← Chapters

ကိုယ်တွင်းမိစ္ဆာဝင်ခြင်းလား

Vol. 18 Ch. 249

ကိုယ်တွင်းမိစ္ဆာဝင်ခြင်းလား

Vol. 18 Ch. 249

အခန်း (၂၄၉) ကိုယ်တွင်းမိစ္ဆာဝင်ခြင်းလား

ကျန်းလန်စကားကို ကြားသည့်အခါ ရှောင်ယွိက သူ့ကို တအံ့တသြဖြင့် လှမ်းကြည့်လိုက်သည်။

ထို့နောက် သူမက မတ်တတ်ရပ်လိုက်ပြီး ရင်ဘတ်ထက်သို့လက်တစ်ဖက်တင်လိုက်ရင်း…

"အခုချိန်ကစပြီး ကျွန်မကလည်း ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးပါ့မယ်"

ပြောပြီးသည်နှင့် သူမက ကျန်းလန်ကို တောက်ပသည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ကျွန်မက ဂိုဏ်းတူမောင်လေးထက် အများကြီး… အများကြီး တန်ခိုးစွမ်းအားပိုပြီး မြင့်မားတယ်လေ"

ကျန်းလန်က ရှောင်ယွိကိုကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"နည်းနည်းလေးပဲပိုတာပါ"

"ဘာပဲဖြစ်ဖြစ် ကျွန်မက ဂိုဏ်းတူမောင်လေးထက်တော့ သာတာပဲလေ"

ရှောင်ယွိက ကျန်းလန်းနံဘေးတွင်ဝင်ထိုင်ရင်း ခြေထောက်လေးများကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ထို့နောက် သူမက ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…

"ဒါပေမဲ့ လူတစ်ယောက်က ဘယ်လောက်ပဲတန်ခိုးစွမ်းအား မြင့်မားပါစေ အားနည်းတဲ့အချိန်ဆိုတာတော့ ရှိစမြဲပါပဲ ၊ နောက်ကျ ကျွန်မက ဂိုဏ်းတူမောင်လေးကိုပဲ အားကိုးရမှာ"

ကျန်းလန်က စိတ်ထဲမှပင် ရှောင်ယွိစကားကို ထောက်ခံလိုက်သည်။

ရှောင်ယွိက နောင်တွင် သူမက ကျန်းလန်ကိုသာ အားကိုးမည်ဖြစ်ကြောင်း သူမရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောခဲ့သည်။

သူမစကားကြောင့် ကျန်းလန်ရှင်ထဲ ဖော်မပြနိုင်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ဆရာဖြစ်သူ တောင်သခင်အဖြစ်မှ အနားယူသွားချိန်တွင် သူက ဆရာဖြစ်သူကို ကာကွယ်ပေးရန် စီစဉ်ထားသည်။ ထို့အတူ ရှောင်ယွိကိုလည်း သူ ကာကွယ်ပေးရမည် ဖြစ်သည်။

ရှောင်ယွိက အားနည်းသူတစ်ယောက် မဟုတ်ပေ။ သို့သော် သူမက ကျန်းလန်လောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။

သူ တာအိုတံခါးဆီ ခြေမလှမ်းနိုင်ခင်က ရှောင်ယွိ သူ့ကို အမီလိုက်လာနိုင်ခြေရှိသော်လည်း ယခု ကျန်းလန်က တာအိုကို အတန်အသင့်နားလည်သွားပြီ ဖြစ်လေရာ ရှောင်ယွိအနေဖြင့် သူ့ကို အမီလိုက်နိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ။

အစစ်အမှန်အင်မော်တယ်အဆင့်ကို ကျော်ဖြတ်ရန် သေချာသွားပြီးသည့်နောက် သူ၏ ကျင့်ကြံခြင်းအဆင့်က အဆမတန် မြင့်တက်လာသည်။

