← Chapters

တိုက်ခိုက်ရေး နည်းစနစ်များ လေ့ကျင့်ခြင်း

Vol. 1 Ch. 12

တိုက်ခိုက်ရေး နည်းစနစ်များ လေ့ကျင့်ခြင်း

Vol. 1 Ch. 12

၁၀တန်း အတန်း ၈၌

စာသင်ခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်၌ ကျောင်းသားများသည် ရှုကျိုးကို စိတ်အားထက်သန်စွာဖြင့် ဝိုင်းရံလာကြပြီး၊ သူ၏စွမ်းရည်အကြောင်းကို မေးမြန်းလာကြသည်။

အတန်းဖော်များနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ရှုကျိုးသည် တစ်ဦးပြီးတစ်ဦး ကိုင်တွယ်ရန်အတွက် အတော်လေး အားစိုက်ထုတ်ခဲ့ရသည်။

သူ၏ထိုင်ခုံဆီသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်၌ ရှုကျိုးကား သက်ပြင်းတချချ ဖြစ်နေတော့သည်၊ နာမည်ကြီးတာက ကောင်းတဲ့အရာ မဟုတ်ဘူးပဲ။

ဆရာ၏ လူသိရှင်ကြား ချီးကျူးမှု၊ အတန်းဖော်များ၏ ကြည်ညိုလေးစားမှုနှင့် ကောင်မလေးများ၏ တိတ်တခိုး အကြည့်များ ……..

၎င်းတို့အားလုံးသည် ရှုကျိုးအား အနည်းငယ် မူးနောက်သွားစေခဲ့သည်။

အကယ်၍ သာမန်လူတစ်ဦးကသာ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့လိုက်ရမည်ဆိုပါက သူသည် ရည်မှန်းချက်ကို မေ့လျော့သွားပြီး၊ အနာဂတ်ပင် ပျောက်ဆုံးသွားမည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ မိမိကိုယ်မိမိ စိတ်တည်ငြိမ်သွားစေရန် ကြိုးပမ်းနေခဲ့သည်။

“ ငါ့ရဲ့ စွမ်းရည်က အထင်ကြီးဖို့ ကောင်းပင်မဲ့ “ ရှုကျိုးကား တစ်ကိုယ်တည်း တီးတိုးပြောဆိုနေလျက်ရှိ၏ “ ကျင့်ကြံရေး အရင်းအမြစ်တွေ အများကြီး လိုအပ်တယ် “

ငါ့အတွက်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကြက်ဖကြီးအတွက်ပဲ ဖြစ်ဖြစ် အရင်းအမြစ် အများကြီး သုံးရမယ်။

ငွေနဲ့ အရင်းအမြစ်တွေ မရှိဘူးဆိုရင် ငါ့ရဲ့ ကျင့်ကြံရေး အရှိန်က သာမန်လူတွေထပ်တောင် နှေးသွားနိုင်တယ်။

ပြီးတော့ ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲကို ဝင်‌အောင်လုပ်ပြီး ငွေရှာရဦးမယ်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် သူ့ဘေးနားရှိ ဝမ်ယွဲ့ဟွေကို လှည့်ကြည့်လိုက်သည် “ အားဟွေ၊ ထိပ်ဆုံး အယောက် ၁၀၀အတွက် ဆုလဒ်တွေကို မင်းသိလား? “

“ ထိပ်ဆုံး အယောက် ၁၀၀လား? “

ဝမ်ယွဲ့ဟွေသည် သူ့ကို ကြည့်၍ ရှင်းပြလာခဲ့သည် “ မင်းပြောနေတာက ၁၀တန်းက ထိပ်ဆုံး အယောက် ၁၀၀စာရင်းလေ၊ ဟုတ်တယ်မလား? “

