ဂိုဏ်းထဲမှာ နှစ်ပေါင်း (၃၀၅) နှစ်ကြာ
Vol. 18 Ch. 252
အခန်း (၂၅၂) ဂိုဏ်းထဲမှာ နှစ်ပေါင်း (၃၀၅) နှစ်ကြာ
"ဂိုဏ်းတူမောင်လေး... ညဘက်တွေ မအိပ်ဘူးလား"
ခြံဝန်းထဲရှိ ကျောက်ဆောင်မြင့်ကြီးထက်တွင် ရှောင်ယွိက ခြေဗလာဖြင့်ထိုင်နေရင်း ခြေထောက်များကို တွဲလောင်းချထားသည်။
ကောင်းကင်ထက်တွင် အလင်းရောင်သမ်းစပြုလာပြီး ညအမှောင် လွင့်ပြယ်စပြုပြီ ဖြစ်သည်။
ကျန်းလန်က သစ်သားဓားလေးကို ကိုင်ထားဆဲ ဖြစ်၏။
သူက နဂါးသုတ်သင်ဓားဝိညာဉ်ကို ဓားအတွင်း ထည့်သွင်းပြီးပြီ ဖြစ်သည်။ အချိန်သာကြာသွားသည့် ရလဒ်ကတော့ ခါတိုင်းကဲ့သို့ အတူတူပင် ဖြစ်သည်။
သို့သော် ရှောင်ယွိက စိတ်ရှည်စွာပင် စောင့်နေခဲ့လေသည်။
"ညဘက်တွေက ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲလေ"
ကျန်းလန်က ပြန်ဖြေလိုက်သည်။
ညဘက်ဆိုလျှင် မရဏအငွေ့အသက်များက အနည်းနှင့်အများ ပိုမိုများပြားလာလေ့ရှိသည်။ ထို့ကြောင့် ကျင့်ကြံရန်အတွက် သင့်တော်လေသည်။
နေ့ဘက်တွင် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အသိပညာများ လေ့လာပြီး ညဘက်တွင် ကျင့်ကြံခြင်းပြုလုပ်သည်က အကောင်းဆုံး ဖြစ်သည်။
ဤနှစ်များအတွင်း ကျန်းလန် လုံးဝအချိန်မဖြုန်းတီးဘဲ ကျင့်ကြံနေခဲ့လေသည်။
ရှောင်ယွိက...
"ဟုတ်တယ်... ညဘက်ဆိုရင် ကျောက်စိမ်းရေကန်ကလည်း အရမ်းအေးတယ် ၊ ဒါပေမဲ့ ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲ"
သူမက ပြောရင်းဖြင့် ကျောက်ဆောင်မြင့်ကြီးထက်မှ ကျန်းလန်ရှေ့ရှိ စားပွဲထက်သို့ ခြေဗလာဖြင့် ခုန်ချလိုက်သည်။
ထို့နောက် သူမက ကျန်းလန်ကို ငုံ့ကြည့်လိုက်ရင်း...
"အခု ကျွန်မ ဂိုဏ်းတူမောင်လေးထက် အရပ်မြင့်သွားပြီ... တွေ့လား"
နဂါးတွေက အရပ်တိုင်းနေစရာ လိုလို့လား။
တွေးတောရင်းဖြင့် ရှောင်ယွိ၏ လှပသည့် ခြေထောက်လေးများကို ကျန်းလန် ကြည့်နေမိသည်။ ပြီးမှ သူက ရှောင်ယွိကို ခေါင်းမော့ကြည့်လိုက်သည်။
သူ တွေ့မြင်လိုက်ရသည်က ချစ်စရာကောင်းသည့် အပြုံးလေးတစ်ပွင့် ဖြစ်လေသည်။ ထိုအပြုံးက ခမ်းနားလှပလွန်းလှသည်။
ထို့နောက် ကျန်းလန်က သစ်သားဓားလေးကို ရှောင်ယွိထံ ကမ်းပေးလိုက်သည်။ ရှောင်ယွိက ကျန်းလန်ဘေးနားသို့ ခုန်ချလိုက်ပြီး သစ်သားဓားလေးကို လှမ်းယူလိုက်သည်။
ထို့နောက် အရှေ့ဘက်တောင်တန်းများဆီမှ နေထွက်လာသည်ကို အတူတူကြည့်ကြသည်။ နေရောင်ခြည်များက ခြံဝန်းအတွင်း ဖြာကျလာလေသည်။
***
မြင့်တက်လာသည့်နေလုံးကြီးက ကောင်းကင်ထက် တွဲလဲခိုလျှက် ရှိသည်။
ရှောင်ယွိက ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ပျံသန်းထွက်ခွာသွားပြီး ကျန်းလန်ကတော့ သူမကို ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ရှောင်ယွိက နဝမတောင်ထွတ်တွင် ပိုပြီးအချိန်ကြာကြာ နေလာလေ့ရှိသည်။ သို့သော် သူမ သိပ်အကြာကြီးလည်း မနေရဲပေ။
နဝမတောင်ထွတ်မှ မရဏအငွေ့အသက်များက ပြင်းထန်လွန်းလှသည်။
ရှောင်ယွိ၏ ကျင့်ကြံခြင်းအဆင့်က မနိမ့်သော်လည်း သူမက ကျင့်ကြံခြင်းအဆင့်တက်တော့မည့်သူ ဖြစ်လေရာ အမှားအယွင်းခံ၍ မဖြစ်ပေ။
ထို့ပြင် မရှိမှုအာကာသအဆင့်ဆိုသည်က အင်မော်တယ်တံခါးကို ရှာဖွေရသည့်အဆင့် ဖြစ်သည်။ စိတ်တည်ငြိမ်မှသာ အဆင့်တက်ရ လွယ်ကူမည် ဖြစ်သည်။
မရဏအငွေ့အသက်များကြောင့် ကိုယ်တွင်းမိစ္ဆာဝင်ရောက်ပြီး စိတ်ဖောက်ပြန်သွားပါက အင်မော်တယ်တံခါး ရှာဖွေရာတွင် ကြီးမားသည့်အတားအဆီး ဖြစ်လာပေလိမ့်မည်။
ရှောင်ယွိပြန်သွားသည်နှင့် ကျန်းလန် နဝမတောင်ထွတ်စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။
သူက အစစ်အမှန်အင်တော်တယ်အဆင့်နှင့်ပတ်သက်သည့် ထိုးထွင်းသိမြင်မှုများကို ရေးသားထားသော စာအုပ်မျိုးကို လေ့လာချင်မိသည်။ သို့သော် ထိုသို့သော စာအုပ်မျိုးက အလွန် ရှားပါး၏။
ဆရာဖြစ်သူ ရေးသားထားသည့် စာအုပ်အချို့ စာကြည့်တိုက်တွင် ရှိသော်လည်း အသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။
သူ တာအိုတံခါးဆီသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်လေရာ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် လျှင်မြန်လာသည်။ သို့သော် သူ့အတွက် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနေရသည်က မှောင်မိုက်သည့်ညတွင် စမ်းတဝါးဝါး လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေလေသည်။
အခြားသူများ၏ အတွေ့အကြုံများကို လေ့လာနိုင်မည်ဆိုလျှင် သူ့အတွက် လမ်းမှားရောက်သွားနိုင်ခြေ နည်းပါးမည် ဖြစ်သလို အချိန်ကုန်လည်း သက်သာစေမည် ဖြစ်သည်။
သို့သော် ဆရာဖြစ်သူရေးသားထားသော ရိုးရှင်းသည့် ထိုးထွင်းသိမြင်မှုအချို့က သူ့အတွက် လုံလောက်လေသည်။ ဆရာဖြစ်သူထံမှ တိုက်ရိုက်သင်ပြပေးခြင်းကို ရရှိလျှင်တာ့ ပိုမိုလွယ်ကူအဆင်ပြေမည် ဖြစ်သည်။
သို့သော် ထိုအချက်က မည်သို့မှ မဖြစ်နိုင်ပေ။
ညပိုင်းတွင်တော့ ကျန်းလန် မရဏဂူသို့ ပြန်လာပြီး စတင် ကျင့်ကြံလိုက်သည်။ ပုံရိပ်ယောင်များ မြင်ယောင်လာဦးမည်လားဟု သူ ရက်အနည်းငယ် သတိထားနေခဲ့သည်။
***
ထိုသို့ဖြင့် ရာသီအလီလီ ပြောင်းလဲလာခဲ့ပြီး ကျန်းလန်သည်လည်း ပုံမှန်အတိုင်း ပြန်လည်ကျင့်ကြံနေခဲ့လေသည်။
နေ့ခင်းအချိန်များတွင် ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်လောင်းပေးသည်။ စာအုပ်ဖတ်ရင်းဖြင့် နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်စရာရှိလျှင် လုပ်သည်။
ညအချိန်တွင်တော့ သူက မရဏဂူထဲပြန်လာပြီး ကျင့်ကြံခြင်း ပြုလုပ်သည်။ ပုံရိပ်ယောင်များကို ထပ်မံမြင်တွေ့ရခြင်း မရှိတော့ပေ။
အချိန်များကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန် (၁၀)နှစ် ကြာသွားခဲ့သည်။
ထိုအချိန်…
ကျန်းလန် ကျင့်ကြံနေရင်း ဆည်ကျိုးပြီး ရေများပေါက်ထွက်လာသည့်အလား တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။
ဤသည်က ကျင့်ကြံခြင်း အဆင့်တက်ခြင်းသင်္ကေတ ဖြစ်၏။
ကျန်းလန် မျက်လုံးများကို မှေးမှိတ်ထားပြီး တာအိုနားလည်ခြင်း အကူအညီဖြင့် ကျင့်ကြံခြင်း ပိုမိုတိုးတက်လာစေရန် ကြိုးစားလိုက်သည်။ မဟုတ်ပါက သူ ကျင့်ကြံခြင်းအဆင့်မတက်နိုင်ဘဲ နှစ်ပေါင်းကြာရှည်စွာ တံခါးပိတ်ကျင့်ကြံနေရမည် ဖြစ်သည်။
ကျန်းလန်က သူ၏ အင်မော်တယ်ခန္ဓာကို စမ်းစစ်ကြည့်လိုက်ရာ တန်ခိုးစွမ်းအားများ တဟုန်ထိုးမြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
သူ မရဏဂူထဲမှ အပြင်သို့ လုံးဝမထွက်တော့ဘဲ ဆက်လက်ကျင့်ကြံနေခဲ့သည်။ သူ တစ်ယောက်တည်းကျင့်ကြံနေသည်ကို မည်သုမှလည်း လာရောက်နှောက်ယှက်ခြင်း မရှိပေ။
ရှောင်ယွိသည်လည်း တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်လေရာ သူ့ထံ လာရောက်လည်ပတ်နိုင်ခြင်း မရှိပေ။
ထိုခဏမှာပင်...
ကျန်းလန်၏ ခန္ဓာကိုယ်သည် တောင်နှင့်ပင်လယ်အလား ဖြစ်လာပြီး တန်ခိုးစွမ်းအားများက ပင်လယ်ရေလှိုင်းများအလား တောင်ခြေကို ရိုက်ခတ်လာလေရာ တောင်တစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်လာသည်။
"ဘုန်း..."
ပင်လယ်ရေလှိုင်းလုံးများက တောင်ထိပ်အထိ ဖုံးလွှမ်းသွားပြီး တောင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
ထို့နောက် တန်ခိုးစွမ်းအားများ တဖြည်းဖြည်း ပြန်လည်လျော့ကျသွားလေသည်။
ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်ခဲ့ပြီ ဖြစ်သည်။ တန်ခိုးစွမ်းအားများနှင့် ပြည့်ဝနေသည့် သူ့လက်များကို ကျန်းလန် ငုံ့ကြည့်လိုက်သည်။
အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ပြီးလျှင်တော့ အင်မော်တယ်ခန္ဓာ၏ လျှို့ဝှက်ဆန်းကျယ်မှုများအားလုံးကို နားလည်နိုင်မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် အင်မော်တယ်စွမ်းအားများသည်လည်း ကျယ်ပြန့်သည့် သမုဒ္ဒရာတစ်ခုပမာ အကန့်အသန့်မရှိ ထွက်ပေါ်လာပေလိမ့်မည်။
"ဟူး..."
စိတ်သက်သာရာရစွာဖြင့် ကျန်းလန် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဆက်လက်ကျင့်ကြံမှု ပြုလုပ်လိုက်သည်။
မန္တန်ပညာများနှင့် တန်ခိုးစွမ်းအားများကို အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်နှင့် လိုက်လျောညီထွေရှိစေရန် ဆက်လက်ကျင့်ကြံနေခြင်း ဖြစ်သည်။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းနှင့် နွားရိုင်းကိုးကောင်စွမ်းအား။
ထိုတန်ခိုးစွမ်းအား (၂)ခုကို မြန်နိုင်သမျှမြန်မြန် အစစ်အမှန်အင်တော်တယ် ၊ အလယ်ဆင့်နှင့် ကျွမ်းဝင်မှုရှိအောင် ကျင့်ကြံရမည် ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားကတော့ နွားရိုင်းကိုးကောင်စွမ်းအားကို အခြေခံထားသည်ဖြစ်လေရာ နွားရိုင်းကိုးကောင်စွမ်းအားကို ကျွမ်းကျင်နေသမျှကာလပတ်လုံး အန္တရယ်ကိုးသွယ်စွမ်းအားကိုလည်း ကျွမ်းကျင်နေမည် ဖြစ်သည်။
ဤစွမ်းအားက သူ့အသက်ကို ကာကွယ်ပေးသည့်စွမ်းအား ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မှ ဆုံးရှုံးမခံနိုင်ပေ။
အချိန် (၁)လ ကြာပြီးနောက်…
ကျန်းလန် ကျင့်ကြံနေစဉ်မှာပင် ဆရာဖြစ်သူထံမှ စာတစ်စောင်ရောက်ရှိလာသည်။
"ခွန်လွန်ဝတ်ကျောင်းတော် ဖွင့်တော့မယ်"
စာကိုဖတ်ပြီးသည်နှင့် ကျန်းလန် သက်ပြင်းချလိုက်မိသည်။
တာအိုကိုနားလည်ရန်အတွက် ယခုအချိန်မှ ရတနာဝတ်ရည်သေရည်ကို သောက်လိုက်မည်ဆိုလျှင် ထိုဝတ်ကျောင်းတော်အတွင်းသို့ ဝင်စရာမလိုတော့ပေ။
သို့သော် တာအိုကိုနားလည်ခြင်းဆိုသည်ကလည်း ကံကောင်းခြင်းဖြင့်သာ ရရှိနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်လေရာ မိမိကြိုက်သည့်အချိန် သတ်မှတ်၍ မရပေ။
ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။
နေသာသည့်နေ့ရက်ဖြစ်လေရာ နေရောင်ခြည်က သူ့ခန္ဓာကိုယ်ထက် နွေးထွေးစွာ ဖြာကျနေသည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ခြံဝန်းထဲတွင် နေရာချထားပြီးနောက် ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့၏။