ဤသည်က လူသားများတွင်သာ ရရှိနိုင်သည့် အားသာချက်ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်အောက် အဆင့်နိမ့်သည့် လူသားများက မွေးရာပါအင်မော်တယ်များကို ဖိနှိပ်နိုင်ခြင်း မရှိပေ။ အစစ်အမှန်အင်မော်တယ် ဖြစ်လာလျှင်တော့ မွေးရာပါအင်မော်တယ်များကို ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။

သို့ပေသိ အစစ်အမှန်အင်တော်တယ်မှ မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်မည်ဆိုလျှင်တော့ မိုးနဲ့မြေတာအိုတရားကို နားလည်ရန် လိုအပ်သည်။

အချို့က အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်မှာပင် တာအိုကို နားလည်သွားကြပြီး အချို့ကတော့ အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ပြီးမှသာ တာအိုကို နားလည်ကြသူများလည်း ရှိသည်။

သို့သော် အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်မှာပင် တာအိုကို နားလည်သွားကြသူများက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ပြီးမှ တာအိုကိုနားလည်သူများထက် ပိုမိုသာလွန်သည်။

ကျန်းလန်ကတော့ ပထမအမျိုးအစားထဲတွင် ပါဝင်သူ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မိုးကောင်းကင်အင်မော်တယ်ဖြစ်လာလျှင် သူ့အတွက် ပိုပြီးအန္တရယ်ကင်းသွားမည် ဖြစ်သည်။ သို့ရာတွင် ဆရာဖြစ်သူကို လိုက်မီရန်မှာတော့ အလှမ်းဝေးသေးသည်။

သို့သော် ကျန်းလန်အနေဖြင့် အလျှင်လိုစရာ မရှိပေ။ တစ်ကြိမ်တွင် ခြေတစ်လှမ်းသာလှမ်းရန် လိုအပ်သည်။

လက်ရှိမှာပင် သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်က အတော်လေး လျှင်မြန်နေပြီ ဖြစ်လေရာ တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ ဆရာဖြစ်သူကို သေချာပေါက် ကျော်တက်နိုင်မည် ဖြစ်သည်။

ညနေပိုင်းတွင်တော့ ကျန်းလန်က သစ်သားဓားလေးကို ရှောင်ယွိထံ ကမ်းပေးလိုက်သည်။ ညမိုးချုပ်တော့မည်ဖြစ်ရာ ရှောင်ယွိပြန်ချိန်တန်ပြီ မဟုတ်ပါလား။

ရှောင်ယွိက သစ်သားဓားကို ယူလိုက်ပြီး ကျန်းလန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

"ဒါဖြင့် ကျွန်မပြန်တော့မယ်... ဂိုဏ်းတူမောင်လေး ကောင်းကောင်းကျင့်ကြံပြီး နေခဲ့ပါ"

ပြောပြီးသည်နှင့် ရှောင်ယွိက ဓားကိုစီးနှင်ပျံသန်းသွားပြီး ကျန်းလန်ကို မျက်နှာထားတည်တည်ဖြင့် ကြည့်သွားလေသည်။

ကျန်းလန်စိတ်ထဲ အနည်းငယ် ထူးဆန်းသွား၏။

"ဂိုဏ်းတူအစ်မ စိတ်ကောက်သွားတာလား မသိဘူး"

သူက နေရာတွင်ပင်ရပ်နေရင်း ကျောက်စိမ်းရေကန်သို့ ထွက်ခွာသွားသည့် ရှောင်ယွိ၏ပုံရိပ်လေး ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့သည်။

ထို့နောက် ရှောင်ယွိ စိတ်ကောက်ရသည့်အကြောင်းရင်းကို သူ နားလည်သလို ဖြစ်သွားသည်။

ညနေခင်းအချိန်တွင် သစ်သားဓားလေးကို ပြန်ပေးလိုက်သည့်အခါ သူက ရှောင်ယွိကို နှင်သလို ဖြစ်သွားခဲ့သည်။ ကြည့်ရသည်မှာ ရှောင်ယွိက နဝမတောင်ထွတ်တွင် အချိန်ကြာကြာ နေလိုဟန် ရှိသည်။