“ စာရင်းဝင်သွားရင်တော့ တစ်လကို ဆုငွေ သုံးထောင် ရလိမ့်မယ် “

“ တစ်လကို သုံးထောင်လား? “ ရှုကျိုး၏ ရင်ခုန်နှုန်းများပင် နှေးသွားခဲ့သည်။

၎င်းသည် သူ့မိထွေး၏ တစ်လစာနှင့်ပင် ညီမျှနေခဲ့သည်။

ဝမ်ယွဲ့ဟွေသည် အကုန်သိနေသည့်ပုံပေါ်ပြီး၊ ဆက်၍ ပြောပြလာခဲ့သည် “ ငါကြားတာတော့ ထိပ်ဆုံး အယောက် ၁၀၀စာရင်းရဲ့ ထိပ်ဆုံး ၁၀နေရာကို ရောက်သွားတဲ့ ကျောင်းသားတွေကတော့ အဖွဲ့ချုပ်ရဲ့ ဒဂ်ါး တစ်သောင်းနဲ့ တော်တော် တန်ဖိုးရှိတဲ့ ကျင့်ကြံရေး အရင်းအမြစ်တစ်ချို့ပါ ရလိမ့်မယ်တဲ့ “

အဖွဲ့ချုပ် ဒဂ်ါးတစ်သောင်း !!

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် လုံးဝ အံ့အားသင့်သွားခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။

အဖွဲ့ချုပ် ဒဂ်ါး တစ်သောင်းနဲ့ဆိုရင် အစားအသောက်တွေ ဘယ်လောက်တောင် ဝယ်နိုင်မှာလဲကွာ !!!

အဲ့ဆိုရင် ကြက်ဖကြီးက အဆင့် တစ်ကိုတောင် ရောက်သွားနိုင်တာပေါ့?

ဘေးနားရှိ ဝမ်ယွဲ့ဟွေသည် ရှုကျိုး၏ မျက်နှာပေါ်ရှိ တပ်မက်နေသော အမူအရာကြောင့် အံ့အားသင့်သွားခဲ့သည်။

“ ရှုကျိုး‌ရေ၊ မင်းက ထိပ်ဆုံး အယောက် ၁၀၀စာရင်းအကြောင်းကို တွေးနေတာတော့ မဟုတ်ဘူးမလား? “

ဝမ်ယွဲ့ဟွေသည် အလေးအနက်ထား၍ ပြောပြလာခဲ့သည် “ ၁၀တန်းရဲ့ ထိပ်ဆုံး အယောက် ၁၀၀စာရင်းဆိုရင်တောင်မှ အထင်သေးလို့ မရဘူး။ သူတို့တွေထဲက အများစုက ၉တန်းတည်းက ကျင့်ကြံရေး စလုပ်နေကြပြီ “

“ ပြီးတော့ အဲ့လူတွေက အနည်းဆုံး သိုင်းပညာ နည်းစနစ်တစ်ခုတော့ တတ်ကြပြီး တော်တော်လေး စွမ်းကြတယ်၊ ၁၁တန်းက သာမန်ကျောင်းသားတွေကတောင်မှ သူတို့ကို မနိုင်ဘူး “

“ ငါတို့လို သိုင်းပညာကို မထိတွေ့ရသေးတဲ့ အသစ်လေးတွေကတော့ ထိပ်တန်း အယောက် ၁၀၀စာရင်းကို စဥ်းစားလို့ မရသေးဘူး “

ဝမ်ယွဲ့ဟွေသည် ကူရာကယ်ရာမဲ့စွာ ခေါင်းခါပြလာခဲ့သည်။

ရှုကျိုးကမူ အနည်းငယ် အံ့ဩသွားခဲ့သည်၊ သိုင်းပညာ နည်းစနစ်များဟု ခေါ်ဆိုကြသော အရာသည် တိုက်ခိုက်ရေးအတွက် ရည်ညွှန်းထားခြင်း ဖြစ်ပြီး၊ ၎င်းတို့သည် ဆေဘာနည်းစနစ်များ၊ ဓားနည်းစနစ်များနှင့် လှံနည်းစနစ်များပင် ဖြစ်သည်။

သိုင်းပညာ နည်းစနစ်များကို လေ့ကျင့်ပြီးသည့်နောက်၌ တိုက်ခိုက်ရေး စွမ်းအား သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

