← Chapters

အမှန်တရား

Vol. 1 Ch. 6

အမှန်တရား

Vol. 1 Ch. 6

ရှုကျိုးကမူ ဆရာများကြားတွင် ဖြစ်ပွားနေသည့် ကိစ္စများကို မသိသေးပေ။

ထိုအချိန်တွင် သူသည် အတန်းထဲ ပြန်ဝင်သွားခဲ့ရာ၊ ချက်ချင်းဆိုသလိုပင် တစ်တန်းလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။

“ ရှုကျိုး၊ ထာဝရ နတ်ဘုရား !!! “

“ အတန်းဖော်ရေ၊ မင်းကို ငါ့ရဲ့ သွေးသောက်ညီအစ်ကို ဖြစ်စေချင်တယ် “

“ ရှုကျိုး၊ ငါနင့်ကို ချစ်တယ် “

“ ညိုကီရေ၊ မင်းက ကောင်းလေးရော လိုချင်လား? “

“ … “

အတန်းဖော်များသည် အလွန်စိတ်အားထက်သန်နေကြပြီး၊ ရှုကျိုးအား တင်းကြပ်စွာ ဝိုင်းရံလာကြသည်။

အတန်းဖော်များ၏ အမြင်တွင် ရှုကျိုးသည် Sအဆင့် စွမ်းရည် နိုးထခဲ့သော လင်းလက်တောက်ပနေသည့် ကြယ်တစ်ပွင့်ဖြစ်သည်။

အတန်းရှစ်တစ်ခုလုံး၏ ဂုဏ်သိက္ခာပင်။

ထောင့်တစ်နေရာရှိ ဝမ်ယွဲ့ဟွေမှာလည်း အားကျစွာဖြင့် ငေးကြည့်နေခဲ့သည်။

သူသည် “ ငါ့ဆီမှာ အေအဆင့် စွမ်းရည်ရှိတယ်၊ ငါကလည်း ပါရမီရှင်ပဲ “ ဟု ပြောချင်နေခဲ့သည်။

ဘာလို့ ငါ့ကို ဘယ်သူကမှ မကြိုဆိုကြတာလဲ?

သို့သော် ထိုအချိန်တွင် ရှုကျိုးသည် သူ၏စိတ်ထဲတွင် အတော်လေး ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရသည်ဆိုသည်အား မည်သူမှ မသိကြပေ။

သူသည် သူ၏အတန်းဖော်များက ထိုမျှလောက် စိတ်အားထက်သန်သွားကြမည်ဟု မထင်ထားခဲ့ပေ၊ တစ်ချို့သော မိန်းကလေးများကပင် သူ့အား လူကြားထဲတွင် ဖွင့်ပြောလာကြသည်။

သို့သော် ယောကျာ်းလေး အနည်းငယ်ကပင် ထိုကဲ့သို့ ပြုလုပ်လာခဲ့သောကြောင့် ရှုကျိုး အနည်းငယ် ချွေးပျံသွားခဲ့ရသည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက် ရှုကျိုးသည် လူအုပ်ကြီးထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ သူ၏ထိုင်ခုံဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဘေးနားရှိ ဝမ်ယွဲ့ဟွေကမူ သက်ပြင်းချလာခဲ့သည် “ ရှုကျိုး၊ မင်းက စာပေကို ရွေးချယ်လိမ့်မယ်လို့ အရင်တုန်းက ငါတစ်ခါမှ မတွေးခဲ့ဖူးပင်မဲ့၊ အခုကြည့်ရသလောက်ဆိုရင်တော့ သိုင်းပညာက မင်းနဲ့ သက်ဆိုင်နေတာပဲ “

ရှုကျိုးကား ဂုဏ်မောက်သွားခြင်းမရှိဘဲ ပြန်ပြောလိုက်သည် “ မင်းကိုယ်တိုင်ကလည်း မဆိုးပါဘူး၊ အေအဆင့် စွမ်းရည်ပဲလေ “

