← Chapters

ယန်ဆန်းရှစ်ဆန်း

Vol. 18 Ch. 239

ယန်ဆန်းရှစ်ဆန်း

Vol. 18 Ch. 239

လွန်ခဲ့သော တစ်နာရီခန့်က

ကျိုးယီတော်ဝင်မြို့တော်...ကျန်းအိမ်တော်၌...

ထိုအချိန်တွင် ကျန်းရွှမ်သည် တဒင်္ဂပင်လယ်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို လုံးလုံးလျားလျား မသိရှိသေးချေ။ သူသည် သက်တောင့်သက်သာ ထိုင်နေရင်း သူ၏ရှေ့တွင် မတ်တတ်ရပ်နေသော စွန်းချန်ကို ကြည့်လိုက်သည်။

"သခင်လေး...ဒီနေ့ ကံကြမ္မာဆရာသခင်တွေ အသစ်ခေါ်ယူတဲ့ပွဲတစ်ခု ရှိနေတာကို ကျွန်တော် စုံစမ်းသိရှိခဲ့တယ်....အခကြေးငွေ ရင်းမြစ်ဒင်္ဂါး သန်းသုံးဆယ်ပေးရုံနဲ့ စစ်ဆေးမှုမှာ ပါဝင်ပြီးတော့ တစ်ယောက်ယောက်က သူနဲ့သက်ဆိုင်တဲ့ကံကြမ္မာကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားနိုင်တယ်" စွန်းချန်က သူ အစောပိုင်းကမှ စုဆောင်းလာသော သတင်းအချက်အလက်များကို ပြန်လည် တင်ပြသည်။

"အဲ့ဒီအခကြေးငွေကို ပေးလိုက်တော့....လူတွေအားလုံးကို စမ်းကြည့်ခွင့်ပြုလိုက်ပါ..."

ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။

ကျောက်ယာတို့လူစုသည် အလုံးစုံသိမြင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ထိပ်တန်းအဆင့် လေ့ကျင့်သင်ကြားမှုများကို မလွဲမသွေ ရရှိပေလိမ့်မည်။ သူတို့၏ဆရာတစ်ယောက်အနေဖြင့် ကျန်းရွှမ်သည်လည်း အမီလိုက်ရန် လိုအပ်သည်ဟု ခံစားမိသည်။ ထို့ပြင် တခြားတပည့်များသည်လည်း သူတို့ကိုယ်သူတို့ အရည်အချင်းသွေးရန် အခွင့်အရေးများ ရထိုက်သည်။

"နားလည်ပါပြီ..."

စွန်းချန်က ခေါင်းညိတ်လိုက်၏။

ရင်းမြစ်ကမ္ဘာသို့လာသော ဤစွန့်စားခန်းအတွက် ကျန်းရွှမ်သည် လော့ယိုရှီး လော့ချီးချီး ကြက်ပေါက်လေး နှင့် သူ၏ တပည့်ရင်းများအားလုံးဖြစ်သော ကျောက်ယာ ဝမ်ယင်း လျိုယန် ကျန်းယန် ယွမ်ထောင် လုချုံး ဝေ့ရူရန် ကျန်းကျိုးရှောင် ခုန်းရှီယောင် ရှန်ရှောင်ထျန်း ပိုင်ရွမ်ချင်းတို့ ဆယ့်တစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည်။

သူတို့အနက်မှသုံးယောက်သည် တခြားနေရာတွင် ရှိနေပြီး ယုရှောင်ယွီ လျှူမင်ယွဲ့ ဟုန်ရီ နှင့် စွန်းချန်တို့ ရှိနေသောကြောင့် ယခုချိန်၌ စစ်ဆေးမှုကို လိုအပ်သူသည် ဆယ့်ငါးဦး ရှိနေပေ၏။

"ငါ့ကိုလည်း စာရင်းသွင်းလိုက်...ငါလည်း စမ်းကြည့်ချင်တယ်"

ကျန်းရွှမ်က အပြုံးနှင့် ထပ်မံပြောဆိုသည်။

ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်သည် သူ့အတွက် သိသာထင်ရှားသော အသုံးစရိတ် မဟုတ်ချေ။ ဤသည်မှာ ကံကြမ္မာဆရာသခင် စစ်ဆေးမှု လုပ်ငန်းစဉ်နှင့် ရင်းနှီးအောင် လုပ်ဆောင်ရန် ကောင်းမွန်သော အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။

"ဟီး...ဟီး..."