နောက်တစ်ကြိမ်ဆိုလျှင်တော့ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို အချိန်ဆွဲပြီး ထည့်သွင်းပေးတော့မည်ဟု ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ဆက်လက်ကျင့်ကြံရန်အတွက် မရဏဂူသို့ ထွက်လာခဲ့သည်။ တာအိုတံခါးကို တွေ့မြင်ခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်း မည်မျှတိုးတက်လာမည်ကို သူ သိချင်နေပြီ ဖြစ်သည်။

ထို့ပြင် အများအမြင်တွင် မရှိမှုအာကာသအဆင့်သို့ တက်လှမ်းရမည့်အချိန်သို့လည်း ရောက်ရှိနေပြီ မဟုတ်ပါလား။

***

ရှောင်ယွိက ဓားကိုစီးနှင်ရင်း ကျောက်စိမ်းရေကန်ဆီသို့ ပျံသန်းသွားသည်။

သူမက လက်ထဲတွင်ကိုုင်ထားသည့် သစ်သားဓားလေးကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။

ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုနေသည်ဆိုသည့် ခံစားချက်ကို ခံစားရသည်။ ခံစားချက်မျှသာဖြစ်သော်လည်း သူမ သဘောကျလေသည်။

ကျောက်စိမ်းရေကန်သို့ရောက်သည်နှင့် သူမ၏ ခန္ဓာကိုယ်က လုန်ယွိအဖြစ် အသွင်ပြောင်းသွားသည်။

"ဂိုဏ်းတူမောင်လေးက ငါ သူ့ရှေ့မှာ လုန်ယွိ ပုံစံဖြစ်သွားရင် ငါ့ကို အရမ်းစိုက်ကြည့်တာပဲ"

လုန်ယွိ တွေးလိုက်သည်။

ဂိုဏ်းတူညီမလင်စီးယာပြောသည်များမှာ အမှန်ပင်ဖြစ်သည်။ နောက်တစ်ခါမှ ကျန်းလန်ရှေ့တွင် ခါးကော့ပြရန်အတွက် အခွင့်အရေးရှာရပေမည်။

ထိုသို့တွေးမိသည်နှင့် လုန်ယွိ မျက်နှာများ ပူလောင်လာသလို ခံစားရသောကြောင့် မျက်နှာကို လက်ဖြင့် အသာထိကြည့်လိုက်မိသည်။

ထို့နောက် နဂါးဖြူလေးအဖြစ် အသွင်ပြောင်းကာ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်သွားလေသည်။

သူမရှေ့တွင် သစ်သားဓားလေးက လွင့်မျောလျှက် ရှိသည်။ ဓားအတွင်းမှ နဂါးသုတ်သင်ဓားဝိညာဉ်က သူမကို ခြိမ်းခြောက်နေဟန် ရှိသည်။

"အဲဒီလိုလုပ်ပြလိုက်ပြန်ရင်လည်း ဂိုဏ်းတူမောင်လေးက ငါ့ကို အထင်သေးသွားရင်ဒုက္ခ"

လုန်ယွိ တွေးလိုက်သည်။

ထို့နောက် သူမ ရေကန်အောက်သို့ ဝုန်းကနဲ ငုပ်လျှိုးပျောက်ကွယ်သွားပြီး ရေပူစီပေါင်းများဖြစ်လာအောင် ဆော့ကစားလျှက် ရှိလေတော့သည်။

***

နဝမတောင်ထွတ်အစွန်း။

ကျန်းလန် ပြန်လည်နိုးထလာသည်ကို သိလိုက်သည်နှင့် မော့ကျန်းသုန့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

ကျန်းလန်က အချိန် (၁၀)နှစ်ကြာ အိပ်မက်ကမ္ဘာထဲတွင် နစ်မျောနေသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေခဲ့သည်။

