တစ်ညတာ
Vol. 18 Ch. 251
အခန်း (၂၅၁) တစ်ညတာ
ညအချိန်…
တောက်ပသည့်လမင်းက ကောင်းကင်ထက်တွင် ထိန်ထိန်သာလျှက် ရှိသည်။
ကျန်းလန် မှောင်ရိပ်ခိုကာ မတ်တတ်ရပ်ရင်း အခြားတပည့်များပြောဆိုနေကြသည့် စကားများကို နားထောင်နေလေသည်။
တစ္ဆေတိုင်းပြည်နှင့် နတ်မိစ္ဆာများတိုက်ခိုက်လျှက်ရှိပြီး အင်အားက လက်ရည်ညီလျှက် ရှိသည်ဟု ဆိုသည်။
အဘယ့်ကြောင့်ထိုသို့ ဖြစ်ရသည်ကို အခြားသူများ မသိရှိသော်လည်း ကျန်းလန်ကတော့ သိရှိသည်။ ခွန်လွန်တောင်နှင့်တိုက်ပွဲတွင် တစ္ဆေတိုင်းပြည်က အထိနာခဲ့သည်။
ပြီးမှ သူတို့က နတ်မိစ္ဆာများကို သွားရောက်စိန်ခေါ်ခြင်း ဖြစ်လေရာ အထိနာခဲ့သူ အုပ်စု (၂)စု တိုက်ခိုက်သလို ဖြစ်နေသောကြောင့် အင်အားတူညီသလို ဖြစ်နေခြင်း ဖြစ်သည်။
အသေးစိတ်အကြောင်းအရာများကိုတော့ တောင်သခင်များက ပိုမို သိရှိပေလိမ့်မည်။
နဂါးမျိုးနွယ်များ တိတ်ဆိတ်ငြိမ်သက်နေခြင်းကတော့ စဉ်းစားစရာကောင်းသည်။
အခြားသောအင်အားကြီးအုပ်စုများကတော့ တိုက်ပွဲအတွက် ပြင်ဆင်ရင်း ရှုတ်ထွေးနေကြသလို အကြောင်းပြချက်မရှိဘဲ အချင်းချင်း တိုက်ခိုက်ချင်နေကြသည်။
သို့ရာတွင် ခွန်လွန်တောင်ကတော့ ပုံမှန်အတိုင်းပင် အေးဆေးငြိမ်သက်နေလေ၏။
သို့သော် ခွန်လွန်တောင်တွင် သူလျှိုများစွာ ရှိနေသည်။ တပည့်များကြားတွင်ပင် သူလျှိုများ ရှိနေခြင်း ဖြစ်လေရာ ဤသည်ကလည်း စဉ်းစားစရာကိစ္စတစ်ခုပင်။
ကျန်းလန် စဉ်းစားနေစဉ် တပည့်များက စကားဆက်ပြောနေကြသည်။
"ဘာကြောင့်လဲဆိုတာတော့ နားမလည်ဘူး ၊ ဒါပေမဲ့ ဒီနှစ်တွေအတွင်း အင်အားစုတိုင်းက စစ်တိုက်ဖို့ပဲ ပြင်ဆင်နေကြတာပဲ"
"ဟုတ်တယ် ၊ သူတို့ရည်ရွယ်ချက်ကို ကျုပ်တို့လည်း မပြောနိုင်ဘူး ၊ ကျုပ်တို့ကျင့်ကြံခြင်းအဆင့်က နိမ့်သေးတော့ နားမလည်တာ ဖြစ်ရမယ်"
"ကျင့်ကြံခြင်းအဆင့် မြင့်လာလည်း အဲဒီကိစ္စတွေကို နားလည်မှာ မဟုတ်ပါဘူးကွာ ၊ အခု အင်အားစုတစ်ခုက စတင်တိုက်ခိုက်လိုက်တာနဲ့ တစ်လောကလုံး စစ်ဖြစ်ဖို့ ဦးတည်နေပြီ ၊ ဒါပေမဲ့ တိုက်ခိုက်ကြရတဲ့ အကြောင်းပြချက်ကိုတော့ ဘယ်သူမှ မပြောနိုင်ကြဘူး"
"အမှန်ပဲ ၊ အခု ချီလင်*မျိုးနွယ်တွေတောင် လှုပ်ရှားနေကြတယ်နော် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး စစ်ဖြစ်တော့မယ်ဆိုတာ ဖြစ်နိုင်တယ်"
"အင်အားကြီးအုပ်စုတွေမှ မဟုတ်ဘူး ၊ အုပ်စုငယ်လေးတွေပါ တိုက်ချင်ခိုက်ချင်စိတ် ဝင်နေကြတာကွ"
ကျန်းလန် ခဏမျှ နားထောင်နေပြီးနောက် ထွက်ခွာလာခဲ့သည်။
သူတို့ပြောနေသည့်စကားများက အတော်လေး အဓိပ္ပါယ်ရှိသည်။
များစွာသောအင်အားစုများက ကိုယ်စီလှုပ်ရှားမှုများကို ပြုလုပ်နေကြသည်။ သို့သော် အဘယ့်ကြောင့် ထိုသို့ ပြုလုပ်နေကြသည်ကို မည်သူမှ မသိရှိကြပေ။
သေးငယ်သည့် မျိုးနွယ်စုလေးများနှင့် ဂိုဏ်းငယ်များမှာလည်း အင်အားကြီးအုပ်စုများက အဘယ့်ကြောင့် စစ်ရေးပြင်ဆင်နေကြသည်ကို နားမလည်ကြပေ။
ထို့ကြောင့် အုပ်စုငယ်များမှာလည်း အေးအေးဆေးဆေး မနေနိုင်တော့ဘဲ ပြင်ဆင်မှုများ ပြုလုပ်လာကြသည်။
တစ်လောကလုံး မတည်မငြိမ်ဖြစ်နေသည်ကတော့ အမှန်ပင်။
သို့သော် ခွန်လွန်တောင်ကတော့ လုံး၀ စိုးရိမ်ပူပန်ဟန် မပြသလို လှုပ်ရှားမှုများလည်း မပြုလုပ်ခဲ့ကြပေ။
လုန်ရဲ့ပြောသည့် ခန့်မှန်းချက်များက မှန်ကန်ကောင်း မှန်ကန်နိုင်သည်။ ခွန်လွန်တောင်က အခြားသူများ မရိပ်မိခင်ကတည်းက လှုပ်ရှားမှုတစ်ခုခုကို ကြိုတင်ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်။
သို့သော် ခွန်လွန်တောင်က မည်သည့်လှုပ်ရှားမှု ပြုလုပ်ထားလေသလဲ ကျန်းလန်လည်း မသိရှိနိုင်ပေ။
သူ့အနေဖြင့် သိစရာလည်း မလိုပေ။ သူ့အတွက်လိုအပ်သည်က ပိုမိုစွမ်းအားမြင့်မားလာအောင် ကျင့်ကြံရန်သာ ဖြစ်သည်။
အားနည်းပျော့ညံ့သူတစ်ယောက်ဖြစ်နေလျှင် မည်သည့်ကိစ္စကိုမှ သိရှိနိုင်မည် မဟုတ်ပေ။ တန်ခိုးစွမ်းအားမြင့်မားလာသည်နှင့်အမျှ သိစရာရှိသည့်ကိစ္စများကို ပိုမိုနားလည်လာမည်မှာ သဘာဝပင် ဖြစ်သည်။
ထို့ကြောင့် မသိသည်များကို သိအောင်အဖြေရှာရင်း အချိန်ဖြုန်းနေမည့်အစား ပိုမိုစွမ်းအားမြင့်မားလာစေရန် ကျင့်ကြံသည်က ပိုကောင်းပေသည်။
ရှောင်လွှဲမရသည့်ကိစ္စများ ရှိနိုင်သည့်တိုင် တန်ခိုးစွမ်းအားမြင့်မားလာသည်နှင့်အမျှ ထိန်းချုပ်နိုင်သည့်ကိစ္စများလည်း များပြားလာမည် ဖြစ်သည်။
လက်ရှိတွင် ကျန်းလန်က ဆရာဖြစ်သူ၏ ကာကွယ်ပေးမှုအောက်တွင် နေထိုင်သူဖြစ်လေရာ မည်သည့်ပြဿနာမှ မဖြစ်နိုင်ပေ။
သို့သော် ဆရာဖြစ်သူ ကာကွယ်ပေးနိုင်သည့် ဘောင်ကို ကျော်လွန်သွားပြီး ဆရာဖြစ်သူ စွမ်းအားမဲ့သည့်အချိန်သို့ ရောက်ရှိလာလျှင် သူက ဆရာ့ကို ကာကွယ်ပေးရမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ဆရာဖြစ်သူထက် မြင့်မားနေလောက်ပေပြီ။
***
နဝမတောင်ထွတ်သို့ ပြန်လာပြီးနောက် ကျန်းလန် လရောင်ကိုကြည့်ကာ ခဏမျှ အပန်းဖြေပြီးနောက် နာမ်ဝိညာဉ်ရောင်ပြန်ပညာကျမ်းစာအုပ်ကို စတင်ဖတ်ရှုလိုက်သည်။
သူနေထိုင်ရာ အိမ်ခြံဝန်းကို နာမ်ဝိညာဉ်အိမ်ခြံဝန်းတစ်ခုအဖြစ် ကျန်းလန်က အုတ်မြစ်ချထားခဲ့သည်။ သို့သော် သူ သေရည်မူးပြီး တာအိုတံခါးဆီသို့ ခြေလှမ်းနေခဲ့သဖြင့် အချိန် (၁၀)နှစ် ကြာသွားခဲ့ရသည်။
ယခု နာမ်ဝိညာဉ်အိမ်ခြံဝန်းကို မည်သို့တည်ဆောက်ရမည်ကို အသေအချာ နားလည်သဘောပေါက်နေပြီဖြစ်သည်။ သို့သော် သေသေချာချာ အသေးစိတ်တည်ဆောက်ရန်အတွက် အချိန်ကာလတစ်ခု လိုအပ်သည်။
ထိုသို့ဖြင့် ကျန်းလန်က ညဘက်တွင် နာမ်ဝိညာဉ်ရောင်ပြန်ပညာကျမ်းစာကို ဖတ်ရှုပြီး နေ့ဘက်တွင်တော့ နဝမတောင်ထွတ်တွင် သန့်ရှင်းရေးလုပ်ခြင်း ၊ သစ်ပင်စိုက်ခြင်းများကို ပြုလုပ်သည်။
နေ့နေ့ညည အချိန်များ ကုန်ဆုံးသွားခဲ့ပြီး ရက်ပေါင်း (၁၀၀)ကို ဖြတ်ကျော်ခဲ့လေသည်။
ဆောင်းရာသီကုန်ဆုံးသွားပြီး နွေဦးတစ်ဖန် ရောက်ခဲ့ပြန်လေပြီ။
လေပြေလေးက တိုက်ခတ်သွားပြီး ရာသီအပြောင်းအလဲများနှင့် သစ်ပင်များ ရွက်နုများဝေဆာလာသည်ကို ကျန်းလန် ခံစားကြည့်မိသည်။
"ဟိုပုံရိပ်တွေ မြင်ခဲ့ရတာ (၃)လတောင် ရှိသွားပြီပဲ"
ကျန်းလန် တွေးလိုက်သည်။
ယခုရက်များအတွင်း သူ အစီအရင်စာအုပ်များကို လေ့လာရင်း အစီအရင်များကိုလည်း အဆင့်မြှင့်တင်နေခဲ့သည်။ ကျင့်ကြံခြင်းကို ခေတ္တရပ်နားထားပြီး လောကကြီး၏ ပြောင်းလဲခြင်း သဘောတရားများကို လေ့လာစမ်းစစ်နေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က မပြောင်းလဲသေးသော်လည်း တာအိုကို နားလည်ခြင်းက တဖြည်းဖြည်း နက်ရှိုင်းလာသည်။
"ဘာပြဿနာမှ မရှိလောက်တော့ဘူး ထင်တယ်"
ထိုသို့တွေးမိသည်နှင့် သူ ခြံဝန်းထဲတွင်ပင် ကျင့်ကြံခြင်းကို စတင်ပြုလုပ်လိုက်သည်။ စိတ်ချရစေရန်အတွက် မရဏဂူထဲသို့ သွားရောက်ခြင်း မပြုသေးဘဲ ခြံဝန်းထဲတွင်သာ ကျင့်ကြံနေခြင်း ဖြစ်သည်။
သူ့အခြေအနေ ပုံမှန်အတိုင်းဖြစ်သည်မှ သေချာမှ မရဏဂူထဲသို့ ပြန်သွားရန် စဉ်းစားထားသည်။
ကျင့်စဉ်လမ်းက အလွန်အန္တရယ်များသည်။ အမှားတစ်ချက်က ကြီးမားသည့်သက်ရောက်မှုတစ်ခုကို ဖြစ်စေနိုင်သည်။
ထို့ကြောင့် မည်သည့်အရာကိုမဆို သတိထားရမည် ဖြစ်သည်။
ကျန်းလန် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများကို မှေးမှိတ်ထားသည်။ နွေဦးလေပြေလေးက ကျန်းလန်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။
ပန်းခင်းလေးဆီ ဖြတ်သန်းတိုက်ခတ်လာသည့် လေပြေက ကျန်းလန်ရှိရာသို့ ဝင်ရောက်လာပြီး သူ၏အင်္ကျီစများကို လွန့်လူးသွားစေသည်။
နွေဦးလေပြေ၏အနောက်မှ နွေနေရောင်ခြည်က လိုက်ပါလာပြီး ကျန်းလန်၏ ခန္ဓာကိုယ်ထက် ဖြာကျလာသည်။ နေရောင်ခြည်ကြောင့် ခြံဝန်းတစ်ခုလုံးသည်ပင် လင်းဖြာလျှက် ရှိသည်။
ကျန်းလန်ကျင့်ကြံနေသည်မှာ နွေဦးရာသီကုန်ဆုံးသွားပြီး နွေရာသီသို့တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်ရောက်မှ ကျန်းလန် စိတ်ကိုတည်ငြိမ်အောင် လျှော့ချလိုက်ပြီး ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။
သူ၏မျက်တောင်လေးများ မသိမသာ တုန်ခါသွားပြီး မျက်ဝန်းများ ပွင့်လာလေသည်။
သူ မျက်လုံးဖွင့်ဖွင့်ချင်း တွေ့မြင်လိုက်ရသည်က ကိုယ်လေးကို အသာကိုင်းကာ သူ့ကို ကြည့်နေသည့် မိန်းကလေးငယ်တစ်ယောက်ကို ဖြစ်သည်။
သူမက နေရောင်ကိုကျောပေးထားပြီး ကျန်းလန်ကို စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။
ကျန်းလန်၏ မြင်လွှာတစ်ခုလုံး သူမ၏ လှပကြည်လင်သည့်အပြုံးလေးက နေရာယူသွားသည်။
"ဂိုဏ်းတူမောင်လေး ၊ မင်္ဂလာနံနက်ခင်းပါ"
ထိုမိန်းကလေးငယ်သည်ကား ရှောင်ယွိပင် ဖြစ်လေသည်။
"ဂိုဏ်းတူအစ်မ ၊ မင်္ဂလာနံနက်ခင်းပါဗျာ"
ကျန်းလန်ကလည်း တိုးလျသည့်လေသံဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
ရှောင်ယွိက နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ဘာလို့ ခြံဝန်းထဲမှာ ကျင့်ကြံနေတာလဲ"
သစ်သားဓားလေးအတွင်းမှ နဂါးသုတ်သင်ဓားဝိညာဉ် ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် သူမက ပုံမှန်အတိုင်း ကျန်းလန်ရှိရာသို့ ရောက်လာခြင်း ဖြစ်သည်။
ကျန်းလန်ကလည်း မတ်တတ်ရပ်လိုက်ပြီး စားပွဲဘေးရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"ကိုယ့်စိတ်တွေ တည်ငြိမ်ပြီး အခြားပြဿနာမရှိဘူးဆိုတာ သေချာစေချင်လို့ပါ"
ရှောင်ယွိက သူမ၏ မေးဖျားလေးကို လက်ပေါ်တင်ရင်း ကျန်းလန်ကို စိုက်ကြည့်လိုက်သည်။
"ဘာပြဿနာများ ဖြစ်လို့လဲဟင်…"
သူမက ကျန်းလန်အတွက်ဆိုလျှင် အမြဲတမ်း စိုးရိမ်ပူပန်မိသည်။
"ဘာမှ မဖြစ်ပါဘူး"
ကျန်းလန်က ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
ထို့နောက်တစ်ဆက်တည်းပင် လက်ကိုအသာဆန့်တန်းရင်း ရှောင်ယွိထံမှာ သစ်သားဓားလေးကို တောင်းလိုက်သည်။ ရှောင်ယွိက ကျန်းလန်၏လက်ကို တစ်ချက်ကြည့်လိုက်ပြီး သစ်သားဓားလေးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
ထို့နောက် သူမက ဘဝင်မကျဟန် မျက်နှာထားလေးဖြင့်…
"ဆရာကပြောတယ် ၊ နောက်နှစ်နည်းနည်းလောက်ဆိုရင် ခွန်လွန်ဝတ်ကျောင်းတော် ဖွင့်လှစ်တော့မယ်တဲ့ ၊ အဲဒီကို ဂိုဏ်းတူမောင်လေး သွားမှာ မဟုတ်လား"
ဟု မေးလိုက်သည်။
ရှောင်ယွိက စားပွဲထက်တွင် ခေါင်းလေးတင်ရင်း ကျန်းလန် သစ်သားဓားလေးထဲ ဓားဝိညာဉ်ထည့်သွင်းပေးနေသည်ကို ငေးကြည့်နေလေသည်။
ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…
"အင်း… သွားမှာ"
ထို့နောက် သူက ရှောင်ယွိကို လှမ်းကြည့်လိုက်ပြီး…
"ဂိုဏ်းတူအစ်မရော မသွားဘူးလား"
ရှောင်ယွိက …
"သွားချင်တာပေါ့"
ကျန်းလန်က အံ့အားသင့်သွားဟန်ဖြင့်…
"ဒါဖြင့် မသွားဘူးပေါ့"
အမှန်တော့ ခွန်လွန်ဝတ်ကျောင်းတော်သို့ ရှောင်ယွိမသွားရောက်ခြင်းက သူ့အတွက် အကျိုးရှိသည်။ သူတို့ (၂) ယောက် အတူတူသွားကြမည်ဆိုလျှင် အခြားသူများ အာရုံစိုက်မိပေလိမ့်မည်။
သို့သော် ရှောင်ယွိက သွားမည်ဆိုလျှင်လည်း သူက တားဆီးမည် မဟုတ်ပေ။
ခွန်လွန်ဝတ်ကျောင်းတော်သို့ ရောက်လျှင် သူက စနစ်တွင်သာ မှတ်ပုံတင်မည်ဖြစ်ပြီး အခြားမည်သည့်ကိစ္စကိုမှ ပြုလုပ်မည် မဟုတ်ပေ။
မဟုတ်ပါက ဧကရာဇ်ရှီးဟယ်ဆိုသူ သူ့ကို သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ခွန်လွန်ဝတ်ကျောင်းတော်သို့ သွားရောက်ကြမည့်သူများမှာ ပါရမီရှင်ကျင့်ကြံသူများ အများစုဖြစ်လေရာ အန္တရယ်တော့ မဖြစ်နိုင်လောက်ပေ။
သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို မထုတ်ဖော်မချင်း သူ မည်သူမည်ဝါဖြစ်ကြောင်း ရိပ်မိနိုင်စရာ မရှိပေ။ ထို့ကြောင့် သူက မည်သည့်လှုပ်ရှားမှုမှ မပြုလုုပ်ဘဲ ငြိမ်ငြိမ်နေရ န်ဆုံးဖြတ်ထားခြင်း ဖြစ်၏။
ရှောင်ယွိ အတူတူ လိုက်ပါလာလျှင်လည်း သူ့အစီအစဉ်များကို အနှောက်အယှက်ဖြစ်မည် မဟုတ်ပေ။
ရှောင်ယွိက နှုတ်ခမ်းစူလိုက်ရင်း...
"ကျွန်မ တံခါးပိတ်ကျင့်ကြံမှာမို့ သွားနိုင်မယ် မထင်ဘူး ၊ ပြီးတော့ ဒီနှစ်ပိုင်း ဂိုဏ်းတူမောင်လေးဆီ ကျွန်မ လာလည်နိုင်မှာ မဟုတ်ဘူး"
ရှောင်ယွိ မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်သို့ တက်ရောက်ရန်အတွက် တံခါးပိတ်ကျင့်ကြံမည်ဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ရှောင်ယွိက...
"ဂိုဏ်းတူမောင်လေးလည်း မကြာခဏ တစ်ယောက်တည်း ကျင့်ကြံလေ့ရှိတယ် မဟုတ်လား ၊ အဲဒါ မြန်မြန် အင်မော်တယ် ဖြစ်ချင်လို့ မဟုတ်လား"
"အင်းလေ..."
ကျန်းလန်က အနည်းငယ်ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"အင်မော်တယ် ဖြစ်ပြီးသွားရင် ဂိုဏ်းတူမောင်လေး ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ"
ရှောင်ယွိက စပ်စုလိုက်သည်။
အင်မော်တယ်ဖြစ်ပြီးလျှင် သူ ဘာလုပ်မည်လဲ။
ကျန်းလန် တစ်ခဏမျှ စဉ်းစားနေသည့်တိုင် သူ့စိတ်ထဲ ဘာမှပေါ်မလာခဲ့ပေ။ အင်မော်တယ်ဖြစ်ပြီးလျှင်လည်း သူက ဆက်လက်ကျင့်ကြံမည်ပဲ ဖြစ်သည်။
သို့မဟုတ် ဓားကိုမြန်မြန်စီးနှင်နိုင်ဖို့ လေ့ကျင့်ချင်သည်ဟု ပြောရမည်လား။
အများအမြင်တွင် သူ အင်တော်တယ်ဖြစ်လာပြီးနောက် လုန်ယွိနှင့်လက်ထပ်ရမည်မှာတော့ သေချာလွန်းသည့် ကိစ္စတစ်ခု ဖြစ်သည်။
"ဂိုဏ်းတူအစ်မကရော အင်မော်တယ်ဖြစ်ပြီးရင် ဘာလုပ်မှာလဲ"
ကျန်းလန်က သူမ၏ မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
ရှောင်ယွိက ကျန်းလန်ကို ပြုံးရယ်ပြလိုက်ရင်း...
"အခု အဲဒီအကြောင်းပြောပြမလို့ ရောက်လာတာလေ"
ခဏနားပြီးမှ ငယ်ရွယ်သည့်နဂါးမလေးက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်…
"စမ်းသပ်ခံရခြင်းအောင်မြင်ပြီးရင် ကျွန်မ ဂိုဏ်းတူမောင်လေးကို လာရှာမယ် ၊ ပြီးရင် အဲဒီအချိန်ကစပြီး ကျွန်မ ရှင့်ကို တစ်သက်လုံး ကာကွယ်ပေးမယ်"
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း...
"ဂိုဏ်းတူအစ်မ ၊ အင်မော်တယ်ဖြစ်ဖို့ ဘယ်နှစ်နှစ်လောက်လိုသေးလဲ"
"အင်း..."
ရှောင်ယွိက ခဏမျှစဉ်းစားနေပြီးမှ...