“ မင်းနဲ့ ယှဥ်လိုက်ရင်တော့ အဲ့တာက ဘာမှ မဟုတ်ပါဘူးကွာ “ ဝမ်ယွဲ့ဟွေမှ ခေါင်းခါပြလာခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးသည် တစ်ခြားလူများကဲ့သို့ သူ၏ စွမ်းရည်ကို အထင်ကြီး မနေခဲ့ပေ။

သူနှင့် တစ်ခြားလူများကို ကွဲပြားသွားစေသည့်အရာကား တစ်နေ့လျှင် တစ်ကီလိုဂရမ် ရရှိသော ကြက်ဖကိုယ်ပွားပင် ဖြစ်သည်။

ယခင်က ရှုကျိုးသည် စွမ်းရည်နိုးထခြင်းကျရှုံးသွားသည့် ဖြစ်နိုင်ခြေအတွက်ပင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ အကယ်၍ သူ၏မူလကိုယ်က မကျင့်ကြံနိုင်ဘူးဆိုရင်တောင်မှ သူသည် နှိမ့်နှိမ့်ချချ နေ၍ ကိုယ်ပွားဖွံ့ဖြိုးတိုးတက်လာမည့် အချိန်ကို စောင့်ဆိုင်းမည်ဟုပင် တွေးခဲ့ဖူးသည်။

ယခုတွင် သူသည် Sအဆင့် စွမ်းရည်ကို နှိုးနိုင်ခဲ့ပြီဖြစ်ပြီး၊ ၎င်းမှာ ကျေနပ်ဖွယ်ကောင်းသည့် အရာဖြစ်သော်လည်း၊ ရှုကျိုးသည် စိတ်လှုပ်ရှားမှုကြောင့် စိတ်မလွတ်သွားခဲ့ချေ။

“ ငါ့ရဲ့ စွမ်းရည်က ဘာအမျိုးအစား ဖြစ်နေမလဲဆိုတာကို သိချင်မိသား “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောနေလျက်ရှိ၏ “ ဆရာချောင်က ငါ့ကို ပြောပြမှာလား? “

ယခုလေးတင် သူသည် မျက်နှာပြင်ကို ကြည့်လိုက်ရာ သူ့မူလ ခန္ဓာကိုယ်၏ စွမ်းရည်ကို မပြထားသောကြောင့် သူသည် ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ထိုစဥ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ရှုကျိုး၊ ငါ့ရုံခန်းထဲကို လာခဲ့ “ ၎င်းသည် ချောင်ရုံ ၏အသံဖြစ်သည်။

ရှုကျိုးသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး၊ မတ်တပ်ထရပ်ကာ ခပ်သုတ်သုတ် ပြေးထွက်သွားတော့သည်။

…

ချောင်ရုံ၏ ရုံးခန်း၌

“ ရှုကျိုး၊ မင်းရဲ့ စွမ်းရည်က ဘာလဲဆိုတာကို မင်းသိချင်လား? “ ချောင်ရုံသည် ရှုကျိုးကို ကြည့်ရင်း မေးမြန်းလာခဲ့သည်။

ရှုကျိုးကား ခေါင်းငြိမ့်ပြလိုက်ပြီး၊ စိတ်ထဲ၌ အနည်းငယ် မျှော်လင့်နေလျက်ရှိ၏ “ ဆရာ၊ ကျွန်တော့်ကို ပြောပြနိုင်မလား? “

အစောပိုင်းအချိန်တုန်းက ကျောင်းအုပ်ကြီး၏ အပြုအမူများကို အကဲခတ်လိုက်ခြင်းဖြင့် သူ၏ စွမ်းရည်သည် နိုင်ငံတော် လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသည့်ပုံပေါ်သောကြောင့် ရှုကျိုးသည် အတော်လေး စိတ်လှုပ်ရှားသွားခဲ့ရသည်။

ချောင်ရုံသည် ခေါင်းငြိမ့်ပြ၍ အေးဆေးတည်ငြိမ်စွာ ပြောလာတော့သည် “ ပြောရမယ်ဆိုရင်၊ မင်းဆီမှာ နိုးထလာခဲ့တဲ့ စွမ်းရည်က စွမ်းရည်တွေ အားလုံးထဲမှာ ထိပ်တန်းအဆင့်ပဲ “