"ကြည့်ရတာ နာမ်ဝိညာဉ်ရောင်ပြန်ပညာက ကျန်းလန်အတွက် အတော်လေး အသုံးဝင်တယ်ထင်တယ် ၊ သူ အင်မော်တယ်ဖြစ်လာပြီးရင် အနာဂတ်လမ်းကတော့ အများကြီးပိုပြီး လွယ်ကူသွားလိမ့်မယ်"

မော့ကျန်းသုန့် တွေးလိုက်သည်။

ရှောင်ယွိသည်လည်း ကျန်းလန်ထံမှ ထွက်ပေါ်နေသည့် နာမ်ဝိညာဉ်ရောင်ပြန်နယ်ပယ်အတွင်းသို့ ပေါင်းစီးနိုင်သည်ကို သူ တွေ့မြင်ခဲ့ရသည်။

ဤသည်မှာ ကျန်းလန်က ရှောင်ယွိကို လက်ခံသည်ဆိုသည့်သဘောသက်ရောက်ပြီး ကောင်းသည့်အချက်လည်း ဖြစ်သည်။

ရှောင်ယွိက မိန်းမကောင်းလေးတစ်ယောက် ဖြစ်လေသည်။

သူမက နဂါးမင်းသမီးတစ်ပါးဖြစ်သလို ကျောက်စိမ်းရေကန်နတ်ဘုရားမလည်း ဖြစ်သည့်တိုင် ကျန်းလန်အပေါ်တွင် အထင်အမြင်သေးခြင်း မရှိပေ။

ထို့ပြင် သူမ အနားတွင်ရှိနေသည့်အတွက် ကျန်းလန်လည်း အထီးမကျန်တော့ပေ။ ဤသည်ကလည်း ကောင်းသည့်အချက်ပင် ဖြစ်သည်။

မော့ကျန်းသုန့် ခေါင်းတစ်ချက်ခါယမ်းရင်း ပြုံးလိုက်သည်။

ကျန်းလန်က အလွန်တော်သည့် တပည့်တစ်ယောက် ဖြစ်သည်။ ကျန်းလန်လောက်တော်သည့်တပည့်မျိုး သူ နောက်တစ်ယောက် ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။

ထို့နောက် သူက ကျန်းလန် အိပ်မက်ကမ္ဘာထဲ နစ်မျောနေချိန် အနှောက်အယှက် မဝင်စေရန် နဝမတောင်ထွတ်ကို ကာကွယ်ပေးထားသည့် အရံအတားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်စေလိုက်သည်။

ကျန်းလန်က အပြည့်အ၀ ပြန်လည်နိုးထလာပြီဖြစ်လေရာ ကာကွယ်ပေးရန် မလိုအပ်တော့ပေ။

***

မရဏဂူ။

ကျန်းလန်က မျက်လုံးများကို မှိတ်ထားပြီး သူ့ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှုများကို အာရုံခံကြည့်နေသည်။

အရင်ကဆိုလျှင် သူ့ခန္ဓာကိုယ်ထဲတွင် တာအိုအာဟာရဖြည့်သည့်ရေများ စီးဆင်းနေသံကို ကြားရလေ့ရှိသည်။ ထိုရေစက်များက သူ၏ကျင့်ကြံခြင်းကို လျှင်မြန်စေသည်။

ယခုတော့ ထိုရေစက်များက ကြည်လင်သည့် စမ်းချောင်းတစ်ခုပမာ ပြောင်းလဲသွားပြီး ကျန်းလန်၏ သွေးကြောဆုံချက် (၈)နေရာကို အဆက်မပြတ် စွမ်းအားများ ဖြည့်တင်းပေးနေသည်။

ဤသည်က လူတစ်ယောက် တာအိုတံခါးကို ခြေလှမ်းနိုင်ပြီဆိုသည့်အခါ ကြုံတွေ့ရသည့် ထူးခြားချက် ဖြစ်ပြီး ကျင့်ကြံခြင်းကိုလည်း အလွန်ပင် လျှင်မြန်စေသည်။