စွန်းချန် ထွက်သွားရန် ဟန်ပြင်လိုက်စဥ်မှာပင် လက်ဖက်ရည်နှင့်ရေနွေးကို တာဝန်ကျေစွာ တည်ခင်းနေသော မြင်း 'သောက်လီ' က ချဉ်းကပ်လာသည်။ သူသည် သူ၏ရှေ့ခြေနှစ်ချောင်းကို ကျန်းရွှမ်၏ပခုံးပေါ် တင်လိုက်ပြီး မျက်နှာချိုသွေးသောပုံစံဖြင့် နှိပ်နယ်ပေးလေသည်။

"မင်းလည်း စမ်းကြည့်ချင်တာလား"

ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

သောက်လီက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးဝိုင်းကြီးများအတွင်းတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။

"ကောင်းပြီလေ... သူ့အတွက်လည်း စာရင်းပေးလိုက်တော့"

ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။

စွန်းချန်က ခေါင်းညိတ်ပြီး အစီအစဉ်များ ပြုလုပ်ရန် ထွက်ခွာသွားသည်။

ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်သည် အင်အားစုအများစုအတွက် ကြီးမားသောအသုံးစရိတ်တစ်ခု ဖြစ်သော်လည်း သခင်လေးကမူ လူများကိုသာမက ကြက်တစ်ကောင်နှင့်မြင်းတစ်ကောင်ကိုလည်း စာရင်းသွင်းနေသည်။ သူသည် မည်သည့်နေရာကို ရောက်သည်ဖြစ်စေ ဂယက်ထမှုများဖြစ်ပွားစေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤနေရာသို့ ရောက်နေပြီ ဖြစ်သောကြောင့် မပါဝင်ဘဲ နေလိုက်လျှင် နောင်တရစရာဖြစ်မည်မှာ သေချာပေါက်ပင်။

ပြင်ဆင်မှုများကို လျှင်မြန်စွာ ပြုလုပ်ပြီးကာ သူတို့အဖွဲ့သည် ကံကြမ္မာခန်းမဆီသို့ ကြီးကျယ်ခမ်းနားစွာ ထွက်ခွာလာခဲ့သည်။

"သခင်လေး.....ဒါက သခင်လေးရဲ့ အိမ်မွေးသားရဲအသစ်လား...သိပ်အထင်ကြီးစရာ မကောင်းသလိုပဲ...ရုပ်ဆိုးပြီး ဘာမှလည်း မထူးခြားဘူး..သူ့ရဲ့ပုံစံက ကျွန်တော့်ရဲ့ခြေဖျားကိုတောင် မမီဘူး..."

ကျန်းရွှမ်၏ပခုံးပေါ်တွင် နားနေသော ကြက်ပေါက်လေးက တောင်ပံများကိုခတ်ရင်း အဝေးရှိ သောက်လီကို စူးစိုက်ကြည့်ကာ မရပ်မနား စကားပြောနေသည်။

ရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်လာချိန်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ရင်းမြစ်စွမ်းအင်များသည် ကြက်ပေါက်လေးကို မူလပုံစံသို့ ပြန်ရောက်သွားစေပြီး ဤသေးငယ်သော ပုံပန်းသွင်ပြင်ဖြင့် ပိတ်မိနေစေသည်။

"နင်ရဲ့အသံက ဘာလို့ မနာလိုသလိုမျိုး ဖြစ်နေတာလဲ"

