ကံကြမ္မာခန်းမ ပေါက်ကွဲခြင်း
Vol. 18 Ch. 244
"သူတို့အားလုံး ရှုံးနိမ့်သွားတာ သေချာတယ်... မဟုတ်ရင် တစ်ယောက်မှ မအောင်မြင်ဘဲ ဒီလောက်ထိ အချိန်ကြာနေမှာ မဟုတ်ဘူး..."
"ခုဏက ယန်ဆန်းရှစ်ဆန်းနဲ့ တခြားလူတွေက လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်မပြည့်ခင်မှာတောင် ဒါကို လုပ်နိုင်ခဲ့ကြတယ်... ခုထိတော့ နာမည်တွေ မပေါ်လာသေးဘူး... လှုပ်ရှားမှုလည်း မရှိဘူး...သူတို့ထဲက တစ်ယောက်မှ ကံကြမ္မာဆရာသခင် ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်..."
"ငါတို့က ကြက်တစ်ကောင်ထက်တောင် ပိုဆိုးနေပြီးတော့ သူကိုယ်တိုင်ကလည်း ဘာမှမထူးဘူး....ဒါက တကယ့်ကို ရယ်စရာပဲ..."
လူအုပ်ကြီးထံမှ အမျိုးမျိုးသော ဆွေးနွေးသံများ ပွင့်အံ့ထွက်လာပြီး တချို့သည် စိတ်ရှုပ်ထွေးကာ တချို့ကမူ လှောင်ပြောင်နေကြသည်။
ထိုကျန်းရွှမ်သည် လူများအားလုံးကို အရှက်ခွဲရန် ကြက်တစ်ကောင်နှင့် မြင်းတစ်ကောင်ကို အသုံးပြုခဲ့သည်။ ယခုချိန်၌ သူ အမှားလုပ်မိသဖြင့် အပြစ်တင်ရန် အခွင့်အရေးရလာသောကြောင့် သူတို့က ထိုအရာကို လက်လွှတ်ခံမည် မဟုတ်သည်မှာ သေချာပေါက်ပင်။
တစ်စုံတစ်ယောက်သည် တစ်နေရာရာတွင် အရှက်ရမှုနှင့် ကြုံတွေ့ရချိန်၌ သူတို့သည် သူတို့၏ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် မကြာခဏ ကြိုးစားတတ်ကြသည်။ ဤသည်မှာ သူတို့၏စိတ်ကူးထဲတွင်သာ ဖြစ်နေလျှင်ပင် ကြိုးစားကြပေ၏။
"မဖြစ်နိုင်ဘူး..... ဆရာက သေချာပေါက် အောင်မြင်မှာ...."
ခုန်းရှီယောင်က ခေါင်းခါလိုက်ပြီး သူမ၏အကြည့် ခိုင်မာပြတ်သားနေသည်။
သူမပင်လျှင် အခက်အခဲအမြောက်အများမရှိဘဲ အောင်မြင်ခဲ့ပါက ဆရာကဲ့သို့ ပါရမီရှိသော တစ်စုံတစ်ယောက်က မည်သည်ကြောင့် ရှုံးနိမ့်နိုင်မည်နည်း။ ဤသည်မှာ ရယ်ရွှင်ဖွယ်ပြက်လုံးတစ်ခုသာ ဖြစ်ပေလိမ့်မည်။
"ယန်ဆန်းရှစ်ဆန်း... မင်း ဘယ်လိုထင်လဲ"
အကြီးအကဲကျူးရွှင်သည် မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသော လူငယ်ကို မမေးမြန်းဘဲ မနေနိုင်တော့ချေ
သူ၏မေးခွန်းကြောင့် ပတ်ဝန်းကျင်ရှိ လူအများသည် ဤထူးချွန်သော ပါရမီရှင်၏ ထင်မြင်ချက်ကိုကြားရန် စိတ်အားထက်သန်လာသဖြင့် သူတို့၏တိုင်ပင်ဆွေးနွေးမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။
"ကျွန်တော်..."
