ကံကြမ္မာမြစ်
Vol. 18 Ch. 241
သူ တစ်ယောက်တည်း ကြက်သေသေသွားရုံသာမက ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည်လည်း မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။ အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက် ခန်းမထဲတွင် ကျယ်လောင်သော ရယ်မောသံများ ပွင့်အံ့ထွက်လာသည်။
"စစ်ဆေးပွဲကို ကြက်တစ်ကောင်နဲ့ မြင်းတစ်ကောင် ခေါ်လာတယ် ဟုတ်လား...ဒါက ဘယ်လို ဟာသမျိုးလဲ..."
"သူတို့က ဒီနှစ်ကောင် ကံကြမ္မာ ရှာဖွေခြင်းမှာ အောင်မြင်ပြီးတော့ ကံကြမ္မာဆရာသခင်တွေ ဖြစ်လာမယ်လို့ ထင်နေကြတာလား"
"ဒီထက်မြက်တဲ့ အကြံဉာဏ်ကို ဘယ်သူ ရသွားတာလဲ....ဒါက ငါ သုံးနှစ်လောက် တွေးကြည့်မိတိုင်း ရယ်နေရမယ့် အဖြစ်အပျက်ပဲ"
"ငါက မင်းထက် သာတယ်...ငါက ဆယ်နှစ်လောက်ထိ ရယ်နေရမှာ..."
ခန်းမတစ်ခုလုံး စကားပြောသံ လှောင်ပြောင်ရယ်မောသံများဖြင့် ပွက်လောရိုက်သွားသည်။
ထိုလှောင်ပြောင်သံများကို ကြားချိန်၌ အကြီးအကဲ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။ သူ၏အကြည့်သည် ခန်းမအတွင်းသို့ ဝေ့ဝိုက်၍ ကျရောက်သွားပေ၏။
"သူတို့ကို ဘယ်သူ ခေါ်လာတာလဲ"
"အကြီးအကဲကို သတင်းပို့ပါတယ်....သူတို့က ကျွန်တော့်ရဲ့ အိမ်မွေးသားရဲတွေပါ..."
ကျန်းရွှမ်က ရှေ့ထွက်လိုက်သည်။
"အိမ်မွေးသားရဲတွေ ဟုတ်လား...ဒီ သာမန် တိရစ္ဆာန်တွေက အိမ်မွေးသားရဲတွေဖြစ်ဖို့ အရည်အချင်း မီလို့လား"
အကြီးအကဲက ဒေါသတကြီး အော်ငေါက်လေသည်။
'တခြားလူတွေ အိမ်မွေးသားရဲအနေနဲ့ မွေးကြတာက ခရီးဝေး သွားလာဖို့ ပျံသန်းနိုင်တဲ့ ရင်းမြစ်သားရဲတွေ ဒါမှမဟုတ် တိုက်ပွဲမှာ အထောက်အကူ ပေးနိုင်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ သားရဲတွေ မွေးကြတာ... ဒါပေမဲ့ မင်းကကြက်တစ်ကောင်နဲ့ မြင်းတစ်ကောင် ဟုတ်လား.... ဒါက ဘာလဲ မင်းက ဗိုက်ဆာတတ်လို့ ညစာကို ကြိုပြီးပြင်ဆင်ထားတာလား'
"အကြီးအကဲ...ခင်ဗျား ဆိုလိုတာက သူတို့က စမ်းသပ်မှုကို ခံယူလို့ မရဘူးလား"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ကံကြမ္မာခန်းမက စစ်ဆေးဖို့ အခကြေးငွေပေးတဲ့ ဘယ်သူ့ကိုမဆို လက်မခံဘူးလား"
"လက်ခံတာပေါ့...ဒါပေမဲ့ သူတို့ကို စမ်းသပ်မှု ခံယူခွင့်ပေးတာက ငွေတွေကို လွှင့်ပစ်တာနဲ့ အတူတူပဲ..."