လော့ယိုရှင်းက အပြုံးနှင့် ကျီစယ်စနောက်လိုက်သည်။

"မနာလိုတယ် ဟုတ်လား...မိန်းမတွေကသာ မနာလိုတတ်တာ.... ငါက ထင်ရှားကျော်ကြားတဲ့ သေခြင်းမဲ့ဧကရာဇ်... ငါက ဘယ်လိုလုပ်ပြီး မနာလိုဖြစ်ရမှာလဲ...မဟုတ်ဘူးလား သခင်လေး"

ကြက်ပေါက်လေးက မျက်နှာချိုသွေးသော လေသံဖြင့် ပြောဆိုသည်။

"အမှန်ပဲ....ငါ့ရဲ့ညီလေး 'ခွန်' က အားလုံးထဲမှာ အဖြောင့်မတ်ဆုံးပဲ"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။

"ဟီး...ဟီး..."

ကြက်ပေါက်လေးက ရယ်ပြုံးကာ ထပ်ခါတလဲလဲခေါင်းညိတ်ရင်း သူ၏စူးစမ်းလိုစိတ် မြင့်တက်လာသည်။

"သခင်လေး.....သခင်လေးက ကျွန်တော့်ကို မကြာသေးခင်ကစပြီး 'ညီလေးခွန်' လို့ ခေါ်နေတာ....ဒါက ဘာအဓိပ္ပာယ်လဲ"

ကျန်းရွှမ်က မျက်လုံးလှန်ကြည့်လိုက်သည်။

"ကောင်းကင်ဘုံက အမြဲရွေ့လျားနေတယ်... သူတော်ကောင်းတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ ကြိုးစားတယ်... မြေပြင်က ကြီးမားကျယ်ပြန့်တယ်....သူတော်ကောင်းတစ်ယောက်က ကြီးမြတ်တဲ့ ကိုယ်ကျင့်တရားကို သယ်ဆောင်တယ်....မင်းကို 'ညီလေးခွန်' လို့ ခေါ်တာက မင်းရဲ့စရိုက်က မြေပြင်လို တည်တံ့ခိုင်မြဲပြီးတော့ အားကိုးရတယ်လို့ ဆိုလိုတာပဲ"

"အော်...ဒီလိုကိုး..."

တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ ခံစားရသော်လည်း ကြက်ပေါက်လေးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် သောက်လီကို မျက်စောင်းထိုး၍ ကြည့်လိုက်ရင်း မောက်မာထောင်လွှားမှုကို ခံစားလိုက်ရသည်။

'မင်းက မြင်းတစ်ကောင်ပဲ...မင်းက ငါနဲ့ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ'

ဤအတွေးမဆုံးသေးမီမှာပင် သောက်လီက ခုန်ပေါက်၍ လျှောက်လှမ်းလာပြီး သူ၏ ကြီးမားသောခေါင်းဖြင့် ကျန်းရွှမ်ကိုပွတ်သပ်ကာ တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်၏။ ပေါ့ပါးသော ခုန်ပျံမှုဖြင့်အတူ ကျန်းရွှမ်က မြင်း၏ကျောပေါ်သို့ ရောက်ရှိသွားသည်။

သောက်လီသည် ယုံကြည်မှုရှိရှိဖြင့် ရှေ့သို့ ခြေလှမ်းကျဲကျဲ လှမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ ကြက်ပေါက်လေးကို အရှက်တကွဲပုံစံဖြင့် မြေပြင်ပေါ်သို့ လိမ့်ကျသွားစေသည်။

"ဟီး...ဟီး..."

ပျော်ရွှင်စွာနှာမှုတ်ရင်း သောက်လီက မောက်မာထောင်လွှားစွာဖြင့် ရှေ့ဆက်သွားသည်။

ကြက်ပေါက်လေးသည် မြင်း၏လှောင်ပြောင်သော အသံပေးပို့မှုကို မသဲမကွဲ ကြားလိုက်ရလေ၏။

'မင်း မာနကြီးနေတာ မဟုတ်လား... ဒါပေမဲ့ ငါ့ကို သခင်လေးက စီးလို့ရတယ်...'