အချိန်တခဏကြာမျှ တွေဝေပြီးနောက် ယန်ဆန်းရှစ်ဆန်းက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်ကတော့ သခင်ကြီးကျန်းနဲ့ သူ့ရဲ့တပည့်တွေအားလုံးက သူတို့ရဲ့ ကံကြမ္မာကို အောင်အောင်မြင်မြင် ရှာဖွေတွေ့ရှိပြီးတော့ စစ်မှန်တဲ့ ကံကြမ္မာဆရာသခင်တွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်..."
တခြားလူများသည် ခုန်းရှီယောင်တို့လူစုမှ သူတို့၏အခွင့်အလမ်းများကို မည်ကဲ့သို့ ဆုပ်ကိုင်ကြသည်ကို မမြင်ခဲ့ကြသော်လည်း သူသည် ထိုကိစ္စကို မျက်မြင်တွေ့ခဲ့ရသည်။
သူ အောင်မြင်ပြီးမြောက်ရန် အလွန်ကြိုးပမ်းခဲ့ရသောအရာသည် သူတို့အတွက် သူတို့၏အင်္ကျီလက်အတွင်းမှ ငှက်တစ်ကောင်ကို ဆွဲထုတ်သည့်အလား လွယ်ကူနေပုံရသည်။
တပည့်များပင်လျှင် ဤသို့ လုပ်ဆောင်နိုင်ပါက ဆရာဖြစ်သူသည် ပို၍ပင် ထူးခြားနေပေမည်။
"သူတို့က အောင်မြင်မှာ သေချာတယ်ဆိုရင် ဘာလို့ ခုထိ ဘယ်သူမှ မအောင်မြင်သေးတာလဲ"
"ဟုတ်တယ်.... ကံကြမ္မာကို နားလည်သဘောပေါက်တာက အချိန်အလိုက်ကွဲပြားပြီးတော့ စောလေလေ ပိုကောင်းလေလေလို့ အမြဲတမ်း မဟုတ်ပေမယ့် လူဆယ်ယောက်ကျော်ရှိနေရင် အနည်းဆုံးတော့ သူတို့ထဲက တစ်ယောက်က အခုချိန်မှာ အောင်မြင်သင့်ပြီ...."
"အကြီးအကဲကျူး...ဒီတစ်ကြိမ်မှာ သူတို့က လူတွေအများကြီး ဝင်သွားလို့ ခုလိုဖြစ်တာလို့ ခင်ဗျား ထင်လား... ဖြစ်နိုင်တာက သူတို့က အချင်းချင်း အကျိုးသက်ရောက်နေပြီးတော့ အရှိန်နှေးသွားတာလား"
"ဒါက ဖြစ်နိုင်တယ်..."
အကြီးအကဲကျူး ကြက်သေသေသွားသည်။ ထိုသို့သော အခြေအနေမျိုးသည် မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ တစ်ကြိမ်တည်းတွင် လူဆယ်ယောက်ကျော် ဝင်ရောက်ခြင်းသည် ဤနှစ်များတလျှောက် မကြုံစဖူး ကိစ္စတစ်ရပ်ပင်။
ဤသည်ကို အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် အဖြေမရသဖြင့် အကြီးအကဲကျူးသည် ထိုခွဲခြမ်းစိတ်ဖြာမှုကို ဘေးဖယ်ထားလိုက်ပြီး သူ၏စူးစမ်းလိုစိတ်ကို အနီးအနားရှိ လူငယ်ထံသို့ ပြန်လှည့်လိုက်သည်။
"စကားမစပ် ယန်ဆန်းရှစ်ဆန်း..ခုဏက တကယ်တော့ ဘာဖြစ်ခဲ့တာလဲ....မင်းတို့ထဲက ဒီလောက်များများက တစ်ချိန်တည်းမှာဘယ်လိုလုပ်ပြီး အောင်မြင်သွားခဲ့တာလဲ"
လူအုပ်ကြီး၏အာရုံစိုက်မှုသည် သူ့ထံသို့ နောက်တစ်ကြိမ် ရွှေ့ပြောင်းသွားပြီး ဤမေးခွန်းကို သူတို့လည်း ထပ်တူထပ်မျှ စိတ်ဝင်စားနေကြသည်။
"ကံကြမ္မာဆရာသခင် အကဲဖြတ်မှုမှာ ဖြတ်လမ်းမရှိဘူး...ငါတို့ထဲက လူဒီလောက်များများ တစ်ချိန်တည်းမှာ အောင်မြင်နိုင်ခဲ့တာက ငါတို့အားလုံးမှာ ထူးကဲတဲ့ပါရမီ ရှိနေလို့ပဲ..."