အကြီးအကဲက ခေါင်းခါယမ်းလိုက်၏။
အကြီးအကဲကျူးရွှင်သည် ကျိုးယီအင်ပါယာ၏ ကံကြမ္မာခန်းမတွင် စစ်ဆေးမှုများကို တာဝန်ယူရသူပင်။ ချမ်းသာကြွယ်ဝသော လူတချို့တွင် ထူးဆန်းသော ဝါသနာများ ရှိတတ်သည်ကို သူ ကောင်းစွာသိရှိထားသည်။ သို့ရာတွင် ဤသားရဲနှစ်ကောင်အတွက် စမ်းသပ်မှုခံယူခွင့် ပေးခြင်းမှာမူ ထူးဆန်းသောဝါသနာ မဟုတ်ဘဲ ရူးသွပ်မှုပင်။
ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်သည် မည်သည့်မိသားစုအတွက်မဆို သိသာထင်ရှားသော ငွေပမာဏပင်။
"အကြီးအကဲဘက်က ခွင့်ပြုသရွေ့ အဆင်ပြေပါတယ်...သူတို့ကို ဆက်လုပ်ခွင့်ပေးဖို့ ခင်ဗျားကို အနှောင့်အယှက် ပေးပါရစေ"
ကျန်းရွှမ်သည် နောက်ထပ်ရှင်းပြရန် စိတ်မဝင်စားတော့ဘဲ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။
ကြက်ပေါက်လေးနှင့် ပတ်သက်၍ ကျန်းရွှမ်သည် သူ အောင်မြင်မည့်အပေါ် ယုံကြည်ချက်ရှိသည်။ သောက်လီ အတွက်မူ သူ သိပ်မသေချာချေ။ မည်သို့ပင်ဆိုစေကာမူ သောက်လီသည် သူ ရင်းမြစ်ကမ္ဘာမှ ကြုံရာကျပန်း ကောက်ယူခဲ့သော မြင်းတစ်ကောင်မျှသာ ဖြစ်ပြီး စကြဝဠာတခွင်လုံးရှိ မရေမတွက်နိုင်သော တိုက်ပွဲများတွင် သူ့ကို အဖော်ပြုခဲ့သော ကြက်ပေါက်လေးနှင့် မတူညီပေ။
"ကောင်းပြီလေ..."
ကျန်းရွှမ်၏ အခိုင်အမာတောင်းဆိုမှုကို မြင်တွေ့ချိန်၌ အကြီးအကဲကျူးရွှင်သည် တွေဝေတုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။ စမ်းသပ်မှုခံယူသူသည် လူ သို့မဟုတ် မြင်း ဖြစ်စေ သူ ဂရုမစိုက်တော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့အတွက် အခကြေးငွေ ရရှိထားပေ၏။
လူများအားလုံး ဝင်ရောက်ရန် ဟန်ပြင်နေစဥ်တွင် ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ယန်ဆန်းရှစ်ဆန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော် ကန့်ကွက်တယ်.."
"မင်းကလား..."
အကြီးအကဲကျူးရွှင် စိတ်ရှုပ်ထွေးသွားကာ ကျန်းရွှမ်သည်လည်း ထပ်တူထပ်မျှပင်။
'ငါ့ပိုက်ဆံ ငါသုံးတာက မင်းနဲ့ ဘာဆိုင်လို့လဲ...'
