← Chapters

ပထမ အပြောင်းအလဲ

Vol. 1 Ch. 7

ပထမ အပြောင်းအလဲ

Vol. 1 Ch. 7

ရှုကျိုး အိမ်ပြန်ရောက်သည့် အချိန်ကား ညစာစားချိန်နှင့်ပင် ကပ်နေခဲ့ပြီဖြစ်သည်။

“ သား၊ မင်းပြန်ရောက်လာပြီလား? “ ရှုတျန်ဟိုင်သည် ရှုကျိုးကို မြင်လိုက်ရသောအခါတွင် ချက်ချင်း စကားစလာခဲ့သည် “ ဒါဆိုရင် မင်းရဲ့ နိုးထမှုက အောင်မြင်ခဲ့တာလား? “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်အရာကို ဖုံးကွယ်မထားဘဲ၊ Sအဆင့် စွမ်းရည်နိုးထခဲ့သည့်အကြောင်းအား သူ၏မိသားစုကို ပြောပြလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် တစ်မိသားစုလုံး တစ်ခဏခန့် ငြိမ်ကျသွားခဲ့သည်။

ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့သည် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး၊ သံသယဖြစ်နေသော အရိပ်အယောင်များကို ပြသလာကြသည်။

တစ်ခဏခန့် ကြာပြီးသည့်နောက်၌ ရှုတျန်ဟိုင်မှ ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ သား၊ တကယ်လို့ နိုးထမှု ကျရှုံးခဲ့တယ်ဆိုရင်တောင်မှ၊ လိမ်ဖို့ မလိုအပ်ပါဘူး “

ရှုကျိုးကား ကူရာကယ်ရာမဲ့သွားတော့သည် “ အဲ့တာက အမှန်ပါ၊ တစ်တန်းလုံး အဲ့တာကို မြင်ခဲ့ကြတာ “

“ သူ အမှန်ကို ပြောနေတာ ဖြစ်နိုင်တယ် “ ဘေးဘက်ရှိ လီရို့ရှီမှ ရုတ်တရက် ဝင်ပြောလာခဲ့သည် “ ဒီနှစ် ပထမနှစ်တွေထဲမှာ Sအဆင့် စွမ်းရည် နိုးထခဲ့တဲ့ ပါရမီရှင်တစ်ယောက်ရှိတယ်ဆိုတဲ့ ကောလဟာလတွေကို တတိယနှစ်တွေဆီကနေ ကြားခဲ့တယ် “

သူမသည် အနည်းငယ် အံ့အားသင့်သွားပြီး၊ နည်းနည်း သံသယဖြစ်သွားခဲ့ကာ မေးမြန်းလာခဲ့သည် “ အဲ့တာက တကယ်ကြီးကို နင်ဖြစ်နေတာလား? “

ရှုကျိုးသည် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်ပြီး၊ စိတ်ထဲတွင်မူ သိသိသာသာ ဘဝင်ခိုက်နေခဲ့သည်။

လီရို့ရှီ၏ ထိုကဲ့သို့သော အမူအရာကို မြင်တွေ့လိုက်ရခြင်းမှာ သူ့အတွက် ကျေနပ်စရာပင် ဖြစ်သည်။

ထိုစဥ် လီရို့ရှီ၏ အတည်ပြုချက်ကို ကြားသိလိုက်ရသောအခါတွင် မိဘနှစ်ပါးစလုံးသည် အလွန်အံ့ဩသွားသော မျက်နှာများဖြင့် ရှုကျိုးကို ကြည့်လာကြသည်။

အမြဲလိုလို တည်ငြိမ်နေတတ်သည့် ရှုတျန်ဟိုင်ကပင် အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည် “ ငါ့သားက Sအဆင့် စွမ်းရည် နိုးထခဲ့တာလား? “

“ ဟားဟားဟား၊ ကောင်းတယ်၊ ကောင်းတယ် “

ဖခင်ဖြစ်သူ အော်ရယ်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ကြက်သီးထသွားခဲ့သည်။