သို့သော် ကျောင်းသားအများစုအတွက် အခြေခံ ကျင့်ကြံရေး နည်းစနစ်တစ်ခုတည်းကိုသာ လေ့ကျင့်ခြင်းက လုံလောက်မည် မဟုတ်ပေ၊ ပို၍ စိန်ခေါ်မှု များပြားသော သိုင်းပညာ နည်းစနစ်များကို လေ့ကျင့်ခြင်းမှာလည်း ဖြစ်နိုင်မည် မဟုတ်ပေ။

ရှုကျိုးကား မည်သည့်အရာကိုမှ မလေ့ကျင့်ရသေးပေ။

“ သိုင်းပညာ နည်းစနစ်တွေ …….. “ ရှုကျိုးကား တစ်ကိုယ်တည်း ရေရွက်ပြောဆိုနေလျက်ရှိ၏ “ ငါက သိုင်းပညာ နည်းစနစ်တစ်ခုကို လေ့ကျင့်ထားရမယ် “

ယခုလက်အချိန်တွင် သူ့ထံ၌ ချီ-သွေးကို မြှင့်တင်ပေးရန်အတွက် ကိုယ်ပွားကြက်ဖကြီး ရှိနေပြီဖြစ်သောကြောင့် သူ၏ နေ့စဥ်ဘဝတွင် အခြေခံ နည်းစနစ်ကို လေ့ကျင့်ရန် လိုအပ်မည် မဟုတ်ပေ။

အချိန်ပိုတွေက သိုင်းပညာ နည်းစနစ်တစ်ခုကို လေ့ကျင့်ဖို့ အသင့်တော်ဆုံးပဲ မဟုတ်ဘူးလား?

ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် သူ၏အနာဂတ်အတွက် ရှင်းလင်းသော အစီအစဥ်တစ်ခု ရသွားခဲ့သည်။

“ သိုင်းပညာ နည်းစနစ်တစ်ခု လေ့ကျင့်ပြီးတော့ ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲ ဝင်အောင်လုပ်မယ် “ ရှုကျိုးကား တွေးတောစဥ်းစားနေခဲ့သည်။

ထိုအချိန်၌ အခန်းတံခါးဝဆီမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည် “ ရှုကျိုး၊ ငါ့ရုံးခန်းထဲကို လာခဲ့ “

ရှုကျိုး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး၊ သူသည် ချက်ချင်း ထရပ်ကာ ပြေးထွက်သွားတော့သည်။

…

ချောင်ရုံ၏ ရုံးခန်းထဲ၌

“ ရှုကျိုး “ ချောင်ရုံသည် သူ့ကို ကြည့်၍ ဖြည်းညှင်းစွာ စကားပြောလာခဲ့သည် “ ဒီနေ့ ငါက စင်ပေါ်မှာ မင်းရဲ့ စွမ်းရည်အကြောင်းကို တော်တော်ကြီး ရှင်းရှင်းလင်းလင်း ပြောခဲ့တယ် “

“ မင်းရဲ့ စွမ်းရည်ကြောင့် မင်းက ကိုယ့်ကိုကိုယ် ကျေနပ်နေပြီး၊ ကျင့်ကြံရေးမှာ ပျင်းရိ မနေဘူးလို့ ငါမျှော်လင့်ပါတယ် “

“ ဒီကမ္ဘာပေါ်မှာ လုံးဝတိုးတက်မလာတဲ့ စွမ်းရည်တွေ အများကြီးပဲ “

ရှုကျိုး၏ နှလုံးသား တင်းကြပ်သွားပြီး၊ သူသည် အခိုင်အမာ ပြောဆိုလာခဲ့သည် “ နားလည်ပါပြီ၊ ဆရာ “

ချောင်ရုံသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ့နောက်ရှိ ဗီရိုထဲမှ သတ္တု ပုလင်း သုံးလုံး ထုတ်ယူလိုက်သည်။

“ ဒါက မင်းကို ငါကတိပေးထားခဲ့တဲ့ ဒီတစ်လအတွက် ကျင့်ကြံရေး အရင်းအမြစ်နှစ်ဆပဲ “

ရှုကျိုးသည် ၎င်းတို့အား ပျော်ရွှင်စွာ လက်ခံလိုက်သည်။

“ မူလကျင့်ကြံရေး အရည် “ ရှုကျိုးသည် သတ္တုပုလင်းများကို ကြည့်ကာ၊ တွေးတောနေတော့သည် “ တစ်ပုလင်းစီတိုင်းက ဒေါ်လာ တစ်ထောင်ကျော် တန်ကြေးရှိတယ်၊ ဒါပင်မဲ့ ဈေးနှုန်းက အရေးမကြီးဘူး “

“ အဓိကက အဲ့ပစ္စည်းတွေက ဈေးကွက်ထဲမှာ မရနိုင်ဘူး “

အဆိုပါ ဆေးရည်သည် ပြည်နယ်မှ ထိန်းချုပ်ထားသော ပစ္စည်းများဖြစ်ပြီး၊ ကျောင်းသားများကိုသာလျှင် အမြဲလိုလို ထောက်ပံ့ပေးလေ့ရှိသည်။

ဈေးနှုန်းသည် ဒေါ်လာ တစ်ထောင်ကျော်မျှသာ ဖြစ်ပြီး၊ ဈေးပေါနေသည့် ပုံပေါ်သော်လည်း၊ ၎င်း၏ တကယ့် တန်ဖိုးအမှန်သည် မြင့်မားလွန်းလှပြီး အဆက်အသွယ် မရှိသည့် သာမန်လူများသည် ၎င်းအား ငွေပုံပေး၍ပင် ဝယ်နိုင်မည် မဟုတ်ပေ။

ချောင်ရုံကမူ သုံးခုကို တစ်ခါတည်း ထုတ်ပေးလာခဲ့သည်။

အကယ်၍ အတွင်းပိုင်း အဆက်အသွယ်များသာ မရှိပါက အတော်လေး ငွေကုန်ကြေးကျ များခဲ့မည် ဖြစ်သည်။

ချောင်ရုံသည် အဆိုပါ ပုလင်းသုံးပုလင်းအား နာကျင်နေသော အမူအရာဖြင့် ကြည့်နေခဲ့သော်လည်း၊ ၎င်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သူသည် ရှုကျိုးကို ကြည့်ကာ တလေးတနက်ထား၍ ပြောလာခဲ့သည် “ ပြန်သွား ပြီးတော့ ကောင်းကောင်း ကျင့်ကြံနေ “

“ နောက်တစ်ခါ ငါမင်းကို တွေ့တဲ့အချိန်ကျရင်၊ မင်းရဲ့ စွမ်းဆောင်ရည်က ငါ့ကို အထင်ကြီးသွားစေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် “

ရှုကျိုးကမူ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူသည် ချက်ချင်း မထွက်သွားခဲ့ဘဲ၊ တောင်းဆိုချက်တစ်ခု ပြုလုပ်လိုက်သည် “ ဆရာ၊ ကျွန်တော် သိုင်းပညာ နည်းစနစ်တစ်ခုကို လေ့ကျင့်ချင်တယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ချောင်ရုံသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထို့နောက်တွင် သူမျက်မှောင် ကြုတ်သွားခဲ့သည် “ အမြင့်ကြီးကို မှန်းမနေနဲ့ဦး၊ မင်းရဲ့ အခုလက်ရှိ ပန်းတိုင်က မင်းရဲ့ ချီ-သွေးကို ပိုပြီးတော့ တိုးတက်လာအောင် လုပ်ဖို့ပဲ “

“ သိုင်းပညာ နည်းစနစ်တွေဆိုတာက တိုက်ခိုက်ရေးအတွက်ပဲ၊ မင်းက အဲ့ဒီအဆင့်ကို မရောက်သေးဘူး “

ရှုကျိုးသည် အလေးအနက်ထား၍ ပြောလာတော့သည် “ ဆရာ၊ ဒီရက်ပိုင်းတွေ အတွင်းမှာ ချီ-သွေး တိုးတက်အောင် ကျင့်ကြံနေတာက နှစ်နာရီပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်နေ့လုံးပဲဖြစ်ဖြစ် ရလဒ်က အတူတူပဲဆိုတာကို ကျွန်‌တော်ရှာတွေ့ခဲ့တယ် “