ခုန်းရှီယောင်၏ ညွှန်ကြားချက်များကို အမှတ်ရမိသဖြင့် ယန်ဆန်းရှစ်ဆန်းသည် များစွာဖွင့်ဟပြောဆိုဝံ့ခြင်း မရှိချေ။
"မင်းတို့အားလုံးက အရမ်းပါရမီမြင့်တယ်လို့ မင်း ပြောတယ်.... ငါ ဒါကို ယုံဖို့ ခက်ခဲပေမယ့် လက်ခံနိုင်တယ်....ဒါပေမဲ့ မင်းက အဲ့ဒီကြက်ကလည်း ပါရမီရှိတယ်လို့ ပြောနေတာလား...မင်းက ငါတို့တွေကို အရူးတွေလို သဘောထားနေတာလား"
လူငယ်တစ်ဦးက ခနဲ့တဲ့တဲ့ဖြင့် လှောင်ပြောင်လိုက်သည်။
"ဟုတ်တယ်.... အဲ့ဒီလို ကြက်မျိုးတွေကို ငါတို့ တစ်နှစ်ကို ရာနဲ့ချီပြီး စားနေတာ... ဒီကြက်ကသာ တကယ်ကြီး ပါရမီရှိခဲ့ရင် ဘာလို့ အသတ်ခံရဖို့ အရှုံးပေးနေမှာလဲ"
နောက်ထပ်လူငယ်တစ်ယောက်က ဝင်ရောက်ပြောဆိုသည်။
"ဒါက..."
ယန်ဆန်းရှစ်ဆန်း၏မျက်နှာအမူအယာသည် လုံးလုံးလျားလျား ကူကယ်ရာမဲ့သွားကာ ရှုံမဲ့သွားသည်။
အကယ်၍ ထိုကြက်သာ ပါရမီမရှိခဲ့ဟုဆိုလျှင် ဤသည်မှာ သူ့ကို မည်သည့်အရာ ဖြစ်သွားစေမည်နည်း။ သူသည် အမှိုက်ထက် နိမ့်ကျသူဖြစ်သွားမည် မဟုတ်လော။
သူ ရှင်းပြရန်အတွက် နည်းလမ်းတစ်ခု ရှာဖွေရန် အသည်းအသန် စဥ်းစားတွေးတောနေစဉ်မှာပင် အားကောင်းသော စွမ်းအားလှိုင်းတစ်ခုသည် မလှမ်းမကမ်းအကွာမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ယခင်က လှောင်ပြောင်ခံခဲ့ရသော ကြက်ပေါက်လေးသည် လွှမ်းမိုးချုပ်ကိုင်နိုင်လောက်အောင် အားကောင်းသော အရှိန်အဝါကို စတင်ထုတ်လွှတ်ပြုလာပြီး အစွမ်းထက်သော ကြက်ဖကြီးတစ်ကောင်၏ ဓမ္မပုံရိပ်ယောင်သည် သူ၏နောက်တွင် ထွက်ပေါ်လာပေ၏။
"ဒါ... ဒါက ဓမ္မရုပ်သွင်နယ်ပယ်မှာလား.. ဒါက ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံဆင့်ရှိတဲ့ ကြက်တစ်ကောင်လား"
ခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤမျှ သာမန်ပုံပေါက်သော ကြက်တစ်ကောင်အတွက် ရင်းမြစ်ရေအိုင်နယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိခြင်းပင်လျှင် လုံလောက်သည်အထိ အထင်ကြီးဖွယ်ကောင်းနေလေပြီ။ သို့ရာတွင် ယခုထွက်ပေါ်လာသည်မှာ ထိုကြက်သည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ အဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိနေပြီး ကံကြမ္မာကို နားလည်သဘောပေါက်ပြီးနောက် သူသည် တိုက်ရိုက်အဆင့်ချိုးဖျက်သွားသည်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် လက်ရှိနေရာတွင်ရှိနေသူများ၏ ထက်ဝက်ကျော်သည် ထိုကြက်၏ ကျင့်ကြံဆင့်နှင့် မယှဉ်နိုင်ကြောင်း သိသာထင်ရှားသည်။