နောက်ဆုံးတွင် နားလည်သွားပြီး ကြက်ပေါက်လေးသည် သူကိုလည်း စီး၍ရကြောင်း ချေပလိုသည်။ သို့ရာတွင် သူ၏စကားလုံးများ နှုတ်သီးဖျားသို့ ရောက်လာချိန်၌ သူ တွေဝေတုံ့ဆိုင်းသွားသည်။ မည်သို့ပင်ဆိုစေကာမူ သခင်လေးသည် ကြက်တစ်ကောင်ကို စီးနိုင်သော်လည်း ထိုသို့ ပြုလုပ်ခြင်းသည် လှောင်ပြောင်ရယ်မောဖွယ်ရာကြီး ဖြစ်နေပေလိမ့်မည်။

ကျန်းအိမ်တော်သည် ကံကြမ္မာခန်းမနှင့် မဝေးလှချေ။ မကြာမီမှာပင် သူတို့သည် ကြီးမားသော အဆောက်အအုံတစ်ခုထံသို့ ရောက်ရှိလာသည်။ ရင်းမြစ်ဒင်္ဂါးများကို ပေးချေပြီးနောက် စွန်းချန်က တံဆိပ်ပြားအပုံလိုက်ကြီးနှင့်အတူ ပြန်လာပြီး ပါဝင်သူတစ်ဦးစီကို တစ်ခုစီ ဖြန့်ဝေပေးသည်။ သောက်လီနှင့်ကြက်ပေါက်လေးတို့အတွက် တံဆိပ်ပြားများကို သူတို့၏လည်ပင်းတွင် ဆွဲထားပေးလေ၏။

ပျားပန်းခပ်သွားလာနေသော လူအုပ်ကြီး၏နောက်သို့လိုက်၍ သူတို့သည် ခန်းမကျယ်ကြီးထဲသို့ ဝင်ရောက်လာရာ လေထုအတွင်းတွင် ဆူညံသောစကားပြောသံများဖြင့် ပြည့်နှက်နေသည်။

"တိမ်တိုက်တောင်ကြားမြို့က ပါရမီရှင် ယန်ဆန်းရှစ်ဆန်းက ဒီနေ့ စစ်ဆေးမှုအတွက် ဒီကို လာတယ်လို့ ငါ ကြားထားတယ်"

"ငါလည်း အဲ့ဒီလို ကြားထားတယ်...အဲ့ဒီ ယန်ဆန်းရှစ်ဆန်းက ကျိုးယီအင်ပါယာမှာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း အထူးချွန်ဆုံး ပါရမီရှင်ပဲ...သူက အသက်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ... သူက ဓမ္မရုပ်သွင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ....ကြယ်စင်မြစ်ပါရမီရှင် အဆင့်သတ်မှတ်ချက်မှာ သူက အဆင့်သုံးနေရာမှာ ရှိနေတယ်"

"အဲ့ဒီ အဆင့်သုံးဆိုတာက တကယ်တော့ သူက အဆင့်တစ် နဲ့ နှစ်ကို စိန်မခေါ်သေးလို့ပဲ... ကြားရသလောက်တော့ အဆင့်တစ်နဲ့နှစ်နေရာမှာ ရှိတဲ့ ဖေးလင်နဲ့ဆုယွင်ကျဲ့တို့က သူ့ကို ရှောင်နေကြတယ်ဆိုပဲ...မဟုတ်ရင် သူတို့ရဲ့အဆင့်တွေကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"

"အမှန်ပဲ....သူက ကံကြမ္မာဆရာသခင် မဖြစ်သေးဘဲနဲ့တောင် ဒီလောက်ထိ အစွမ်းထက်နေပြီ...တကယ်လို့ သူသာ သူ့ရဲ့ ကံကြမ္မာကို အောင်အောင်မြင်မြင် ရှာဖွေတွေ့ရှိသွားရင် သူက နေရာမှာတင် အဆင့်ချိုးဖျက်သွားနိုင်တယ်"

"ဒါက ဖြစ်နိုင်ခြေ များတယ်"