“ အဲ့ဒီ စွမ်းရည်က တော်တော်လေးကို ရှားပြီးတော့ အစွမ်းထက်တယ် “

“ ပြီးတော့ မင်းသာ မင်းရဲ့ ကျင့်ကြံရေးကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင်၊ မင်းက ရွယ်တူတွေကြားထဲမှာ ပြိုင်ဘက်ကင်းလာလိမ့်မယ်၊ ဘယ်သူကမှ မင်းကို အနိုင်မယူနိုင်တော့ဘူး “

ရှုကျိုးကား ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည်။

ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းမှာလား?

အဲ့လောက်ကြီးတောင် စွမ်းတာလား?

ချောင်ရုံမှ ဆက်‌ပြောလာခဲ့သည် “ ပြီးတော့ မင်းရဲ့ စွမ်းရည်မှာ အားသာချက် နောက်တစ်ခု ရှိတယ်၊ အဲ့တာက အသုံးစားရိတ်ပဲ “

“ အသုံးစားရိတ်လား? “ ရှုကျိုးကား အံ့အားသင့်သွားခဲ့သည် “ အဲ့တာက အားသာချက်လား? “

“ ဒါပေါ့၊ ငွေသုံးတာက မင်းကို ပိုစွမ်းစေလာနိုင်တယ် “

ချောင်ရုံကား ရယ်မောနေတော့သည် “ တစ်ခြားလူတွေက နယ်ပယ်ချိုးဖျက်ဖို့အတွက် နေ့စဥ်နေ့တိုင်း စုဆောင်းနေရပင်မဲ့ မင်းကတော့ မတူဘူး “

“ မင်းဆီမှာ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိနေသရွေ့၊ မင်းက နယ်ပယ် ချိုးဖျက်နိုင်တယ် “

“ အဲ့တာက အားသာချက်ဆိုတာကို သိပြီလား? “

“ ဒါပေါ့ မင်းက ကျင့်ကြံရေး အရင်းအမြစ်တွေကို အများကြီး လိုလာလိမ့်မယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းရဲ့ ကျင့်ကြံရေး အမြန်နှုန်းက နှေးကျသွားနိုင်တယ် “

ချောင်ရုံ၏ စကားလုံးများကြောင့် ရှုကျိုးသည် သူ၏စွမ်းရည်အကြောင်းကို စကားလုံး တစ်လုံးတည်းဖြင့် အနှစ်ချုပ်နိုင်သွားသည်၊ အကုန်အကျ များမည် !!

ရှုကျိုးသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ မေးမြန်းလာခဲ့သည် “ ဆရာ၊ အရင်းအမြစ်တွေ မရှိဘူးဆိုရင် ကျွန်တော့်ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက ဘာလို့ နှေးသွားမှာလဲ? “

“ ဘာလို့လဲဆိုတော့ ဗီဇပြောင်းသွားလို့ပဲ “

ချောင်ရုံမှ ရှင်းပြလာခဲ့သည် “ နိုးထခြင်း အခမ်းအနားက ဗီဇပြောင်းသွားစေတယ်၊ မင်းရဲ့ ကိုယ်ကာယက တစ်ခြားလူတွေထပ် ပိုပြီးတော့ အားကောင်းသွားပြီ၊ တစ်ခြား Sအဆင့် စွမ်းရည်တွေကိုတောင်မှ ဖိနှိပ်နိုင်တယ် “

“ ဒါ့ကြောင့် တိုးတက်မှု ဖြစ်စဥ်က နည်းနည်းတော့ နှေးတယ်၊ နားလည်ပြီလား? “

ရှုကျိုးကား အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ဆရာ့ရဲ့ စကားတွေအရဆိုရင်၊ ငါနိုးထခဲ့တဲ့ စွမ်းရည်က သာမန်ပါရမီရှင်တွေထပ်တောင် သာလွန်နေတာလား?

တစ်ခြား Sအဆင့် စွမ်းရည်တွေကိုတောင်မှ ဖိနှိပ်တယ်ပေါ့ !!