"ကျွန်တော်က ကျိုးယီအင်ပါယာရဲ့ ထင်ရှားတဲ့ ပါရမီရှင်...ကြယ်စင်မြစ် ပါရမီရှင်စာရင်းမှာ အဆင့်တစ်ချိတ်တယ်...ကျွန်တော်က တခြားလူတွေနဲ့အတူ စစ်ဆေးခံရတာကို ဂရုမစိုက်ဘူး... ဒါပေမဲ့ ကြက်တစ်ကောင် မြင်းတစ်ကောင်နဲ့အတူ အုပ်စုဖွဲ့ခံရတာက လုံးဝကို စော်ကားမှုတစ်ခုပဲ"
ယန်ဆန်းရှစ်ဆန်းက သူ၏လက်များကို နောက်ပစ်ပြီး မကျေမနပ်ပြောဆိုသည်။
သူ၏မာန်မာနသည် သိသာထင်ရှားနေပေ၏။ ဖေးလင်နှင့်ဆုယွင်ကျဲ့တို့ကဲ့သို့ ထိပ်သီးကျင့်ကြံသူများပင် သူ့ကို ရင်ဆိုင်နိုင်ရန် ပူးပေါင်းခဲ့ရသည်။ ယခုချိန်၌ ရင်းမြစ်သားရဲပင် မဟုတ်သော တိရစ္ဆာန်များနှင့်အတူ ကံကြမ္မာဆရာသခင်စစ်ဆေးမှုကို ခံယူခိုင်းခြင်းသည် သူ့အတွက် အရှက်ရစရာ ကိစ္စတစ်ရပ်ပင်။
"ရှင်က အတွေးလွန်နေပြီ.. ဒီနှစ်ကောင်က ဆရာ့ရဲ့ သားရဲတွေတင် မဟုတ်ဘဲနဲ့ သူ့ရဲ့မိတ်တွေတွေလည်း ဟုတ်တယ်....သူတို့ ကစစ်ဆေးမှုအတွက် ဒီကို လာတယ်ဆိုရင် ဒါက ကံကြမ္မာဆရာသခင် ဖြစ်လာဖို့ပဲ...ဘယ်သူ့ကိုမှ စော်ကားဖို့ မဟုတ်ဘူး...ဒါ့ပြင်..."
ခုန်းရှီယောင်က မျက်မှောင်ကြုတ်ပြီး ရှင်းပြသည်။
"ကျွန်မလည်း ရှင်နဲ့အတူ စမ်းသပ်မှု ယူနေတာပဲ မဟုတ်လား"
"ဒါ..."
ယန်ဆန်းရှစ်ဆန်း တွေဝေတုံ့ဆိုင်းသွားသည်။
"ကောင်းပြီလေ...ဒီတစ်ကြိမ်မှာ စမ်းသပ်မှု ခံယူလိုက်မယ်....ဒါပေမဲ့ မင်းရဲ့ အစောပိုင်းက ကူညီခဲ့မှုကို ပြန်ပေးဆပ်ပြီးပြီလို့ သတ်မှတ်လိုက်ပါ"
"ဒါဆိုရင်လည်း ပြီးတာပဲ"
ခုန်းရှီယောင်က သဘောတူလိုက်သည်။ ဤသည်မှာ ယခင်ကတည်းက သိသာထင်ရှားသော ကူညီမှု မဟုတ်ချေ။ ထို့ကြောင့် သူ ပြန်ပေးဆပ်ပြီးပြီဟု ခံစားရလျှင်လည်း သူမ ဂရုစိုက်နေမည်မဟုတ်ပေ။
စိတ်မကျေမနပ် ဖြစ်နေသေးသော်လည်း ယန်ဆန်းရှစ်ဆန်း သူ၏လက်ကို ဝှေ့ယမ်းပြီး အကြီးအကဲကျူးရွှင်ဘက်သို့ လှည့်လိုက်သည်။
"ကျွန်တော့်မှာ နောက်ထပ် ပြဿနာ မရှိတော့ပါဘူး"
အကြီးအကဲကျူးရွှင်က သက်ပြင်းချလိုက်ပြီး သူ၏လက်ဖြင့် လက်ဟန်ပြလိုက်သည်။ အခန်း၏ကျောက်တံခါးကြီးဖြည်းညင်းစွာ ပွင့်သွားလေ၏။
"ဝင်ကြတော့....နောက်ဆုံးမှတ်ထားရမှာက မင်းတို့က ဖိအားကို တောင့်မခံနိုင်တော့ဘူးဆိုရင် ချက်ချင်း ထွက်ခဲ့ပါ....မဟုတ်ရင် ဒါက မင်းတို့ရဲ့စိတ်ဝိညာဉ်ကို ပျက်စီးသွားစေနိုင်လောက်တဲ့ ထိခိုက်မှုကို ဖြစ်စေနိုင်တယ်"
