← Chapters

လက်သီးနတ်ဘုရားက ကာကွယ်ပေးမယ်

Vol. 18 Ch. 250

လက်သီးနတ်ဘုရားက ကာကွယ်ပေးမယ်

Vol. 18 Ch. 250

အခန်း (၂၅၀) လက်သီးနတ်ဘုရားက ကာကွယ်ပေးမယ်

တစ္ဆေတိုင်းပြည်။

တစ်နှစ်ပတ်လုံး မိုးများအုံ့မှိုင်းနေပြီး နေသာသည့်နေ့ရက်ဆိုသည်က မရှိသလောက်ပင်။

ချင်းမုသည် အနည်းငယ်အသက်ကြီးလာပြီး ခန့်ငြားသည့် လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့လေပြီ။

ထင်းပုံထက်တွင်တော့ အားမာန်အပြည့်ဖြင့် လက်သီးချက်ထိုးနှက်နေသည့် ရုပ်တုတစ်ခု ရှိနေသည်။ ထိုရုပ်တု၏မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း လက်သီးချက်ထိုးနေဟန်ကတော့ အားမာန်ပါလှသည်။

ထိုလက်သီးမှထွက်ပေါ်လာသည့် စွမ်းအားများကိုပင် အာရုံခံမိသည်အထိ မာန်ပါလွန်းလှသည်။

ချင်းမုက ထိုရုပ်တုကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်သည်။ သူ လက်သီးနတ်ဘုရားကို ကိုးကွယ်နေသည်မှာ (၁၀)နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်သည်။

ချင်းမု၏ လက် (၂)ဖက်တွင် အနက်ရောင်အဝတ်စများ ရစ်ပတ်ထားပြီး သူ၏လက်သီးများမှ အေးစက်သည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။

"လက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးတွေကို ကာကွယ်ပေးပါ ၊ အခု နတ်မိစ္ဆာတွေနဲ့ တိုက်ပွဲဆင်နွှဲရပါမှာဖြစ်လို့ အောင်မြင်မှုတွေ ပေးသနားပါ… ကြီးမြတ်တဲ့လက်သီးနတ်ဘုရား"

ထိုစဉ် ရိုးရှင်းသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် အိမ်ထဲမှ ထွက်လာသည်။

သူမက ချင်းမုကို ကြည့်လိုက်ရင်း…

"သား… သွားဖို့အချိန်ကျပြီ"

"ကောင်းပါပြီ အမေ"

ချင်းမုက အသင့်ချထားသည့် အထုပ်ကိုလွယ်လိုက်ရင်း တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"အမေ… ကျွန်တော် သွားပြီနော် ၊ ဒီတစ်ခေါက်တော့ တိုက်ပွဲသေချာပေါက်အနိုင်ရပြီး နာမည်ရလာမှာပါ"

အမျိုးသမီးက…

"ဒီတစ်ခေါက် ထောက်ပို့တာဝန်က တစ္ဆေတိုင်းပြည် နယ်နိမိတ်ထဲမှာပဲ ရှိတယ် ၊ အန္တရယ် သိပ်မရှိနိုင်ပါဘူး ၊ အစီအစဉ်အတိုင်းသာ လိုက်နာဖို့ မမေ့နဲ့နော်"

ချင်းမုက…

"ကောင်းပါပြီ"

ထို့နောက် မိခင်ဖြစ်သူကို နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။

အဝေးသို့ရောက်မှ သူက နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် မိခင်ဖြစ်သူကို အော်ပြောလိုက်၏။

"အမေ… လက်သီးနတ်ဘုရား သက်ရှိထင်ရှားရှိသေးတယ်ဆိုရင် သေချာပေါက် ကျွန်တော့်ကို ကာကွယ်ပေးမှာပါ ၊ သူ သေသွားပြီဆိုရင်တော့ ကျွန်တော်က သေချာပေါက် လက်သီးနတ်ဘုရား ဖြစ်လာလိမ့်မယ် ၊ တစ္ဆေတိုင်းပြည်ရဲ့ လက်သီးစွမ်းအားရှင်တွေကြားထဲမှာ ထိပ်တန်းအဆင့် ဖြစ်လာစေရမယ် ၊ လက်သီးနတ်ဘုရားကို ကိုးကွယ်ကြတဲ့ အခြားသူတွေထက် ကျွန်တော်က သာစေရမယ်"