လူအုပ်ကြီးအကြားမှ တီးတိုးသံများသည် အတောမသတ်တော့ချေ။

"အသက် ဆယ့်ခုနစ်နှစ်....ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့်....ပြီးတော့ ကြယ်စင်မြစ် ပါရမီရှင်အဆင့်သတ်မှတ်ချက်မှာ အဆင့်သုံး... ဟုတ်လား"

ဤစကားများကို အမှတ်မထင်ကြားမိချိန်တွင် ကျန်းရွှမ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ရင်းမြစ်ကမ္ဘာတွင် အချိန်တခဏကြာ နေထိုင်ပြီးနောက် တစ်စုံတစ်ယောက်သည် ကံကြမ္မာကို နားမလည်လျှင် တိုးတက်မှုနှေးကွေးသည်ကို သူ နားလည်သည်။ တစ်စုံတစ်ယောက်သည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်တွင် ဓမ္မရုပ်သွင်အပြင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းသည် ယန်ဆန်းရှစ်ဆန်း၏ သာလွန်ထူးကဲသော ပါရမီကို သက်သေပြနေသည်။

ကျန်းရွှမ်သည် သူ၏စိတ်ထဲမှ အံ့အားသင့်နေစဉ်တွင် စွန်းချန်က အနီးအနားမှ တခြားလူများနှင့် စကားစမြည် ပြောဆိုနေလေပြီ။

"ညီအစ်ကိုတို့...ယန်ဆန်းရှစ်ဆန်းဆိုတာက သူ့မှာ တခြားမွေးချင်းသုံးဆယ့်နှစ်ယောက် ရှိလို့လား"

"ဒါတော့ ငါ မသိဘူး...ငါ သိတာကတော့ သူကတိမ်တိုက်တောင်ကြားမြို့က ယန်မိသားစုက လာတာပဲ...တိမ်တိုက်တောင်ကြားက တော်ဝင်မြို့တော်ပြီးရင် ကျိုးယီအင်ပါယာမှာ ဒုတိယ အကြီးဆုံးမြို့ပဲ...ယန်မိသားစုက အဲ့ဒီမြို့မှာ ထိပ်သီးမိသားစုလို့ သတ်မှတ်ခံရတယ်... သူတို့မိသားစုမှာ လူအရေအတွက် များတာက အံ့အားသင့်စရာ မရှိဘူး"

"အင်း....ဒါဆိုရင် မင်းက ဇာတ်လမ်း အပြည့်အစုံကို မသိသေးဘူး...ငါက တိမ်တိုက်တောင်ကြားမြို့ကလာတာ...ဘာလို့ သူ့ကို ယန်ဆန်းရှစ်ဆန်းလို့ ခေါ်လဲဆိုတာ ငါ ရှင်းပြနိုင်တယ်"

လူငယ်တစ်ဦးက အပြုံးနှင့် ဝင်ရောက်ပြောဆိုသည်။

"ယန်ဆန်းရှစ်ဆန်းရဲ့ မူလနာမည်က ယန်စုန့်ပဲ... လွန်ခဲ့တဲ့ ရှစ်နှစ်က မိသားစုပြိုင်ပွဲတစ်ခုအတွင်းမှာ သူက အဆင့်သုံးဆယ့်သုံး ချိတ်ခဲ့တယ်...သူက အရှက်ရတယ်လို့ ခံစားရပြီးတော့အဲ့ဒီအရှက်တရားကို သတိရနေဖို့အတွက် သူ့ရဲ့နာမည်ကို ပြောင်းလိုက်တာပဲ.. အဲ့ဒီအချိန်ကနေစပြီးတော့ သူက ပြိုင်ပွဲတိုင်းမှာ ပထမနေရာကိုပဲ ယူခဲ့တယ်"

"ဒါဆို လွန်ခဲ့တဲ့ ရှစ်နှစ်က သူက ကိုးနှစ်သားလေးပဲ ရှိသေးတာပေါ့"

ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

ထိုလူငယ်က ဆက်လက်၍ ပြောဆိုသည်။

"အတိအကျပဲ..အဲ့ဒီအချိန်တုန်းက သူက သူ့ရဲ့ ကံကြမ္မာကို နားလည်သဘောပေါက်တာမျိုး မရှိသေးဘူး... သူ့ရဲ့ ရည်မှန်းချက်က ကံကြမ္မာကို အားမကိုးဘဲ ကြီးမားတဲ့အောင်မြင်မှုတွေကို ရနိုင်တယ်ဆိုတာကို သက်သေပြဖို့ အမြဲဖြစ်ခဲ့တယ်....မဟုတ်ရင် ယန်မိသားစုရဲ့သြဇာအာဏာနဲ့ သူက ဘယ်လိုလုပ်ပြီး အခုချိန်ထိ ကံကြမ္မာဆရာသခင်တစ်ယောက် မဖြစ်ဘဲ နေမှာလဲ"

ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။ ကံကြမ္မာကို နားလည်ခြင်းသည် ကျင့်ကြံမှုကို အရှိန်မြှင့်ပေးသည်မှာ မှန်သော်လည်း ထိုအရာကို နှောင့်နှေးစေခြင်းကြောင့် ပို၍ကြီးမားသော အောင်မြင်မှုများကို ဖြစ်စေသည်ဟု အထောက်အထား မရှိချေ။ ယန်ဆန်းရှစ်ဆန်း၏အခြေအနေများအပေါ် သူ၏ ယခင်ဇဝေဇဝါဖြစ်နေမှု့များ ပျောက်ကွယ်သွားလေပြီ။

သူတို့ စကားပြောနေစဉ် လူအုပ်ကြီးထံမှ ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သောအသံများ ပွင့်အံ့ထွက်လာသည်။

"ယန်ဆန်းရှစ်ဆန်း ရောက်လာပြီ"

ကျန်းရွှမ်က အလျင်အမြန် လှည့်ကြည့်လိုက်ရာလူငယ်တစ်ဦးသည် ခန်းမထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်ကို တွေ့လိုက်ရသည်။

သူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူက အရပ်မြင့်ကာ ထက်ရှသောမျက်နှာသွင်ပြင် နှာတံမြင့်မြင့် နှင့် စိန်ခေါ်လိုသော အရှိန်အဝါများ ရှိနေသည်။ သူ တည်ရှိနေမှု သက်သက်ကပင် ပတ်ဝန်းကျင်မှ လူများကို လမ်းဖယ်ပေးရလောက်အောင် သိသာသော ဖိအားတစ်ခုကို သက်ရောက်စေသည်။

ပုံပန်းသွင်ပြင်အရ ဆိုလျှင် သူသည် အထင်ကြီးဖွယ်ကောင်းသည်မှာ သေချာပေါက်ပင်။

ဤစစ်ဆေးမှုတွင် ပါဝင်သူအများစုသည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ အဋ္ဌမအဆင့်ဖြစ်သော နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ မကြာသေးမီကမှ ရောက်ရှိလာသော ကျင့်ကြံသူများပင်။ ယန်ဆန်းရှစ်ဆန်း၏ကျင့်ကြံဆင့်သည် သူတို့ကြားတွင် သိသိသာသာ ထင်ရှားနေပေ၏။

ခန်းမအလယ်တွင် ရပ်တန့်လိုက်ပြီး ယန်ဆန်းရှစ်ဆန်းက အခန်းကို ဝေ့ဝိုက်၍ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်သော်လည်း အမိန့်ပေးသံဆန်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဖေးလင် ဆုယွင်ကျဲ့...ငါ မနေ့က စိန်ခေါ်စာတစ်စောင် ထုတ်ပြန်ခဲ့တယ်...ဒီနေ့ မင်းတို့ နှစ်ယောက်လုံးနဲ့ ယှဉ်ပြိုင်ဖို့ ငါ ဒီကို လာတာ...မင်းတို့ ရှိနေကြလား"

"စိန်ခေါ်စာ ဟုတ်လား..."