သူတို့အဖွဲ့သည် ခေါင်းညိတ်ပြပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ သောက်လီနှင့်ကြက်ပေါက်လေးက ကျန်းရွှမ်ကို နောက်ပြန် လှည့်ကြည့်လိုက်၏။
"မင်းတို့နဲ့ သင့်တော်တာကိုရှာဖို့ အချိန်ယူပြီး လေ့လာခဲ့ကြ...ဘာမှ မတွေ့ရင်လည်း စိတ်မပူနဲ့... ငါ နောက်မှ ကူညီပေးမယ်...ဒါက စစ်ဆေးမှုအတွက်ပဲ"
ကျန်းရွှမ်က အကြံပေးလိုက်သည်။
"နားလည်ပါပြီ"
ခုန်းရှီယောင် ကြက်ပေါက်လေးနှင့် သောက်လီတို့အားလုံး တပြိုင်နက်တည်း ခေါင်းညိတ်ပြပြီး အခန်းအတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားကြသည်။
"ဒီလိုတိရစ္ဆာန်တွေက လူစကားကို နားလည်နိုင်လို့လား..."
"ကြက်တစ်ကောင်နဲ့ မြင်းတစ်ကောင်ကို စမ်းသပ်တယ်....ဒီကောင် ရူးသွားပြီ..."
"သူ ဘယ်လောက်ထိ အရှက်ကွဲမလဲဆိုတာ စောင့်ကြည့်ရအောင်..."
"အရှက်ကွဲတာ ဟုတ်လာ... ငါ နောက်မှ သူ့မျက်နှာကို တံတွေးနဲ့ ထွေးပြမယ်... စောင့်ကြည့်နေကြစမ်း..."
ကျန်းရွှမ်သည် တိရစ္ဆာန် နှစ်ကောင်ကို အလေးအနက် ညွှန်ကြားနေသည်ကို ကြည့်ရင်း ခန်းမအတွင်းတွင် ရယ်သံများ ထပ်မံ၍ ပွင့်အံထွက်လာသည်။ အကြီးအကဲကျူးရွှင်ပင်လျှင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်၏။
သူသည် ခြိုးခြံချွေတာမှုမရှိသည်ကို မြင်ဖူးသော်လည်း ဤသည်မှာ ပြိုင်ဘက်ကင်းသော ဖြုန်းတီးမှုပြပွဲတစ်ခုအလားပင်။ ဤသည်မှာ ထိုရင်းမြစ်ဒင်္ဂါးသန်းခြောက်ဆယ်ကို ရေထဲသို့ လွှင့်ပစ်လိုက်သည့်အလားပင်။
ခုန်းရှီယောင် ကြက်ပေါက်လေးနှင့် တခြားလူများ ဝင်သွားသည်နှင့် တဂျိမ်းဂျိမ်းအသံများ ပဲ့တင်ထပ်လာပြီး သူတို့၏နောက်ရှိ ကျောက်တံခါးကြီး ပိတ်သွားသည်။ သူတို့သည် မီတာသုံးဆယ်ကျော် အချင်းရှိသော အခန်းကြီးတစ်ခန်းထဲသို့ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ရှေ့တွင် ကျောက်တိုင်ရှစ်တိုင် တည်ရှိနေပြီး လွှမ်းမိုးချုပ်နိုင်သော အရှိန်အဝါများ ထုတ်လွှတ်ထားသည့် မန္တန်စာလုံးများဖြင့် ဖုံးလွှမ်းနေသည်။
"မကြာခင်မှာ အခြေအနေတွေ ပြင်းထန်လာတော့မယ်....မင်းရဲ့ဆရာက ဒီနေရာမှာ မရှိဘူး...မင်းက ငါ့ရဲ့အကူအညီကို တကယ်ကြီး မလိုအပ်ဘူးဆိုတာ သေချာလား"
ယန်ဆန်းရှစ်ဆန်းက ခုန်းရှီယောင်ဘက်သို့ လှည့်လိုက်သည်။ သူ၏မျက်နှာအမူအယာသည် စိတ်ရင်းမှန်ကို ပြသနေပေ၏။
"မင်းရဲ့ကူညီမှုက ငါ့အပေါ်မှာ အကျုံးဝင်နေတုန်းပဲ..."