သူသည် သူ့မိသားစု၏ တုံ့ပြန်မှုများကြောင့် မအံ့ဩသွားခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ပုံမှန်အခြေအနေများအရ သူ့ထံတွင် အားအနည်းဆုံးသော စွမ်းရည်ကပင် နိုးထလာရန် ခက်ခဲသောကြောင့် ဖြစ်သည်။

သို့သော် သူ့ထံ၌ Sအဆင့် စွမ်းရည်ကို နိုးထခဲ့လေသည်။

သူ့အား ပို၍ နားလည်ထားလေလေ ထိုအကြောင်းကို ကြားလိုက်ရသောအခါတွင် ပို၍ အံ့ဩတုန်လှုပ်သွားရလေလေပင် ဖြစ်သည်။

ရှုကျိုးသည် လီရို့ရှီကို ကြည့်လိုက်ရာ အနည်းငယ် အံ့ဩသွားခြင်းမှအပ တုန်လှုပ်မှု အရိပ်အယောင်များကို သူမ၏ မျက်နှာထက်တွင် မမြင်လိုက်ရပေ။

ထို့အစား ဆန့်ကျင်ဘက်အနေဖြင့် လီရို့ရှီသည် တစ်ခဏခန့်သာ မူပျက်သွားပြီး၊ လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။

“ အဲ့တာက ကောင်းပါတယ် “ လီရို့ရှီသည် သူ့အား လှမ်းကြည့်၍ ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုလာခဲ့သည် “ ကြည့်ရတာတော့ နောင်အနာဂတ်မှာ တစ်ယောက်ယောက်က အနိုင်ကျင့်လာမယ်ဆိုရင်၊ မင်းက အရင်တုန်းကလိုမျိုး ငိုနေမှာ မဟုတ်တော့ဘူးပဲ “

“ ငါက ကလေး မဟုတ်တော့ဘူး “ ရှုကျိုးသည် ချောင်းဟန့်၍ ပြောလိုက်ပြီး၊ သူ၏မျက်နှာထက်၌ အနက်ရောင် မျဥ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ယခင်က ရှုကျိုးသည် ငယ်စဥ်ကတည်းက အားနည်းသည့် ကိုယ်ရည်ကိုယ်သွေး ရှိသောကြောင့် မူလတန်းကျောင်းမှစ၍ ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်း၏ ပစ်မှတ်တစ်ခု ဖြစ်ခဲ့သည်။

သို့သော် ၎င်းတို့အားလုံးသည် အတိတ်က အရာများသာ ဖြစ်ပြီး၊ ယခုတွင် ၎င်းတို့ကို ထုတ်ပြောခြင်းကား အနည်းငယ် စိတ်ရှုပ်ဖွယ်ကောင်းလှသည်။

ရှုကျိုးသည် မနေနိုင်တော့ဘဲ၊ သူ၏အစ်မဖြစ်သူက တကယ် မောက်မာသည်ဟု ထင်သွားတော့သည်။ Sအဆင့် စွမ်းရည်ရှိတဲ့ လူကတောင် သူမဆီက လေးစားမှုကို မရနိုင်ဘူးလား?

သို့သော် ရှုကျိုးသည် အဆိုပါ အတွေးကို လျင်မြန်စွာ မောင်းထုတ်လိုက်သည်။

လီရို့ရှီထံတွင် ထက်မြက်သော ပါးစပ်တစ်ခု ရှိပြီး၊ အေးစက်နေသည့်ပုံသော်လည်း၊ ကလေးဘဝတည်းက သူမသည် သူ့အား ကူညီ၍ များစွာသော ကျောင်းတွင်း အနိုင်ကျင့်မှုများကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။

တစ်ခါက သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး၊ သတိမေ့သွားခဲ့သည့် အချိန်တွင် သူမသည် သူ့ဘေးတွင် ငိုနေပုံပေါ်ခဲ့သည်ကို သူမှတ်မိနေသေးသည်။

သို့သော် အချိန် အတော်ကြာခဲ့ပြီဖြစ်ပြီး၊ မှတ်ဉာဏ်များမှာလည်း ဝေဝါးနေပြီဖြစ်သောကြောင့် အဆိုပါ ဖြစ်ရပ်က မှန်၊ မမှန်ဆိုသည်ကိုပင် သူဝေခွဲမရ ဖြစ်နေတော့သည်။