ပြစ်ချက်ဆိုလို့ ငွေနဲ့ အရင်းအမြစ် အကုန်အကျ များတာလေးပဲပေါ့။

မကြာခင်မှာပင် ရှုကျိုးသည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ဆရာရေ၊ အတိအကျဆိုရင် ဘယ်လောက်လောက် အကုန်အကျ များမှာလဲ? “

ချောင်ရုံကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလာခဲ့သည် “ မင်းကျင့်ကြံရေး စလုပ်တာနဲ့ သိလာပါလိမ့်မယ် “

“ ကျင့်ကြံရေး အရင်းအမြစ်တွေ အတွက်က‌တော့ ကျောင်းရဲ့ လစဥ်ထောက်ပံ့မှုတွေအပြင် ငါကလည်း လမ်းညွှန်မှုတစ်ချို့နဲ့အတူ မင်းကို အရင်းအမြစ် နှစ်ဆ ပေးနိုင်တယ် “

ရှုကျိုးကား မြူးထူး ပျော်ရွှင်သွားတော့သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာ “

လင်းဂျန် ပထမ အထက်တန်းကျောင်းရှိ ကျောင်းသားများသည် လစဥ်လတိုင်း ကျင့်ကြံရေး အရင်းအမြစ်များ ရရှိကြသည်။

ပမာဏ နှစ်ဆရရှိခြင်းသည်ကား ထိပ်တန်း ကျောင်းသားဆယ်ဦးကသာ ရရှိသော အရေးပေးမှု ဖြစ်သည်။

“ ကျောင်းမှာ လမ်းကြောင်းလေးတွေလည်း ရှိတယ် ” ချောင်ရုံမှ သတိပေးလာခဲ့သည် “ ကျောင်းက ထုတ်ပြန်တဲ့ အလုပ်တွေ ဒါမှမဟုတ် ထိပ်တန်းအယောက်တစ်ရာ စာရင်းထဲကို ဝင်တာမျိုးတွေပေါ့၊ အဲ့တာတွေနဲ့ဆိုရင် မင်းက ငွေနဲ့ အရင်းအမြစ်တွေ ပိုရလာလိမ့်မယ် “

“ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ဆရာ “

ထို့နောက် ရှုကျိုးသည် ချောင်ရုံနှင့် တစ်ခဏခန့် စကား ပြောဆိုနေခဲ့ပြီး၊ သူ့စွမ်းရည်၏ အားသာချက်များအကြောင်း ဆွေးနွေးပြောဆိုနေကြတော့သည်။

နာရီဝက်ခန့် ကုန်ဆုံးသွားသည့်နောက်၌ ရှုကျိုးသည် နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။

…

ရှုကျိုး ထွက်ခွာသွားသည့်နောက်၌

ချောင်ရုံကား သက်ပြင်းတစ်ချက် ချလိုက်သည်။

“ အဲ့ဒီအားပေးမှုတွေက အကျိုးသက်ရောက်မှုတစ်ချို့ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ် “

အစောပိုင်း အချိန်တုန်းက သူပြောခဲ့သော စကားများသည် ရှုကျိုးအား ‘ မင်းက စစ်မှန်သည့် ပါရမီရှင် ‘ ဟု ယုံကြည်သွားစေရန် ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။

မင်းရဲ့ စွမ်းရည်က ရှေးကျ၊ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တယ် !!

မင်းက တစ်ခြား ပါရမီရှင်တွေကို ဖိနှိပ်ပြီး တောက်ပဖို့ ကံပါလာခဲ့တာ !!