"မလိုအပ်ဘူး..."
ခုန်းရှီယောင်က ထပ်မံ၍ ငြင်းပယ်လိုက်သည်။
ကံကြမ္မာရှာဖွေခြင်းသည် ကိုယ်ပိုင်ခရီးတစ်ခုပင်။ သူမသည် မည်သူ့ဆီက အကူအညီကိုမျှ မလိုအပ်ချေ။
ယန်ဆန်းရှစ်ဆန်းသည် နောက်ထပ် စကားမပြောတော့ဘဲ တိတ်တဆိတ်မတ်တတ်ရပ်၍ စောင့်ဆိုင်းနေသည်။ မကြာမီမှာပင် ကောင်းကင်ကံကြမ္မာ စွမ်းအင်လှိုင်းများ တိုးဝင်လာပြီး လူများအားလုံးသည် ကြီးမားကျယ်ပြန့်သော မြစ်တစ်စင်းထဲသို့ ထိုးကျသွားသည့်အလား အချိန်တခဏတာကြာခန့် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထိုမြစ်သည် အဆုံးအစ မရှိပေ။ အထက်ဘက်တွင် မြစ်ဖျားမရှိ အောက်ဘက်တွင် အဆုံးသတ် မရှိသည့်အပြင် ကမ်းစပ်နှစ်ဖက်ကို မမြင်နိုင်ချေ။ သူတို့သည် အခန်းထဲမှ ထွက်ခွာသွားပြီးနောက် အဆုံးမရှိဘဲ တဟုန်ထိုး စီးဆင်းနေသော ရေစီးကြောင်းထဲသို့ ကျရောက်သွားသည့်အလားပင်။
ရေစီးသံများထွက်ပေါ်နေသော ရေစီးကြောင်းမှလွဲ၍ တခြားမည်သည့်အသံမျှ မရှိချေ။
"ဒါက ကံကြမ္မာ မြစ်လား.... မဟုတ်ဘူး...ဒါက ကံကြမ္မာခန်းမက အကုန်အကျ အများကြီး ခံပြီး ဖန်တီးထားတဲ့ ပုံတူမြစ်တစ်စင်းပဲ ဖြစ်ရမယ်...အစစ်အမှန်ကံကြမ္မာမြစ်ကို ဆင့်ခေါ်ဖို့က ကြယ်စင်မြစ်နယ်ပယ်ထက် ကျော်လွန်တဲ့ စွမ်းအား လိုအပ်တယ်..."