ရှုကျိုးသည် သူ၏ညစာကိုသာ ဆက်လက်၍ စားသောက်နေတော့သည်။

လီရို့ရှီသည် သူ့အား တိတ်တဆိတ် ငေးကြည့်လိုက်ပြီး၊ သူမ၏ ဇီးသီးကဲ့သို့သော မျက်လုံးလေးများထဲတွင် နူးညံ့မှု အရိပ်အယောင်တစ်ခု လင်းလက်လာခဲ့သော်လည်း၊ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

…

ညစာစားပြီးသည့်နောက်၌ ရှုကျိုးသည် ပန်းကန်လုံးအပြည့် အစားအသောက်များ ထည့်သွားပြီး၊ သူ၏အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

အခန်းထဲ၌ ကြီးမားသော ကြက်ဖကြီးတစ်ကောင်သည် ဘတ်စကတ်ဘောလုံးပေါ်တွင် ရပ်နေပြီး၊ ရွှေကြက်လှုပ်ရှားမှုကို ပြုလုပ်နေလျက်ရှိသည်။

( တရုတ် ရိုးရာ သိုင်းပညာ၊ ထိုက်ချိလှုပ်ရှားမှုပါ )

ယနေ့ ဟင်းလျာများသည် အရှေ့မြောက်ထမင်း၊ ငါးကြော်၊ ဂေါ်ဖီထုပ်နှင့် တစ်ခြားသော ကြက်သားတုံးလေးများ စသည်ဖြင့် အတော်လေး များပြားနေခဲ့သည်။

“ ဘတ်စကတ်ဘောပေါ်မှာ ဘာလုပ်နေတာလဲ? “

ရှုကျိုးသည် ကြက်ဖကို ကောက်ကိုင်၍ ပန်းကန်လုံးအရှေ့သို့ ချထားပေးလိုက်သည်။

သို့သော် ၎င်းသည် ဘတ်စကတ်ဘောကို ထိုးဆိတ်ထားသောကြောင့် ဆာလောင်နေသည့်ပုံမပေါ်ခဲ့ပေ။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏ စိတ်အာရုံကို ကြက်ဖဆီသို့ စေလွှတ်လိုက်သည်။

စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် ပြင်းထန်သော ဆာလောင်မှုကို ခံစားလိုက်ရသောကြောင့် ဇဝေဇဝါ ဖြစ်သွားတော့သည်။

ဘတ်စကတ်ဘောက အစားအသောက်တွေထပ် ပိုပြီးတော့ အရသာ ရှိနေတာများလား?

ကိစ္စက ထိုကဲ့သို့ မဟုတ်ဘူးဆိုသည်ကို သူ လျင်မြန်စွာ သဘောပေါက်သွားတော့သည်၊ သူ့ အသိစိတ်၏ လမ်းညွှန်မှုသာ မရှိဘူးဆိုပါက အဆိုပါ ဗီဇပြောင်းကြက်ဖသည် မည်သည့်အရာကိုမှ အာရုံခံစားနိုင်လိမ့်မည် မဟုတ်ပေ။

ဆာလောင်မှုကိုပင် အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။

ဘတ်စကတ်ဘောကို ထိုးဆိတ်ထားခြင်းကား မမျှော်လင့်ထားသော လှုပ်ရှားမှု တစ်ခု ဖြစ်သည်။

“ ကွတ် ကွတ် “

ရှုကျိုး၏ ထိန်းချုပ်မှုအောက်၌ ကြက်ဖကြီးသည် စတင်၍ စားသောက်နေပြီး၊ နွေးထွေးသော စွမ်းအင်စီးကြောင်းလေးများသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာခဲ့သည်။

…

စားသောက်ခြင်း ပြီးသွားသည့်နောက်၌ ဗီဇပြောင်းကြက်ဖကြီးသည် ဘတ်စကတ်‌ဘောပေါ်၌ မလှုပ်မယှက် ရပ်နေတော့သည်။