အရင်က မရဏအငွေ့အသက်များ၏ အကူအညီအပါအဝင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားနှင့် စနစ်တွင်မှတ်ပုံတင်ခြင်းမှ ရရှိသည့် ဆေးလုံးများ အကူအညီဖြင့် နှစ်ပေါင်း (၃၀၀)အတွင်း အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ခဲ့သည်။

သို့သော် ယခုတော့ သူ ဆက်လက်ကျင့်ကြံရန်အတွက် ထိုအရာများကို အသုံးပြုရန် မလိုအပ်တော့ပေ။

ပြင်ပစွမ်းအားများကိုသာ အားကိုးပြီး ကျင့်ကြံနေမည်ဆိုလျှင် ရှောင်ယွိ အင်မော်တယ် ဖြစ်သည့်အချိန်ထိ သူက မိုးကောင်းကင်အင်မော်တယ် ဖြစ်လာဦးမည် မဟုတ်ပေ။

ကျန်းလန် မရဏဂူထဲတွင် ကျင့်ကြံနေရင်း အလျှင်အမြန်တိုးပွားလာနေသည့် တာအိုစွမ်းအားများကို အာရုံခံကြည့်နေသည်။

မကြာမီ သူ အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ပေတော့မည်။

ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း (၆)လဆိုသည့်အချိန်က ကုန်ဆုံးသွားသည်။ ထိုကာလအတွင်း ကျန်းလန်က တာအိုကိုနားလည်ခြင်းနှင့်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်စေရန် ဆက်လက်ကျင့်ကြံလျှက် ရှိသည်။

ကျင့်ကြံခြင်း အရှိန်အဟုန် မြင့်တက်လာသည်နှင့်အမျှ နွားရိုင်းကိုးကောင်စွမ်းအားက ပိုမိုအေးစက်လာပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကလည်း ကြီးမားစွာတိုးတက်လာခဲ့သည်။

အခြားသောမန္တန်များ ၊ တန်ခိုးစွမ်းအားများနှင့်ပတ်သက်သည့် တိုးတက်မှုကတော့ အားနည်းနေသည့်တိုင် ကျန်းလန်က ကြိုးစားပြီး ရင်းနှီးကျွမ်းဝင်အောင် ကျင့်ကြံနေခဲ့သည်။

အနည်းငယ်သောတိုးတက်မှုလေးက အသုံးမဝင်ဟုထင်ရသော်လည်း တစ်ခါတစ်ရံ၌ သေရေးရှင်ရေးများတွင်ပင် အဆုံးအဖြတ်ပေးနိုင်သည်။

ထို့ကြောင့် အနည်းငယ်မျှသော တန်ခိုးစွမ်းအားလေးများကိုပင် ကျင့်ကြံရာတွင် လျစ်လျူမရှုသင့်ပေ။

သို့ပေသိ ထိုမန္တန်ပညာများနှင့် တန်ခိုးစွမ်းအားများကို ကျန်းလန် ဒီဘ၀ သုံးဖြစ်ပါဦးမည်လား မပြောတတ်ပေ။

ကျန်းလန် မျက်လုံးများကို မှိတ်ထားစဉ်…

ရုတ်တရက် သူ့နားထဲတွင် ထူးဆန်းသည့် အသံတစ်သံကို ကြားလိုက်ရသည်။

ထိုအသံက မိုးနဲ့မြေမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး မှုံဝါးဝါးမြင်ကွင်းအချို့ သူ၏စိတ်အာရုံထဲတွင် ထင်ဟပ်လာသည်။

ကောင်းကင်ဘုံနယ်မြေတစ်ခုအလား မြူခိုးတိမ်တိုက်များလှည့်ပတ်နေသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရပြီး မြင်ကွင်းက ချက်ချင်းပင် ပြောင်းလဲသွားသည်။

နောက်ထပ်မြင်ကွင်းတစ်ခုက ကြေးချွတ်သန့်စင်ဘုံ*ကဲ့သို့ လူသေကောင်များဖြင့် ပြည့်နေသည့် နေရာတစ်ခုကို တွေ့မြင်ရခြင်း ဖြစ်သည်။