ခုန်းရှီယောင်က သူမဆရာ၏ သင်ကြားမှုများကို ပြန်လည်၍အမှန်ရလိုက်သည်။
အစစ်အမှန်ကံကြမ္မာမြစ်သည် မည်သူမျှ မသိနိုင်သော လေဟာနယ်တစ်ခုတွင် တည်ရှိပြီး ကျင့်ကြံသူအများစုအတွက် လက်လှမ်းမမီနိုင်သောအရာပင်။
ခုန်းရှီယောင်သည် စိတ်ကိုဖြေလျှော့ပြီး သူမကိုယ်သူမ စွမ်းအင်မြစ်ထဲ၌ နစ်မြုပ်စေလိုက်ရာ သူမသည် ရေအောက်တွင် အသက်ရှူနိုင်သေးသည်အား သတိပြုမိပြီး သက်ပြင်းချလိုက်သည်။ ဤသည်မှာ အစစ်အမှန်ကံကြမ္မာမြစ် မဟုတ်ချေ။
အစစ်အမှန်ကံကြမ္မာမြစ်တွင် လူများအားလုံးထံ၌ ရွေးချယ်ခွင့်မရှိချေ။ ထိုမြစ်ထဲတွင် တစ်စုံတစ်ယောက်သည် ကံကြမ္မာ၏သနားညှာတာမှုအပေါ် လုံးလုံးလျားလျား မှီခိုနေရသည်။ အရာအားလုံးကို ကြိုတင်သတ်မှတ်ပြီးဖြစ်ကာ မည်သည့်အရာကိုမျှ အတင်းအကြပ် လုပ်ယူ၍ မရချေ။ ထူးခြားသော ပါရမီရှိသူများသာ အနည်းငယ် ရေကူးနိုင်ပြီး အခွင့်အရေးကို အသုံးပြု၍ သူတို့၏ သတ်မှတ်ထားသော ကံကြမ္မာကို ရှာဖွေနိုင်သည်။
သူမသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
မြစ်အတွင်းတွင် ကံကြမ္မာငါးများက တစ်ခါတစ်ရံ ကြယ်ကြွေများ ပျံ့လွင့်သွားသည့်အလား ကူးခတ်သွားကြသည်။ ထိုငါးများသည် ရွှေရောင် ငွေရောင် နှင့် မီးခိုးရောင် အရောင်အသွေးများရှိကြပြီး အုပ်စုတစ်စုချင်းစီ၏ အရေအတွက်နှင့်တောက်ပမှုမှာ ကွဲပြားခြားနားသည်။
"ဒါတွေက အခွင့်အလမ်းတွေ ဖြစ်ရမယ်... ရွှေရောင်တွေက တန်ဖိုးအရှိဆုံး..ငွေရောင်က ဒုတိယ မီးခိုးရောင်က အားအနည်းဆုံးပဲ.... ငါ ငါးတစ်ကောင်ကို ဖမ်းနိုင်ခဲ့ရင် ငါ့ရဲ့ကံကြမ္မာကို ငါ ရှာတွေ့ပြီ"
ခုန်းရှီယောင်၏မျက်လုံးများ တောက်ပသွားသည်။
ကံကြမ္မာမြစ်သည် အခွင့်အလမ်းများကို မကြာခဏ ပေးလေ့ရှိသည်။ တချို့အခွင့်အလမ်းများသည် ကြီးမားပြီး အချို့ကမူ သေးငယ်သည်။ သိသာထင်ရှားသော အခွင့်အလမ်းတစ်ခုကို ဆုပ်ကိုင်နိုင်ခြင်းသည် တစ်စုံတစ်ယောက်၏ ဘဝကို လုံးလုံးလျားလျား ပြောင်းလဲစေနိုင်ပြီး သေးငယ်သော တစ်ခုပင်လျှင် ယာယီအောင်မြင်မှုနှင့် ဘေးကင်းလုံခြုံမှုတို့ကို သေချာစေနိုင်သည်။
တစ်နည်းအားဖြင့် ဤကံကြမ္မာငါးများအနက်မှ တစ်ကောင်ကို ဖမ်းနိုင်ခြင်းသည် တစ်စုံတစ်ယောက်ကို သူတို့၏ကံကြမ္မာအား ပေးအပ်နိုင်ပြီး ပြိုင်ဘက်ကင်းသော အောင်မြင်မှုသို့ ဦးတည်စေနိုင်သည်။