အမျိုးသမီးသည် ချင်းမုထွက်ခွာသွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

ပြီးမှ သူမက ထင်းပုံထက်မှ သစ်သားရုပ်တုကို လှည့်ကြည့်လိုက်သည်။

အတန်ကြာကြည့်နေပြီးမှ သူမ အိမ်ထဲသို့ ဝင်သွားလေသည်။

***

"ဘာပြဿနာမှ မရှိပါဘူး"

မော့ကျန်းသုန့်က ကျန်းလန်နဖူးထက်မှ လက်များကို ပြန်လည်ရုတ်သိမ်းရင်း ပြောလိုက်သည်။

ကျန်းလန်က ကိုယ်တွင်းဝိညာဉ်ဝင်ရောက်နေသည်ဟု သူ့ကိုယ်သူ သံသယဝင်နေလေရာ မော့ကျန်းသုန့်မှာ တစ်ချက်ပင် မတုံ့ဆိုင်းရဲဘဲ စစ်ဆေးကြည့်လိုက်ရသည်။

ကိုယ်တွင်းမိစ္ဆာဝင်ရောက်လျှင် အင်မော်တယ်အဖြစ်အဆင့်တက်ရန် ကြီးမားစွာ ထိခိုက်ပေလိမ့်မည်။ ပြီးလျှင် အင်မော်တယ်အဖြစ်အဆင့်တက်ရန်မှာလည်း အချိန်အတန်ကြာ နှောင့်နှေးသွားပေလိမ့်မည်။

ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် စေ့စပ်ထားသည်ဖြစ်လေရာ အင်မော်တယ်ဖြစ်ရန် ကြန့်ကြာနေပါက စိတ်ပိုင်းဆိုင်ရာ ဝန်ပိမှုများဖြစ်ပေါ်လာစေပြီး စိတ်ဖိစီးမှုများကိုလည်း ခံစားရမည် ဖြစ်သည်။

သို့သော် တကယ်တမ်းတွင် ကျန်းလန်က ထိုသို့လည်း ခံစားချက်ရှိမည့်ပုံ မပေါ်ပေ။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စများနှင့်ပတ်သက်ပြီး လျှော့တွက်၍ မဖြစ်ပေ။ မဟုတ်ပါက အခန့်မှန်းနိုင်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။

ယခုတော့ ကျန်းလန်တွင် ကိုယ်တွင်းမိစ္ဆာမရှိသည်မှာ သေချာလွန်းသည်။ တပည့်ဖြစ်သူ၏ စိတ်က ရှင်းလင်းပြီး တည်ငြိမ်လျှက် ရှိ၏။

ကျန်းလန်က အင်မော်တယ်အများစုပင် မပိုင်ဆိုင်နိုင်သည့် စိတ်တည်ငြိမ်မှုမျိုးကို ပိုင်ဆိုင်ထားသည်။

ဤသို့သောသူမျိုးသာ ကိုယ်တွင်းမိစ္ဆာအဝင်ခံရပါက သေချာပေါက် ပြဿနာကြီးမားပေလိမ့်မည်။ ကံကောင်းသည်မှာ ကျန်းလန်တွင် ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်နေခြင်း မရှိခဲ့ပေ။

မော့ကျန်းသုန့်က…

"မင်း အခုပဲ ကျင့်ကြံခြင်းအဆင့်တက်ထားတာ မဟုတ်လား"

ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း…

"ဟုတ်ကဲ့…"