ထိုစဥ် ရှုကျိုး၏ မူလခန္ဓာကိုယ်မှာလည်း စားပွဲအောက်တွင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံရေး၏ အခြေခံ နိယာမ သဘောတရားကို စတင်၍ လေ့ကျင့်နေတော့သည်။

“ ဒီကမ္ဘာကြီးရဲ့ အဆင့်တွေအရဆိုရင် သိုင်းပညာရှင်တွေကို အဆင့်တစ်ကနေ ကိုးအထိ စီစဥ်ထားပြီးတော့ အဲ့တာတွေက သားရဲတွေရဲ့ အဆင့်ကိုးဆင့်နဲ့ တူတယ် “

“ ပထမအဆင့် သိုင်းပညာရှင်ရဲ့ ချီ-သွေး အဆင့်က ၁၅၀ကယ်လိုရီ ဝန်းကျင်လောက်ရှိတယ်၊ လက်သီးချက်တစ်ချက်ရဲ့အားက ကီလိုဂရမ် ၅၀၀ ရှိတယ် “

“ ပြီးတော့ ကျင့်ကြံရေး အခြေခံ နိယာမက အဆင့်မရှိတဲ့ အခြေအနေကနေ ပထမအဆင့်ရောက်အောင် လေ့ကျင့်တဲ့ ဖြစ်စဥ်ပဲ၊ အထက်တန်းကျောင်း သုံးနှစ်အတွင်း လေ့ကျင့်ရမဲ့ အကြောင်းအရာတွေ ပါတယ် “

ရှုကျိုးသည် သူ၏မျက်လုံးကို ပိတ်၍ တစ်ခဏခန့် လေ့ကျင့်နေတော့သည်။

နာရီအနည်းငယ် ကုန်ဆုံးသွားသည့်နောက်၌

ရှုကျိုးသည် သူ၏ကျင့်ကြံရေး အမြန်နှုန်းက ယခင်ကထပ် အမှန်တကယ် နှေးကွေးနေသည်ကို ရှာတွေ့သွားခဲ့သည်။

ယခင်က နာရီအနည်းငယ် လေ့ကျင့်ရုံဖြင့်ပင် ချီ-သွေးအဆင့်ကို သိသိသာသာ တိုးတက်လာစေခဲ့သည်။

သို့သော် ယခုတွင်ကား သူ၏ ချီ-သွေးသည် မလှုပ်မယှက်သာ ဖြစ်နေခဲ့သည်။

“ ဆရာချောင်ပြောတာ မှန်တာပဲ။ Sအဆင့် စွမ်းရည် နိုးထပြီးတဲ့နောက်မှာ ငါ့ရဲ့ချီ-သွေး အရည်အသွေးက အရင်တုန်းကထပ် ပိုပြီးတော့ အားကောင်းလာတယ် “

“ ငါ့ရဲ့ချီ-သွေးက တော်တော်ကြီးကို အားကောင်းတယ်၊ ရိုးရိုး ကျင့်ကြံရေးကပဲ ထိုးဖောက်ဖို့ ခက်နေပြီ၊ ကျင့်ကြံရေး အရင်းအမြစ်တွေ သုံးမှ တိုးတက်လာမှာ “

ရှုကျိုး၏ မျက်ခုံးများသည် အနည်းငယ် ပင့်တက်သွားခဲ့သည်။

အဲ့တာက ကောင်းတဲ့အရာလား?

တော်သေးတယ်၊ ငါ့ဆီမှာ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးနိုင်တဲ့ ဗီဇပြောင်းကြက်ဖ ရှိတယ်၊ ပြီးတော့ ငါ့ရဲ့ မူလကိုယ်ကလည်း ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်သေးတယ်။

“ ဒေါင် ဒေါင် ဒေါင် “

ထိုစဥ် ဧည့်ခန်းထဲရှိ နာရီထံမှ အသံဆယ့်နှစ်သံ ထွက်ပေါ်လာခဲ့သည်။

ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ ဆယ့်နှစ်နာရီတောင် ထိုးသွားပြီပဲ။