သူမသည် ငါးတစ်ကောင်ကို လှမ်းဖမ်းရန် ဟန်ပြင်လိုက်စဥ်တွင် အနီးအနားမှ ရေများပန်းထွက်သွားသံကို ကြားလိုက်ရသည်။ ပုံရိပ်တစ်ခုက သူမထံသို့ ယက်ကန်ယက်ကန် ကူးခတ်လာသည်။
ဤသည်မှာ ယန်ဆန်းရှစ်ဆန်းမှလွဲ၍ တခြားလူမဟုတ်ပေ။
သူသည် ရေကူးနိုင်သော်လည်း သူ့ကိုကြည့်ရသည်မှာ ကိုးရိုးကားယားနှင့် အဆင်မပြေဖြစ်နေပုံရသည်။ ဤသည်မှာ အစောပိုင်းက အစွမ်းထက်သော ပြိုင်ဘက်နှစ်ဦးကို ရင်ဆိုင်ခဲ့စဉ်က သူ၏ခန့်ညားမှုနှင့် ကွာခြားနေသည်။
"ငါ့နောက်ကို လိုက်ခဲ့...ငါက မင်းကို အခွင့်အလမ်းတစ်ခု ဖမ်းဆုပ်နိုင်ဖို့ ကူညီပေးမယ်"
ယန်ဆန်းရှစ်ဆန်း၏ ခန္ဓာကိုယ်တွင် ချွေးများစိုရွှဲနေပြီး သူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီနေကာ ပြတ်ပြတ်သားသား ပြောဆိုသည်။
"ရှင်က ကျွန်မကို ကူညီမယ်...ဟုတ်လား"
ခုန်းရှီယောင် အံ့အားသင့်သွားသည်။
သူမသည် အစောပိုင်းက သူ့အတွက် အားပေးစကားတစ်ခွန်းတည်း ပြောခဲ့ရုံသက်သက်ပင်။ သူသည် ဤမျှအဆင့်ထိ စိတ်အားထက်သန်နေရန် တကယ်ကြီး လိုအပ်ပါသလော....
"ငါက ကောင်းကင်ကံကြမ္မာစွမ်းအင်တချို့ကို ခံနိုင်ရည် ရှိတယ်....ငါ့ရဲ့အနားမှာ ကပ်နေ...ဒါဆိုရင် မင်းအတွက် ပိုပြီးလွယ်ကူလိမ့်မယ်...မင်းက မီးခိုးရောင် ဒါမှမဟုတ် ငွေရောင် အခွင့်အလမ်းတစ်ခုကိုတောင် ဖမ်းမိနိုင်တယ်"
ယန်ဆန်းရှစ်ဆန်းက ရှင်းပြသည်။
ခုန်းရှီယောင်သည် အထင်မကြီးချေ။
"ဘာလို့ ကျွန်မ ရွှေရောင်ငါးတစ်ကောင် ဖမ်းလို့ မရတာလဲ"
ယန်ဆန်းရှစ်ဆန်းက ခေါင်းခါလိုက်သည်။
"အခွင့်အလမ်းတွေက စွမ်းအားတွေမတူဘူး... ရွှေရောင်ငါးတစ်ကောင်ကို ဆုပ်ကိုင်တာက ပြင်းထန်တဲ့ ကောင်းကင်ကံကြမ္မာ စွမ်းအင် တန်ပြန်သက်ရောက်မှုကို နှိုးဆွနိုင်တယ်... မင်း မပြောနဲ့ ငါတောင် မခံနိုင်လောက်ဘူး... အတင်းအကြပ် လုပ်တာက ကံကောင်းခြင်း မဟုတ်ဘဲနဲ့ ဘေးအန္တရာယ်ကိုပဲ ယူဆောင်လာလိမ့်မယ်"
"ဒါက တကယ်ကြီး ဆိုးရွားတာလား"
ခုန်းရှီယောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ဆရာသည် ဤကိစ္စကို မပြောခဲ့ချေ။ ဖြစ်နိုင်သည်မှာ ဤကိစ္စကို သူ မသိခြင်းပင်။