"ဒီကြက်ကို အကဲဖြတ်မှုမှာ ပါဝင်ဖို့ ခေါ်လာခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး..ဓမ္မရုပ်သွင်နယ်ပယ်မှာရှိတဲ့ ကြက်တစ်ကောင်က သာမာန်ကြက်တစ်ကောင်သက်သက် မဟုတ်တော့ဘူး.... ဒါက ရင်းမြစ်သားရဲတစ်ကောင်ပဲ.... ဘယ်သူမဆို တူညီတဲ့ ရွေးချယ်မှုမျိုးကို လုပ်ခဲ့မှာပဲ"
"အမှန်ပဲ.... ငါတို့က ကြက်တစ်ကောင်နဲ့ မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံတယ်.... ဒါပေမဲ့ ငါတို့က မြင်းတွေကို နှစ်ပေါင်းများစွာကြာအောင် မွေးမြူခဲ့ကြပြီးတော့ သောက်လီမှာ အရည်အချင်း အတော်အသင့်ရှိပေမယ့် ဒါက သာမန်မြင်းတစ်ကောင်ပဲ....ဒီမြင်းက ကျင့်ကြံလို့မရဘူး... ဒီတော့ မြင်းက ဘယ်လိုလုပ်ပြီး ကံကြမ္မာကို နားလည်သဘောပေါက်နိုင်မှာလဲ"
တစ်စုံတစ်ယောက်က နောက်ထပ်သံသယတစ်ခုကို ထုတ်ဖော်လိုက်သည်။
လူအများ၏မေးခွန်းထုတ်မှုများ ဆက်လက်၍ ဖြစ်ပွားနေစဉ်တွင် သောက်လီသည် ရုတ်တရက် ရှည်လျားသောဟီသံတစ်သံကို ပြုလုပ်လိုက်သည်။ ထို့နောက် သူ၏ရှေ့ခြေများကို မြှောက်လိုက်ရာ ဓမ္မရုပ်သွင်တစ်ခုက သူ၏နောက်တွင် ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏အစစ်အမှန် ရုပ်ခန္ဓာကိုယ်နှင့် မတူဘဲ ဤဓမ္မရုပ်သွင်တွင် သူ၏နံရိုးများမှ အတောင်ပံများ ထွက်ပေါ်နေသည်။
"ဒါ... ဒါက ဒဏ္ဍာရီလာနတ်မြင်းပျံရဲ့ ဓမ္မရုပ်သွင်လား"
အကြီးအကဲကျူးရွှင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
"နတ်မြင်းပျံ ဟုတ်လား..."
လူအုပ်သည် ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
အကြီးအကဲကျူး၏ မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
"အမှန်ပဲ....နတ်မြင်းပျံက ဟင်းလင်းပြင်မှာ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာနိုင်ပြီးတော့ ကောင်းကင်နဲ့မြေပြင်တခွင်လုံးမှာ မယှဉ်နိုင်တဲ့ အရှိန်ကြောင့် နာမည်ကျော်ကြားတဲ့ နာမည်ကြီး နတ်ဘုရားသားရဲတစ်ကောင်ပဲ....ကံမကောင်းစွာနဲ့ ဒီလိုသားရဲမျိုးတွေက အရမ်းရှားပါးပြီး ကုန်းမြေတစ်ခုလုံးမှာ တစ်ကောင်တောင် မရှိနိုင်ဘူး....သောက်လီက နတ်မြင်းပျံရဲ့ ဓမ္မရုပ်သွင်ကို စုစည်းနိုင်ခဲ့တယ်ဆိုရင် ဒါက သူ့မှာ နတ်မြင်းပျံသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်လို့ အဓိပ္ပာယ်ရတယ် မဟုတ်လား"
"နတ်မြင်းပျံသွေးမျိုးဆက်....ဟုတ်လား...."