“ အော် အီးအီး အွတ် “

ထို့နောက်တွင် ကြက်ဖကြီးသည် ၎င်း၏ လည်တိုင်ကို ရုတ်တရက် ဆန့်ထုတ်၍ တွန်မြည်လာခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ၎င်း၏ ခန္ဓာကိုယ်သည် သိသိသာသာ ကြီးမားလာခဲ့ပြီး၊ အရပ်ပိုရှည်လာခဲ့သည်။ အလေးချိန်တက်လာခဲ့သော်လည်း ၎င်းထံတွင် အဆီများမပါဘဲ ကြံ့ခိုင်သန်စွမ်းသည့် ခန္ဓာကိုယ်သာ ရှိနေသည့်ပုံပင်။

နေ့သစ်တစ်ရက် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး၊ ကြက်ဖကြီးသည် နောက်ထပ် တစ်ကီလိုဂရမ်အား ထပ်မံ၍ ရရှိလာပြန်သည်။

ရှုကျိုး မစစ်ဆေးခင်မှာပင် စနစ်၏ မျက်နှာပြင် ရုတ်တရက် ပေါ်လာခဲ့သည်။

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၁ ကယ်လိုရီ

စိတ်ဝိညာဥ် : 1Hz

ကိုယ်ပွား : အစက်အပြောက်ပါသော ကြက်ဖ

အဆင့် : ၀

အသားတင် အလေးချိန် : ၅ကီလိုဂရမ် ( ပြောင်းလဲနိုင်သော )

စွမ်းရည် : တစ်နေ့လျှင် တစ်ကီလိုဂရမ် ရရှိခြင်း

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : မျိုးစိတ် အကန့်အသတ်ကို ရောက်ရှိ၊ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကို ရွေးချယ်နိုင်သည်

[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၁ : ကြမ်းတမ်းသော အသားစား ဗီဇပြောင်းသားရဲအဖြစ် အသွင်ပြောင်းပါ၊ တိုက်ခိုက်ရေး စွမ်းရည်များ ကြီးကြီးမားမား တိုးတက်သွားမည် ]

[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၂ : ကြီးထွားလိုစိတ် ပြင်းပြသော အစုံစားသားရဲအဖြစ် အသွင်ပြောင်းပါ၊ အရာအားလုံးကို ဝါးမြိုသွားနိုင်ပြီး၊ အမြန်ဆုံး ကြီးထွားသွားမည် ]

[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၃ : ခိုင်ခံ့သော အကာကွယ်ပါသည့် ဗီဇပြောင်းသားရဲအဖြစ် အသွင်ပြောင်းပါ၊ ခုခံကာကွယ်မှု စွမ်းရည်များ ကြီးကြီးမားမား တိုးတက်သွားမည် ]

( အကာအကွယ်ပါသည့် အကောင်လို့ပဲ သုံးထားပါတယ် တစ်ချို့အကောင်တွေရဲ့ အကာအကွယ်က အရေအပြား၊ အခွံတို့ ဖြစ်တတ်လို့ပါ၊ ပြီးတော့ ဘယ်လို အကောင်လဲဆိုတာကို သေချာ မပြောထားလို့ပါ )

…

“ နောက်ဆုံးတော့ ပြောင်းလဲနိုင်တော့မှာလား? “

ရှုကျိုးသည် ပေါ်လာသည့် စနစ်၏ မျက်နှာပြင်ကို ကြည့်ရင်းဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သို့သော် ချက်ချင်းဆိုသလိုပင် ရွေးချယ်စရာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်သုံးခုသည် သူ၏အာရုံကို ဖမ်းစားသွားခဲ့သည်။

အဆိုပါ ဖြစ်စဥ်များ၏ ရည်ရွယ်ချက်များမှာ ရှင်းလင်းလွန်းလှသည်၊ ပထမတစ်ခုသည် တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန် အဓိကထား၏၊ ဒုတိယတစ်ခုကား ကြီးထွားမှုအမြန်နှုန်းကို အဓိကထားပြီး၊ တတိယတစ်ခုကမူ ခုခံကာကွယ်ရေး စွမ်းရည်များကို အဓိကထားလေသည်။

ငါက ဘယ်ဟာကို ရွေးလိုက်သင့်လဲ?