ချောင်ရုံသည် ရှုကျိုးအား သူကြုံတွေ့ရင်ဆိုင်ရမည့် အခက်အခဲများနှင့် အတားအဆီးများကို ထိန်ချန်ထားခဲ့ပြီး ‘ ရှေ့ဆက်ရမည့် လမ်းခရီးကတော့ နည်းနည်းလေး ခက်တယ်၊ ဒါပင်မဲ့ မင်းက အဲ့တာတွေကို ကျော်ြဖတ်နိုင်မှာပါ ‘ ဟုသာ ပြောဆိုလိုက်သည်။

“ အဲ့တာတွေကို ငါလုပ်သင့်လား၊ မလုပ်သင့်ဘူးဆိုတာကို မသိတော့ပါဘူးကွာ “ ချောင်ရုံကား ညီးတွားနေတော့သည်။

သူသည် ရှုကျိုးအား လိမ်ညာလှည့်စားလိုက်သကဲ့သို့ ခံစးနေခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံရေး အရင်းအမြစ်များနှင့်ဆိုလျှင်တောင်မှ သားရဲ အမျိုးအစား စွမ်းရည်မှာ ကျင့်ကြံရန် ခက်ခဲပြီး၊ နယ်ပယ်ချိုးဖျက်ခြင်းမှာလည်း ခက်ခဲလွန်းလှသည်ဆိုသည်ကို သူကောင်းစွာ သိ‌နေသောကြောင့် ဖြစ်သည်။

သို့သော် သူသည် ၎င်းတို့က ရှုကျိုးအပေါ်တွင် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားမည်ကို စိုးရိမ်နေသောကြောင့် သူ့အား မပြောပြချင်ခဲ့ပေ။

…

“ တောင် တောင် တောင် “

ကျောင်းဆင်း ခေါင်းလောင်းသံ အော်မြည်လာတော့သည်။

ရှုကျိုးသည် သူ၏ကျောပိုးအိတ်ကို လွယ်ကာ အတန်းထဲမှ ထွက်လာခဲ့သည်။

ကျောင်းဝင်းအတွင်း၌ ကျောင်းသား အများအပြားသည် အိမ်မပြန်ကြသေးဘဲ၊ ဘောလုံးကွင်းနှင့် ဘက်စကတ်ဘောကွင်းများဆီသို့ အကြမ်းပတမ်းပြေးသွားကြပြီး၊ ကြမ်းကြမ်းတမ်းတမ်း ယှဥ်ပြိုင်ဆော့ကစား နေကြတော့သည်။

တင်းနစ်ကွင်း၌ လှပသော မိန်းကလေးတစ်ချို့ ဆော့ကစားနေကြပြီး၊ သူမတို့၏ နှစ်လိုကောင်းပြီး၊ မိန်းမသားဆန်သည့် အကွေ့အဝိုက်များကို ထုတ်ဖော်ပြ၍ တင်းနစ်ဘတ်တံများကို ဝေ့ယမ်းနေကြကာ၊ စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ရသကို ထုတ်လွှတ်နေလျက်ရှိသည်။

“ အာ၊ ငယ်ရွယ်မှုလေး !! “ ရှုကျိုးသည် အဆိုပါ မြင်ကွင်းများကို ကြည့်နေရင်းဖြင့် သက်ပြင်းချနေတော့၏။

အကယ်၍ သူသာ စာပေလမ်းကြောင်းကို ရွေးချယ်လိုက်မည်ဆိုပါက၊ သူသည်လည်း ဤနေရာတွင် ငယ်ရွယ်မှုကို ခံစားနိုင်မည် ဖြစ်သည်။

သို့သော် ၎င်းသည် သိုင်းပညာလမ်းကြောင်း၌ ထိုကဲ့သို့ မပြုလုပ်နိုင်ဘူးဟု ဆိုလိုမနေချေ။ စာပေလမ်းကြောင်းနှင့် ယှဥ်လိုက်မည်ဆိုပါက ၎င်းသည် ကျင့်ကြံရေးတစ်ခုတည်းကိုသာ အဓိကအာရုံစိုက်လေ့ရှိတတ်သောကြောင့်၊ ထိုကဲ့သို့ ငယ်ရွယ်ပျော်ရွှင်စရာလေးများ နည်းပါးနေခဲ့ခြင်း ဖြစ်သည်။

ရှုကျိုး၏ Sအဆင့် စွမ်းရည် နိုးထလာသည်နှင့်အမျှ သူသည် ကျင့်ကြံရေးကို ပို၍ အာရုံစိုက်ရမည် ဖြစ်သည်။

“ အိမ်ပြန်ပြီး ကျင့်ကြံရမဲ့ အချိန်ရောက်ပြီ “ ရှုကျိုးကား တွေးတောရင်း အိမ်ပြန်သွားတော့သည်။

ဆရာပြောတာကတော့ အရင်းအမြစ်တွေက မရှိရင် ငါ့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက နှေးသွားလိမ့်တယ်တဲ့။

အရင်တုန်းက ငါ့ရဲ့ ကျင့်ကြံရေးက မြန်တာကြနေတာပဲ၊ ဘယ်လောက်များ နှေးသွားနိုင်မှာမို့လို့လဲ?

ပြီးတော့ ကြက်ကိုယ်ပွားရောပဲ၊ ဒီညကုန်ရင် အဲ့တာက ၅ကီလိုဂရမ် ဖြစ်သွားတော့မှာ။

ပြောရမယ်ဆိုရင် အဲ့လိုကြက်မျိုးက ၅ကီလိုဂရမ်လောက်ဆိုရင် အကန့်အသတ် ဖြစ်နေသင့်ပြီလေ၊ ဟုတ်တယ်မလား?

“ ဒီညမှာ အဲ့ကောင်က စပြီးတော့ ပြောင်းလဲသွားမလားဆိုတာကို စောင့်ကြည့်ကြတာပေါ့ကွာ “ ရှုကျိုးကား တွေးတော စဥ်းစားနေတော့သည်။

…

ထိုစဥ် ရုံးခန်းထဲရှိ ချောင်ရုံဆီသို့ ကျောင်းအုပ်ကြီးမှ ခေါ်ဆိုသည့် ဖုန်းကောလ်တစ်ခု ဝင်လာခဲ့သည်။

“ မင်းသူ့ကို အမှန်တရားကို မပြောလိုက်ဘူးလား? “ ကျောင်းအုပ်ကြီးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

“ အခုလောလောဆယ်ဆယ် ကျွန်တော် သူ့ကို မပြောပြချင်သေးဘူး “

ကျောင်းအုပ်ကြီးသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ထို့နောက်မှ ဆက်လက်၍ ပြောကြားလာခဲ့သည် “ အဲ့တာက ကောင်းတဲ့အရာ မဟုတ်ဘူးနော်၊ နောက်ပိုင်း ရှုကျိုးက အမှန်တရားကို သိသွားတဲ့အချိန်ကျရင်၊ သူက မင်းကို အပြစ်တင်လာနိုင်တယ် “

“ တကယ်လို့ သူသာ မတိုးတက်လာခဲ့ဘူးဆိုရင် သူက အမှန်တရားကို သိသွားရင်တောင်မှ ဘာဖြစ်နိုင်မှာမို့လို့လဲ? “ ချောင်ရုံကား ဖျော့တော့သော အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည် “ တကယ်လို့ သူသာ တိုးတက်လာခဲ့မယ်ဆိုရင်တော့၊ အဲ့ကိစ္စက ထာဝရ မြေမြှုပ်ထားရမှာပေါ့ “

သားရဲအမျိုးအစား စွမ်းရည်တစ်ခု၏ သွင်ပြင်လက္ခဏာများက သိသာထင်ရှားလှသော်လည်း၊ ချောင်ရုံသည် အကယ်၍ သူကသာ ရှုကျိုးထံသို့ မင်းကသာ ပါရမီရှင်ဆိုသည့် ယုံကြည်မှုကို အဆက်မပြတ် ရိုက်သွင်းပေးမည်ဆိုပါက၊ အကယ်၍ နောင်အနာဂတ်တွင် ရှုကျိုးက အမှန်တရားကို သိသွားမည်ဆိုလျှင်တောင်မှ၊ သူသည် သူ့ထံတွင် သားရဲအမျိုးအစား စွမ်းရည် ရှိနေမည်ဆိုသည်ကို ယုံကြည်မှာ မဟုတ်ဘူးဟုသာ ယုံကြည်နေလျက်ရှိသည်။