သို့ရာတွင် ဤသည်မှာ အဓိပ္ပာယ် ရှိသည်။ သမိုင်းတလျှောက်၌ လူများအားလုံးသည် အမြင့်ဆုံး အခွင့်အလမ်းများကို မပိုင်ဆိုင်နိုင်ခဲ့ဘူး။ ချင်မင်းဆက်၏ ပရမ်းပတာအခြေအနေကြားတွင် လျိုပန်သည် ဧကရာဇ် ဖြစ်သွားပြီး ဒဏ္ဍာရီလာ စစ်သည်တော် ရှန်းယွီကမူ ကျဆုံးခဲ့သည် မဟုတ်လော...။
ပါရမီသည် အရေးကြီးပြီး ရှန်းယွီထံတွင် ဧကရာဇ်ဖြစ်ရန် ကံကြမ္မာ ပါမလာခဲ့ချေ။
"ဒါက အမှန်ပဲ"
ယန်ဆန်းရှစ်ဆန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။
"ဒါကြောင့် အခွင့်အလမ်းတွေက ရှားပါးပြီးတော့ လူတိုင်းက အဲ့ဒီအရာတွေကို မဆုပ်ကိုင်နိုင်ဘူး.... ဥပမာအနေနဲ့ မင်းရဲ့ဆရာမွေးထားတဲ့ အဲ့ဒီ ကြက်နဲ့ မြင်းကိုပဲ ကြည့်လိုက်အုံး.... သူတို့က ရင်းမြစ်သားရဲတွေတောင် မဟုတ်ဘူး.... အခွင့်အလမ်းတွေ သူတို့ ရှေ့မှာ ပေါ်လာရင်တောင် သူတို့က ဘယ်လိုလုပ်ပြီး ဆုပ်ကိုင်နိုင်မှာလဲ.. ဒါက ပိုက်ဆံ ဖြုန်းတီးတာသက်သက်ပဲ..."
အဟွတ်...အဟွတ်....
ခုန်းရှီယောင်က အနေခက်သောအမူအယာဖြင့် သူ၏ပခုံးကို ပုတ်လိုက်သည်။
"အင်း.. ဆန်းရှစ်ဆန်း ရှင် နောက်ကို လှည့်ကြည့်သင့်တယ်လို့ ကျွန်မ ထင်တယ်"
"နောက်ကိုလှည့်ကြည့်ရမယ် ဟုတ်လား....ဘာကိုလဲ.. ဒါက ဘာထူးခြားတာ.."
ယန်ဆန်းရှစ်ဆန်းက လှောင်ပြောင်သရော်လိုက်သော်လည်း သူ၏စကား တစ်ဝက်တစ်ပျက်မှာပင် ကြက်သေသွားသည်။
ကြက်ပေါက်လေး...
သူ အစောပိုင်းက လှောင်ပြောင်ခဲ့သော တိရစ္ဆာန်သည် ကံကြမ္မာမြစ်ထဲတွင် အေးအေးဆေးဆေး ကူးခတ်နေသည်။ သူသည် လွယ်ကူသော လှုပ်ရှားမှုများဖြင့် ဟိုဟိုသည်သည် ကူးခတ်နေလေ၏။ ရုတ်တရက် ကြက်ပေါက်လေးသည် ရေကို ထိုးဆိတ်လိုက်ရာ ရွှေရောင်ကံကြမ္မာငါးတစ်ကောင်က သူ၏ နှုတ်သီးထဲတွင် ထွက်ပေါ်လာပြီး ကျယ်လောင်သော "ဂျွတ်"ခနဲအသံနှင့်အတူ ချက်ချင်းဝါးစားခံလိုက်ရသည်။
"ဒါက "
ယန်ဆန်းရှစ်ဆန်း လုံးလုံးလျားလျား ကြက်သေသေသွားသည်။
သူသည် မီတာဝက်လောက် ရေကူးနိုင်ရန် ရုန်းကန်နေခဲ့ရသည်။ သို့ရာတွင် ရင်းမြစ်သားရဲအဖြစ်တောင် မသတ်မှတ်နိုင်သော ကြက်တစ်ကောင်သည် လွတ်လွတ်လပ်လပ် ရေကူးနေရုံသာမကဘဲ ရွှေရောင်အခွင့်အလမ်းတစ်ခုကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်၏။
တစ်ယောက်ယောက်... ငါ့ကို ပြောပြကြပါအုံး..ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ...