အခန်း (၄၅၆-၄၆၀)
Vol. 31 Ch. 456-460
Chapter 456
မူလက မဟာအကြီးအကဲသုံးယောက်သည် အရေအတွက် အသာစီးဖြင့် အနိုင်ယူနိုင်မည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် အဆုံးသတ်၌ သူတို့သည် တစ်ဖက်လူ၏အရေအတွက်ဖြင့် လွှမ်းမိုးခြင်းကို လုံးလုံးလျားလျား ခံယူလိုက်ရသည်။
သူတို့သုံးယောက်၏ခန္ဓာကိုယ်များမှ ချွေးသီးချွေးပေါက်များကျလာကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးခဲ့တော့သည်။
သို့ရာတွင် ထိုအချိန်မှာပင်.....
ဆံပင်အဝါရောင်နှင့်လူ၏ ကိုယ်ပွားတစ်ထောင်သည် နှစ်ယောက်တစ်တွဲတွဲကာ သူတို့၏စွမ်းအားများကို မြှင့်တင်လိုက်ကြသည်။ချာလပတ်လည်နေသော အလင်းစက်လုံးငါးရာသည် ချက်ချင်းပေါင်းစည်းသွားပေ၏။
"အိုး သောက်ချေးပဲ...ကျောက်ကပ်အမြှောက်...."
"အိုး သောက်ချေးပဲ....ကျောက်ကပ်အမြှောက်....."
"..."
လူတစ်ထောင်၏အသံများက တပြိုင်နက်တည်းထွက်ပေါ်လာခြင်းနှင့်အတူ ရာဆင်းဂန်း*ငါးရာသည် လူသုံးဆယ်ထံသို့ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။
ရုတ်ချည်းဆိုသလိုပင်....
ထိုလူသုံးဆယ်သည် အမှုန်အမွှားများအဖြစ်သာ ကြွင်းကျန်တော့သည်။
"အင်မော်တယ်သားရဲ....ထွက်လာခဲ့စမ်း"
တခြားအကြီးအကဲတစ်ယောက်သည် သင်္ကန်းတစ်ထည်ကို လွှမ်းခြုံထားသော ဘုန်းတော်ကြီးတစ်ပါးနှင့် ရင်ဆိုင်နေရသည်။
ထိုဘုန်းတော်ကြီးကိုကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း အကြီးအကဲသည် လျှော့မတွက်ဝံ့သဖြင့် သူနှင့် စိတ်ဝိညာဥ်စာချုပ်ချုပ်ထားသော အင်မော်တယ်သားရဲကို ချက်ချင်းဆင့်ခေါ်လိုက်၏။
ထိုအင်မော်တယ်သားရဲ ထွက်ပေါ်လာချိန်တွင် အရှိန်အဝါသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
ထိုအရာသည် ထက်ရှသောလက်သည်းများကိုထုတ်ဖော်၍ ဘုန်းတော်ကြီးကို ထိုးသုတ်ရန် ဦးတည်၍ပျံသန်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် ထိုသားရဲသည် လက်သည်းများဖြင့် ဘုန်းတော်ကြီးကို ဖမ်းဆုပ်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အကြီးအကဲ၏မျက်နှာအမူအယာပြောင်းလဲသွားကာ သူကပျာပျာသလဲအော်ဟစ်လိုက်၏။
"သူ့ကို သတ်စမ်း"
အင်မော်တယ်သားရဲသည် ရက်စက်ကြမ်းကြုတ်စွာ ဟိန်းယောက်ကာ စူးရှသောမျက်လုံးတစ်စုံဖြင့် ဘုန်းတော်ကြီးကို စိုက်ကြည့်ပြီး အစိပ်စိပ်အမွှာမွှာဆုတ်ဖြဲပစ်ရန် ဟန်ပြင်လေသည်။
သို့ရာတွင်...
ဘုန်းတော်ကြီးသည် ရုတ်တရက် ထိုသားရဲကိုမော့ကြည့်ပြီး သူ၏သွားရည်များကျနေသော ပါးစပ်မှနေ၍ ဗလုံးဗထွေးစကားသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"လူသားတွေနဲ့မှော်သားရဲတွေ နှစ်မျိုးစလုံးက မိခင်တွေကနေမွေးဖွားလာတာ...ကွဲပြားခြားနားချက်က လူသားတွေက လူသားမိခင်ကနေမွေးဖွားလာပြီးတော့....မှော်သားရဲတွေက မှော်သားရဲမိခင်တွေကနေ မွေးဖွားလာတာ...မင်းမိခင်ရဲ့မျိုးရိုးနာမည်က ဘာလဲ"
"မှော်သားရဲတကောင် ဖြစ်နေတယ်ဆိုရင်တောင် မင်းက လူသားတစ်ယောက်နဲ့ တူနေရမယ်....မင်းမှာ သနားကြင်နာတတ်တဲ့နှလုံးသားရှိရမယ်...မင်းမှာ သနားကြင်နာတတ်တဲ့နှလုံးသားရှိမယ်ဆိုရင် မင်းက မှော်သားရဲမဟုတ်တော့ဘဲနဲ့ လူသားတစ်ဝက်မှော်သားရဲဖြစ်သွားပြီ"
ထိုစကားလုံးများ ကျရောက်လာချိန်တွင် အင်မော်တယ်သားရဲ၏မျက်နှာ အဆက်မပြတ်တွန့်လိမ်သွားသည်။ထိုသားရဲသည် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်မှ သူ့၏တာအိုနှလုံးသားကို ဖျက်ဆီးနေသည်အား ခံစားမိလေ၏။သူသည် ရူးသွပ်မှုအတွင်းသို့ ကျရောက်သွားလေပြီ။သူ့၏ခေါင်းကို ကုတ်ခြစ်ပြီးနောက် မြေပြင်ပေါ်ရှိဓားတလက်ကိုကောက်ယူကာ သူ့၏နှလုံးသားကို သူ ပြန်ထိုးစိုက်လိုက်တော့သည်။
သွေးများက သူ၏ပါးစပ်မှ ယိုစီးကျလာကာ ထိုအင်မော်တယ်သားရဲသည် သေကြောင်းကြံစည်မှုကို ပြုလုပ်ခဲ့လေသည်။
သူ့၏စာချုပ်ချုပ်ဆိုထားသော သားရဲသေဆုံးသွားခြင်းနှင့်အတူ ထိုအကြီးအကဲ၏မျက်လုံးများပြူးကျယ်သွားကာ သူသည် တန်ပြန်ဒဏ်ခံစားလိုက်ရသောကြောင့် သူ့၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
ဘုန်းတော်ကြီး၏အကြည့်က သူ့ထံသို့ တဖန်ပြန်၍ကျရောက်လာသည်။
ထိုအကြီးအကဲသည် ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားကာ သူ၏စိတ်နှင့်စိတ်ဝိညာဉ် တုန်လှုပ်ချောက်ချားနေပြီး သူ့၏မျက်လုံးအတွင်းတွင်ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည်နှက်နေသည်။
"တကာလေး...မင်းအမေရဲ့မျိုးရိုးနာမည်ကဘာလဲ"
နောက်ဆုံး၌ ထိုဘုန်းတော်ကြီး၏အသံထပ်မံ၍ ထွက်ပေါ်လာသည်။
ဖူး....
ထိုအကြီးအကဲသည် နောက်ထပ်သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ ရူးသွပ်သွားတော့သည်။ ထို့နောက် သူသည် ဓားမြှောင်တလက်ကိုထုတ်ယူ၍ သူ့ကိုယ်သူ သေကြောင်းကြံစည်လိုက်၏။
ထိုအကြီးအကဲ မြေပြင်ပေါ်သို့လဲကျသေဆုံးသွားသော အချိန်အခိုက်အတန့်မှာပင် ကွမ်ခေါင်းဆောင်း* ဆောင်းထားသော တခြားဘုန်းတော်ကြီးတစ်ပါးသည် သူ့၏သင်္ကန်းကို လက်ဖြင့်ဆတ်ခနဲခါယမ်းကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားသည်။
"ပိုးမွှားလေးတွေ....မင်းတို့က တံခါးတွေနဲ့တိုင်တွေကိုဖျက်ဆီးဖို့ ကြိုးစားဝံ့တာလား"
"တန်ခိုးကြီးသော မဟာကောင်းကင်ဘုံနဂါး....မဟာဓမ္မမန္တန်များ...ဗုဒ္ဓဘုရားတွေရဲ့ဥာဏ်ပညာ....ဥာဏ်ပညာရဲ့ပြီးပြည့်စုံမှု*....တန်ခိုးကြီးသော မဟာကောင်းကင်ဘုံနဂါး....လောက၏စံထားလောက်ဖွယ် မြေကမ္ဘာသိုလှောင်ခြင်း...ဗုဒ္ဓဘုရားတွေရဲ့ဥာဏ်ပညာ....ဥာဏ်ပညာရဲ့ပြီးပြည့်စုံမှု...ဗလာဟင်းလင်းဖြစ်သွားခြင်း....."
ထိုအသံကျရောက်လာသည်နှင့်အတူ မြေပြင်ပေါ်ရှိ အပျက်အစီးများသည် ဘုန်းခနဲမြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားတော့သည်။
ထိုပေါက်ကွဲမှုအောက်တွင် ပိုင်ယန်နန်းတော်မှ အကြီးအကဲနှစ်ယောက် ချက်ချင်းသေဆုံးသွားခဲ့သည်။
မိုးကောင်းကင်ယံအတွင်း၌ လေးနှင့်မြှားများ ကိုင်ထားသော လူတစ်ယောက်သည် လေးကြိုးကိုဆွဲ၍ချိန်ရွယ်ကာ ချောမွေ့သော မြှားတစ်ချက်ကို ပစ်လွှတ်လိုက်သည်။ပိုင်ယန်နန်းတော်မှ အကြီးအကဲသုံးယောက်သည် ထိုမြှား၏ထွင်းဖောက်ခြင်းကိုခံရကာ သေဆုံးသွားလေ၏။သို့ရာတွင် ထိုမြှားသည် ရပ်တန့်ခြင်းမရှိဘဲ မိုးကောင်းကင်ယံထံသို့ဦးတည်၍ ပျံ့လွင့်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသော ဝူချန်အန်းသည် ထိတ်လန့်တကြား ခုန်ထလိုက်၏။
"အဲဒီကောင်က နေကို ပစ်ချတော့မလိုလား...သူလုပ်တော့မှာလား"
ကံကောင်းထောက်မစွာဖြင့်...
သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်ပွားသွားခြင်းမရှိချေ။
"ကံကောင်းပြီးတော့ ဒါတွေက ငါ့ရဲ့ဆရာ အတိတ်မှာ ထွင်းထုခဲ့တဲ့ပန်းပုရုပ်တွေ ဖြစ်နေတယ်...သူ့ရဲ့အကောင်းဆုံးလက်ရာတွေ မဟုတ်ဘူး...တကယ်လို့ သူ့ရဲ့အကောင်းဆုံးလက်ရာတွေကိုသာ ထုတ်ယူလိုက်မယ်ဆိုရင် နေမင်းကြီးပျောက်ကွယ်သွားမှာကို ငါ စိုးရိမ်မိတယ်"
ဝူချန်အန်းသည် သူ့၏ရင်ဘတ်ကိုပုတ်ကာ သူ၏ပခုံးပေါ်တွင် မတင်ထားသော ဝန်ထုပ်ကြီးကျသွားသည့် အမူအယာမျိုး သူ့၏မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။ထို့နောက် သူသည် နောက်မှီကုလားထိုင်ပေါ်၌ပြန်၍လဲလျောင်းလိုက်တော့သည်။
ပထမဆုံးတိုက်ခိုက်မှုဖလှယ်ရုံဖြင့်ပင် လူအမြောက်အများ သေဆုံးသွားသည်ကို ကြည့်ပြီး လီကျန်းရီသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်လိုက်၏။သူ့ထံတွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။
"ငါတို့ ဒီအတိုင်းဆက်ပြီး တိုက်ခိုက်နေလို့မဖြစ်တော့ဘူး...အားလုံးပဲ ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...ငါတို့ အတူတူစုပေါင်းပြီးတော့ အစစ်အမှန်နေမင်းရိုက်ချက်ဝင်္ကပါကို ဖွဲ့စည်းကြရမယ်"
လုကျမ်းရီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် အကြီးအကဲများအားလုံးသည် လုကျမ်းရီထံသို့ ပျံသန်းလာကာ သူ့၏နောက်သို့ အလျှင်အမြန်ရောက်ရှိလာပြီး အစစ်အမှန်နေမင်းရိုက်ချက်ဝင်္ကပါပုံစံအတိုင်း မတ်တတ်ရပ်လိုက်ကြသည်။
"ဝင်္ကပါကို ဖွဲ့စည်းကြစမ်း"
လုကျမ်းရီဦးဆောင်၍ အကြီးအကဲများအားလုံးသည် လက်စည်းတံဆိပ်များကို အလျှင်အမြန် ဖွဲ့စည်းလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ပိုင်ယန်နန်းတော်မှ အကြီးအကဲများအားလုံးသည် တစ်ယောက်၏လက်ဝါးကို ရှေ့ရှိတစ်ယောက်၏ကျောပေါ်တွင်ကပ်၍ စွမ်းအားများကိုချိတ်ဆက်ပြီး လုကျမ်းရီထံ၌ စုဝေးသွားစေသည်။
ဤအချိန်အခိုက်အတန့်တွင်....
လုကျမ်းရီ၏ဆံပင်များ အဆုံးထိထောင်မတ်သွားကာ မျက်လုံးများနီမြန်းလာပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရှိန်အဝါများ မိုးထိလုမတတ် မြင့်မားသွားသည်။
အင်မော်တယ်နည်းစနစ် အစစ်အမှန်နေမင်းရိုက်ချက်....
သူ၏ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူ့၏လက်အတွင်းတွင် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီး၏ရောင်ခြည်တန်းကဲ့သို့ အလင်းတန်းတတန်း ထွက်ပေါ်လာကာ ရှေ့သို့ ပေါက်ကွဲမှုများ ပျံ့လွင့်သွားသည်။
ဘုန်း...
ထိုတိုက်ခိုက်မှုကို ဖြန့်ကျက်လိုက်ချိန်တွင်ကောင်းကင်နှင့်မြေပြင် အရောင်ပြောင်းလဲသွားခဲ့သည်။
ထိုအလင်းတန်းပျံ့လွင့်လာသည်နှင့်အတူ တစတစပို၍ကြီးမားလာကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို အခိုးအငွေ့များဖြင့်ပြည့်နှက်ပြီး လင်းထိန်သွားစေသည်။
ထိုတိုက်ခိုက်မှုကို ထုတ်ဖော်အသုံးပြုပြီးနောက် လုကျမ်းရီတို့လူစု၏မျက်နှာများ ပို၍ဖြူရော်သွားကာ သူတို့ ကုန်ဆုံးခဲ့ရသောစွမ်းအားပမာဏသည် သေးငယ်ခြင်းမရှိကြောင်း သိသာထင်ရှားလှ၏။
သူတို့၏မျက်လုံးအကြည့်များသည် အလင်းတန်းပေါ်တွင်သာ အခိုင်အမာကျရောက်နေကာ မျှော်လင့်စောင့်စားခြင်းများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ မမျှော်လင့်ထားသော အရာမျိုးဖြစ်ပွားလာခြင်းမရှိပါက ဤတိုက်ခိုက်မှုသည်သစ်သားပန်းပုရုပ်များ၏အများစုကို ဖျက်ဆီးနိုင်သင့်သည်။
သို့သော် ထိုအချိန်မှာပင် သေးသွယ်သောကိုယ်လုံးကိုယ်ထည်ရှိပြီး ထွားကျိုင်းမှုအနည်းငယ်မျှမရှိသော လူတစ်ယောက်ထွက်ပေါ်လာသည်။သူသည် ခါးထိရှည်သောဆံပင်ကို စီးထာကာ သူ၏နောက်ကျော၌ချထားပြီး သူ့ထံတွင် ဓားနှင့်တူသောမျက်ခုံးမွှေးတစ်စုံ ရှိနေသည်။
သူ၏လှုပ်ရှားမှုများသည် တင့်တယ်လှပပြီး လေကဲ့သို့ချောမွေ့သည်။သူသည် လေနှင့်တူသောလူတစ်ယောက်ပင်။
ထို့နောက် သူသည် သူ့၏ဓားရှည်ကိုဆွဲထုတ်ကာ အစစ်အမှန်နေမင်းရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်ရန် သူတစ်ယောက်တည်း ရှေ့သို့ထွက်လာခဲ့သည်။
"သေချင်နေတာလား"
ထိုမြင်ကွင်းကိုကြည့်ပြီး လုကျမ်းရီတို့လူစုထံမှနေ၍ အထင်အမြင်သေးသောအသံများ ထွက်ပေါ်လာသည်။
သူတို့၏အစစ်အမှန်နေမင်းရိုက်ချက်ကို တစ်ယောက်တည်း ရင်ဆိုင်ဝံ့ခြင်းသည် သေလမ်းရှာခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...
သူတို့၏မေးရိုးများ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။
"ဟာဆာ ဟာဆာ ဟာဆာကဲ"*
ထိုလူသည် ကျယ်လောင်စွာအော်ဟစ်ပြီး သူ့၏ဓားကိုဝှေ့ယမ်းလိုက်ရာ သူ့၏ရှေ့၌ ကြီးမားသောလေနံရံကြီးတစ်ခု မားမားမတ်မတ် ထွက်ပေါ်လာသည်။
အစစ်အမှန်နေမင်းရိုက်ချက်သည် ထိုလေနံရံကြီးပေါ်သို့ ကျရောက်သွားချိန်တွင် လိုင်းဂယက်တစ်ခုပင်ထလာခြင်းမရှိဘဲ အရိပ်အယောင်မကျန်သည်အထိ ပျောက်ကွယ်သွားတော့သည်။
*Rasengans
*fā guàn hat
*prajna paramita
*"Ha sa, ha sa, ha sa ge..."
Chapter 457
"ဒါက..."
လုကျမ်းရီတို့လူစု၏မျက်နှာများ သိသိသာသာပျက်ယွင်းသွားကာ သူတို့၏မျက်လုံးအိမ်များကျွတ်ထွက်တော့လုမတတ်ပင်။
ဆယ်နှင့်ချီသောလူများ၏ အစွမ်းထက်သောပူးပေါင်းတိုက်ခိုက်မှုသည် အမှန်တကယ်ကို ချက်ချင်းပျက်ပြယ်သွားခဲ့သလော....
သူတို့ မတုံ့ပြန်နိုင်သေးမီမှာပင် သစ်သားပန်းပုရုပ်များ ထပ်မံ၍ တိုက်ခိုက်လာသဖြင့် နှစ်ဖက်အကြား ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။
ဤသည်မှာ ရင်ဆိုင်တိုက်ခိုက်မှုဟု ပြောဆိုရန်ခက်ခဲပြီး သတ်ဖြတ်ပွဲတစ်ခုနှင့် ပို၍တူညီသည်။
ဤသည်မှာ တစ်ဖက်သတ်ဆန်သောအခြေအနေတစ်ခု လုံးလုံးလျားလျားဖြစ်နေသည်။ပိုင်ယန်နန်းတော်မှ လူများ၏ပါးစပ်များမှနေ၍ အော်သံများ အဆက်မပြတ်ထွက်ပေါ်နေပေ၏။
သူတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် သေဆုံးသွားကြသည်။
တစ်ချို့သည် မိန်းကလေးငယ်တစ်ယောက်မှ ဆင့်ခေါ်ထားသော ဝက်ဝံကြီး၏ဖျစ်ညှစ်သတ်ခံရခြင်းကြောင့် သေဆုံးသွားကြသည်။
တချို့သည် စေတီတစ်ဆူအတွင်းသို့ တိုက်ရိုက်စုပ်ယူခြင်း ခံလိုက်ရသည်။
တချို့ကမူ စက်ရုပ်ပျံများကြောင့် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားသည်။
ထိုအရာများအပြင် ဤအပျက်အစီးနယ်မြေပေါ်တွင် တခြားလူများသည်လည်း နည်းလမ်းအမျိုးမျိုးဖြင့် သေဆုံးသွားကြကာ....
အသက်ရှင်သန်နေသောသူများသည်လည်း သူတို့၏တိုက်ခိုက်သောစိတ်ဆန္ဒများပျောက်ဆုံးသွားကာ အရူးများအလား ထွက်ပြေးနေကြတော့သည်။
သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် သစ်သားပန်းပုရုပ်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
"အား....ဒီပင့်ကူအိမ်က ဘယ်နေရာကနေ ရောက်လာတာလဲ....ငါ့ကို လွှတ်ပေးပါ"
"ဒါက ဘယ်လိုဒိုင်းမျိုးလဲ...ငါ့ရဲ့အင်မော်တယ်နည်းစနစ်နဲ့ တိုက်ခိုက်မှုကိုတောင် တကယ်ကြီးပိတ်ဆို့ဟန်တားနိုင်တယ်"
"အား...ဒီဖရဲသီးခေါင်းနဲ့တစ်ယောက်က အရမ်းမြန်တာပဲ"
"မလုပ်နဲ့....ငါ့ကို ကယ်ကြပါဦး...ဒီဖားပြုတ်က ငါ့ကို လျှာနဲ့လျက်နေတယ်...အား...ငါ အစားခံရတော့မယ်"
ဤအချိန်အခိုက်အတန့်တွင် ပိုင်ယန်နန်းတော်၏ဆယ်နှင့်ချီသောလူများအနက် လူခုနစ်ယောက် ရှစ်ယောက်ခန့်သာ အသက်ရှင်ရက် ကျန်ရစ်တော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် သစ်သားပန်းပုရုပ်များအကြားတွင် အနက်ရောင်မင်္ဂလာတိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားသော အရူးကောင်တစ်ကောင်သည် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲလိုက်သည်မှလွဲ၍ တခြားမည်သည့်ထိခိုက်ပျက်စီးမှုမျှမရှိချေ။
ဤပျက်စီးမှုအဆင့်သည် ရာနှင့်ချီသော သစ်သားပန်းပုရုပ်များနှင့် နှိုင်းယှဥ်ပါက မပြောပလောက်ဖွယ်ပမာဏပင်။
မြေပြင်အနှံ့ ပြန့်ကျဲနေသောအလောင်းများကိုကြည့်ပြီး လုကျမ်းရီသည် နေရာမှာပင် ဖြူရော်ပြီးအသက်ကင်းမဲ့သောမျက်နှာနှင့် မတ်တတ်ရပ်နေသည်။သူ့၏ခန္ဓာကိုယ်တွင် ထုံကျင်မှုများဖြင့်ပြည့်နှက်နေကာ သူ့၏မျက်လုံးအတွင်းတွင် တက်ကြွမှု အသက်ဝင်မှုများ ကင်းမဲ့နေသည်။
ဤအချိန်အခိုက်အတန့်တွင် ထိုသစ်သားပန်းပုရုပ်များ မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။
သူ ယခင်က အမှားများကို မည်မျှထိ မဆင်မခြင်ကျူးလွန်ခဲ့မိသည်ကို အပြည့်အဝ သိရှိသွားခဲ့သည်။
သူ့၏နားလည်သဘောပေါက်မှုအရ အင်မော်တယ်မြစ်ကုန်းမြေသည် လွန်ခဲ့သောနှစ်သန်းပေါင်းနှစ်ဆယ်ခန့်က စတင်ပေါက်ဖွားလာခြင်းဖြစ်ပြီး ခွန်အားသည် အကန့်အသတ်ရှိပေ၏။
အကယ်၍ ဤနေရာတွင် နိုးထလာသူတချို့ရှိသည်ဟုဆိုသည့်တိုင် နှစ်သန်းပေါင်းနှစ်ဆယ်အတွင်းတွင် သူတို့ နိုးထခြင်းရှိမရှိ မည်သူမျှမသိနိုင်ချေ။
သို့ရာတွင် သူတို့သည် ပကတိနယ်မြေမှထွက်လာပြီးနောက် ဤကဲ့သို့ သံမဏိပြားကြီးတချပ်ကို ဆောင့်ကန်မိမည်ဟု မည်သူက တွေးထင်မိမည်နည်း။
ဆိုရိုးစကားအတိုင်းပင် အမှားတစ်ခုကြောင့် ထာဝရနောင်တရစေခဲ့သည်။
ပိုင်ယန်နန်းတော်၏ ကောင်းကင်အင်မော်တယ်အဆင့်ရှိသော ကျင့်ကြံသူအမြောက်အများသည်လည်း သေဆုံးသွားကြလေပြီ။
သူ နားလည်သဘောပေါက်သွားသည်မှာ...
ပိုင်ယန်နန်းတော် အဆုံးသတ်သွားလေပြီ။
အကယ်၍ သူသည် အချိန်ကိုနောက်ပြန်ဆုတ်၍ရပါက ယခုထက်ပို၍ သတ္တိအဆတစ်သောင်းခန့်ရှိနေလျှင်ပင် ဤသစ်သားပန်းပုရုပ်များ၏ပိုင်ရှင်ကို ရန်စဝံ့မည်မဟုတ်ချေ။
သို့ရာတွင်....
နောင်တအတွက် ကုစားရန်ဆေးမရှိချေ။
အမှုမဲ့အမှတ်မဲ့ဖြင့် သူ့၏နာကြည်းမုန်းတီးမှုများပြည့်နှက်နေသောအကြည့်သည် သူနှင့်မလှမ်းမကမ်းအကွာအဝေးရှိ ပိုင်ချင်ရီထံသို့ ကျရောက်သွားကာ သူသည် သူမ၏အသွေးအသားများကို ဝါးမြိုလိုသည့်အလားပင်။
အမှန်အားဖြင့် ဤကိစ္စ၏အရင်းအမြစ်ကို သူ့၏စိတ်အတွင်း၌ ကောင်းစွာသိရှိထားသည်။
ဤသည်မှာ ပိုင်ချင်ရီသည် သူမ၏ကိုယ်ပိုင်အကျိုးအတွက် တခြားလူ၏ပန်းပုရုပ်ထုနှင့်ပန်းချီကားကို လုယက်ရန်ကြိုးပမ်းခြင်းမှာလိုက်လံဖမ်းဆီးခံရပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပေမည်။
သူကိုယ်တိုင်ကမူ အဆင်အခြင်မဲ့ပြီး ပိုင်ချင်ရီ၏လှည့်စားမှုကို ယုံကြည်ခဲ့သဖြင့် ဤနေရာသို့ ပြဿနာရှာရန် ရောက်ရှိလာခဲ့သည်။
သို့ရာတွင် အဆုံးသတ်၌ ဤကိစ္စဖြစ်ပွားလာရခြင်း၏မူရင်းဇစ်မြစ်သည် ပိုင်ချင်ရီကြောင့်ပင်။
ဒေါသတကြီးဖြင့် သူသည် ပိုင်ချင်ရီထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားကာ သူ့ထံတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
လုကျမ်းရီ၏အကြည့်ကိုမြင်ပြီးနောက် ဖြူရော်နေသောမျက်နှာနှင့်ပိုင်ချင်ရီသည် တုန်ရီသွားပေ၏။
သူမသည် နောက်သို့ဆုတ်ကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ဆရာ...ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီးတော့....ကျွန်မ ဆရာကို တောင်းပန်ပါတယ်"
သို့ရာတွင် သူမ၏စကားအဆုံးမသတ်သေးမီမှာပင် လုကျမ်းရီက ပိုင်ချင်ရီကို သူမ၏လည်ပင်းမှနေ၍ ဆုပ်ကိုင်လေသည်။
"ပိုင်ယန်နန်းတော် ပျက်စီးသွားရတာက...မင်းကြောင့်ပဲ"
လုကျမ်းရီ၏အသံသည် အက်ရှရှဖြစ်နေကာ ပိုင်ချင်ရီကို အားဖြင့်အထက်သို့ မြှောက်တင်လိုက်သည်။
ပိုင်ချင်ရီသည် စကားပြောဆိုရန်အတွက် ရုန်းကန်နေရကာ သူမ၏မျက်နှာ နီမြန်းနေသည်။
ဘုန်း....
ပြင်းထန်သောတွန်းအားနှင့်အတူ လုကျမ်းရီသည် ပိုင်ချင်ရီကို လွင့်ထွက်သွားစေတာ ဝူချန်အန်း၏ခြေထောက်အနီးသို့ ရောက်ရှိသွားစေသည်။
"ဒီကိစ္စတွေက ဒီမိန်းမကြောင့် ဖြစ်ခဲ့တာပါ ....အရှင်က သူ့ကို ဆန္ဒရှိသလို ကိုင်တွယ်ဖြေရှင်းလို့ရပါတယ်"
လုကျမ်းရီက အလေးနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မလုပ်နဲ့"
လုကျမ်းရီ၏အသံကိုကြားချိန်တွင် ပိုင်ချင်ရီ၏မျက်နှာ ဖြူရော်သွားပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။သူမသည် လုကျမ်းရီသို့တွားသွားကာ တောင်းပန်လိုက်၏။
"ဆရာ...ကျွန်မက ဆရာ့ရဲ့အချစ်ဆုံးတစ်ပည့်လေ...ဆရာက ကျွန်မကို ဒီလိုမျိုး ဆက်ဆံလို့မရဘူး"
"ဟမ့်...."
လုကျမ်းရီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ပိုင်ချင်ရီကို ထပ်မံ၍လွင့်ထွက်သွားစေပြီး ဝူချန်အန်း၏ခြေထောက်အနီးသို့ တဖန်ထပ်၍ရောက်ရှိသွားစေသည်။
ဘိုသီဘတ်သီဖြစ်နေသော ပိုင်ချင်ရီသည် အလျှင်အမြန်မတ်တတ်ထရပ်ကာ ဝူချန်အန်းကို ဦးညွှတ်အရိုအသေပြုပြီး ငိုယို၍ပြောဆိုသည်။
"သနားညှာတာပေးပါ...ကျေးဇူးပြုပြီးတော့ ငါ့ကို မသတ်ပါနဲ့...ငါက နင့်ရဲ့အစေခံလုပ်ပါ့မယ်... နင့်ကို လုပ်ကျွေးပြုစုပါ့မယ်...ငါက အရာရာတိုင်းကို လုပ်ပေးနိုင်တယ်...ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"
ဤအချိန်အခိုက်အတန့်တွင် ပိုင်ချင်ရီထံ၌ သူမ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ လုံးလုံးလျားလျားဆုံးရှုံးနေကာ ယခင်ကဲ့သို့ မောက်မာထောင်လွှားမှုမျိုးလည်း မရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ....
ပိုင်ယန်နန်းတော်တစ်ခုလုံး အမြစ်ပျက်ချေမှုန်းခြင်းခံရသည်မှာ သူမ ရှာခဲ့သောပြဿနာကြောင့်ဖြစ်ကြောင်း သူမ အတိအကျသိရှိထားသည်။
သို့ရာတွင်....
ဝူချန်အန်း၏လက်ဝါးက သူမ၏ခေါင်းထက်သို့ ကျရောက်လာသည်။
"ငါ မင်းကို စိတ်မဝင်စားဘူး"
"ဒါပေမဲ့ မင်းက ငါ့ရဲ့ဆရာကို စော်ကားခဲ့တယ်... ဒါက သေဖို့ထိုက်တန်တဲ့ အပြစ်ပဲ"
ထိုစကားနှင့်အတူ ဝူချန်အန်း၏လက်ဝါးပုံရိပ်ယောင်ကြီး အောက်သို့ကျရောက်သွားတော့သည်။
ပိုင်ချင်ရီသည် သွေးနီရောင်မျက်လုံးတစ်စုံနှင့် စူးစိုက်၍ကြည့်နေကာ သူမ၏ဒွာရခုနှစ်ပေါက်မှ သွေးများယိုစီးကျလာပြီး မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
အင်အားစုကြီးတစ်စု၏ နတ်ဘုရားမိန်းမပျိုသည် ခွေးသေတကောင်အလား လဲကျနေလေပြီ။
ပိုင်ချင်ရီ သေဆုံးသွားပြီးနောက် လုကျမ်းရီသည် ကြွင်းကျန်သောလူတချို့ကိုဦးဆောင်၍ ဒူးထောက်ကာ သူ့၏လက်နှစ်ဖက်ဖြင့် လက်စွပ်တစ်ကွင်းကိုကိုင်၍ ဝူချန်အန်းထံ ပေးအပ်လိုက်သည်။
"ဒီလက်စွပ်က ပိုင်ယန်နန်းတော်ရဲ့အမွေအနှစ်တွေအားလုံးကို ကိုယ်စားပြုပါတယ်...ဒီနေ့ကိစ္စက ငါတို့ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့အပြစ်ကြောင့်ပါ...ကျေးဇူးပြုပြီးတော့ မင်းရဲ့နောက်ကစီနီယာကို အကြောင်းကြားပေးပါ...ငါတို့မှာ တောင်းဆိုချက်တစ်ခုပဲရှိတယ်...ပိုင်ယန်နန်းတော်က တပည့်တွေရဲ့အသက်ကို ချမ်းသာပေးပါ...ငါတို့က ငါတို့ကိုယ်ငါတို့အဆုံးသတ်လိုက်ဖို့ ဆန္ဒရှိပါတယ်"
ဝူချန်အန်း မတုံ့ပြန်နိုင်သေးမီမှာပင် လုကျမ်းရီသည် သူ့၏လက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်စက်အလင်းတန်းတတန်း ဖြတ်သန်းသွားခြင်းနှင့်အတူ သူ့နောက်ရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်စုကို လဲကျသွားစေသည်။
"မုန်းဖို့ကောင်းလိုက်တာ"
အလွန်အမင်းကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ နောက်ဆုံး၌ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် သူ့၏ခေါင်းထက်သို့ ကျရောက်သွားလေ၏။
ထို့ကြောင့်....
ပိုင်ယန်နန်းတော်မှ ထွက်ခွာလာခဲ့သော အနိမ့်ဆုံးကောင်းကင်အင်မော်တယ်အဆင့်တွင်ရှိနေသည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများပါဝင်သော တုန်လှုပ်ချောက်ချားဖွယ်အင်အားစုဖွဲ့မှုသည် လုံးလုံးလျားလျားသုတ်သင်ခြင်းခံလိုက်ရကာ တစ်ယောက်မျှမကျန်ရှိခဲ့တော့ချေ။
ဝူချန်အန်းသည် လေးနက်စွာ သက်ပြင်းတချက်ရှိုက်လိုက်သည်။
ဤလုကျမ်းရီသည် မသေဆုံးမီအချိန်၌ တစ်ခုတည်းသော မှန်ကန်သည့်လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
အကယ်၍ ထိုလူသည် အစောပိုင်းကသာနားလည်သဘောပေါက်ခဲ့ပါက ဤကဲ့သို့ဖြစ်လာမည်မဟုတ်ချေ။
သို့ရာတွင် ကိစ္စများကို ဂရုတစိုက်လေ့လာဆင်ခြင်ကြည့်ပါကာ လက်သင့်ခံနိုင်ဖွယ်ရှိသည်။
ထိုပန်းပုရုပ်ထုများမှစွမ်းအားသည် ဤကမ္ဘာလောကတွင် တည်ရှိနေသော စွမ်းအားမျိုးမဟုတ်ချေ။လုကျမ်းရီတို့လူစုသည် ထိုပန်းပုရုပ်ထုများ၏စွမ်းအားကို တွေးတောနိုင်ရန် လွန်စွာခက်ခဲမည်ဖြစ်သောကြောင့် ဤကဲ့သို့ အကဲဖြတ်မှားယွင်းမှုသည် အမှန်တကယ်ကို ဖြစ်နိုင်ချေရှိခဲ့သည်။
ထို့နောက် တိုက်ပွဲသည် အဆုံးသတ်တစ်ခုသို့ရောက်လာချိန်၌....
သစ်သားပန်းပုရုပ်များအကြားမှနေ၍ အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာကာ သူမ၏ခေါင်းထက်၌ ရောင်စဥ်စက်ဝိုင်းတစ်ခုရှိနေပြီး မြင့်မြတ်ပြီးနူးညံ့သိမ်မွေ့သည့် ပုံပန်းသွင်ပြင်မျိုးရှိသည်။သူမသည် ကောင်းကင်ဘုံမှတည်ရှိမှုတစ်ခုအလား အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ လက်တစ်ဖက်၌ ကြည်လင်သော ပုလင်းငယ်တစ်လုံးကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် မိုးမခခက်တစ်ခက်ကိုကိုင်ထားသည်။
ထိုမိုးမခခက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပြိုလဲသွားသောအဆောက်အအုံများ ပြန်လည်၍ အလျှင်အမြန်မြင့်တက်လာကာ ချိုင့်ခွက်ပရပျစ်ဖြစ်နေသောမြေပြင် ပြန်လည်ချောမွေ့သွားသည်။တိုက်ပွဲ၏သက်ရောက်မှုကြောင့် သေဆုံးသွားခဲ့သောသာမန်လူများပင်လျှင်အသက်ပြန်ရှင်းလာကြသည်။
မကြာမီမှာပင်...
ပိုင်အာမြို့သည် မည်သည့်အချိန်ကမျှ တိုက်ပွဲမဖြစ်ပွားခဲ့ဖူးသည့်အလား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ဤကိစ္စတစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူများသာလျှင် ကူကယ်ရာမဲစွာဖြင့်တုန်ရီနေသည်။
အထူးသဖြင့် နောက်ဆုံးထွက်ပေါ်လာသော ရောင်စဥ်တန်းများ ဖြာထွက်နေသည် အမျိုးသမီးပင်။သူမ၏အင်မော်တယ်စွမ်းအားများသည် အလွန်အံ့အားသင့်ဖွယ်ကောင်းကာ သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ဒူးထောက်အရိုအသေပြုလိုစိတ်များ ပေါက်ဖွားလာကြသည်။
အမှန်အားဖြင့်....
ဤကဲ့သို့စွမ်းအားမျိုးရှိသည့် သစ်သားပန်းပုရုပ်တစ်ခုကို ထွင်းထုခဲ့သူသည် ဖန်ဆင်းရှင် သို့မဟုတ် နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်မဟုတ်လော...
ရီဖုန်းသည် တဖြည်းဖြည်း သူတို့၏ယုံကြည်အားကိုးရာကြီး ဖြစ်လာခဲ့သည်။
"ကျန်းဟန်ထျန်း...သူက မှန်ကန်တဲ့အလောင်းအစားကို လုပ်နိုင်ခဲ့တယ်"
လျှူကူရီ၏မျက်နှာအမူအယာ ရှုပ်ထွေးနေသည်။
တခြားလူများသည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်စကားမျှ မပြောဆိုကြချေ။
သို့ရာတွင် သူတို့၏မျက်နှာများပေါ်တွင် မေးခွန်းထုတ်ရန်မလိုသော နောင်တအရိပ်အယောင်များရှိနေသည်။
သူတို့သည် အခွင့်အရေးတစ်ခုကို ထပ်မံ၍လွဲချော်သွားပြီဖြစ်သောကြောင့် ဤကဲ့သို့အခွင့်အရေးမျိုး ထပ်မံ၍ ရောက်ရှိလာနိုင်တော့မည် မဟုတ်ချေ။
အခွင့်အရေးကို ဆုပ်ကိုင်သွားနိုင်ခဲ့သော ကျန်းဟန်ထျန်းကိုမူ သူတို့သည် မနာလိုအားကျဖြစ်နေကြလေ၏။
နောင်အနာဂတ်တွင် ကျန်းဟန်ထျန်းသည် သူတို့နှင့်တူညီသောနေရာတွင် ထပ်မံ၍ရှိနေတော့မည်မဟုတ်ကြောင်း သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ကောင်းစွာသိရှိထားသည်။
ထိပ်သီးဂိုဏ်းကြီးလေးဂိုဏ်းမှ သုံးဂိုဏ်းသည် အနှစ်သာရမရှိတော့ဘဲ နာမည်ခံအရသာဖြစ်သွားပေမည်။
သူတို့သုံးယောက်၏စိတ်နှလုံးသားများ နာကျင်ကြေကွဲနေလေ၏။
ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက်....
ဟန်ထျန်းဓားအိမ်တော်သည် ဝူချန်အန်းမှ လက်ဆောင်ပေးသော သစ်သားပန်းပုရုပ်တစ်ခုကိုရရှိပြီးနောက် နာမည်ကျော်ကြားပြီး မြင့်တက်လာခဲ့သည်။
တခြားတစ်ဖက်တွင်မူ တခြားထိပ်သီးဂိုဏ်းသုံးဂိုဏ်းတွင် သိသာသောအပြောင်းအလဲများ ဖြစ်ပွားသွားခဲ့သည်။မဟာဂိုဏ်းချုပ်သုံးယောက်သည် သူတို့၏ရာထူးနေရာများမှ နှုတ်ထွက်ကာ သေမျိုးလောကအတွင်းသို့ဝင်ရောက်ပြီး ရွှေတောင်တန်းဘုရားကျောင်းသို့သွားကာ ဘုန်းတော်ကြီးများအဖြစ် ခံယူလိုက်ကြတော့သည်။
တောင်တစ်လုံး၏ထိပ်၌....
လူလတ်ပိုင်းကြီးတယောက်သည် ကျင့်ကြံနေကာ သူ၏နံဘေးတွင် လူအိုကြီးတစ်ယောက်မတ်တတ်ရပ်နေသည်။
ထိုလူသည် လုံ့လဝီရိယရှိစွာ ကျင့်ကြံနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူသည် ခေါင်းကိုအောက်သို့ငုံကာ သူ့၏ရင်ဘတ်ကိုတစ်ချက်ပြန်ကြည့်လိုက်၏။
သူ့၏ဒဏ်ရာ သက်သာသွားလေပြီ။
သူက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်သည်။
"ဆရာကြီး...အဲ့ဒီလူရဲ့စွမ်းအားက ငါတို့မျှော်လင့်ထားတာထက်တောင် ကျော်လွန်နေတယ်...ပိုင်ယန်နန်းတော်တောင်မှ သူ့ကို ဘာမှမလုပ်နိုင်ဘူး....ဒီလိုစွမ်းအားမျိုးနဲ့ဆိုရင် ဆရာကြီးအတွက် အသုံးဝင်မှာ သေချာတယ်"
လူအိုကြီးက အလျင်စလို ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လူလတ်ပိုင်းကြီး၏မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားကာ သူသည် လူအိုကြီး၏ခေါင်းကို အကြိမ်များစွာရိုက်နှက်လိုက်၏။
"သူ့ကို ငါက အသုံးပြုရမှာလား...မင်းက ငါ့ကိုသေစေချင်နေတာလား"
"အဲ့ဒီကောင်ရဲ့သစ်သားပန်းပုရုပ်တွေထဲက မှားယွင်းပြီးထိုးနှက်ခဲ့တဲ့ လက်သီးတစ်ချက်ကတောင် ငါ့ရဲ့အသက်တဝက် ပါသွားလုနီးပါးပဲ ...ငါက သူ့ကို အသုံးပြုနိုင်မယ်လို့ မင်း ထင်နေတာလား"
"မင်းမှာဦးနှောက်ရောရှိသေးလား...ဟမ် ....ဦးနှောက်ရောရှိရဲ့လား"
ဤအချိန်အခိုက်အတန့်၌ လူလတ်ပိုင်းကြီးသည် ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရဆဲပင်။
ထိုနေ့တုန်းက အကြောင်းရင်းကိုပြန်လည်တွေးတောကြည့်ပါက သူသည် တိုက်ပွဲကို စူးစမ်းလေ့လာနေစဉ်၌ ရုတ်တရက် ကြက်ပေါင်စေးနှင့်တူသော လက်တစ်ဖက်ဆန့်ထွက်လာကာ သူ့အား ထိုးနှက်မိသည်။ထိုလက်သီးချက်သည် သူ့အား လွင့်ထွက်သွားလုမတတ်ဖြစ်သွားစေခဲ့သည်။ထို့ကြောင့် သူသည် အဖိုးတန်ဆေးလုံးအမြောက်အများကို သုံးစွဲပြီးမှသူ့၏ဒဏ်ရာကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
"သေချာရှာစမ်း....အင်မော်တယ်မြစ်ကုန်းမြေမှာ တခြားထင်ပေါ်ကျော်ကြားတဲ့လူတွေ ရှိနေသေးလားဆိုတာ မင်းသေချာကြည့်စမ်း"
လူလတ်ပိုင်းကြီးက ရှုံ့မဲ့နေသောမျက်နှာနှင့်ပြောဆိုသည်။
"အဲ့ဒီသစ်သားပန်းပုရုပ်တွေရဲ့ ပိုင်ရှင်ကိုတော့ ...ငါ သူ့ကို ရန်စစော်ကားလို့မဖြစ်ဘူး"
"အင်း...ကြည့်ရတာတော့ အဲလိုတည်ရှိမှုမျိုး တစ်ယောက်တော့ရှိပုံပဲ"
လူအိုကြီးက ပျာပျာသလဲပြောဆိုသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက အနက်ရောင်ဝတ်စုံဝတ်ရုံဝတ် လူတစ်ယောက်ထွက်ပေါ်လာတာကို ငါကြားထားတယ်...သူက ခွေးတစ်ကောင် ကင်းခြေမျှားတစ်ကောင် ဝက်ဝံနက်တစ်ကောင်တို့နဲ့ အတူသွားလာနေပြီးတော့ အင်မော်တယ်မြစ်ကုန်းမြေမှာရှိတဲ့ ဂိုဏ်းအင်အားစုတွေကို ကသောင်းကနင်းဖြစ်စေခဲ့တယ်....သူက ဗဟိုကုန်းမြေထဲမှာရှိတဲ့ အရင်ခေတ်က ရှေးဟောင်းသားရဲတွေကိုတောင်မှအနိုင်ယူနိုင်ခဲ့တယ်"
"အော်..."
"ဝတ်ရုံနက်နဲ့လူတစ်ယောက်...ခွေးတစ်ကောင် ကင်းခြေမျှားတစ်ကောင် ပြီးတော့ ဝက်ဝံနက်တစ်ကောင်နဲ့အတူလား"
"သူတို့က အင်မော်တယ်ကုန်းမြေပေါ်က ဂိုဏ်းအင်အားစုတွေမှာ လှည့်ပတ်သောင်းကြမ်းနေပြီးတော့ ရှေးဟောင်းအင်မော်တယ်သားရဲတွေကိုတောင် အနိုင်ယူနိုင်ခဲ့တာလား"
"စိတ်ဝင်စားစရာပဲ"
လူလတ်ပိုင်းကြီးက ပြုံးလိုက်သည်။ဤဖော်ပြချက်သည် သူ လိုအပ်နေသောလူ မဟုတ်လော။
သူက အလျင်အမြန်မေးမြန်းလိုက်၏။
"အဲ့ဒီလူ အခုဘယ်နေရာမှာရှိနေလဲဆိုတာ မင်းသိလား"
"ဆရာကို သတင်းပို့ပါတယ်...တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာမှန်တယ်ဆိုရင် အနက်ရောင်ဝတ်ရုံဝတ်လူက အင်မော်တယ်မြစ်ကုန်းမြေရဲ့ဗဟိုကုန်းမြေထဲမှာပဲ ရှိနေလိမ့်မယ်"
"သွားကြစို့...ဗဟိုကုန်းမြေကိုသွားပြီး သူ့ကို သွားရှာကြရအောင်"
လူလတ်ပိုင်းကြီးသည် မတ်တတ်ထရပ်ပြီး သူ၏ကြွက်သားများကိုဆန့်တန်းကာ လေထုအတွင်း၌ ပျံသန်းခဲ့တော့သည်။
Chapter 458
ဗဟိုကုန်းမြေ၌...
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ပုံရိပ်လေးခုသည် တံစက်မြိတ်တစ်ခုအောက်၌ ဝပ်နေကြသည်။
ပထမဆုံးပုံရိပ်သည် အရိုးစုဝတ်စုံကိုဝတ်ဆင်ထားကာ သူ့၏ဦးခေါင်းခွံသည် ထင်ထင်ရှားရှားပေါ်လွင်နေပြီး သူ့၏ပါးစပ်မှနေ၍ မြက်ပင်တစ်ပင်ကို တွဲလောင်းချထားသည်။
ဒုတိယပုံရိပ်သည် ခွေးသကောင်၏ခေါင်းကိုဖော်ထားကာ မရိုးသားသောအမူအယာဖြင့် နံဘေးဝဲယာကို စောင်းငဲ့ကြည့်နေသည်။
တတိယပုံရိပ်သည် ကင်းခြေမျှားတစ်ကောင်၏ပုံစံထင်ဟပ်နေကာ သူ့၏လက်များကို ရံဖန်ရံခါ၌ တရွရွလုပ်လေ၏။
နောက်ဆုံးပုံရိပ်သည် ကြီးမားသော ဝက်ဝံနက်ကြီးတစ်ကောင်ပင်။သူ့၏ဝတ်စုံသည် အလွန်သေးငယ်နေသဖြင့် သူ၏ပခုံးကိုသာ ခြုံလွှမ်းပေးနိုင်ပြီး ဝတ်စုံကိုဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေစေသည်။
"အကိုကြီး...အကိုကြီး..ခဏလောက်စောင့်ပါဦး....ချင်းရွှမ်ဂိုဏ်းရဲ့သူတော်စင်မက ခဏနေကျရင် ဒီနေရာကဖြတ်သွားတော့မယ်"
ခွေးက အလျင်စလို ပြောဆိုသည်။
"အော်..."
"ဒီနေ့ ငါ့ကိုကြည့်ရတာ ဘယ်လိုနေလဲ"
လုပမ်ဝေက သူ့၏အနက်ရောင်ဝတ်ရုံကို သပ်ရပ်အောင် အလျှင်အမြန်ပြုလုပ်ပြီး ကိုယ်နေဟန်ထားတစ်ခုပြုလုပ်ကာ မေးမြန်းလိုက်၏။
"ခဏနေပါဦး...အကိုကြီး...ငါ မင်းကို ပြင်ဆင်ပေးအုံးမယ်"
ခွေးသည် သူ့၏အိတ်အတွင်းမှနေ၍ ဝတ်စုံတစ်စုံကိုဆွဲထုတ်ကာ လုပမ်ဝေ၏ရှေ့၌ ဖြန့်ခင်းလိုက်သည်။
"ချင်....ဒါက ဘာတွေလဲ"
လုပမ်ဝေက ဇဝေဇဝါဖြင့် ထိုအဝတ်အစားများကို ကြည့်လိုက်သည်။
"ဟမ်...ဒါက ဘာတွေလဲဆိုတာ အကိုကြီးက မသိဘူးလား"
ခွေးက တီးတိုးပြောဆိုသည်။
"ဘေးအိမ်က ပိုင်ရှင်အဖိုးကြီးက အသက်မွေးဝမ်းကျောင်းအနေနဲ့ အဝတ်အစားတွေ ရောင်းချတာလို့ ငါ ကြားထားတယ်...ဒီအဝတ်အစားတစ်စုံက အရင်က အဲ့ဒီအဖိုးကြီး မရောင်းရသေးဘဲ ကျန်တဲ့ဟာတွေပဲ"
"ပြီးတော့ အဲ့ဒီဆိုင်ရှင်က ဒီအဝတ်အစားတွေကို ခေါ်တာက...ဘာပါလိမ့်....."
"အမှန်ပဲ...ငါ အခုမှတ်မိပြီ...ဖင်ကျပ်ဘောင်းဘီရှည်...ဘင်းဖိနပ်*...ကောင်မလေးတွေကို သံလိုက်လိုဆွဲဆောင်နိုင်တဲ့အရာ"
"ဝိုး...ပစ္စည်းကောင်းလေးပဲ"
လုပမ်ဝေသည် ပင့်သက်ရှိုက်ကာ အနက်ရောင်ဝတ်ရုံကို အလျှင်အမြန်ချွတ်၍ ဖင်ကြပ်ဘောင်းဘီရှည်နှင့်ဘင်းဖိနပ်ကို ဝတ်ဆင်ကာ နေရာ၌ လှည့်ပတ်လိုက်၏။
"ငါ့ကိုကြည့်ရတာ ဘယ်လိုနေလဲ"
သူက စိတ်လှုပ်ရှားစွာ မေးမြန်းသည်။
"ပြိုင်ဘက်ကင်း ချောမောခန့်ညားတဲ့သူတစ်ယောက်ပဲ"
ခွေးက လက်မထောင်ပြလေသည်။
"သွားကြစို့...ညီလေးတို့...သားကောင်ကို စောင့်ကြရအောင်"
လုပမ်ဝေသည် သူ့၏လက်ချောင်းများကို တဂျွတ်ဂျွတ်တ်ချိုးကာ သူ့၏ညီတစ်စုနှင့်အတူ လေထုအတွင်းသို့ခုန်တက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ရှေ့သို့ဆင်းသက်ကာ ပြတင်းပေါက်အနီးရှိစားပွဲတစ်လုံး၌ ထိုင်လိုက်၏။
"အစ်ကိုကြီး...ငါတို့ ဒီနေ့ အောင်မြင်မှာသေချာတယ်"
ကင်းခြေမျှားက စိတ်လှုပ်ရှားစွာ ပြောဆိုသည်။
"သေချာတာပေါ့...အခုဗဟိုကုန်းမြေမှာ ငါတို့ရထားတဲ့ နာမည်ဂုဏ်သတင်းကို ကြည့်လိုက်အုံး...ချင်းရွှမ်ဂိုဏ်းရဲ့သူတော်စင်မက ငါတို့ကိုမြင်တာနဲ့ အားပျော့ပြီး ဒူးထောက်သွားမှာသေချာတယ်"
ခွေးက ကြွားဝါသည်။
"အိုး ချစ်ညီလေးတို့"
"သိုသိုသိပ်သိပ် နေကြစမ်း"
"ညီလေးတို့...ငါက အချစ်စစ်ကို ရှာချင်တာ...သူ့ရဲ့ရှေ့မှာ ငါ့ရဲ့သရုပ်မှန်ကို မပေါ်စေချင်ဘူး"
"ငါက အဲ့ဒီမိန်းကလေးကို ငါ့ရဲ့ဆွဲဆောင်နိုင်မှု ရုပ်ရည်ချောမောခန့်ညားမှုတွေကြောင့်ပဲ ချစ်လာစေချင်တာ...ငါ့ရဲ့အဆင့်အတန်းနဲ့ စွမ်းအားတွေကြောင့် မဟုတ်ဘူး...ပြီးတော့ ငါ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်လည်း မဟုတ်ဘူး"
လုပမ်ဝေက သူ့၏လက်ဝါးနှစ်ဖက်ကို ပူးကပ်ထားသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံအတွင်း၌....
လူနှစ်ယောက် မတ်တတ်ရပ်နေကာ မြောက်ပင်လယ်ကုန်းမြေမှလာသော လူလတ်ပိုင်းကြီးနှင့်လူအိုကြီးတို့ပင်။
"မင်း ပြောနေတာ...ဒီငကြောင်အကြောင်းလား"
"သူ ဘာတွေဝတ်ထားတာလဲ"
လူလတ်ပိုင်းကြီးက မျက်မှောင်ကြုတ်လိုက်၏။
"ဆရာကြီး ပုံပန်းသွင်ပြင်အရ အကဲမဖြတ်နဲ့.... အဲဒီလူရဲ့စွမ်းအားက တကယ့်ကိုလက်သင့်ခံနိုင်ဖွယ်ရှိတယ်"
လူအိုကြီးက ပြောဆိုသည်
"တကယ်လို့ မင်းက ငါပြောတာကို မယုံဘူးဆိုရင် ဒါကိုကြည့်လိုက်....ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ဂိုဏ်းတစ်ဂိုဏ်းကို သူ လက်ဗလာနဲ့ အနိုင်ယူခဲ့တဲ့မြင်ကွင်းပဲ"
ထိုစကားနှင့်အတူ...
လူအိုကြီးက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။
မြင်ကွင်းတခုက လေထုအတွင်း၌ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းအတွင်း၌....
လုပမ်ဝေသည် တင်ပါးပေါ်လက်နှစ်ဖက်တင်၍ မတ်တတ်ရပ်နေကာ မြေပြင်ပေါ်၌ သိုင်းအင်ပါယာဆယ်ယောက်ကျော်ကိုဖိနှိပ်ထားပြီး သူတို့သည် လှုပ်ရှားနိုင်စွမ်းမရှိချေ။
"အင်း...ဒီကိုယ်နေဟန်ထားကိုကြည့်ရင် ဒါက တကယ့်ကို သူပဲ"
လူလတ်ပိုင်းကြီး၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီးနောက် သူက စားသောက်ဆိုင်ထံသို့ ကြည့်လိုက်သည်။
"သွားကြစို့...သူနဲ့သွားတွေ့ကြရအောင်"
လူလတ်ပိုင်းကြီးသည် လေထုအတွင်းမှခုန်ဆင်းပြီးနောက် စားသောက်ဆိုင်၏တံခါးဝသို့ရောက်ရှိသွားကာ သူတို့သည် ဖြည်းညှင်းစွာဖြင့် အပေါ်ထပ်သို့တက်ခဲ့သည်။
ထိုနောက်....
သူတို့နှစ်ယောက်သည် လုပမ်ဝေတို့အုပ်စု၏နံဘေးရှိ စားပွဲ၌ထိုင်ကာ ထိုလူလေးယောက်၏စကားပြောဆိုနေမှုကို အာရုံစူးစိုက်၍နားထောင်လိုက်၏။
"အစ်ကိုကြီး...ငါ မင်းကို ပြောပြမယ်...ခဏနေကျရင် မင်းတို့တွေ့တာနဲ့....အဲ့ဒီမိန်းကလေးက မင်းကို အရမ်းစွဲလမ်းသွားလိမ့်မယ်"
ခွေးက ပြောဆိုသည်။
"သေချာတာပေါ့...ဒါပေမဲ့ သူ ငါ့အပေါ် အထင်အမြင်ကောင်းရအောင် ဘယ်လိုလုပ်ရမလဲ"
လုပမ်ဝေက မေးမြန်းသည်။
"ဒါက လွယ်ပါတယ်"
ခွေးက ပြောဆိုသည်။
"အဲဒီ့မိန်းကလေး ဖြတ်သွားတဲ့အချိန်ကျရင် ...ငါက ကင်းခြေမျှားဆီကနေ တစ်ခုခုလုချင်ယောင်ဆောင်လိုက်မယ်...အဲ့ဒီအချိန်ကျမှ မင်းက ကောင်းကင်ယံက ဆင်းသက်လာပြီးတော့ ငါ့ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်ထုတ်လိုက်ရင်ရပြီ"
"အဲ့ဒီမိန်းကလေးက မင်းရဲ့ညှာတာထောက်ထားတဲ့အပြုအမူ မင်းရဲ့စာရိတ္တကောင်းမွန်မှုရယ်နဲ့ဆိုရင်...မင်းရဲ့ချောမောခန့်ညားတဲ့ ပုံပန်းသွင်ပြင်ကို ထည့်မတွက်ရင်တောင်...သူက မင်းဆီကနေ မျက်လုံးလွှဲနိုင်မှာမဟုတ်ဘူး"
"ဟား...ကောင်းလိုက်တဲ့အစီအစဉ်"
လုပမ်ဝေက သူ့၏ပေါင်ကို ရိုက်ပုတ်လိုက်၏။
သူသည် ခွေးကို မလေးစားဘဲမနေနိုင်တော့ချေ။
" ချင်...မင်းကငါ့ရဲ့နှလုံးသားကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ တကယ်သိနေတာပဲ""
"အစ်ကိုကြီးအတွက် အားထုတ်ရတာက ဖြစ်သင့်တဲ့ကိစ္စပဲလေ"
ခွေးသည် ပြုံးလိုက်ပြီးနောက် တစ်စုံတစ်ခုကိုအမှတ်ရသွားသည်။သူသည် သူ့၏ခွေးလက်ဝါးဖြင့် အနီရောင်နှင်းဆီတစ်ပွင့်ကို ဆွဲထုတ်ကာ ပြောဆိုသည်။
"မှတ်ထားပါ အစ်ကိုကြီး...မင်းက ဒီပန်းကိုလည်းယူသွားရမယ်"
"ဒါပေမယ့် အစပိုင်းမှာ မင်း ဒီပန်းကို ဖွက်ထားရမယ်...အဲဒီကောင်မလေးကို အမြင်ခံလို့မရဘူး...မင်းမှာ ပန်းတစ်ပွင့်ရှိတယ်ဆိုတာ သူ့ကိုမသိစေနဲ့...ပြီးတော့မှ သူအံ့အားသင့်သွားအောင်လုပ်တဲ့အနေနဲ့ ဒီပန်းကို ထုတ်ပေးလိုက်တော့"
"တော်လိုက်တာ"
လုပမ်ဝေက ခေါင်းညိတ်ပြကာ ထိုနှင်းဆီပန်းကိုသူ့၏အိတ်ကပ်အတွင်းသို့ ထည့်လိုက်သည်။
"ချင်...ဒီထက်ပိုပြီးကောင်းတဲ့အကြံတွေ ရှိသေးလား"
"ရှိတာပေါ့...ဒီကိစ္စမှာ အသေးစိတ်အချက်တွေအများကြီးရှိတယ်...အစ်ကိုကြီး ငါပြောပြမှာတွေကို တစ်ခုပြီးတစ်ခု နားထောင်ပါ"
ခွေးက လုပမ်ဝေကို တီးတိုးပြောဆိုလေ၏။
အချိန်တခဏကြာပြီးနောက်....
အချိန်တခဏကြာနားထောင်ပြီးနောက် ထိုလေးယောက်သည် အသေးအမွှားကိစ္စများကိုသာပြောနေသည်ကိုကြည့်ပြီး လူလတ်ပိုင်းကြီးသည် သူ၏ဝိုင်ခွက်ကိုကောက်ယူကာ ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
"တွေ့ဆုံရတာက ကံကြမ္မာကြောင့်ပဲ...ငါက လုရှင်းဝေ...ငါက မင်းတို့လေးယောက်နဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်...ဖြစ်နိုင်မလား"
လုရှင်းဝေက သူ့၏ဝိုင်ခွက်ကိုမြှောက်ကာ အပြုံးနှင့်ပြောဆိုသည်။
သို့ရာတွင်...
အချိန်အတော်ကြာသည့်တိုင်....
မည်သူကမျှ သူ့ကို အာရုံစူးစိုက်ခြင်းမရှိချေ။
ဝက်ဝံနက်ကြီးသည် အစားများကိုစားသောက်နေကာ ကင်းခြေမျှားက သူ့၏လက်သည်းများကိုသန့်စင်နေသည်။ခွေးနှင့်လုပမ်ဝေတို့ကမူ သူတို့၏စကားပြောဆိုခြင်းကိုသာ စိတ်ဝင်တစားလုပ်ဆောင်နေကြသည်။
သူတို့လေးယောက်သည် လုရှင်းဝေကို ဤလူသည် တည်ရှိမှုမရှိသည့်အလား သူ့ကို လုံးလုံးလျားလျားမမြင်သကဲ့သို့ ဆက်ဆံနေသည်။
လုရှင်းဝေက မျက်မှောင်ကြုတ်လိုက်၏။
သူ၏နံဘေးရှိလူအိုကြီးထံတွင်လည်း ဒေါသများနှင့် ပြည့်နှက်နေသည်။
သူတို့သည် မည်သူများဖြစ်သနည်း..
သူသည် သူ့၏အဆင့်အတန်းကိုနှိမ့်ချ၍ သူကိုယ်တိုင်မိတ်ဆွေဖွဲ့မည်ဟု ပြောခဲ့သည့်တိုင် လျစ်လျူရှုထားခြင်းခံရသလော...
*Bean shoes
Chapter 459
ဤကောင်စုတ်တစ်စုသည် သူ့အားတည်ရှိခြင်းမရှိသည့်အလား သူတို့အချင်းချင်း စကားဆက်လက်ပြောဆိုနေသည်ကိုကြည့်ပြီး လုရှင်းဝေသည် ဒေါသူပုန်ထသွားလေ၏။
"ဟမ့်...."
သူက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူသည် လုပမ်ဝေတို့အုပ်စု၏စိတ်အာရုံကို ဆွဲဆောင်လိုရုံသာမက သူ၏စိတ်မကျေမနပ်ဖြစ်နေခြင်းကို ဖော်ပြလိုခြင်းလည်းဖြစ်သည်။
သို့ရာတွင်....
သူ့၏လုပ်ရပ်သည် ထပ်မံ၍လျစ်လျူရှုခြင်းခံလိုက်ရသည်။
ဝက်ဝံနက်ကြီးသည် စားသောက်၍ပြီးစီးသွားကာ သွားကြားထိုးနေလေ၏။
ကင်းခြေမျှားသည် သူ့၏ခြေသည်းများကိုပြုပြင်၍ပြီးသွားကာ တံစဥ်းဖြင့်တိုက်နေသည်။
လုပမ်ဝေနှင့်ခွေးတို့သည် သူတို့၏တီးတိုးစကားပြောဆိုနေမှုကို ဆက်လက်၍လုပ်ဆောင်နေဆဲပင်။
"ဟမ့်...မင်းတို့လေးယောက်က ငါ့ရဲ့အရှင်ကို လျစ်လျှူရှုထားဝံ့တယ်...ဒါက အရမ်းမောက်မာရာကျတယ်...ဒီလိုဆိုမှတော့ ငါက မင်းတို့ကို သင်ခန်းစာပေးရလိမ့်မယ်"
လူရှင်းဝေ၏နောက်ရှိအကြီးအကဲသည်ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ကြီးမားသောအရှိန်အဝါဖြင့် လုပမ်ဝေတို့လူစုကိုဖိအားပေးလိုက်သည်။
ထို့နောက် သူ့၏လက်ဝါးကို တချက်လှန်လိုက်ခြင်းနှင့်အတူ အနီးဆုံးနေရာတွင်ရှိသောခွေးကို တိုက်ခိုက်လိုက်၏။
သို့ရာတွင် လုပမ်ဝေသည် သူ့အားကြည့်ရှုခြင်းပင်မပြုချေ။လုပမ်ဝေသည် ထိုလူအိုကြီး၏လက်ကိုဖမ်းဆုပ်ကာ ပြတင်းပေါက်မှလွှင့်ပစ်လိုက်သဖြင့် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။
"အဲ့ဒီကောင်က အရူးပဲ"
"သူ့အကြောင်းကို မေ့လိုက်တော့...ချင် ဆက်ပြောအုံး"
"ကောင်းပြီလေ အစ်ကိုကြီး...ငါ မင်းကို ပြောပြတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို မင်း သေချာမှတ်ထားရမယ်"
ခွေးသည် ပြတင်းပေါက်မှ လွင့်ထွက်သွားသောပုံရိပ်ကို သာမန်ကာလျှံကာ တချက်သာကြည့်ပြီးနောက် ဆက်လက်၍ပြောဆိုလိုက်၏။
"အဲ့ဒီလိုလုပ်ပြီးတာနဲ့...ဆက်လုပ်ရမှာက...."
လုပမ်ဝေ ခွေး ဝက်ဝံနက်နှင့် ကင်းခြေမျှားတို့သည် သူတို့၏တီးတိုးတိုင်ပင်ဆွေးနွေးမှုကို ဆက်လက်၍ ပြုလုပ်နေကြသည်။
သို့ရာတွင်...
လုရှင်းဝေသည် နေရာမှာပင် ကြက်သေသေနေကာ အချိန်အတော်ကြာသည်အထိ ပြန်လည်ကောင်းမွန်ခြင်းမရှိချေ။
တစ်ခုသိထားရမည်မှာ ထိုလူအိုကြီး၏ကျင့်ကြံဆင့်နယ်ပယ်သည် ရွှေအင်မော်တယ်အဆင့်၌ရှိနေပြီး ပိုင်ယန်နန်းတော်မှ လုကျမ်းရီထက် နိမ့်ကျခြင်းမရှိချေ။
ထိုလူအိုကြီးသည် ဤတိုက်ခိုက်မှုတွင် သူ့၏ခွန်အားကုန် အသုံးမပြုခဲ့သော်လည်း လွယ်လင့်တကူခုခံနိုင်မည့် တစ်စုံတစ်ခုမဟုတ်ပေ။
သူ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ပြုံးလိုက်သည်။
အမှန်တကယ်ကိုပင် ဤသည်မှာ သူရှာနေသောလူမျိုးဖြစ်နေပြီး သူ အကဲဖြတ်မှားခြင်းမရှိချေ။
လုပမ်ဝေ၏စွမ်းအားကိုကြည့်ပြီး သူ့အားလျစ်လျူရှုထားခြင်းအတွက် ခံစားရသောဒေါသများ အနည်းငယ်ပျက်ပြယ်သွားလေ၏။
မည်သို့ပင်ဆိုစေကာမူ ဆရာကြီးများထံတွင် ဤကဲ့သို့မောက်မာထောင်လွှားမှုမျိုးရှိသည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ရပ်ပင်။
ဆန့်ကျင်ဘက်အနေဖြင့်....
အကယ်၍ လုပမ်ဝေထံတွင် ဤကဲ့သို့မောက်မာထောင်လွှားမှုမျိုးရှိမနေပါက သူသည်ထပ်မံ၍ သဘောကျနှစ်ခြိုက်မိမည်မဟုတ်ချေ။
ထို့ကြောင့် မည်သည့်မကျေနပ်မှုအရိပ်အယောင်မျှမပြာဘဲ သူသည် သူတို့အနားသို့ချဉ်းကပ်သွားကာ သူ့၏လက်ကိုမြှောက်၍ သူ့ကိုယ်သူ ထပ်မံ၍မိတ်ဆက်လိုက်သည်။
"လူကြီးမင်းတို့...ငါက လုရှင်းဝေပါ...ငါနဲ့အတူသောက်ဖို့ မင်းတို့ စိတ်ဝင်စားလား"
တချိန်တည်းမှာပင် သူ့၏လက်အတွင်းရှိ ဝိုင်အရက်ခွက်ကို မြှောက်လိုက်၏။
သို့ရာတွင်...
လုပမ်ဝေ ခွေး ဝက်ဝံနက်နှင့် ကင်းခြေမျှားတို့သည် မတ်တပ်ထရပ်ကာ သူ့ရှေ့မှဖြတ်လျှောက်ပြီး ထွက်ခွာသွားတော့သည်။
အမှန်ကိုပင်...
ဤအတိုင်း သူတို့ ထွက်သွားကြသည်။
လုရှင်းဝေ၏ ဝိုင်အရက်ခွက်ကိုင်ထားသောလက်သည် လေထုအတွင်း၌ တန်းလန်းကျန်ခဲ့ပြီး ကူရာမဲ့စွာဖြင့် တဆတ်ဆတ်တုန်နေကာ သူ့၏မျက်နှာပေါ်တွင် မခန့်မှန်းနိုင်သောအမူအယာမျိုးရှိနေသည်။
လုပမ်ဝေတို့တစ်စုသည် လမ်းပေါ်သို့အလျင်အမြန် အပြေးသွားကြသည်။
မကြာမီမှာပင် ကင်းခြေမျှားသည် အနက်ရောင်ဝတ်စုံဖြင့် သူ့၏ခန္ဓာကိုယ်ကိုဖုံးလွှမ်းကာ မြေပြင်ပေါ်၌ လဲလျောင်းပြီး အော်ဟစ်လိုက်သည်။
"တစ်ယောက်ယောက် ကူညီကြပါအုံး...အဲ့ဒီလူက ငါ့ကိုလုယက်ရုံမကဘူး...သူက ငါ့ရဲ့ခန္ဓာကိုယ်ကိုပါ သိမ်းပိုက်ချင်နေတာ...ယောက်ျားမိန်းမမရွေး အနိုင်ကျင့်နေတဲ့ ဒီလူကို ရှင်းထုတ်ဖို့ ငါ့ကို ဘယ်သူ ကူညီပေးနိုင်မလဲ"
ကင်းခြေမျှား၏ပုံပန်းသွင်ပြင်သည် ချက်ချင်းဆိုသလိုပင် လမ်းသွားလမ်းလာများ၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည့်။သူတို့သည် ကင်းခြေမျှားကိုလက်ညှိုးညွှန်ပြီး တီးတိုးပြောဆိုနေကြလေ၏။
"ဟမ့်..."
"ငါက မင်းကို အနိုင်ကျင့်ရင်လည်း ဘာဖြစ်လဲ... ဒီအရှင်က ယောက်ျားမိန်းမမရွေး အနိုင်ကျင့်မှာပဲ"
ခွေးသည် အနက်ရောင်ဝတ်ရုံကိုအသုံးပြု၍ သူ့ကိုယ်သူဖုံးကွယ်ထားကာ လွမ်းမိုးချုပ်ကိုင်နိုင်သောအသံဖြင့် ပြောဆိုသည်။
ထိုအသံကျရောက်လာသည်နှင့်အတူ သူသည် အမှောင်ထုအတွင်းရှိ လုပမ်ဝေကို အလျင်အမြန်အချက်ပြ၍ တီးတိုးပြောဆိုလိုက်၏။
"အစ်ကိုကြီး...အဲ့ဒီမိန်းကလေး ရောက်နေပြီ ...လှုပ်ရှားဖို့ အသင့်ပြင်တော့...မင်းမှတ်ထားဖို့က မြန်မြန်လှုပ်ရှားပြီးတော့ ကြည့်ရတာချောမောခန့်ညားနေရမယ်"
တိကျသေချာစွာပင်....
လမ်းပေါ်တွင် ဓားရှည်တစ်လက်ကိုင်ဆောင်ထားသော သွယ်လျပြီးလှပသည့်မိန်းကလေးတစ်ယောက်သည် ဤနေရာသို့ဦးတည်၍လျှောက်လှမ်းလာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လုပမ်ဝေ၏မျက်လုံးများ တောက်ပသွားသည်။
အထက်ပိုင်းတွင်အနက်ရောင်ဝတ်ရုံ အောက်ပိုင်းတွင်ဖင်ကြပ်ဘောင်းဘီရှည် ဝတ်ဆင်ထားပြီး ဘင်းဖိနပ်ကိုစီးထားကာ သူသည်လေထုအတွင်း၌ ကျွမ်းတချက်ပစ်လိုက်ခြင်းနှင့်အတူလမ်းပေါ်သို့ ဆင်းသက်လာသည်။
သူသည် အလွန်အမင်း ဟန်ရေးပြထားလေ၏။
"ဟေး...ဒီသူခိုးကောင်က ဘယ်နေရာကရောက်လာတာလဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ မိန်းကလေးတစ်ယောက်ကို နေ့ခင်းကြောင်တောင်ကြီးမှာ အနိုင်ကျင့်ဝံ့တာလဲ"
"ဒီဆန်ကုန်မြေလေးက မင်းကို ဘယ်လိုဆုံးမမလဲဆိုတာ မင်း စောင့်ကြည့်စမ်း"
ထို့နောက် လုပမ်ဝေသည် သူ့၏လက်ဝါးကို လူရမ်းကားထံသို့ဦးတည်၍ ရိုက်နှက်လိုက်သည်။
"အား..."
ထိုလူရမ်းကားသည် နာကျင်မှုကြောင့်အော်ဟစ်ကာ နောက်သို့လွင့်ထွက်သွားပြီး သူ့၏ရင်ဘတ်ကိုဆုပ်ကိုင်၍ ပြောဆိုလိုက်၏။
"ကောင်းပြီ...ကောင်းပြီလေ...အထင်ကြီးစရာကောင်းတဲ့ တိုက်ခိုက်မှုပဲ.....ဒီနေ့ ငါ မင်းကိုရှုံးသွားတယ်ဆိုတာ ငါ ဝန်ခံတယ်...မင်း ကံကောင်းတယ်လို့လည်း ယူဆလို့ရတယ်"
ထိုစကားနှင့်အတူ လူရမ်းကားသည် ရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးသွားတော့သည်။
"တော်လိုက်တာ"
ဝက်ဝံနက်ကြီးသည် ချက်ချင်းထွက်ပေါ်လာကာ သူ့၏ဝက်ဝံလက်ဝါးကြီးဖြင့် လက်ခုပ်လက်ဝါးတီးပြီး အော်ဟစ်လိုက်သည်။
စောင့်ကြည့်နေကြသူများသည် အားပေးအားမြှောက်သံတချို့နှင့်အတူ စိတ်မပါ့တပါ ချီမွမ်းစကားပြောဆိုပြီး သူတို့အားမျက်စောင်းထိုးကြည့်ပြီးနောက် လူစုခွဲသွားကြတော့သည်။
"ကျေးဇူးပါ...ကျေးဇူးပါ"
"ကိစ္စတွေကို မှန်ကန်အောင် လုပ်တာကသင့်လျော်တယ်ကိစ္စပဲ...တကယ့်ကို သင့်လျော်တဲ့ကိစ္စပါ... ဟား ဟား ဟား"
လုပမ်ဝေသည် ပတ်ဝန်းကျင်ရှိလူအုပ်ကြီးကိုကြည့်၍ ယဉ်ကျေးသိမ်မွေ့စွာဦးညွှတ်လိုက်သည်။သူ့၏အကြည့်သည် တမင်သက်သက်ဖြစ်စေ မသိမသာဖြစ်စေ ချင်းရွှမ်ဂိုဏ်း၏သူတော်စင်မိန်းမပျိုထံတွင်သာ ကျရောက်နေသည်။
နောက်ဆုံး၌ ထိုမိန်းကလေး နီးကပ်လာချိန်တွင် လုပမ်ဝေသည် သူ့၏ဘင်းဖိနပ်များကို မြေပြင်ပေါ်တွင် အသာအယာတို့ထိကာ နေရာမှာပင်တစ်ပတ်လှည့်၍ အနီးရှိနံရံတစ်ခုကိုမှီလိုက်ပြီး သူမကို ကြင်နာယုယစွာကြည့်လိုက်၏။
သို့ရာတွင်....
ထိုမိန်းကလေးသည် သူ့ရှေ့မှဖြတ်သွားရုံသက်သက်ပင်။
ဤသည်မှလွဲ၍ သူမသည် လုပမ်ဝေကို တချက်ပင် စောင်းငဲ့ကြည့်ခြင်းမရှိပေ။
"ချင်...ဘာတွေဖြစ်နေတာလဲ...အဲ့ဒီမိန်းကလေးက ငါ့ကိုသဘောကျသွားလိမ့်မယ်လို့ မင်း ပြောခဲ့တာမဟုတ်လား"
လူရမ်းကားသည် တစ်နေရာရာမှထွက်လာကာ အကြံတစ်ခုပေးသည်။
"ဘာမှ လန့်သွားစရာမလိုဘူး...အစ်ကိုကြီး ဒါက သာမန်တုံ့ပြန်မှုတစ်ခုပဲ"
"မင်း ဘာကိုဆိုလိုတာလဲ"
လုပမ်ဝေက ပျာပျာသလဲမေးမြန်းသည် ။
"အစ်ကိုကြီး...ဒါကို တွေးကြည့်လိုက်ပါ... မိန်းကလေးတွေအားလုံးက အရှက်အကြောက်ကြီးတယ်...အထူးသဖြင့် လူမြင်ကွင်းမှာပဲ...သူက ဒီလိုနေရာမျိုးမှာ မင်းကို ပွေ့ဖက်ချင်မှာမဟုတ်ဘူး"
"ဒါပေမဲ့ ခုဏက မင်းရဲ့အထင်ကြီးစရာကောင်းတဲ့အပြုအမူကြောင့် အဲဒီမိန်းကလေးက မင်းကို နက်နက်ရှိုင်းရှိုင်း သဘောကျသွားလောက်ပြီ...ဒါကြောင့်အခုချိန်က မင်း စပြီးလှုပ်ရှားရမယ့်အချိန်ပဲ...ဒါဆိုရင် မင်းက သူ့ရဲ့နှလုံးသားကို ချည်နှောင်နိုင်လိမ့်မယ်"
လူရမ်းကားက အလျှင်အမြန်ရှင်းပြသည်။
"ချင်...မင်းက တကယ့်ကို ငါ့ရဲ့အရမ်းထူးချွန်တဲ့ခွေးခေါင်းဗျူဟာမှူးပဲ"
လုပမ်ဝေသည် ချီးမွမ်းစကားပြောဆိုကာ ခွေး၏နောက်ကျောကိုပွတ်သပ်ပေးပြီးနောက် မိန်းကလေး၏နောက်သို့ အလျင်စလိုလိုက်သွားတော့သည်။
"မိန်းကလေး ခဏနေပါအုံး"
လုပမ်ဝေက နောက်မှနေ၍အော်ခေါ်လိုက်၏။
"ဘာကိစ္စရှိလို့လဲ"
နောက်ဆုံး၌ မိန်းကလေးက လုပမ်ဝေကို ပြန်လှည့်ကြည့်သည်။
"ဒီလောက်လူတွေအများကြီးကြားမှာ ငါတို့တွေဆုံတွေ့ရတာက ကံကြမ္မာကြောင့်လို့ မိန်းကလေးမထင်ဘူးလား"
လုပမ်ဝေက ချစ်ခင်တွယ်တာမှုအပြည့်ဖြင့် ချဉ်းကပ်လေသည်။
"ငါ့ရဲ့မျက်လုံးထဲမှာ မိန်းကလေး...မင်းရဲ့အလှက ပြိုင်ဘက်ကင်းပဲ...ဒါက ငါရဲ့လက်ထဲက လှပတဲ့နှင်းဆီပွင့်လေးလိုပဲ"
ထိုစကားကိုပြောဆိုရင်း လုပမ်ဝေသည် ခွေး၏ညွှန်ကြားချက်များကို သတိရသွားကာ သူ၏ဘးင်ဖိနပ်ကို နေရာမှာပင်တစ်ပတ်လှည့်၍ သူ့၏အိတ်ကပ်အတွင်းမှ နှင်းဆီပန်းကို ဆွဲထုတ်လိုက်သည်။
သို့ရာတွင်....
ပန်း၏ရိုးတံသက်သက်သာ ကျန်ရှိတော့သည်။
လုပမ်ဝေသည် ကြက်သေသေသွားကာ သူ့၏အင်္ကျီအိတ်ကပ်အတွင်း၌ အသည်းအသန်ရှာဖွေပြီးနောက် ကြွေကျနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်ပုံရသောသော ပွင့်ဖတ်များကိုသာ တွေ့ရှိလိုက်ရသည်။
"စိတ်ရှုပ်စရာ ကောင်းလိုက်တာ"
အထင်အမြင်သေးသောအရိပ်အယောင်တချို့က မိန်းကလေး၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။လုပမ်ဝေ၏ အစောပိုင်းက ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ဟန်ဆောင်မှုနှင့်ပေါင်းစပ်လိုက်ချိန်၌ သူမက ဤအနက်ရောင်ဝတ်စုံဝတ်သူသည် လူကောင်းတစ်ယောက်မဟုတ်ဟု ယူဆထားပြီးဖြစ်သည်။
နောက်ထပမစကားတစ်ခွန်းမျှ ထပ်မံ၍မဆိုတော့ဘဲ သူမက ချာခနဲလှည့်ထွက်ခဲ့တော့သည်။
နှင်းဆီပန်းရိုးတံကိုကိုင်ထားပြီး နေရာမှာပင်မတ်တတ်ရပ်နေဆဲဖြစ်သော လုပမ်ဝေကိုကြည့်ရသည်မှာ အလွန်သနားစဖွယ်ပင်။
'အစ်ကိုကြီး တောင့်ခံထားအုံး"
ထိုမြင်ကွင်းကိုကြည့်ပြီး သူ့၏အပေါင်းအဖော်သုံးယောက်သည် အလျှင်အမြန်ပြေးလာကာ စကားအမျိုးမျိုးဖြင့် နှစ်သိမ့်လိုက်ကြသည်။
"အစ်ကိုကြီး...သူက ပစ္စည်းဥစ္စာမက်တဲ့ မိန်းမတစ်ယောက်ဖြစ်မှာ သေချာပေါက်ပဲ"
"အမှန်ပဲ...သူက အစ်ကိုကြီးရဲ့အချစ်နဲ့ မထိုက်တန်ဘူး"
"ဒီလိုမိန်းမမျိုးတွေက အတုအယောင်တွေ ...အစ်ကိုကြီးကို သဘောကျတာ သိသာရဲ့သားနဲ့ သူက မာနကြီးချင်ယောင်ဆောင်နေတယ်...သူ့လိုမိန်းမမျိုးက အစ်ကိုကြီးနဲ့မတန်ပါဘူး"
သူတို့သုံးယောက်သည် ပြောဆိုလိုက်ကြ၏။
"အဲ့ဒီလိုလား"
လုပမ်ဝေထံတွင် သံသယတချို့တဝက်ရှိနေဆဲပင်။
"ဒါက သေချာတယ်"
သူတို့သုံးယောက်သည် သူတို့၏ရင်ဘတ်များကိုပုတ်၍ အာမခံလိုက်ကြသည်။
"ငါ သိပြီ...ဒါက ပစ္စည်းဥစ္စာမက်မောတဲ့မိန်းမတစ်ယောက်ပဲ...ငါ့အတွက် ဘာအရှုံးမှ မရှိဘူး"
လုပမ်ဝေက ရယ်မော၍ပြောဆိုကာ သူ့၏ရင်ဘတ်ကိုကော့၍ ပို၍ပင်ယုံကြည်ချက်ရှိသွားသကဲ့သို့ ခံစားနေရသည်။
"ဘာပဲဖြစ်ဖြစ် ဒါက ပစ္စည်းဥစ္စာမက်တဲ့ နောက်ထပ်မိန်းမတစ်ယောက်ပဲ...ငါနဲ့ မတန်ဘူး"
စားသောက်ဆိုင်အတွင်း၌....
အရာရာတိုင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော လုရှင်းဝေ၏မျက်နှာပေါ်၌ စိတ်ဝင်စားသောအမူအယာတစ်ရပ်ရှိနေသည်။
ဤကောင်တစ်သိုက်သည် တစ်စုံတစ်ခု ကြီးကြီးမားမားလုပ်မည်ဟု သူတွေးထင်ခဲ့သော်လည်း ယခုကြည့်ကြည့်တော့မှ ဤကိစ္စဖြစ်နေသလော....
သူတို့၏ ရွံရှာဖွယ်ကောင်းသော ဟန်ဆောင်လှုပ်ရှားမှုများနှင့် ကိုးယိုးကားယားအပြုအမူများသည် သူ့အား တစ်ချိန်တည်းမှာပင် ရယ်လိုက်ငိုလိုက် ဖြစ်စေခဲ့သည်။
သို့ရာတွင်...
လူပမ်ဝေ၏စွမ်းအားကို သူ အသိအမှတ်ပြုထားဆဲပင်။
သူ စဉ်းစားတွေးတောလိုက်၏။
လုပမ်ဝေသည် မာနအလွန်ကြီးခြင်းကြောင့် သူ့အား ယခင်က လျစ်လျူရှုထားခြင်းဖြစ်ပေမည်။
အကယ်၍သူသည် ရုတ်တရက် သရုပ်မှန်မသိရသော တစ်စုံတစ်ယောက်မှ သူ့အားချဉ်းကပ်လာပါက သူသည်လည်း ထိုလူကို တုံ့ပြန်ပြောဆိုမည်မဟုတ်ချေ။
ကြည့်ရသည်မှာ....
သူ၏အဆင့်အတန်းနှင့်စွမ်းအားကို ထုတ်ဖော်ပြသရမည့်အချိန်ပင်။
သူသည် ကျက်သရေရှိစွာဖြင့် လုပမ်ဝေ၏နံဘေးသို့ လျှောက်လှမ်းသွားကာ သူ၏ကျင့်ကြံဆင့်စွမ်းအားများကို တမင်သက်သက်ထုတ်ဖော်လိုက်၏။
"ငါ မင်းနဲ့ ဘာမှကွေ့ဝိုက်ပြီး ပြောမနေချင်တော့ဘူး...ငါ့နာမည်က လုရှင်းဝေ...ငါ့ရဲ့ကျင့်ကြံဆင့်က ရွှေအင်မော်တယ်တစ်ယောက်ထက် ကျော်လွန်ပြီးတော့ နက်နဲသိမ်မွေအင်မော်တယ်အဆင့်ကိုရောက်နေပြီ...ပြီးတော့ နက်နဲသိမ်မွေ့အင်မော်တယ်တွေထဲမှာတောင် ငါ့ကိုယှဉ်ပြိုင်နိုင်တဲ့ပြိုင်ဘက်ဆိုလို့ အနည်းစုပဲရှိတယ်...ငါက ပကတိနယ်မြေထဲမှာ နံပါတ်တစ်နက်နဲသိမ်မွေ့အင်မော်တယ်လို့ လူသိများကျော်ကြားတယ်"
လုရှင်းဝေက သူ့၏ခေါင်းကိုအနည်းငယ်မော့ကာ သူ့၏အသံတွင် ဂုဏ်ယူဝံ့ကြွားမှုများနှင့် ပြည့်နှက်နေသည်။ထို့နောက်သူ့၏မျက်လုံးတစ်စုံဖြင့် လုပမ်ဝေကိုအကဲခတ်နေကာ တုံ့ပြန်မှုကို စောင့်ဆိုင်းလိုက်၏။
သူ၏အဆင့်အတန်းနှင့်စွမ်းအားကို ထုတ်ဖော်လိုက်ခြင်းဖြင့် လုပမ်ဝေသည် သူ့အားအလေးအနက်ထားကာ စကားကောင်းကောင်းမွန်မွန်ပြောဆိုနိုင်မည်ဟု သူ မျှော်လင့်ထားသည်။
မည်သို့ပင်ဆိုစေကာမူ သူ့ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကို မည်သူက လျစ်လျူရှုထားနိုင်မည်နည်း။
အထူးသဖြင့် သူသည် ရွှေအင်မော်တယ်နယ်ပယ်၏အထက်တွင် ရှိနေသောလူတစ်ယောက်ပင်။
ထို့ပြင် သူသည် ပကတိနယ်မြေအတွင်းရှိ နက်နဲသိမ်မွေ့အင်မော်တယ်များအနက် နံပါတ်တစ်ဖြစ်နေပေ၏။
ဂုဏ်ယူဝံ့ကြွားနေသော လုရှင်းဝေကို လုပမ်ဝေက ဘာသိဘာသာ တစ်ချက်ကြည့်လိုက်သည်။
"အော်"
ထိုရိုးရှင်းသောစကားနှင့်အတူ လုပမ်ဝေနှင့်သူ၏အပေါင်းအဖော်များ ထွက်ခွာသွားတော့သည်။
ထို့နောက်တွင်မူ....
ထိုနောက်ဟူသည့်နောက်တွင် မည်သည့်အရာမျှမကျန်ရှိတော့ချေ။
ပတ်ဝန်းကျင်ရှိ လေထုအေးခဲသွားပေ၏။
Chapter 460
လုရှင်းဝေ၏မျက်နှာ ဒေါသကြောင့် ရှုံမဲ့သွားသည်။
သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အလွန်အမင်းဒေါသပုန်ထနေခြင်းကြောင့် တုန်ရီနေပေ၏။
ဖြစ်နိုင်သည်မှာ သူ့၏နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ပင်လျှင် ဤအနက်ရောင်ဝတ်ရုံဝတ်လူ စောင်းငဲ့ကြည့်ရန် မထိုက်တန်သလော....
ထိုလူသည် သူပြောဆိုသည်ကို ရှင်းရှင်းလင်းလင်း မကြားရခြင်းဖြစ်သလော သို့မဟုတ် သူ့အား မယုံကြည်ခြင်းဖြစ်သလော...
"ကောင်းပြီ ကောင်းပြီလေ"
ဤသည်မှာ လုရှင်းဝေ၏အနိုင်ရလိုသောစိတ်ဆန္ဒကို လုံးလုံးလျားလျားပြင်းထန်သွားစေခဲ့ပြီး ဤအနက်ရောင်ဝတ်စုံဝတ်လူကို သူ၏လက်အောက်ခံဖြစ်အောင် လုပ်ဆောင်မည်ဟု သူ ကျိန်ဆိုလိုက်သည်။
"ခဏလောက် နေပါဦး"
လုရှင်းဝေက ညင်သာစွာအော်ဟစ်ပြီးနောက် လုပမ်ဝေတို့လူစုနောက်သို့ အလျှင်အမြန်အမှီလိုက်ကာ သူတို့၏လမ်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။
"မင်း နေမကောင်းဖြစ်နေတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား"
လုပမ်ဝေက သူ့၏လက်နှစ်ဖက်ကိုတင်ပါးပေါ်သို့တင်၍ မောက်မာထောင်လွှားစွာမေးမြန်းသည်။
လုရှင်းဝေ၏မျက်နှာ ရှုံမဲ့သွားသည်။
သို့ရာတွင် သူသည် လုပမ်ဝေထံမှ ရိုင်းစိုင်းသောစကားများကို သည်းခံနိုင်ခဲ့သည်။
မည်သို့ပင်ဆိုသည်ကာမူ ယခုလက်ရှိ အင်မော်တယ်မြစ်ကုန်းမြေ၌ သူ့၏အနာဂတ်အစီအစဉ်များအတွက် အကြွင်းမဲ့အရေးကြီးနေသည့် ဤကဲ့သို့အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့ရန်မလွယ်ကူချေ။
ထို့ကြောင့်....
သူ့၏လက်တွင်ဝတ်ထားသော သိုလှောင်လက်စွပ်ကို စမ်းတဝါးဝါးလုပ်လိုက်သည်။
ထို့နောက် လက်ရာမြောက်သောသေတ္တာတစ်လုံးကို ထုတ်ယူလိုက်၏။
"ဒါက နက်နဲသိမ်မွေ့အင်မော်တယ်အဆင့် စိတ်ဝိညာဥ်ဆေးလုံးတစ်လုံးပဲ...ဒီဆေးလုံးနဲ့ဆိုရင် မင်းက ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲနဲ့ နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်ရဲ့ အဆင့်သေးတစ်ဆင့်ကို တက်လှမ်းသွားနိုင်လိမ့်မယ်"
"ပြီးတော့...."
ထိုစကားကိုပြောဆိုရင်း သူသည် အေးစက်စက်အလင်းတန်းများ ဖြာထွက်နေသည့် ဓားရှည်တစ်လက်ကိုထုတ်ယူလိုက်သည်။
"ဒါက ပကတိနယ်မြေရဲ ရတနာဓားဖြစ်ပြီးတော့ မင်းရဲ့အဆင့်ထက် ကျော်လွန်တဲ့စွမ်းအားမျိုးနဲ့တိုက်ခိုက်နိုင်အောင် ကူညီပေးနိုင်တယ်...ဒါက အတိတ်မှာတုန်းက ငါလျှို့ဝှက်နယ်မြေတစ်ခုကနေ ရခဲ့တဲ့တစ်စုံတစ်ခုပဲ"
"အခု မင်းက ငါ ပြောမယ့်အခြေအနေတစ်ခုကို သဘောတူနိုင်တာနဲ့...ဒီရတနာနှစ်ခုလုံး ငါ မင်းကိုပေးမယ်"
ထိုသို့ပြောဆိုပြီးနောက်....
လုရှင်းဝေသည် လုပမ်ဝေကိုကြည့်ကာ သူ့၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
ဤကဲ့သို့ရတနာများဖြင့် လုပမ်ဝေကို စိတ်လှုပ်ရှားအောင်မလုပ်နိုင်ဟု သူ ယုံကြည်ခြင်းမရှိချေ။
ဤရတနာနှစ်ခုကို ပကတိနယ်မြေအတွင်း၌ပင် မိုးထိမြင့်မားသောစျေးနှုန်းနှင့် ရောင်းချနိုင်ကာ ထိုအရာများရရှိရန်အတွက် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နေစေရန် လုံလောက်သည်။
"ဒါပဲလား"
လုပမ်ဝေက တချက်သာစောင်းငဲ့ကြည့်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် မောက်မာထောင်လွှားစွာ လျှောက်လှမ်းသွားတော့သည်။
လုရှင်းဝေသည် တဖန်ထပ်၍ကြက်သေသေသွားလေ၏။
ဤရတနာနှစ်ခုနှင့်ရင်ဆိုင်ရချိန်တွင် လုပမ်ဝေ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များရှိနေသည်ကို သူ မည်သည်ကြောင့် မြင်တွေ့နေရသနည်း။
လုပမ်ဝေသာမက ခွေးနှင့်ဝက်ဝံနက်တို့သည်လည်း တစ်ချက်သာစောင်းငဲ့ကြည့်ပြီး ဖြတ်သန်းသွားကာ သူ့၏ရတနာနှစ်ခုကို လုံးလုံးလျားလျား စိတ်ဝင်စားပုံမရချေ။
နောက်ဆုံးမှ လျှောက်လှမ်းသွားနေသော ကင်းခြေမျှားသာလျှင် အချိန်တစ်ခဏခန့် ရပ်တန့်သွားသည်။
"အစ်ကိုကြီး အဲ့ဒီအမှိုက်နှစ်ခုကို မင်း ထုတ်မလာသင့်ဘူး...အဲ့ဒီစိတ်ဝိညာဉ်ဆေးလုံးဆိုတာက ငါ့ရဲ့အစ်ကိုခွေး သကြားလုံးတွေလို နေ့တိုင်းစားနေတဲ့ အရာတွေနဲ့တောင် နှိုင်းယှဉ်လို့ရမှာမဟုတ်ဘူး"
သူသည် အဓိပ္ပာယ်အပြည့်ဖြင့် ပြောဆိုပြီးနောက် ဆက်လက်၍ ထွက်ခွာသွားတော့သည်။
"အမှိုက်လား"
လုရှင်းဝေသည် နေရာမှာပင် မတ်တတ်ရပ်နေကာ သူ့၏မျက်နှာသည် အထိန်းအကွပ်မဲ့စွာဖြင့် ရှုံမဲ့နေလေ၏။
သူ့၏ရတနာနှစ်ခုသည် အမှန်တကယ်ကိုပင်အမှိုက်များကဲ့သို့ ဆက်ဆံခြင်းခံလိုက်ရသလော......
ဤသည်မှာ သူ လုရှင်းဝေအတွက် မထီလေးစားပြုခံရခြင်း ဂုဏ်သိက္ခာကျစေခြင်းမဟုတ်လော....
ဒေါသများက သူ့၏စိတ်အတွင်း၌ လောင်ကျွမ်းနေကာ သူ့၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာသည်။သူ့၏မျက်လုံးအတွင်းမှ ထူထပ်သိပ်သည်းသော အေးစက်စက်အခိုးအငွေ့များ ထွက်ပေါ်နေလေ၏။
သူ၏အဆင့်အတန်းဖြင့် ပကတိနယ်မြေအတွင်း၌ပင် တခြားသူများကို မိတ်ဆွေဖွဲ့ရန်အတွက် သူ့ကိုယ်သူ ဤမျှထိနှိမ့်ချနေရန် မလိုအပ်ချေ။
သို့ရာတွင် ဤနေရာအရောက်တွင် သူသည် ထပ်ခါတလဲလဲ နှိမ့်ချခြင်းခံနေရသည်။
သူသည် ထိုကိစ္စကိုသည်းခံနိုင်သော်လည်း အရာရာတိုင်းတွင် အကန့်အသတ်တစ်ခုရှိသည်။
သူသည် ရှေ့သို့ပျံသန်းသွားပြီးနောက် လုပမ်ဝေဝေတို့လူစု၏လမ်းကို ပိတ်ဆို့ဟန့်တားလိုက်၏။
"မင်းတို့လေးယောက်က အရမ်းမောက်မာထောင်လွှားတာပဲ"
"ဒါက ဘာလို့လဲဆိုရင်...အင်မော်တယ်ကုန်းမြေမှာ မင်းတို့အတွက် ပြိုင်ဘက်မရှိလို့ဘဲ...ဒီလောကကြီးထဲမှာ မင်းတို့ကို ရင်ဆိုင်နိုင်ခဲ့သူတစ်ယောက်မှမရှိတော့ဘူးလို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"
လုရှင်းဝေက သုန်မှုန်နေသောလေသံဖြင့် ပြောဆိုသည်။
"မင်း....မင်း ဒီလိုမျိုး တဗျစ်တောက်တောက်လိုက်ပြောနေတာ ဘာလိုချင်လို့လဲ"
နောက်ဆုံး၌ လုပမ်ဝေက စိတ်မရှည်စွာဖြင့် သူ့အားကြည့်လိုက်သည်။
"ငါ ဘာလိုချင်တာလဲ...ဟုတ်လား"
လုရှင်းဝေက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် ပြောဆိုသည်။
"ငါက မင်းကို လေးစားရတဲ့ဧည့်သည်တော်တစ်ယောက်လို ဆက်ဆံချင်ခဲ့တယ်...ဒါပေမဲ့ မင်းကငါ့ရဲ့သနားကြင်နာမှုကို အသိအမှတ်မပြုခဲ့ဘူး... ဒါကြောင့် ငါ ထပ်ပြီး ကွေ့ဝိုက်မနေတော့ဘူး... ငါက မင်း ငါ့ရဲ့လက်အောက်မှာ အလုပ်လုပ်စေချင်တယ်...ငါ့အတွက် တာဝန်ထမ်းဆောင်ပေးရမယ်"
"ဒီနေ့ မင်း ဆန္ဒရှိရှိမရှိရှိ ဒါကို မင်း သဘောတူရမယ်"
လုရှင်းဝေသည် တည်ကြည်လေးနက်စွာစကားပြောဆိုရင်း သူ့၏ကြီးကျယ်ခမ်းနားသောအရှိန်အဝါများသည်လည်း ပြင်းထန်စွာပွင့်အံ့ထွက်လာသည်။
သို့ရာတွင်....
လုရှင်းဝေ၏စကားများသည် ခွေးနှင့်တခြားနှစ်ကောင်ကို အူလှိုက်သည်းလှိုက်ရယ်ရသောဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ဖြစ်သွားစေသည်။သူတို့သည် လုရှင်းဝေကို အရူးတစ်ယောက်အလားကြည့်နေကာ သူတို့၏မျက်နှာများပေါ်တွင် အလွန်အမင်းစိတ်ဝင်စားနေသောအမူအယာများ ထင်ဟပ်လာသည်။
"ဘာလဲ...မင်းတို့က ဒါကို မယုံဘူးလား"
သူတို့၏တုံ့ပြန်မှုကိုကြည့်ပြီး လုရှင်းဝေကလှောင်ပြောင်သရော်လိုက်၏။
"ဘယ်သူက ပိုပြီးအားကောင်းလဲဆိုတာ ငါတို့ရဲ့စွမ်းအားခြင်းယှဉ်ကြမလား...တကယ်လိုမင်းရှုံးရင် မင်းက ငါ့ရဲ့လက်အောက်မှာ အလုပ်လုပ်ရမယ်"
"ကောင်းပြီလေ...မင်း စပြီးတိုက်ခိုက်တော့"
လုပမ်ဝေက မျက်စောင်းထိုး၍ လုရှင်းဝေကို တစ်ချက်ကြည့်ကာ စိတ်မရှည်စွာပြောဆိုသည်။
"ငါက တိုက်ခိုက်ရမှာလား"
လုရှင်းဝေက အေးစက်စက်ရယ်မောကာ ပြောဆိုလိုက်၏။
"ငါက စပြီးတိုက်ခိုက်လိုက်မယ်ဆိုရင် မင်းလှုပ်ရှားနိုင်တဲ့ အခွင့်အရေးမျိုးတောင် မရမှာကိုငါ စိုးရိမ်မိတယ်..ဘာလို့ ငါက မင်းကို အရင်ဆုံးတိုက်ခိုက်တဲ့အခွင့်အရေး မပေးဘဲ နေရမှာလဲ"
"ကောင်းပြီလေ"
လုပမ်ဝေကခေါင်းညိတ်ပြကာ လုရှင်းဝေကို တစ်ချက်ပင်စောင်းငဲ့ကြည့်ခြင်းမပြုဘဲ လက်သီးတချက်ကို သာမန်ကာလျှံကာ ထိုးနှက်လိုက်သည်။