လူအများ၏မျက်လုံးများသည် စိတ်အားထက်သန်မှုကြောင့် တောက်ပသွားပေ၏။
သာမန်ရင်းမြစ်သားရဲတစ်ကောင်သည်ပင် လူအများကို စိတ်လှုပ်ရှားမှု ဖြစ်ပေါ်စေရန် လုံလောက်နေလေပြီဖြစ်သည်။ ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုဖြစ်သော နတ်မြင်းပျံ၏သွေးမျိုးဆက်သည် အရိပ်အယောင်မျှသာ ရှိနေလျှင်ပင် လုံးလုံးလျားလျား စွဲမက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။
"ဟီး..."
သောက်လီသည် သူတို့၏ထင်ကြေးပေးမှုများကို မထီမဲ့မြင်ပြုသည့်အနေဖြင့် နှာမှုတ်လိုက်သည်။
'နတ်မြင်းပျံ ဟုတ်လား.. ဖုန်ရှုလိုက်....ငါ့မှာ ဒီအတောင်ပံတွေ ရှိတာက ငါက သံအကြေးခွံ အတောင်ပံသားရဲတစ်ကောင်ရဲ့ သွေးအနှစ်သာရကို သန့်စင်ခဲ့လို့ပဲ.. ဒါက ငါ့ကို ဓမ္မရုပ်သွင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်စေခဲ့တယ်...နတ်မြင်းပျံ ဟုတ်လား....ကြားတောင် မကြားဖူးဘူး"
"ငါတို့ ကသူတို့ကို အထင်သေးခဲ့မိပုံပဲ..."
ကြက်ပေါက်လေးနှင့် သောက်လီတို့၏ သာလွန်ထူးကဲသော အရည်အချင်းများကို မျက်မြင်တွေ့ပြီးနောက် လူအများသည် အစောပိုင်းက သူတို့၏လှောင်ပြောင်သရော်မှုများ မှားယွင်းခဲ့ကြောင်း နားလည်သဘောပေါက်သွားကြသည်။ သူတို့သည် ယခုချိန်၌ ထိုသားရဲနှစ်ကောင်၏အရည်အချင်းကို လုံးလုံးလျားလျား အသိအမှတ်ပြုသွားကြလေပြီ။
ကျန်းရွှမ်သည် သူတို့ကို အကဲဖြတ်မှုခံယူရန်နှင့် ကံကြမ္မာကို ရှာဖွေရန် ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်ကို သုံးစွဲရန် ဆန္ဒရှိခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ဤကဲ့သို့သော ပါရမီနှင့် အလားအလာရှိနေသော သားရဲများရှိနေပါက မည်သူမဆို ထပ်တူထပ်မျှ လုပ်ဆောင်ခဲ့ပေလိမ့်မည်။
"သူ့ရဲ့ အိမ်မွေးသားရဲတွေနဲ့ တပည့်တွေက ဒီလောက် အံ့အားသင့်စရာကောင်းနေရင် ဘာလို့ ခုထိ ဘယ်သူမှ မအောင်မြင်သေးတာလဲ"
အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က နောက်ထပ်မေးခွန်းတစ်ခုကို အစဆွဲထုတ်လိုက်သည်။
ထိုအချိန်မှာပင် သူတို့ရှေ့ရှိ ကျောက်တိုင်မှ ရုတ်တရက် ခမ်းနားထည်ဝါသော အနီရောင်အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။
"တစ်ယောက်ယောက်တော့ အောင်မြင်သွားပြီ..."
လူအများ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိုနေရာသို့ လှည့်ကြည့်လိုက်ရာ နေမင်းကြီးကို တိုက်ရိုက်စူးစိုက်ကြည့်နေရသည့်အလား သူတို့၏အမြင်အာရုံများ မည်းမှောင်သွားသည်ကို ခံစားလိုက်ရသည်။
"ငါ့ရဲ့မျက်လုံးတွေ..."
