုင်ဆိုင်ထားသည်။ ဤသည်မှာ သဘာဝကျသော ကိစ္စတစ်ရပ်ပင်။ အကြောင်းအရင်းမှာ များသောအားဖြင့် အမွေဆက်ခံသူများသည် ဖန်တီးသူများထက် အားနည်းသောကြောင့်ပင်။
အိုးယန်ဟိုင်က လင်းလန်ကျောက်တိုင်ဖြင့် အကဲဖြတ်၍ မရနိုင်သော ပါရမီရှင်သုံးဦး ရှိသည်ဟု ထုတ်ဖော်ပြောဆိုခြင်းမှာ အံ့အားသင့်ဖွယ်ရာပင်။
"ဟုတ်ပါတယ်"
အိုးယန်ဟိုင်က အတည်ပြုလိုက်သည်။
"ကောင်းပြီလေ...."
အိုးယန်ဟိုင်၏ တည်ကြည်လေးနက်မှုကို မြင်တွေ့ပြီးနောက် ပိုင်ရှောင်ရှန့်သည် ထပ်မံ၍ ကန့်ကွက်ခြင်း မပြုတော့ချေ။ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စွမ်းအားများ ထွက်ပေါ်လာပြီး ထူးခြားသော လေစီးကြောင်းများ ဖြစ်ပေါ်စေကာ သူ၏ နောက်သို့ တိုးဝင်သွားသည်။
ဝိုးတဝါးပုံရိပ်သုံးခုသည် ပို၍ပီပြင်ထင်ရှားလာပြီး အကြီးအကဲသုံးဦး၏ပုံစံများ ပေါ်လွင်လာသည်။ ဤသည်မှာ ဝမ်ချန်းဂိုဏ်း၏ အစွမ်းထက်ဆုံး မဟာအကြီးအကဲများ ဖြစ်ကြပြီး အလုံးစုံသိမြင်မျှော်စင်နှင့် အလုံးစုံသိမြင်ကားချပ်ကို စောင့်ကြပ်ရန် တာဝန်ကျသူများ ဖြစ်သည်။
"ဘာကိစ္စရှိလို့ အနှောင့်အယှက် ပေးတာလဲ"
လက်ဝဲဘက်မှ အကြီးအကဲက မေးမြန်းလိုက်သည်။ သူ၏အသံသည် တည်ငြိမ်သော်လည်း အစွမ်းထက်ပေ၏။
"စီနီယာတို့...အကြီးအကဲအိုးယန်ဟိုင်က ထူးခြားတဲ့ပါရမီရှင်လို့ သူ ယုံကြည်လက်ခံထားတဲ့ လူသုံးယောက်ကို ခေါ်လာခဲ့ပြီးတော့ အကဲဖြတ်စစ်ဆေးပေးဖို့အတွက် အလုံးစုံသိမြင်ကားချပ်ကို တောင်းဆိုနေပါတယ်"
ပိုင်ရှောင်ရှန့်က ရိုသေစွာဦးညွှတ်အရိုအသေပြုရင်း ရှင်းပြသည်။
သူသည် ဂိုဏ်းချုပ် ဖြစ်နေသည့်တိုင် ဤ မဟာအကြီးအကဲများကို မရိုမသေ မပြုဝံ့ချေ။
"အလုံးစုံသိမြင်ကားချပ်နဲ့ ပါရမီစမ်းသပ်မယ် ဟုတ်လား...."
လက်ယာဘက်မှ အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့က အဲ့ဒီရတနာရဲ့ဖိအားကို ခံနိုင်ရည် ရှိမယ်ဆိုတာ မင်း သေချာလား"
"သေချာပါတယ်..."