ထိုမြင်ကွင်းများကို ဖျတ်ခနဲ တွေ့မြင်ရပြီးနောက် ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ငရဲတံခါးရှိရာသို့ အံ့သြတုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်သည်။

"ကိုယ်တွင်းမိစ္ဆာဝင်တာလား"

ကျန်းလန်တွေးလိုက်သည်။

ထို့နောက် သူ့ကိုယ်သူ အလျှင်အမြန် စစ်ဆေးကြည့်လိုက်သော်လည်း ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိရပေ။

သို့ဆိုလျှင်…

"ဘာဖြစ်တာလဲ…  ငါ အစီအရင်တစ်ခုခုထဲမှာ ထောင်ချောက်မိတာလား"

ဤသည်က ပြဿနာမဟုတ်ဟု ဆို၍မရနိုင်ပေ။

ပြဿနာကို သိမြင်ရပါလျှက် ဘာပြဿနာဖြစ်မှန်းမသိသည့် ပုံစံမျိုး ဖြစ်သည်။

"ဒါက ငရဲတံခါးဆီက သက်ရောက်မှုလား ၊ ဘာလို့ ဒီလိုဖြစ်ရတာလဲ… ဒါမှမဟုတ် ငါ မာန်တက်လာလို့ ထင်ယောင်ထင်မှားတွေ ခံစားရတာလား"

ဖြစ်ကောင်းဖြစ်နိုင်သည်။

သူမြင်လိုက်ရသည့် ပုံရိပ်ယောင်များကို ယခုတိုင် သူ့စိတ်အာရုံထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေရဆဲ ဖြစ်သည်။ သို့သော် သူ ထိုအရာများကို နားလည်နိုင်ခြင်း မရှိပေ။

ကျန်းလန် ချက်ချင်းပင် မရဏဂူထဲမှ ထွက်လာခဲ့သည်။

ဆောင်းရာသီရောက်နေပြီ ဖြစ်လေသည်။

အပြင်ဘက်တွင် မိုးကောင်းကင်က ကြည်လင်နေသည့်တိုင် အေးစိမ့်မှုကို ခံစားရသည်။ သူက ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သာမန်အအေးဒဏ်ကိုတော့ ခံနိုင်ရည် ရှိသည်။

ဆရာဖြစ်သူရှိရာ နဝမတောင်ထွတ်အစွန်းသို့ လမ်းလျှောက်လာရင်း ရုတ်တရက် မြင်တွေ့ရသည့် ပုံရိပ်ယောင်များနှင့်ပတ်သက်ပြီး ကျန်းလန် တွေးတောနေမိသည်။

ကိုယ်တွင်းမိစ္ဆာဝင်ရောက်ခြင်း ရှိ မရှိ သိနိုင်ရန် ဆရာဖြစ်သူကို စစ်ဆေးခိုင်းရမည် ဖြစ်သည်။ ဆရာဖြစ်သူ စစ်ဆေးကြည့်သည့်တိုင် ထူးခြားမှုမရှိလျှင်တော့ ကိုယ်တွင်းမိစ္ဆာဝင်ရောက်ခြင်းမဟုတ်ဘဲ အခြားအကြောင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ဆရာဖြစ်သူထံမရောက်မီ သူက အပေါ်ယံကျင့်ကြံခြင်းအဆင့်ကိုလည်း မရှိမှုအာကာသ ၊ ကနဦးအဆင့်အဖြစ် ပြောင်းလဲလိုက်သည်။

အိပ်မက်ကမ္ဘာတွင် (၁၀)နှစ်ကြာ နစ်မျောနေလေရာ အများအမြင်တွင် မရှိမှုအာကာသ ၊ ကနဦးအဆင့်သို့ တက်ရောက်မှသာ အဓိပ္ပါယ် ရှိပေလိမ့်မည်။

သူက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားလေရာ အခြားတပည့်များဆိုလျှင်တော့ သူ့ကို မူလဝိညာဉ် အောင်မြင်သည့်အဆင့်ဟု ထင်မှတ်ကြပေလိမ့်မည်။

သူ ဂိုဏ်းထဲရောက်သည်မှာ နှစ်ပေါင်း (၂၈၇)နှစ် ရှိခဲ့ပြီ ဖြစ်သည်။ မရှိမှုအာကာသ ၊ ကနဦးအဆင့်သို့ တက်ရောက်မည်ဆိုလျှင် သင့်တော်သည့် အချိန်ကာလသို့ ရောက်ရှိပြီ ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းလျှင်မြန်မှုက ပါရမီရှင်များနှင့်တန်းတူဖြစ်ပြီး အတော်လေး သိသာထင်ရှားခဲ့သည်။

အခြားသူများအမြင်တွင် မူလဝိညာဉ် ၊ အောင်မြင်သည့်အဆင့်ထိသာ ထုတ်ဖော်ထားသည့်အတွက် အခြားတပည့်များအနေဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သတိမပြုမိနိုင်ကြသည်မှာ တော်သေးသည်ဟု ဆိုရမည်။

သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်သူဆို၍ တောင်သခင်များနှင့် အကြီးအကဲအချို့သာ ရှိပေလိမ့်မည်။

သို့သော် တောင်သခင်များကလည်း သူ၏ကျင့်ကြံခြင်းအဆင့်ကို မည်သူမှ အရေးလုပ်ပြီး စစ်ဆေးနေကြမည် မဟုတ်သလို သိရှိသွားလျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။

***

"ဆရာ… ကျွန်တော် ကိုယ်တွင်းမိစ္ဆာများ ဝင်သလား မသိဘူး"

ကျန်းလန်က နဝမတောင်ထွတ်အစွန်းသို့ ရောက်သည်နှင့် လာရောက်ရသည့်အကြောင်းရင်းကို ချက်ချင်းပင် ဆရာဖြစ်သူကို ပြောပြလိုက်သည်။

အေးအေးဆေးဆေးရှိနေသည့်မော့ကျန်းသုန့်မှာ ကျန်းလန်၏စကားကြောင့် ချက်ချင်းပင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။

ကိုယ်တွင်းမိစ္ဆာ… တဲ့။

ကျန်းလန်လိုလူမျိုးက ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်သည်တဲ့လား။

ကျန်းလန်က စိတ်စွမ်းအားအလွန်ကောင်းသူဖြစ်ရာ ကိုယ်တွင်းမိစ္ဆာဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ စိတ်ရှုတ်ထွေးခြင်းတစ်ခုခုကြောင့်သာ အထင်အမြင်မှားခြင်း ဖြစ်နိုင်သည်။

သို့ပေသိ မော့ကျန်းသုန့် တစ်ချက်ပင် မတုံ့ဆိုင်းရဲဘဲ ကျန်းလန်ကို စစ်ဆေးကြည့်လိုက်၏။

ဤကိစ္စက အလွန်ပင် အရေးကြီးသည် မဟုတ်ပါလား။

***

Note :

(* ကြေးချွတ်သန့်စင်ဘုံ - Purgatory ကို ပြောခြင်း ဖြစ်ပါသည် ၊ မူရင်းတရုတ်လိုမှာလည်း炼狱 (Lan Yu) ဟုရေးသားထားပြီး အဆိုပါစကားလုံးအဓိပ္ပါယ်က Purgatory ပဲ ဖြစ်ပါသည်။ ကြေးချွတ်သန့်စင်ဘုံဆိုသည်မှာ အပြစ်များဖြင့် ပြည့်နေသည့် ဝိညာဉ်များ အပြစ်သန့်စင်ရန် ဒဏ်ခံရသည့် ငရဲ၏ အထက်နားတွင် ကပ်လျက်တည်ရှိသည့် ဘုံတစ်ခုဖြစ်ပြီး SPN Universe ထဲမှာတော့ Leviathan တွေကို ပိတ်လှောင်ထားဖို့ God က Purgatory ကို ဖန်ဆင်းခဲ့တာပါ)

All Chapters