လူများအားလုံးသည် သူတို့၏မျက်လုံးများကို အုပ်ကိုင်ထားပြီး မသက်မသာ ညည်းညူလိုက်ကြ၏။
ထိုအချိန်တွင် အကြီးအကဲကျူးရွှင်၏ခန္ဓာကိုယ်သည် တုန်ရီနေပြီး သူ၏မျက်ဆံများ ကျုံ့ဝင်သွားကာ သူ၏မျက်နှာတွင် လုံးလုံးလျားလျား မယုံကြည်နိုင်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"မျက်စိကျိန်းစေသော အလင်းတန်း... ဒါက တစ်ယောက်ယောက်က တတိယတန်းစား ကံကြမ္မာ ဒါမှမဟုတ် ဒီထက် ပိုမြင့်တာကို နားလည်သဘောပေါက်သွားတယ်လို့ အဓိပ္ပာယ်ရတယ် မဟုတ်လား...."
ကံကြမ္မာဆရာသခင် အကဲဖြတ်မှုများကို ကြီးကြပ်ကွပ်ကဲသော အကြီးအကဲတစ်ဦးအနေဖြင့် ကျူးရွှင်သည် ကျောက်တိုင်၏ တောက်ပမှုက မည်သည့်အရာကို အဓိပ္ပာယ်ဆောင်သည်အား ကောင်းစွာသိရှိထားသည်။
သာမန်အနီရောင်အလင်းတန်းသည် ကံကြမ္မာရွှေရောင်ငါးကို ဖမ်းဆုပ်မိကာ လေးစားဖွယ်ကောင်းသော ကံကြမ္မာနားလည်သဘောပေါက်မှုကို ပိုင်ဆိုင်ထားသည်ဟု အဓိပ္ပာယ်ရသည်။
မျက်စိကျိန်းစေသော အလင်းတန်းမှာမူ ဒဏ္ဍာရီလာဖြစ်ပြီး ထွက်ပေါ်လာရန်အတွက် တတိယတန်းစား ကံကြမ္မာ သို့မဟုတ် ထို့ထက် ပိုမြင့်သည့်အရာကို လိုအပ်သည်။ မကြာသေးမီက ဝင်ရောက်သွားသူများအနက်မှ တစ်စုံတစ်ယောက်သည် ထိုကဲ့သို့ ပါရမီကို ပိုင်ဆိုင်ထားသလော။
ရင်းမြစ်ကမ္ဘာတခွင်လုံးတွင် တတိယတန်းစားကံကြမ္မာ၏ လမ်းကြောင်းကိုးဆယ့်ကိုးခုသာ တည်ရှိပြီး တစ်ခုချင်းစီသည် ကြီးမားသော အင်အားစုတစ်ခုနှင့် ချိတ်ဆက်ထားသည်။ ထိုကံကြမ္မာတစ်ခုကို နားလည်သဘောပေါက်သူတိုင်းသည် ထိုအင်အားစုများ၏ တပည့်တစ်ဦး ဖြစ်လာရန် အခွင့်အရေး ရရှိနိုင်ပြီး သူတို့၏ အဆင့်အတန်းကို ချက်ချင်းမြှင့်တင်နိုင်သည်။
ဒုတိယတန်းစားကံကြမ္မာသည် ပို၍ပင်ရှားပါးပြီး လမ်းကြောင်းနှစ်ဆယ့်လေးခုသာ တည်ရှိသည်။ ထိုအင်အားစုနှစ်ဆယ့်လေးစုမှတစ်စု၏ အဓိကတပည့်တစ်ဦး ဖြစ်လာခြင်းသည် ကျိုးယီအင်ပါယာ ကံကြမ္မာခန်းမဆောင်မှ ကမ်းလှမ်းနိုင်သည်ထက် များစွာသာလွန်သော မနှိုင်းယှဉ်နိုင်သည့် အခွင့်အလမ်းများကို ပိုင်ဆိုင်နိုင်ခြင်းဟု အဓိပ္ပာယ်ရပေ၏။
စိတ်လှုပ်ရှားမှုများ သူ၏စိတ်အတွင်း၌ တိုးပွားလာပြီး သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူသည် မျက်စိကျိန်းစေသော အလင်းတန်းကို အတင်းအကျပ်တောင့်ခံ၍ကြည့်ကာ ထိုသို့သော ကံကြမ္မာကို မည်သူ ပိုင်ဆိုင်သည်အား တွေ့မြင်နိုင်ရန် စိတ်အားထက်သန်နေသည်။