ကျောင်းအုပ်ကြီးသည် တစ်ခဏခန့် ငြိမ်သက်သွားပြီး၊ ထို့နောက်တွင် တလေးတနက်ထား၍ ပြောကြားလာခဲ့သည် “ ချောင်ရုံ၊ မင်းက ပြုစပျိုးထောင်ဖို့ ရည်ရွယ်နေတာတော့ မဟုတ်ဘူးမလား? ငါ့အမြင်အရဆိုရင်တော့ အဲ့တာက မလိုအပ်ပါဘူး “

ချောင်ရုံမှ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ သူက ကျွန်တော့်ကျောင်းသားပါ၊ သူ့ကို ဘယ်လို လေ့ကျင့်ပေးမလဲဆိုတာကို ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ “

“ ငါ့က မင်းကို သတိပေးရုံသာ ပေးနေတာပါ “ ကျောင်းအုပ်ကြီးကား သက်ပြင်းနေတော့သည် “ မင်းက အငြိမ်းစားယူဖို့ နီးလာပြီ၊ မတိုးတက်လာဖို့ ကံပါလာတဲ့ လူတစ်ယောက်အတွက် အများကြီး အားစိုက်ထုတ်နေစရာ မလိုဘူး “

“ ကျွန်တော် နားလည်ပါတယ် “ ချောင်ရုံကား ငြင်းခုန်မနေခဲ့ဘဲ၊ တစ်ခဏခန့် စကားဆက်ပြောနေကြပြီးသည့်နောက်၌ ဖုန်းချလိုက်သည်။

တစ်ခဏခန့် အကြာတွင် ချောင်ရုံသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို လှည့်ကြည့်လာခဲ့ပြီး၊ သူ၏မျက်လုံးများထဲ၌ စိတ်ရှုပ်ထွေးနေမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျောင်းအုပ်ကြီး ပြေခဲ့သည့်အတိုင်းပဲ၊ သူသည် အသက်ကြီးလာခဲ့ပြီ ဖြစ်ပြီး၊ ခေါင်းပေါ်ရှိ ဆံပင်များလည်း ဖြူဖွေးနေပြီဖြစ်ကာ အငြိမ်းစားယူရတော့မည် ဖြစ်သည်။

သို့သော် သူ၏ သက်တမ်းတစ်လျှောက်လုံးတွင် သူသည် ထူးချွန်သည့် မည်သည့် ပါရမီရှင်ကျောင်းသားကိုမှ မသင်ကြားပေးခဲ့ဖူးချေ။

ယခု၌ ရှုကျိုး၏ Sအဆင့် စွမ်းရည် နိုးထလာမှုကို မြင်တွေ့ခဲ့ရပြီး၊ ကျောင်းအုပ်ကြီးနှင့် တစ်ခြား ဆရာများက ထိုကလေးအပေါ်တွင် မျှော်လင့်ချက် ကြီးကြီးမားမား မထားထားကြသော်လည်း၊ ချောင်ရုံကမူ အလွယ်တကူ လက်လျှော့လိုက်မည် မဟုတ်ပေ။

တကယ်တမ်းတွင် သူ့ထံ၌ ရှုကျိုးအား အမှန်တရားကို မပြောပြလိုက်ရသည့် တစ်ခြားသော အရေးကြီး အကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။

“ သားရဲအမျိုးအစား စွမ်းရည်က ကျင့်ကြံဖို့ မဖြစ်နိုင်လောက်ဘူး “ ချောင်ရုံကား ရေရွတ်ပြောဆိုနေခဲ့သည် “ မကျင့်ကြံနိုင်ဘူးလို့ ပြောနေကြတဲ့လူတွေက ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့ သမိုင်းသာဓကတွေ အများကြီးရှိတယ် “

“ ဒါပင်မဲ့ အဲ့ဒီလူတွေက သူတို့ရဲ့ စွမ်းရည်တွေက ကျင့်ကြံလို့မရဘူးဆိုတာကို အစတည်းက မသိကြဘူး “

တဖြည်းဖြည်းဖြင့် သူ့မျက်လုံးများထဲရှိ စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားခဲ့ပြီး၊ ခိုင်မာသည့် စိတ်ပိုင်းဖြတ်ထားမှုတစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။

All Chapters