သူ အချိန်တွက်ကြည့်လိုက်သည်။
ယခုနှစ်တွင် သူ နဝမတောင်ထွတ်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၃၀၅)နှစ်တိတိ ရှိပြီ ဖြစ်သည်။ နှစ်ပေါင်း (၃၀၅)နှစ်အတွင်း သူက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အများအမြင်တွင်တော့ သူက မူလဝိညာဉ် ၊ အောင်မြင်သည့်အဆင့်တွင် ရှိနေပြီး တောင်သခင်များနှင့် အကြီးအကဲများသိရှိနိုင်သည့် ကျင့်ကြံခြင်းအဆင့်ကတော့ မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်သည်။
နှစ်ပေါင်း (၃၀၀)တွင် သူ မရှိမှုအာကာသအဆင့်သို့ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း (၆၀၀)ဆိုလျှင် အင်မော်တယ်အဖြစ် အဆင့်တက်ရန် စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။
တစ်နည်းဆိုရသော် နှစ်ပေါင်းသုံးရာအတွင်း သူ အင်မော်တယ် ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင်တော့ သေချာပေါက် လုန်ယွိနှင့် လက်ထပ်ရမည် ဖြစ်သည်။
ထိုအနာဂတ်အချိန်နှင့် လက်ရှိအချိန် မည်သို့ကွာခြားမည်လဲ ကျန်းလန် မသိရှိပေ။ မည်သို့ပင်ဖြစ်စေ သူ့လက်ထပ်ပွဲနှင့်ပတ်သက်ပြီး ဝေဖန်ခံရခြင်းများကတော့ ရှိလာဦးမည်ပင်။
လက်ရှိတွင် သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ဖြစ်သည်။
အစစ်အမှန်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း (၁၀၀)ကျော် အချိန်ယူရဦးမည် ဖြစ်ပြီး မိုးကောင်းကင်အင်မော်တယ် ဖြစ်လာရန်ကတော့ နှစ်ပေါင်းများစွာ အချိန်ကြာရှည်ဦးမည် ဖြစ်သည်။
သူ့လိုကျင့်ကြံခြင်းအဆင့် လျှင်မြန်မှုမျိုး လူအနည်းငယ်တွင်သာ ရှိနိုင်ပေလိမ့်မည်။
တာအိုကိုနားမလည်သည့် အစစ်အမှန်အင်မော်တယ်တစ်ပါးဆိုလျှင် အဆင့်တက်ရန်အတွက် နှစ်ပေါင်း (၁၀၀၀) ခန့် အချိန်ယူရလေ့ ရှိသည်။ တာအိုကိုနားလည်ပြီးလျှင်တော့ အဆင့်တက်ရန် နှစ်ပေါင်း (၅၀၀)ခန့် အချိန်ယူရဦးမည် ဖြစ်၏။
ထို့ထက်စောပြီး အဆင့်တက်ချင်လျှင်တော့ အခွင့်အလမ်းကောင်းများကို အမိအရ ဆုပ်ကိုင်နိုင်မှသာ ဖြစ်ပေလိမ့်မည်။
ကျန်းလန်က ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်ရှိရာတောင်ထိပ်သို့ ထွက်ခွာလာခဲ့လေသည်။
အဖြူရောင်တိမ်တိုက်များက ကောင်းကင်ထက်တွင် ပျံသန်းလျှက် ရှိသည်။
တောင်ထွတ်အသီးသီးမှ ပျံသန်းထွက်ခွာသွားသည့် ဓားအလင်းရောင်များကို တွေ့မြင်ရလေသည်။ ဓားများကို စီးနှင်ကာ ခွန်လွန်တောင် အဓိကခန်းမဆောင်ရှိရာသို့ ပျံသန်းသွားကြသည့် တပည့်များ ဖြစ်ကြ၏။
ခဏအကြာတွင်တော့…
ကျန်းလန် ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထိပ်မှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ခွန်လွန်တောင် အဓိကခန်းမဆောင်ရှိရာသို့ ဦးတည်လာခဲ့သည်။