သူ အဖြေကို မခွဲခြားနိုင်မီမှာပင် ကျောက်တိုင်၏တောက်ပမှုသည် ပို၍ပင် ပြင်းထန်လာပြီး လှုံ့ဆော်ခံရသည့်အလား မတည်ငြိမ်စွာ လင်းလက်နေကာ ခန်းမတစ်ခုလုံးကို လင်းထိန်နေစေသည်။ ကျူးရွှင်ပင်လျှင် သူ၏မျက်လုံးများကို ဖွင့်ထားရန် ရုန်းကန်နေရသည်။
တဝုန်းဝုန်းမြည်ဟီးသံများ ပွင့်အံ့ထွက်လာပြီး မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ကြီးမားသော စွမ်းအင်လှုပ်ခတ်မှုတစ်ခုသည် ခန်းမကို ဖြတ်သန်းသွားပြီး ကျူးရွှင်သည် ကျောက်တိုင်၏အပူချိန် မြင့်တက်လာသည်ကို ခံစားမိပြီး စည်းတံဆိပ်ခတ်သံမဏိတုံးကဲ့သို့ နီမြန်းတောက်ပလာသည်။
"တစ်ခုခု မှားယွင်းနေပြီ... လူတွေအားလုံး ခန်းမဆောင်ကနေ ချက်ချင်းထွက်သွားကြတော့"
ကျောက်တိုင်၏ မြင့်တက်လာသော မတည်ငြိမ်မှုနှင့် ပို၍ဆိုးရွားလာသော တုန်ခါမှုများကို အာရုံခံမိချိန်တွင် ကျူးရွှင်သည် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိလိုက်သည်။ သူသည် လူအများ၏အသက် အထူးသဖြင့် ကံကြမ္မာခန်းမဆောင်၏ အနာဂတ်အလားအလာများကိုရင်း၍ မစွန့်စားနိုင်ချေ။
"ဟုတ်ကဲ့"
သူ၏အမိန့်အောက်တွင် လူအများသည် ကျောက်တိုင်ကို ကြည့်ရှုရန် ကြိုးပမ်းမှုအား စွန့်လွှတ်ပြီး ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။ နောက်ဆုံးတွင် စူးရှတောက်ပသော အလင်းတန်းကြားတွင် သူတို့သည် မည်သည့်အရာကိုမျှ တွေ့မြင်နိုင်ခြင်း မရှိတော့ချေ။
"ဆရာ..."
ခုန်းရှီယောင် ရှန်ရှောင်ထျန်းနှင့် တခြားသူများကမူ စိုးရိမ်ပူပန်စွာ ကြည့်ရှုနေကြပြီး အခန်းထဲသို့ ပြေးဝင်ရန် ဟန်ပြင်နေကြသည်။ သူတို့ အဝေးကြီးသို့ မရောက်မီမှာပင် ကျူးရွှင်က သူတို့ကို ကြားဖြတ်ဟန့်တားလိုက်သည်။
"ချက်ချင်းထွက်သွားကြတော့...မင်းတို့အခု ဝင်သွားရင်တောင် မင်းတို့က ဘယ်သူ့ကိုမှ ကယ်တင်နိုင်မှာ မဟုတ်တဲ့အပြင် မင်းတို့ရဲ့ အသက်တွေပါ ဆုံးရှုံးရလိမ့်မယ်"
ဤမျှကြီးမားသော လှုပ်ရှားမှုကို မည်သည့်အရာက ဖြစ်ပွားစေခဲ့သည်အား သူ သေချာမသိသော်လည်း ဖြစ်စဥ်၏တုန်ခါမှုပမာဏအရ ကြီးမားသော အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကျန်းရွှမ်နှင့်တခြားလူများ သူတို့ကိုယ်သူတို့ ရှင်သန်အောင် ပြုလုပ်နိုင်ရန်ပင်။။ ဤလူငယ်များကို အခန်းအတွင်းသို့ စေလွှတ်ခြင်းသည် အချည်းနှီးလုပ်ရပ်တစ်ခုသာ ဖြစ်သွားပေမည်။
"ဒါပေမဲ့..."