ပိုင်ရှောင်ရှန့်က ခိုင်မာပြတ်သားစွာ တုံ့ပြန်အဖြေပေးသည်။
"ကောင်းပြီလေ.... ငါတို့က အလုံးစုံသိမြင်ကားချပ်ကို အခု ဆင့်ခေါ်လိုက်မယ်....တကယ်လို့ ဒီလူတွေကသာ အဲ့ဒီအရာရဲ့ ဖိအားသက်ရောက်မှုကို တောင့်မခံနိုင်ခဲ့ရင် မင်းရော အကြီးအကဲ အိုးယန်ဟိုင်ပါ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်"
အလယ်မှအကြီးအကဲက ပေါ့ပေါ့ပါးပါး လက်ဟန်ပြလိုက်ရာ ရုတ်ချည်းဆိုသလိုပင် အသက်ရှူမွန်းကြပ်စေသော ဖိအားတစ်ရပ်က ခန်းမထဲ၌ ပြည့်နှက်သွားသည်။ အချိန်တခဏအကြာတွင် မျက်စိကျိန်းလောက်သော အလင်းတန်းများကို ထုတ်လွှတ်ထားသည့် တောက်ပသော စာအုပ်ပုံစံ ပစ္စည်းတစ်ခု ထွက်ပေါ်လာသည်။
အလုံးစုံသိမြင်ကားချပ်...အလုံးစုံသိမြင်ဂိုဏ်း၏ အထွတ်အထိပ်ရတနာ...
"ကျောက်ယာ..ကျန်းယန်.... ဝမ်ယင်း...မင်းတို့ ရှေ့ထွက်ပြီးတော့ အလုံးစုံသိမြင်ကားချပ်ကို ထိတွေ့ဖို့ ကြိုးစားကြည့်ပါ"
အိုးယန်ဟိုင်က သတိထား၍ ညွှန်ကြားလိုက်သည်။ သူသည် အချိန်တခဏကြာ တွေဝေနေပြီးနောက် သူတို့သုံးဦးထံသို့ အသံသတင်းစကား ပေးပို့လိုက်သည်။
"ဘာပဲဖြစ်ဖြစ်....အလုံးစုံသိမြင်ကားချပ်ကို ထိနိုင်ဖို့ အစွမ်းကုန် ကြိုးစားပါ...ဒီလို လုပ်နိုင်ရင် မင်းတို့ရဲ့ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပါရမီတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ကောင်းကင်ကံကြမ္မာပုံရိပ်တစ်ခုကို အဲ့ဒါက ထုတ်ဖော်ပြသလိမ့်မယ်....ဒါက မင်းတို့ရဲ့ အနာဂတ် ကျင့်ကြံမှုအတွက် အများကြီး အထောက်အကူ ပေးပြီးတော့ အခက်အခဲတွေကို လျှော့ချပေးလိမ့်မယ်"
လင်းလန်ကျောက်တိုင်သည် ပါရမီကို တိုင်းတာနိုင်သော်လည်း ကောင်းကင်ကံကြမ္မာကို တွက်ချက်မပေးနိုင်ချေ။ သို့ရာတွင် အလုံးစုံသိမြင်ကားချပ်သည် ပါရမီစစ်ဆေးရာတွင် ပြိုင်ဘက်ကင်း ဖြစ်သဖြင့် ဤသည်မှာ စစ်ဆေးမှုအတွက် သူ လက်လွတ်မခံနိုင်သော ရတနာပင်။
သို့ရာတွင် သူ၏ရည်ရွယ်ချက်များကို ခန်းမထဲတွင် ပွင့်ပွင့်လင်းလင်း မျှဝေ၍ မရချေ။
"နားလည်ပါပြီ..."
ကျောက်ယာ ကျန်းယန် နှင့် ဝမ်ယင်းတို့သည် သူ၏စေတနာကောင်းကို အပြည့်အဝ သိရှိကြသဖြင့် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"မင်းတို့ သုံးယောက်...ဘယ်သူ အရင် သွားမလဲ..."
ပိုင်ရှောင်ရှန့်၏အကြည့်က သူတို့အပေါ်သို့ ကျရောက်လာသည်။