"သူက ကြယ်စင်မြစ် ပါရမီရှင်အဆင့်သတ်မှတ်ချက်က အဆင့်တစ်နဲ့နှစ် ပါရမီရှင်တွေကို တပြိုင်နက်တည်း စိန်ခေါ်နေတာလား"

"ငါ သဘောပေါက်ပြီ....ယန်ဆန်းရှစ်ဆန်းက သူ့ရဲ့ကံကြမ္မာကို ရှာဖွေတွေ့ရှိတာက သူ့ကို ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်စေလိမ့်မယ်လို့ မျှော်လင့်ထားမှာပဲ...အဲ့ဒီအချိန်ကျရင် သူက အဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီတော့မှာ မဟုတ်ဘူး...

သူက ထိပ်ဆုံးနေရာကို စိန်ခေါ်ဖို့ ဒီ နောက်ဆုံး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်တာပဲ..."

သူ၏စကားလုံးများ ကျရောက်လာပြီးနောက် လူအများသည် တဖြည်းဖြည်း နားလည်သဘောပေါက်သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံများဖြင့် ဆူညံသွားပေ၏။

ကြယ်စင်မြစ် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းသည် မြို့တော်ရှိ လူငယ်ပါရမီရှင်များအတွက် ဂုဏ်အရှိဆုံးစာရင်း ဖြစ်ပြီး အဆင့်သုံးနေရာတွင် ရှိနေပြီးဖြစ်သော ယန်ဆန်းရှစ်ဆန်းသည် သူ၏အဆင့်ချိုးဖျက်မှုမတိုင်မီ ထိပ်ဆုံးနေရာကို ရည်မှန်းနေသည်မှာ သိသာထင်ရှားသည်။

"ငါ မေးချင်တာကတော့ တခြားနှစ်ယောက်က စိန်ခေါ်မှုကို လက်ခံပါ့မလား"

မည်သို့ဖြစ်လာနိုင်သည်ကို နားလည်သဘောပေါက်သဖြင့် ပွဲကြည့်ပရိသတ်များသည် ခန်းမကို စိတ်အားထက်သန်စွာ ဝေ့ဝိုက်၍ ကြည့်ရှုနေကြသည်။ ပါရမီရှင်များကြားရှိ ဤသို့သော တိုက်ပွဲကို မျက်မြင်တွေ့ရှိရခြင်းသည် ရှားပါးသောအခွင့်အရေးတစ်ခုပင်။

"သူတို့ လာမယ် မထင်ဘူး....သူတို့သာ ဒီနေ့တစ်နေ့လုံး သူ့ကို ရှောင်နိုင်ခဲ့ရင် ယန်ဆန်းရှစ်ဆန်းရဲ့ အဆင့်ချိုးဖျက်မှုက သူ့ကို အဆင့်သတ်မှတ်ချက်စာရင်းကိုဝင်ဖို့ အရည်အချင်း ကို ဆုံးရှုံးသွားစေလိမ့်မယ်"

တစ်စုံတစ်ယောက်က ထင်မြင်ချက်ပေးလေ၏။

ထိုထင်မြင်ချက် မပြီးဆုံးမီမှာပင် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

"ယန်ဆန်းရှစ်ဆန်း...မင်းရဲ့စွမ်းအားကို ငါ အသိအမှတ်ပြုတယ်.. ဒါပေမဲ့ ငါတို့ နှစ်ယောက်လုံးကို တပြိုင်နက်တည်း လူသိရှင်ကြားစိန်ခေါ်တာကတော့ မင်းကိုယ်မင်း ယုံကြည်မှုနည်းနည်း လွန်ကဲနေတာ မဟုတ်ဘူးလား"

သန်မာထွားကျိုင်းသော လူငယ်တစ်ဦး ထွက်ပေါ်လာသည်။ ဤသည်မှာ ကြယ်စင်မြစ်ပါရမီရှင်အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်နေရာမှ ဖေးလင်ပင်။