ရှုကျိုးသည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားတော့သည်။

မကြာခင်မှာပင် သူသည် ဆုံးဖြတ်ချက်ချလိုက်သည် “ ဒုတိယတစ်ခုကို ရွေးမယ် “

တိုက်ခိုက်ရေးနှင့် ခုခံရေး စွမ်းရည်တွေ တိုးမြှင့်တာက ယာယီပါပဲ၊ ကြီးထွားမှုကပဲ ရေရှည် ဖြေရှင်းချက်ဖြစ်လိမ့်မယ်။

ရှုကျိုး၏ ရွေးချယ်မှုနှင့်အတူ မြေပြင်ပေါ်ရှိ ကြက်ဖကြီးသည် စတင်၍ ပြောင်းလဲလာခဲ့သည်။

၎င်း၏ မျက်လုံးများ ပြူးကျယ်လာပြီး၊ နှုတ်သီးသည်လည်း ကျယ်ဝန်းလာခဲ့ကာ ချွန်ထက်သော သွားနှစ်ချောင်းသည် အထဲတွင် ကြီးထွားလာခဲ့သည်။

ထိုစဥ် ဗီဇပြောင်းကြက်၏ အမွှေးများသည် ပို၍တောက်ပလာခဲ့ပြီး၊ ကြက်ဖကြီးသည် ၎င်း၏အတောင်ပံများကို ဖြန့်လာခဲ့သောကြောင့် အမွှေးများသည် အတောင်ပံများတွင် တွယ်ညိနေသည့် ဓားသွားများကဲ့သို့ ပို၍ ထက်မြိလာခဲ့သည်။

ပြောင်းလဲမှု ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခမ်းနားသော ကြက်ဖကြီးသည် ရှုကျိုး၏ အရှေ့တွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေခဲ့သည်။

“ ဒီလောက်တောင် ကြီးကြီးမားမား ပြောင်းလဲသွားတာလား? “ ရှုကျိုးသည် သူမြင်တွေ့နေရသော အရာကြောင့် အံ့အားသင့်သွားခဲ့သည်။

အစုံစား ဗီဇပြောင်း သားရဲကား တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုစဥ် စနစ်၏ မျက်နှာပြင်မှာလည်း ပြောင်းလဲမှုများကို ပြသလာခဲ့သည်။

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၁ကယ်လိုရီ

စိတ်ဝိညာဥ် : 1Hz

ကိုယ်ပွား : ငါးမန်းသွား ဗီဇပြောင်းကြက်ဖ

အဆင့် : ၀

အသားတင် အလေးချိန် : ၅ကီလိုဂရမ်

စွမ်းရည် : တစ်နေ့လျှင် ၁၀ ကီလိုဂရမ် ရရှိမည် ( အမြင့်ဆုံး )၊ အရာအားလုံး ဝါးမြိုခြင်း ( အစားအသောက်မှန်သမျှ ချေဖျက်နိုင်သည် )

ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသည့်အချိန်တွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် စတင်မည် ဖြစ်သည်

[ မှတ်ချက် - ငါးမန်းသွား ဗီဇပြောင်းကြက်ဖသည် နေ့စဥ် အစာပမာဏ အမြောက်အများ လိုအပ်သည်၊ အစားအသောက် မလုံလောက်ပါက ငတ်မွတ်ခြင်း ဖြစ်သွားနိုင်သည် ]

…

“ ငါးမန်းသွား ဗီဇပြောင်းကြက်ဖလား? “ ရှုကျိုးကား အံ့အားသင့်သွားတော့သည်။

ဗီဇပြောင်း ကြက်ဖ၏ ပါးစပ်ထဲရှိ သွားများသည် ငါးမန်းသွားများကဲ့သို့ ချွန်ထက်နေသောကြောင့် အဆိုပါ အမည်နှင့် ကောင်းစွာ လိုက်ဖက်ညီနေခဲ့သည်။

သို့သော် ….