“ အဲ့တာကြောင့် ပိုနေတဲ့ အချိန်တွေမှာ သိုင်းပညာ နည်းစနစ်တစ်ခုကို လေ့ကျင့်လိုက်မယ်ဆိုရင် အကျိုးရှိသွားမှာလေ ဟုတ်တယ်မလား? “

“ … “

ချောင်ရုံကား အနည်းငယ် အံ့ဩသွားခဲ့သည်။

ရှုကျိုးရဲ့ နှစ်နာရီကြာ လေ့ကျင့်မှု ရလဒ်က တစ်နေ့လုံး လေ့ကျင့်မှု ရလဒ်နဲ့ တူနေတာလား?

နဂါး အသွင်ပြောင်းခြင်း စွမ်းရည်နှင့် ပတ်သက်၍ သူသည် ၎င်း၏ ကျင့်ကြံရေး အရှိန်က အလွန်နှေးကွေးသည် ဆိုသောအချက်မှအပ မည်သည့် အရာကိုမှ မသိပေ။

ဒါပင်မဲ့ တကယ်လို့ ရှုကျိုးရဲ့ စကားကသာ မှန်နေမယ်ဆိုရင်၊ ကျန်နေတဲ့ အချိန်တွေမှာ နည်းစနစ်တစ်ခုကို လေ့ကျင့်နေတာက တကယ်ကို ပိုအကျိုးရှိတယ်။

ချောင်ရုံသည် တစ်ခဏခန့် တွေးတော စဥ်းစားနေခဲ့ပြီး၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကိစ္စက အဲ့လိုဆိုတော့ ငါမင်းကို ကြိုးစားခွင့်ပြုလိုက်မယ် “

သူသည် နောက်လှည့်၍ စာအုပ်စင်ပေါ်မှ စာအုပ်ပါးလေးတစ်ခုကို ယူကာ ဆက်ပြောလာခဲ့သည် “ သိုင်းပညာ နည်းစနစ်တွေကို လေ့ကျင့်တာက စွမ်းရည်ပေါ်မှာ မူတည်မနေဘူး၊ အဲ့တာက သဘောပေါက် နားလည်နိုင်စွမ်းကို စစ်ဆေးတာပဲ “

“ တကယ်လို့ မင်းက ဒီဆေဘာနည်းစနစ်ကို တစ်နာရီအတွင်း နားလည်နိုင်မယ်ဆိုရင်၊ ငါက မင်းကို သိုင်းပညာ နည်းစနစ်တစ်ခု လေ့ကျင့်ခွင့်ပြုမယ် “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ အဖုံးတွင် လက်ရေးဖြင့် ရေးထားသော ကြီးမားသော စကားလုံး လေးလုံး ပါရှိသည့် စာအုပ်ကို လက်ခံလိုက်သည်။

“ တောင်ဖြိုခွဲ ဆေဘာနည်းစနစ်လား? “

တကယ့် သိုင်းပညာ နည်းစနစ်တစ်ခုပဲဟ !!

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ သူ၏ ရည်ရွယ်ချက်သည် သိုင်းပညာ နည်းစနစ်တစ်ခု ရရှိရန်သာဖြစ်ပြီး၊ ထိုမျှလောက် လွယ်ကူနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ ခုံပေါ်တွင် ထိုင်၍ ၎င်းကို လေ့လာ ဖတ်ရှုနေတော့သည်။

ရှုကျိုးမှ အာရုံစိုက်၍ လေ့လာစူးစမ်းနေသည့် အချိန်၌ ချောင်ရုံသည် တိတ်တဆိတ် စောင့်ကြည့်မနေခဲ့ပေ။

ထို့အစား သူသည် ဆန့်ကျင်ဘက်အနေဖြင့် ဆူညံသံများ ထွက်ပေါ်လာစေရန် ဟိုလုပ်ဒီလုပ် ပြုလုပ်နေခဲ့ပြီး၊ ရံဖန်ရံခါတွင် လက်ဖက်ရည် ပန်းကန်များကိုပင် ကြမ်းပြင်ပေါ်သို့ ပစ်ချကာ မတော်တဆ ပြုတ်ကျသွားသည့်ဟန်ဆောင်၍ ဆူညံသံထွက်အောင် ပြုလုပ်နေခဲ့သည်။