"ရည်မှန်းချက်က လေးစားစရာပဲ... ဒါပေမဲ့ လွန်ကဲတဲ့ မာနက ပျက်စီးခြင်းကို ဖြစ်စေတယ်... မင်းက တိမ်တိုက်တောင်ကြားမြို့မှာ ပါရမီရှင်တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်... ဒီကျိုးယီမြို့မှာတော့ မင်းရဲ့ပါရမီက အမြင့်ကို မရောက်နိုင်ဘူး"

ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားသော ကျော့ရှင်းရည်မွန်သည့် လူငယ်တစ်ဦးက ဝင်ရောက်ပြောဆိုသည်။ ဤလူငယ်သည် အဆင့်နှစ်ပါရမီရှင် ဆုယွင်ကျဲ့ပင်။

ဆုယွင်ကျဲ့၏လူကြိုက်များမှုသည် ဖေးလင်ထက် သိသိသာသာ ကျော်လွန်နေပြီး သူ၏ ရောက်ရှိလာမှုသည် လူအုပ်အကြားရှိ မိန်းကလေးငယ်အမြောက်အများထံမှ စိတ်လှုပ်ရှားစွာ အားပေးသံများကို ထွက်ပေါ်လာစေသည်။

သူသည် ထိုကဲ့သို့ အာရုံစိုက်ခံရမှုမျိုးကို ရထိုက်ပေ၏။ ထူးချွန်သော ပါရမီ အထင်ကြီးဖွယ် စွမ်းအား နှင့် ဆွဲဆောင်မှုရှိသော ရုပ်ရည်တို့ကြောင့် သူ၏ဩဇာညောင်းမှုသည် ငြင်းဆန်၍မရနိုင်ချေ

"ညီလေးဆု....မင်းလည်း ဒီကို ရောက်နေတာလား"

ဖေးလင်က ခပ်ဖျော့ဖျော့အပြုံးနှင့် နှုတ်ဆက်သည်။

"မင်း ရောက်လာမှတော့ ငါ ဒီနေ့ လှုပ်ရှားဖို့ မလိုလောက်တော့ဘူး"

ဆုယွင်ကျဲ့က သူ၏ယပ်တောင်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

"အစ်ကိုဖေး....ငါက ဒီကိစ္စကို မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်... ငါက ဘေးကနေပဲ စောင့်ကြည့်လိုက်မယ်"

ဖေးလင်က တုံ့ပြန်ပြောဆိုသည်။

"ညီလေးဆု....ငါက မင်းနဲ့ အရင်က လက်ရည်စမ်းခဲ့မိတယ်....မင်းရဲ့ လော့ဟယ်လက်ဝါးသိုင်းကချောမွေ့တဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေနဲ့ ဒီမာနကြီးလွန်းတဲ့ လူငယ်ကို ကိုင်တွယ်ဖို့ ပြီးပြည့်စုံတယ်.... မင်း သူ့ကို လွယ်လွယ်ကူကူ ဖယ်ရှားပစ်နိုင်တယ်.."

ဆုယွင်ကျဲ့က မျက်မှောင်ကြုတ်လိုက်သည်။

"အစ်ကိုဖေး...မင်းရဲ့ ကြယ်တာရာလက်စည်းတံဆိပ်ကလည်း ထူးခြားတဲ့ နည်းစနစ်ပဲ.. ခြေတစ်လှမ်းတည်းနဲ့ ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်ပြီးတော့ ရှောင်တိမ်းဖို့ နေရာ မကျန်စေဘူး... မင်း သူ့ကို သင်ခန်းစာ ပေးလိုက်တာ ပိုကောင်းမယ်လို့ ငါ ထင်တယ်"

"တော်ကြတော့...မင်းတို့ နှစ်ယောက်လုံး အတူတူ တက်လာခဲ့ကြစမ်း"

ယန်ဆန်းရှစ်ဆန်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ကြားဖြတ်ပြောဆိုလိုက်သည်။

"ငါ့မှာ တစ်နေ့ကုန် အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး"

All Chapters