အစုံစား ဗီဇပြောင်းကြက်ဖဆီမှာ အဲ့ဒီငါးမန်းသွားတွေ ရှိနေဖို့ လိုအပ်လို့လားဟ?

ရှုကျိုး၏ အကြည့်သည် ၎င်း၏ စွမ်းရည်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

“ တစ်ရက်ကို ၁၀ကီလိုဂရမ် ရမှာလား? “ ရှုကျိုးကား အံ့ဩတုန်လှုပ်သွားခဲ့သည် “ ချဲ့ကားလွန်းလှချည်လား၊ အရင်တုန်းကထပ် ၁၀ဆတောင် ပိုများသွားတယ်လား? “

သူသည် ဤပြောင်းလဲမှုက အရာအားလုံး ဝါးမြိုနိုင်သည့် စွမ်းရည်သာ ရရှိလာမည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။

မူလစွမ်းရည်ကပင် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

တစ်ရက်ကို ၁၀ကီလိုဂရမ်ဆိုရင်၊ မကြာခင်မှာပဲ စစ်မှန်တဲ့ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းသွားမှာ မဟုတ်ဘူးလား?

ရှုကျိုးသည် ရင်ခုန်စိတ်လှုပ်ရှားကာ မျှော်လင့်နေတော့သည်။

သို့သော် ငါးမန်းသွား ဗီဇပြောင်းကြက်ဖက များပြားသော အစားအသောက် ပမာဏကို လိုအပ်ခြင်း၊ (သို့မဟုတ်) ၎င်းက အစာပြတ်လပ်၍ သေဆုံးသွားနိုင်သည်ဆိုသည်ကို သူ လျင်မြန်စွာ သတိထားမိသွားသည်။

ဖြစ်နိုင်ပါ့မလားဟ?

အစာငတ်ပြီး သေသွားမှာလား?

ရှုကျိုးသည် မြေပြင်ပေါ်ရှိ ဗီဇပြောင်းကြက်ဖကို လှည့်ကြည့်လိုက်ရာ ၎င်းသည် မျက်လုံးများ မှိတ်တုပ်မှိတ်တုပ် ဖြစ်နေပြီး၊ သတိမေ့မျောသွားသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ မဖြစ်နိုင်ဘူး၊ အခုလေးတင်ပဲ အစာတစ်ပန်းကန် ကျွေးပြီးသွားပြီလေ၊ ဗိုက်ဆာနေပြန်ပြီလား? “

ရှုကျိုးသည် နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး၊ သူ၏ စိတ်အာရုံအား ကြက်ဖဆီသို့ စေလွှတ်လိုက်သည်။

“ ဝုန်းးးးးး “

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဆာလောင်မှုတစ်ခုသည် သူ၏စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။

“ သေစမ်း၊ ဗိုက်ဆာနေပြီ၊ ငါမေ့သွားတော့မယ် “

ရှုကျိုးသည် သူ၏ စိတ်အာရုံကို လျင်မြန်စွာ ပြန်ထုတ်ယူလိုက်ရာ၊ သူ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားပြီး၊ ထို့နောက်တွင် ဗီဇပြောင်းကြက်ဖအား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။

သူ၏ ယူဆချက်မှာ မှန်ကန်နေခဲ့သည်၊ အဆိုပါ ကြက်ဖသည် အချိန်တိုအတွင်းမှာပင် ဆာလောင်မှုကြောင့် မေ့မျောသွားတော့မည် ဖြစ်သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် လေးဖင့်မနေရဲတော့ဘဲ၊ မီးဖိုချောင်ထဲသို့ လျင်မြန်စွာ ပြေးသွားတော့သည်။ သူသည် လုံလောက်သော အစားအသောက်များကို ရှာဖွေရမည်ဖြစ်ပြီး၊ ထိုကဲ့သို့သာ မဟုတ်ပါက ကိုယ်ပွားသည် အစာရေစာ ပြတ်လပ်ခြင်းကြောင့် သေဆုံးသွားနိုင်လေသည်။

All Chapters