ရှောင်ယွိက တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်မလာသေးပေ။ ထို့ကြောင့် ကျန်းလန်က သူ ခွန်လွန်ဝတ်ကျောင်းတော်သို့ ထွက်ခွာသွားပြီဆိုသည့်အကြောင်း ရှောင်ယွိအတွက် စာတိုလေးတစ်စောင်ရေးသားပြီး ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်တွင် သွားရောက်ထားရှိခဲ့သည်။
ရှောင်ယွိ ကျင့်ကြံခြင်းပြီးဆုံးသွားလျှင် နဝမတောင်ထွတ်တွင် သူ့ကို လာရှာနေမည်ကို စိုးသောကြောင့် ဖြစ်သည်။
ကျန်းလန် အဋ္ဌမတောင်ထွတ်ကို ဖြတ်သွားချိန်တွင် ဓားအလင်းတန်းများစွာ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ခွန်လွန်တောင် အဓိကခန်းမဆောင်သို့ ဓားများစီးနှင်ကာ ပျံသန်းထွက်ခွာသွားကြသည့် ဂိုဏ်းတူမောင်နှမများ ဖြစ်လေသည်။
"ဂိုဏ်းတူညီလေး ၊ မင်္ဂလာနံနက်ခင်းပါ"
လုကျန်းက ကျန်းလန်နံဘေးမှ ဖြတ်သွားရင်း နှုတ်ဆက်စကားဆိုလိုက်သည်။
ကျန်းလန်က လုကျန်းကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
"ဂိုဏ်းတူအစ်ကိုလုကျန်း"
ဟု ပြန်လည်နှုတ်ဆက်လိုက်၏။
လုကျန်းက…
"ကျုပ် ဂိုဏ်းတူညီလေးကို အဖော်လုပ်မပေးတော့ဘူးနော် ၊ ကျုပ်တို့ ပထမတောင်ထွတ်မှာ တိုက်ခိုက်ဖို့ ချိန်းထားသေးတာဗျ"
ပြောပြီးသည်နှင့် လုကျန်းဦးဆောင်သည့် အဋ္ဌမတောင်ထွတ်မှ တပည့်အုပ်စုသည် အလျှင်အမြန်ပင် ခွန်လွန်တောင် အဓိကခန်းမဆောင်တည်ရှိရာသို့ ပျံသန်းထွက်ခွာသွားကြလေတော့၏။
ကျန်းလန် ဂိုဏ်းတူမောင်နှမများထွက်ခွာသွားသည်ကိုကြည့်ရင်း မူလဝိညာဉ်အဆင့်အောင်မြင်ထားသည့် သူပင်လျှင် အားလုံးထဲတွင် အားအနည်းဆုံး ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသည်။
ကျောက်စိမ်းရေကန်ဖွင့်ပွဲပြုလုပ်ပြီးနောက် နှစ်ပေါင်း (၂၀၀)ကျော်ကြာခဲ့သည့်တိုင် တပည့်ရင်းများဆိုသည်ကလည်း သူ မြင်ဖူးနေကျလူများသာလျှင် ဖြစ်သည်။
ခွန်လွန်တောင်တွင် တပည့်ရင်း အသစ်များ ထပ်မရှိလာတော့ဘူးလား။
အချို့တပည့်ရင်းများက ခွန်လွန်ဝတ်ကျောင်းတော်သို့ မဝင်ရောက်ကြသည်လည်း ဖြစ်နိုင်သည်။ အားလုံးက သူ့လိုမဟုတ်ဘဲ ရွေးခြယ်ခွင့်ရှိကြလေသည်။
ကျန်းလန်တစ်ယောက်သာလျှင် မဖြစ်မနေ ခွန်လွန်ဝတ်ကျောင်းတော်သို့ သွားရောက်ရခြင်း ဖြစ်၏။
ကျန်းလန် စဉ်းစားရင်းဖြင့်ပင် ခွန်လွန်တောင် အဓိကခန်းမဆေင်တည်ရှိရာသို့ ဓားကိုစီးနှင်ကာ ပျံသန်းလာခဲ့သည်။
သို့သော် ရုတ်ချည်းပင် သူ့နားထဲတွင် ထူးဆန်းသည့်အသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ထို့နောက် နတ်ဘုရားတိမ်တိုက်များ လွင့်ပျံနေသည့် မြင်ကွင်းတစ်ခု သူ့စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။
"ဒီပုံရိပ်ယောင်တွေ ထပ်မြင်ရပြန်ပြီ…"