သို့သော် မည်သည့်အရာကမှ ရှုကျိုးကို အနှောင့်အယှက် မပေးနိုင်ခဲ့ပေ၊ သူသည် အလေးအနက် အာရုံစိုက်၍ အဆိုပါ ဆေဘာနည်းစနစ်ကို လေ့လာခြင်းထံတွင်သာ နစ်မြုပ်နေခဲ့သည်။

ရှုကျိုးသည် ငယ်စဥ်ကတည်းက စာပေနယ်ပယ်တွင် အမြဲလိုလို ထူးချွန်ထက်မြက်လေ့ရှိသောကြောင့်၊ စာဖတ်ရာ၌ မည်သည့်အခက်အခဲမှ မတွေ့ခဲ့ပေ။

“ မဆိုးပါဘူး၊ ပြင်ပနှောင့်ယှက်မှုတွေကြောင့် အာရုံမပျက်သွားဘူး “ ချောင်ရုံသည် အသာ ခေါင်းငြိမ့်နေတော့သည်။

သိုင်းပညာ နည်းစနစ်များကို လေ့ကျင့်ခြင်းရာတွင် အာရုံထွေပြားခြင်းမှ ကင်းဝေးရန် လိုအပ်ပေသည်။

အကယ်၍ လူတစ်ဦးသည် ထိုကဲ့သို့သာ အာရုံမစိုက်နိုင်ဘူးဆိုပါက ကျင့်ကြံရေး မလုပ်သင့်ပေ။

အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။

ရှုကျိုးသည် မတ်တပ်ထရပ်ပြီး၊ စာအုပ်အား ချောင်ရုံ့ထံသို့ ပြန်ပေးလိုက်သည်။

“ မင်းအဲ့တာကို နားလည်လား? “ ချောင်ရုံမှ သူ့အား မေးမြန်းလာခဲ့သည်။

“ ဟုတ်၊ ဆရာ “

ချောင်ရုံသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ နံရံပေါ်တွင် ချိတ်ထားသည့် ထန်ဒေါင်(သို့) ဆေဘာကို ယူကာ ရှုကျိုးထံသို့ ပစ်ပေးလိုက်သည်။

( ထန်ဒေါင်က တရုတ်ရိုးရာဆေဘာတစ်လက်ပါ )

“ အဲ့မှာ ရပ်နေပြီး၊ တစ်ကြိမ် ကစားပြ၊ မင်းရဲ့ နားလည်မှုကို ငါကြည့်ပေးမယ် “

“ ဟုတ်ကဲ့ “

ရှုကျိုးသည် ဆေဘာကို ယူ၍၊ အသက်အား ပြင်းပြင်းရှရှ ရှူရှိုက်လိုက်ပြီး၊ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

စက္ကန့်ပိုင်းမျှအကြာတွင် သူ၏မျက်လုံးများသည် ဆတ်ခနဲ ပွင့်ဟလာပြီး၊ မမြင်ရသော ရောင်ဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။

“ ဟမ်? “ ချောင်ရုံ၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်၊ ပုံသဏ္ဍာန်တစ်ခု တကယ်ကြီး ရှိနေတာလား၊ သူက ဘာကို နားလည်သွားတာလဲ?

ထို့နောက်တွင် ရှုကျိုးသည် ရုံးခန်းထဲတွင် ဆေဘာနည်းစနစ်အား စတင်၍ ကစားပြလာခဲ့သည်၊ ထိုးသတ်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ပွတ်ဆွဲခြင်း၊ လှီးဖြတ်ခြင်း၊ ထိုးခြင်း၊ ကာခြင်း၊ ထောက်ခြင်း၊ ထိုးသွင်းခြင်း …….