ခုန်းရှီယောင်က ကန့်ကွက်လိုက်သည်။
"ဒါပေမဲ့ဆိုတာ မရှိဘူး...အကြီးအကဲကျူးပြောတာ အမှန်ပဲ.... အခု အခန်းထဲကို ဝင်သွားရင် သေချာပေါက် သေရလိမ့်မယ်"
ယန်ဆန်းရှစ်ဆန်းကလည်း အလောသုံးဆယ် အော်ဟစ်လိုက်သည်။
ခုန်းရှီယောင်သည် တွေဝေသွားပြီး တန်ပြန်ငြင်းခုံမှုတစ်ခုပြုလုပ်ရန်ကို စဉ်းစားနေစဉ်မှာပင် သူမ၏နံဘေးမှ ပိုင်ရွမ်ချင်းက တိုးညှင်းစွာ ပြောဆိုသည်။
"ငါတို့ အရင်ဆုံး ထွက်သွားကြရအောင်...ငါထင်တယ်... ဒီလှုပ်ခတ်မှုတစ်ခုလုံးက တကယ်တော့ ဆရာ့ရဲ့ လုပ်ဆောင်မှု ဖြစ်နိုင်တယ်...သူအဆင်ပြေမှာပါ..."
ကျန်းရွှမ်၏အကြောင်းကို ကောင်းစွာ သိသော ပိုင်ရွမ်ချင်းသည် ဤကိစ္စသည် သူ၏ဆရာကြောင့်မဟုတ်ဟု မယုံနိုင်ချေ။ တခြားလူများအားလုံး၏ အကဲဖြတ်ခံမှုများ အဆင်ပြေချောမွေ့ခဲ့သော်လည်း သူ ဝင်ရောက်သွားမှုတစ်ခုတည်းကပင် အရာအားလုံးကို ပေါက်ကွဲလုနီးပါး ဖြစ်သွားစေရန် လုံလောက်သည်။ ဆရာထံ၌ တာဝန်မရှိဟု တွေးထင်ခြင်းသည် သူ့ကိုယ်သူ လှည့်စားခြင်းသာ ဖြစ်ပေလိမ့်မည်။
"နင် ပြောတာ မှန်တယ်..."
သူမ၏စကားလုံးများသည် ခုန်းရှီယောင်ကို အသိပြန်ဝင်လာစေသည်။
ဆရာသည် အလွန်သန်မာအားကောင်းရုံသာမက ကမ္ဘာသစ်တစ်ခုကိုလည်း ပိုင်ဆိုင်သည်။ တစ်စုံတစ်ခု အမှားအယွင်းရှိလျှင်ပင် သူသည် သူ့ကိုယ်ကို ကာကွယ်နိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ အကယ်၍ သူမ ပြေးဝင်သွားပါက သူမသည် ဆရာအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
သူမသည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် မည့်သည့်စကားမျှ ထပ်မပြောတော့ဘဲ သောက်လီနှင့် ကြက်ပေါက်လေးကို ဖမ်းဆွဲကာ ထွက်ပေါက်ထံသို့ အပြေးသွားလိုက်သည်။
သူတို့ တံခါးဝသို့ ရောက်ရှိသည်နှင့် မြေပြင်၏ တုန်ခါမှုသည် ပို၍ပြင်းထန်လာပြီး အနီရောင်အလင်းတန်းသည် ပို၍စူးရှစွာ တောက်ပလာသည်။
ဘုန်း....
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး နီရဲတောက်ပနေသော ကျောက်တိုင်သည် ရုတ်တရက် ကြေမွှပျက်စီးသွားပေ၏။ ရလဒ်အနေဖြင့် တုန်ခါလှိုင်းသည် ခန်းမတစ်ခုလုံးကို ဖြတ်သန်းသွားသည်။
ခရက်....
တစ်ချိန်က ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားသော ကံကြမ္မာခန်းမသည် တစ်ခဏအတွင်းမှာပင် ပြိုကျသွားပြီး အပျက်အစီးများအဖြစ်သို့ ရောက်ရှိသွားသည်။