မော့ကျန်းသုန့်က…

"ကြည့်ရတာ ကျင့်ကြံခြင်းအဆင့်တက်သွားလို့ သက်ရောက်မှု နည်းနည်းပါးပါးရှိတာ ဖြစ်လိမ့်မယ် ၊ မင်း ဘာအပြောင်းအလဲတွေများ တွေ့မြင်ရလို့လဲ"

ကျင့်ကြံခြင်းအဆင့်တက်သည့် အချိန်ကာလမျိုးတွင် သေးငယ်သည့် အပြောင်းအလဲအချို့ ခံစားရမည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ကျန်းလန်က သူ့ကိုယ်သူ ကိုယ်တွင်းမိစ္ဆာဝင်ရောက်သည်ဟု ထင်မှတ်ရလောက်သည့် ပြောင်းလဲမှုမျိုးကတော့ ပေါ့သေးသေး မဟုတ်သည်မှာ သေချာသည်။

"ကျွန်တော် ပုံရိပ်ယောင်တွေ မြင်နေတာ"

ကျန်းလန်က အသေးစိတ်ကို သေသေချာချာ ပြောပြခြင်း မရှိပေ။ အကြောင်းမှာ သူလည်း နားမလည်သောကြောင့် ဖြစ်၏။

သူကြုံတွေ့ရသည့်အခြေအနေကို သူကိုယ်တိုင် လုံး၀ နားလည်ခြင်း မရှိပေ။

"နောက်ရက်ပိုင်းတွေ မရဏဂူထဲကို မသွားနဲ့တော့ ၊ အပြင်မှာပဲ နားနားနေနေ နေလိုက် ၊ ကျင့်ကြံတာလည်း ခဏနားထားလိုက်ပေါ့"

မော့ကျန်းသုန့်က ခဏမျှ စဉ်းစားနေပြီးမှ ဆက်ပြောသည်။

"နောက်ထပ် အဲဒီလိုမျိုး ထပ်ဖြစ်သေးလားဆိုတာ စောင့်ကြည့်ရမယ်"

ကျန်းလန်က…

"ကောင်းပါပြီ ဆရာ"

***

နဝမတောင်ထွတ်အစွန်းမှ ပြန်လာပြီးနောက် ကျန်းလန် မရဏဂူသို့သွားကာ သူမွေးထားသည့် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ထုတ်ယူလာသည်။

နောက်ရက်ပိုင်း သူ အပြင်တွင်ပင် နေထိုင်မည်ဖြစ်ရာ ထိုအရာလေးများကိုပါ နေဆာလှုံပေးရန် ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။

ဆောင်းတွင်းနေရောင်ခြည်ကလည်း ပူပြင်းခြင်း မရှိလေရာ ထိုအရာလေးများအတွက် အဆင်ပြေမည် ဖြစ်သည်။

ခြံဝန်းထဲတွင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးများကို နေရာချထားပြီးနောက် ကျန်းလန် ပန်းပင်များကို ရေလောင်းလိုက်သည်။

ပန်းပင်လေးများက အတော်အတန်ကြီးပြင်းနေပြီဖြစ်ရာ နောက်တစ်ကြိမ် ရှောင်ယွိရောက်လာလျှင် ပန်းများ ပွင့်လန်းနေတော့မည်ဖြစ်ရာ သူမကို ပျော်ရွှင်စေမည် ဖြစ်သည်။

ထို့ပြင် နဝမတောင်ထွတ်မှ ဝိညာဉ်ဆေးပင်များကို ဂရုစိုက်ပေးရဦးမည်ဖြစ်သလို အလွန်ရှည်လျားနေပြီဖြစ်သော မြက်ပင်များကိုလည်း ရှင်းလင်းပေးရဦးမည် ဖြစ်သည်။

တစ်နှစ်ပတ်လုံး နဝမတောင်ထွတ်ကို လာရောက်လည်ပတ်သူ မရှိပေ။ ထို့ကြောင့် နှစ်အနည်းငယ်အတွင်း မရှင်းလင်းသည်နှင့် နေရာအများစုက ခြုံနွယ်ပိတ်ပေါင်းများထူထပ်နေတော့သည်။