"နှစ်ပေါင်း (၂၅၀) လောက်တော့ လိုဦးမယ်ထင်တယ်"
ဂိုဏ်းတူအစ်မ လိမ်ပြောပြန်ပြီ။
ရှောင်ယွိ ကျင့်ကြံနေသည်မှာ နှစ်ပေါင်း (၃၄၀) ခန့် ရှိပြီ ဖြစ်သည်။
နောက်ထပ် ဆယ်စုနှစ်အနည်းငယ်ဆိုလျှင် သူမ မရှိမှုအာကာသ နောက်ဆုံးအဆင့်သို့ တက်လှမ်းတော့မည် ဖြစ်သည်။ ပြီးလျှင် နှစ်ပေါင်း (၁၅၀)အတွင်း အင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။
လူတစ်ယောက်က ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်သော်လည်း အင်မော်တယ်အဖြစ် အဆင့်တက်ရန် စမ်းသပ်ခံရခြင်းကိုတော့ ဖုံးကွယ်ထား၍ မရနိုင်ပေ။
ထို့ကြောင့် ရှောင်ယွိက တမင်တကာ ကျင့်ကြံခြင်းကို နှေးကွေးထားပြီး နှစ်ပေါင်း (၂၅၀) အထိ စောင့်ဆိုင်းချင်မိသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်လောက်မှ ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသအဆင့် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိမည် ဖြစ်သောကြောင့်ပင်။
ထိုအဆင့်သို့ရောက်ပြီးသည်နှင့် နောက်ထပ် နှစ်ပေါင်း (၅၀)ဆိုလျှင် ကျန်းလန်လည်း အင်မော်တယ် ဖြစ်လာပေလိမ့်မည်။
သို့ဆိုလျှင် သူမနှင့်ကျန်းလန် အင်မော်တယ်အဖြစ် အဆင့်တက်ခြင်း သိပ်ကွာတော့မည် မဟုတ်ပေ။
ကျန်းလန် မည်သည့်စကားမှ မပြောတော့ဘဲ ခေါင်းကိုငုံ့ကာ သူ့အလုပ်သူ ဆက်လုပ်နေတော့သည်။ ရှောင်ယွိကလည်း သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။
ညနေခင်း။
ကျန်းလန် သစ်သားဓားလေး သူမကို ပြန်ပေးတော့မည့်အချိန်ရောက်လာပြီဟု ရှောင်ယွိတွေးလိုက်သည်။ သူမ၏ ဂိုဏ်းတူမောင်လေးက သူမကို အဝေးသို့ နှင်ထုတ်ပေတော့မည်။
သို့သော် သူမ လှမ်းကြည့်လိုက်သည့်အခါ ကျန်းလန်က သစ်သားဓားလေးအတွင်းသို့ ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေဆဲ ဖြစ်လေသည်။
သူမက ကျန်းလန်ဘေးနားလာထိုင်ပြီး သူ့ကို စူးစမ်းသလို ကြည့်နေကာ စကားလည်းတစ်လုံးမှ မပြောပေ။
ကျန်းလန်က နူးညံ့စွာဖြင့်...
"ဒီတစ်ခါတော့ အချိန်တစ်ညလောက် စောင့်ရလိမ့်မယ်"
သူက ထိုမျှသာပြောပြီး အဘယ့်ကြောင့်စောင့်ရသည်ဆိုသည့် အကြောင်းရင်းကို ရှင်းမပြခဲ့ပေ။ ထို့အတူ ရှောင်ယွိကလည်း မေးမြန်းခြင်း မရှိပေ။
သူမက ကျန်းလန်ဘေးတွင်ထိုင်နေရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် စိတ်လှုပ်ရှားစွာ စကားဆိုလိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ ရယ်စရာဟာသတစ်ခု ကြားထားတယ် သိလား ၊ ဂိုဏ်းတူညီမလေးတစ်ယောက်ရဲ့ ဝိညာဉ်သားရဲကလေ သစ်ပင်နဲ့တိုက်မိပြီး မူးသွားတာတဲ့"
"ဟုတ်လား ၊ အဲဒီဟာသ ကိုယ်လည်း ကြားလိုက်မိတယ် ၊ အတော်ရယ်စရာကောင်းတာနော်"
"ဟုတ်တယ် ဟုတ်တယ်"
"..............."
သူ မရယ်ရသည့်ကိစ္စကို လူအတော်များများက ရယ်စရာကောင်းနေကြလေရာ ကျန်းလန်လည်း မည်သို့မှ နားမလည်နိုင်တော့ပေ။