လှုပ်ရှားမှု(သို့) အကွက်အားလုံးသည် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် သူ၏ဆေဘာကို ရှေ့သို့ မြှောက်လိုက်ရာ၊ ချီ-သွေးဆူပွက်လာပြီး၊ ထို့နောက်တွင် သူသည် ၎င်းအား ဒေါင်လိုက်အနေအထားအတိုင်း အားဖြင့် လွှဲယမ်းလိုက်သည်။

“ ကျားး !! “

ဆေဘာလေသည် ပြင်းထန် မြန်ဆန်လွန်းလှသည်။

( ဆေဘာလွှဲလိုက်လို့ ဖြစ်ပေါ်လာတဲ့ လေပေါ့ )

ဘေးနားရှိ ချောင်ရုံ၏ မျက်လုံးများသည် ချက်ချင်း တောက်ပသွားပြီး၊ သူသည် ထိုင်မနေနိုင်တော့ဘဲ ရုတ်တရက် မတ်တပ်ထရပ်မိသွားခဲ့သည်။

“ ချီ-သွေးပဲ့တင်ထပ်မှု(သို့) တုန်ခါမှု၊ ဆေဘာပညာရပ် ကနဦးအဆင့်လား? “

( နည်းစနစ်၊ပညာရပ်နဲ့ သိုင်းဆိုတာတွေကို တစ်လှည့်စီ သင့်လျော်သလို အသုံးပြုသွားပါမယ် )

“ ဆေဘာပညာရပ်အတွက် ဒီကလေးရဲ့ စွမ်းရည်က အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား? “

ချောင်ရုံ အံ့ဩတုန်လှုပ်သွားရသည်မှာ အံ့ဩဖွယ်ရာမရှိပေ။

အဘယ့်ကြောင့်ဆိုသော် ယခုလေးတင် ရှုကျိုး သရုပ်ဖော် ပြသခဲ့သည့် အကွက်သည် တောင်ဖြိုခွဲ ဆေဘာနည်းစနစ်နှင့် အခြေခံ ဆေဘာနည်းစနစ်အားလုံး၏ အစကနဦး လှုပ်ရှားမှု ဖြစ်သောကြောင့် ဖြစ်သည်။

ချီ-သွေး ပဲ့တင်ထပ်မှု !!

ဆေဘာကိုင်ထားသော သာမန်လူတစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ အပြင်အားကိုသာ အသုံးပြုနိုင်သည်၊ အကယ်၍ လူတစ်ဦးကသာ ဆေဘာနည်းစနစ်ကို ကျွမ်းကျင်သွားမည်ဆိုပါက ၎င်းသည် အားသက်သက်သာလျှင် မဟုတ်တော့ဘဲ၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီ-သွေးကိုပင် အသုံးပြုနိုင်မည် ဖြစ်သည်။

ချီ-သွေးနှင့် ဆေဘာဓားသွားတို့ ပဲ့တင်ထပ်သွားခြင်းသည် သိုင်းပညာရှင်တစ်ဦး၏ အစွမ်းကို အပြည့််အဝ ထုတ်လွှတ်ပေးနိုင်မည် ဖြစ်သည်။

၎င်းသည် လူအများစုအတွက် အောင်မြင်ရန် မလွယ်ကူသော အရာတစ်ခုဖြစ်သည်။

အနိမ့်ဆုံးအနေဖြင့် အဆိုပါ လှုပ်ရှားမှုကို ဆုပ်ကိုင်(သို့) ဖမ်းဆုပ်မိရန်အတွက် ရက်အနည်းငယ်မှစ၍ လနှင့်ချီသည်အထိ ချီ-သွေးကို အသုံးပြု၍ ကာလရှည်ကြာ လေ့ကျင့်ထားရန် လိုအပ်မည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ …..

တစ်နာရီခန့်သာ အချိန်ယူခဲ့ရသည်။

ဆေဘာဖြင့် ဆော့ကစားနေသည့် ရှုကျိုးကို ကြည့်နေရင်းဖြင့် ချောင်ရုံ၏မျက်လုံးများသည် ပို၍ပင် တောက်ပလာခဲ့သည်။

ထိုအခိုက်အတန့်၌ သူ၏ အတွေးထဲတွင် စကားလုံး လေးလုံးသာလျှင် လွင့်မျောကြီးစိုးနေခဲ့သည်။

ဆေဘာ ပညာရပ် ပါရမီရှင် !!

All Chapters