သူလည်း (၁၀)နှစ်ခန့် ပစ်ထားခဲ့သည် မဟုတ်လား။

အချို့မြက်ပင်ရှည်များဆိုလျှင် သူ့ခါးထိပင် ရောက်နေပြီ ဖြစ်သည်။ ယခုတာ့ အေးအေးဆေးဆေး မြက်ရှင်းရန်အချိန်ရသောကြောင့် ဝမ်းသာရမလိုပင်။

ကျန်းလန်က မည်သည့်မန္တန်ကိုမှ အသုံးမပြုဘဲ မြက်ပင်များကို ရှင်းလင်းလိုက်သည်။ ဤရက်ပိုင်း ကျင့်ကြံခြင်းလည်း ရပ်နားထားသည်ဖြစ်ရာ နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ရန်သာ အာရုံစိုက်လိုက်တော့၏။

အနားမယူဘဲ ဆက်တိုက်ကျင့်ကြံမိသောကြောင့်လည်း ထင်ယောင်ထင်မှား ပုံရိပ်များ တွေ့ကြုံရခြင်း ဖြစ်နိုင်သည်။

ကျန်းလန် ခြံဝန်းအတွင်းအရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ပြီး ပန်းပင်လေးများကိုလည်း ရေလောင်းလိုက်သည်။

ညနေပိုင်းတွင်တော့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း သတင်းများနားစွင့်ရန် တောင်ပေါ်မှ ဆင်းလာခဲ့သည်။

နဝမတောင်ထွတ်မှ ထွက်ခွာလာရင်း သူပြုလုပ်ထားသည့် အစီအရင်များကို တစ်ချက်ကြည့်လိုက်သည်။ အစီအရင်များကို အဆင့်မြှင့်တင်ခြင်း မပြုလုပ်ရသည်မှာလည်း ကြာနေလေပြီ။

အချိန်ရမှ အစီအရင်နှင့်ပတ်သက်သည့်စာအုပ်များ ပြန်လည်ဖတ်ရှုပြီး အစီအရင်များကို အဆင့်မြှင့်တင်ရမည် ဖြစ်သည်။

အပေါ်ယံအစီအရင်များကတော့ များစွာပြောင်းလဲရန် မလိုအပ်သော်လည်း ဖုံးကွယ်ထားသည့် အစီအရင်များကိုတော့ ထပ်မံ ပြောင်းလဲရမည် ဖြစ်သည်။

သူပြုလုပ်ထားသည့် အစီအရင်များက ဆရာဖြစ်သူအပေါ်တွင်တော့ သက်ရောက်မှု မရှိပေ။

ဆရာ ဖြတ်သန်းသွားလာလေတိုင်း ဖုံးကွယ်ထားသည့်အအစီအရင်များက ပွင့်လာမည် မဟုတ်ပေ။ မဟုတ်ပါက ဆရာဖြစ်သူ သေချာပေါက် ဒုက္ခတွေ့ပေလိမ့်မည်။

ကျန်းလန် ခွန်လွန်တောင်လမ်းတစ်လျှောက် လမ်းလျှောက်လာစဉ် ဘေးချင်းယှဉ်လမ်းလျှောက်လာသည့် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့ (၂)ယောက်က ရယ်မောစကားပြောဆိုလျှက် ရှိကြသည်။

လူငယ်က…

"ဂိုဏ်းတူအစ်မရဲ့ ဝိညာဉ်သားရဲ သစ်ပင်နဲ့ ဝင်တိုက်မိတာ ၊ တကယ်ရယ်ရတယ်နော်"

မိန်းကလေးကလည်း သူ့နံဘေးမှ လူငယ်ကိုကြည့်ရင်း ရယ်မောလိုက်သည်။

လူငယ်က ရယ်မောရင်းဖြင့် စကားဆက်ပြောသည်။

"တွေးတိုင်း ပြန်ရယ်နေရတယ် ၊ ဂိုဏ်းတူအစ်မလည်း အူကြောင်ကြောင် ဖြစ်သွားတာလေ"

ကျန်းလန်က သူတို့ (၂)ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လမ်းဆက်လျှောက်သွားသည်။

သူတို့ ဘာပြောနေကြသည်ကို ကျန်းလန် နားမလည်ပေ။ "ရယ်စရာလည်းဘာမှမပါဘူး" ဟု တွေးလိုက်မိ၏။

ခဏမျှ လမ်းလျှောက်နေပြီးနောက် တပည့်များစွာ ဝရုန်းသုန်းကား ပြေးထွက်လာကြသည်ကို တွေ့လိုက်ရပြန်သည်။

"ဆဋ္ဌမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုနဲ့ တတိယတောင်ထွတ်က ဂိုဏ်းတူအစ်မ တိုက်ခိုက်နေကြတယ်တဲ့ ၊ သူတို့က အင်မော်တယ်တွေဟ"

"သွားကြစို့ ၊ သွားကြစို့ ၊ တော်ကြာ ပွဲပြီးသွားလို့ မကြည့်လိုက်ရပဲနေမယ်"

တပည့်များ အုပ်စုလိုက် အပြေးအလွှားထွက်ခွာသွားသည်ကို ကျန်းလန် ကြည့်နေခဲ့သည်။

ထိုသို့ အချင်းချင်း တိုက်ခိုက်နေကြသည့်အတွက် ခွန်လွန်တောင်လမ်းက မကြာခဏ ပြောင်းလဲနေခြင်းဖြစ်သည်။ တပည့်အချင်းချင်း တိုက်ခိုက်ကြရင်းဖြင့် လမ်းများလည်း ပျက်စီးကုန်ကြလေသည်။

ဂိုဏ်းထဲတွင် ရန်ဖြစ်လျှင် အပြစ်ပေးခံရမည်ဟု စည်းကမ်းချက်ရှိသော်လည်း မည်သူမှ အရေးမစိုက်ကြပေ။ အချင်းချင်း ရန်ဖြစ် ၊ ရန်စသည့်ကိစ္စများက ရှိနေဆဲပင် ဖြစ်သည်။

တိုက်ပွဲတစ်ခုကြည့်ရှုရန်အတွက် အမြဲတမ်း နေရာပြေးဦးလေ့ တပည့်များကလည်း အမြဲလိုလိုရှိတတ်ကြသည်။ ကျန်းလန်ကတော့ တိုက်ပွဲများကြည့်ရှုရန် စိတ်မဝင်စားပေ။

သူက ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အခြေအနေများကိုသာ သိရှိလိုသည်။ ယခုဆိုလျှင် သူ ပြင်ပလောကအကြောင်း မကြားသိရသည်မှာ အချိန် (၁၀)နှစ်ပင် ရှိခဲ့လေပြီ။

နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသား ပျောက်သွားခြင်းကဲ့သို့ ကိစ္စမျိုးက သေချာပေါက် အငြင်းပွားဖွယ်ရာ ကိစ္စမျိုး ဖြစ်သည်။

တပည့်များစုပေါင်းကျင့်ကြံကြသည့် ရင်ပြင်ထက်ရောက်လာသည့်အခါ ကျန်းလန်က နေရာတစ်နေရာတွင် မတ်တတ်ရပ်ရင်း တပည့်များပြောဆိုနေသည့် စကားသံများကို အာရုံစိုက်လိုက်သည်။

သူတို့ပြောသည့် ကောလဟလများက ရာနှုန်းပြည့် မမှန်နိုင်သော်လည်း အားလုံးတော့မှားယွင်းနေသည် မဟုတ်ပေ။

ယနေ့တော့ တပည့်များက တစ္ဆေတိုင်းပြည်အကြောင်း ပြောဆိုနေကြ၏။

တပည့်တစ်ယောက်က…

"အဲဒီတုန်းက စစ်ကူတောင်းတာကို သိတာနဲ့ တပည့်တွေ အမြန်ဆုံး ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲ လိုက်သွားကြတာ ၊ ဒါပေမဲ့ တောအုပ်ထဲရောက်တော့ တိုက်ပွဲက ပြီးနေပြီ ၊ ဂိုဏ်းတူအစ်ကိုလုကျန်းတို့အုပ်စုကြောင့်သာမဟုတ်ရင် ကျုပ်တို့ ခွန်လွန်တောင်တော့ ခုချိန် တစ္ဆေတိုင်းပြည်နဲ့ စစ်ဖြစ်နေလောက်ပြီ"

အခြားတပည့်တစ်ယောက်က…

"အမှန်ပဲ ၊ တစ္ဆေတံခါးကိုသာ မဖျက်စီးနိုင်ခဲ့ရင် အခု တစ္ဆေတိုင်းပြည်နဲ့တိုက်ခိုက်နေတာ နတ်မိစ္ဆာတွေ မဟုတ်ဘဲ ကျုပ်တို့ ခွန်လွန်တောင် ဖြစ်သွားလိမ့်မယ်"

"ဒါပေမဲ့ ထူးဆန်းတာတစ်ခုက နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာတွေတိုက်ပွဲမှာ နတ်မိစ္ဆာတွေ ရှုံးနိမ့်ထားတာလေ ၊ ဒါတောင်မှ သူတို့က တစ္ဆေတိုင်းပြည်နဲ့ရင်ဆိုင်ဖို့ အင်အားအပြည့်ရှိနေသေးတယ်"

"အဲဒါတော့ မသိဘူး ၊ ဒါပေမဲ့ နဂါးမျိုးနွယ်တွေရဲ့ အဋ္ဌမမင်းသား ပျောက်သွားတဲ့ကိစ္စက နတ်မိစ္ဆာတွေနဲ့ ဆက်စပ်နေမယ်ထင်တယ် ၊ ပြီးတော့ ခုတလော နဂါးမျိုးနွယ်တွေက ငြိမ်သက်နေတယ်နော် ၊ သူတို့ ဘာတွေကြံစည်နေလဲ မသိဘူး"

"နတ်လူသားမျိုးနွယ်တွေနဲ့ ဝူထုန်တောင်တိုက်ပွဲကလည်း ပြီးတော့မလိုလိုနဲ့ မပြီးသေးဘူးနော် ၊ နတ်လူသားမျိုးနွယ်တွေဘက်က အနိုင်ရတယ်ဆိုပေမယ့် ဝူထုန်တောင်ကို အပြည့်အေ၀ မသိမ်းပိုက်နိုင်သေးဘူး ၊ အဲဒီ တိုက်ပွဲက ဘယ်လောက်ကြာမှာလဲ မသိဘူး ၊ ပြီးတော့ နတ်လူသားမျိုးနွယ်တွေရဲ့ ပါရမီရှင်ဆိုတဲ့သူကလည်း ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံအောင်မြင်သွားပြီမဟုတ်လား ၊ သူတို့က ဘာလို့ဆက်ပြီးတိုက်ခိုက်နေသေးတာလဲ မသိဘူး"

"ဒါပေမဲ့ သူတို့တွေပဲ တိုက်ခိုက်နေကြတာ မဟုတ်ဘူးကွ ၊ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေကလည်း မြို့တစ်မြို့ တည်ဆောက်နေတယ်တဲ့ ၊ သူတို့က မြေအောက်လောကက နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ၊ အခု နှစ်ဖက်လုံးက တိုက်ခိုက်ဖို့ အသင့်ပြင်နေကြတာတဲ့ ၊ အဲဒီမြို့တည်ဆောက်နေတာလည်း ဆယ်စုနှစ်တော်တော်ကြာနေပြီ ၊ ဘယ်တော့လောက် ပြီးမလဲဆိုတာတော့ မသိဘူး"

All Chapters