← Chapters

ကိုယ်ပွား၏ ထိုးဖောက်မှု၊ ကသောင်းကနင်း ဖြစ်ခြင်း

Vol. 1 Ch. 15

ကိုယ်ပွား၏ ထိုးဖောက်မှု၊ ကသောင်းကနင်း ဖြစ်ခြင်း

Vol. 1 Ch. 15

ညစာစားခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် အနည်းငယ် ထူးခြားနေသော အမူအရာဖြင့် အိပ်ခန်းဆီသို့ ပြန်သွားတော့သည်။

သူသည် ယနေ့တွင် လီရို့ရှီက အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုမိနေခဲ့ပြီး၊ သူမသည် ရံဖန်ရံခါတွင် သူ့အား အမူအရာတစ်မျိုးဖြင့် ကြည့်လာခဲ့ ……

သနားတာလား?

ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ အဲ့လိုအမျိုးအရာမျိုးကြီး ပြလာရတာလဲဟ?

၎င်းသည် ရှုကျိုးအား အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

သူသည် ထိုအကြောင်းကို ထပ်တွေးမတော့ဘဲ၊ သူယူလာခဲ့သည့် အစားအစာများကို ငါးမန်းသွား ဗီဇပြောင်းကြက်ဖ၏ အရှေ့တွင် ချထားလိုက်သည်။

အပြည့်အလျှံ ဖြစ်နေသော ပန်းကန်လုံး သုံးလုံးရှိနေခဲ့ပြီး၊ တစ်လုံးတွင် အဆီပါဝင်မှု နည်းပါးသော အသားများဖြင့် ပြည့်နှက်နေလျက်ရှိ၏။

ရှုကျိုး၏ မျက်လုံးများထဲတွင် မျှော်လင့်နေသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်၊ သူသည် ယနေ့ညအတွက် ရက်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

“ စားလိုက် “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေပြီး၊ စတင်၍ စားသောက်ခိုင်းရန်အတွက် ဗီဇပြောင်း ကြက်ဖကြီးကို ထိန်းချုပ်လိုက်သည်။

“ ကွတ် ကွတ် “

ကြက်ဖကြီးသည် ငါးမန်းသွားများဖြင့် ပြည့်နှက်နေသည့် ပါးစပ်ကို ဖွင့်လာခဲ့ကာ အစားများကို အငမ်းမရ စားသောက်နေတော့သည်။

၎င်းသည် ပျော်ရွှင်စွာဖြင့် စားသောက်နေလျက်ရှိပြီး၊ ခေါင်းပေါ်ရှိ အမောက်နှစ်ခုကပင် ထောင်မတ်နေခဲ့သည်။

ယခုလက်ရှိ အချိန်တွင် ၎င်းသည် ၃၄.၅ကီလိုဂရမ် ရှိနေပြီဖြစ်ပြီး၊ လွန်ခဲ့သော ဆယ်ရက်ကထပ် ၂၀ကီလိုဂရမ်အထိ တင်းပြည့်ကျပ်ပြည့် ပို၍ လေးလံနေခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် ၎င်း၏ အရွယ်အစားကမူ လွန်ခဲ့သော ဆယ်ရက်က ပုံစံအတိုင်းသာ ရှိနေသေးစဲဖြစ်ပြီး၊ ၁မီတာအောက်သာ ရှိနေသေးသည်။

ရှုကျိုးသည် ၎င်းက ကြက်ဖကြီး၏ ဖွဲ့စည်းပုံကြောင့် အလေးချိန် တိုးလာသော်လည်း အရွယ်အစား များများစားစား မပြောင်းလဲလာခဲ့ခြင်းဖြစ်သည်ဟု မှန်းဆတွက်ချက်နေခဲ့သည်။

ငါးမိနစ်ကြာပြီးသည့်နောက်၌ ဗီဇပြောင်းကြက်ဖကြီးသည် အစားအသောက်များဖြင့် ပြည့်လျှံနေခဲ့သည့် ပန်းကန်လုံးသုံးလုံးကို စားပြီးသွားခဲ့ပြီ ဖြစ်သည်။

“ ဂျွတ် ဂျွတ် “

ကြိတ်ခြေနေသော အသံတစ်ခုသည် ၎င်း၏ ဝမ်းဗိုက်မှ ထွက်ပေါ်လာခဲ့သည်၊ အစာများကို လျင်မြန်စွာ အစာခြေဖျက်ကာ အာဟာရများအဖြစ် လျင်မြန်စွာ ပြောင်းလဲနေတော့သည်။

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်အား အသည်းအသန် စောင့်ကြည့်နေပြီး၊ ကြက်ဖကြီး၏ အဆင့်တက်သွားမှုကို မျှော်လင့်နေခဲ့သည်။

သူသည် စနစ်၏ မျက်နှာပြင်ပေါ်ရှိ ငါးမန်းသွား ဗီဇပြောင်းကြက်ဖကြီး၏ အဆင့်က လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ တစ်ခဏခန့်အကြာတွင် မျက်နှာပြင် တစ်ခုလုံး ရုတ်တရက် ဖြူသွားသည်ကို မြင်တွေ့သွားခဲ့သည်။

အဆင့် : အဆင့် ၀ အဆင့် ၂ ( ၀% )

အသားတင် အလေးချိန် : ၃၉.၅ ကီလိုဂရမ်

တစ်ချိန်တည်းမှာပင် ကြက်ဖကြီးသည် ရုတ်တရက် တွန်မြည်လာခဲ့သည် “ အော် အီးအီး အွတ် “

၎င်းသည် အဆင့်တက်သွားခြင်းအား အောင်ပွဲခံနေသည့်အလားပင် ဖြစ်နေခဲ့သည်။

“ ဇီ ဇီ “

ရှုကျိုး၏ ကိုယ်တွင်း၌ နွေးထွေးသော ကြီးမားသည့် ရေနွေးစီးကြောင်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ သူခန္ဓာကိုယ်တစ်ခုလုံးရှိ မရီဒန်များကို ဆေးကြောသန့်စင်နေတော့သည်။

၎င်းသည် ယခင်က ရှုကျိုး အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသော အရာတစ်ခု ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်၌ ၎င်းသည် အနည်းငယ် ကွဲပြားနေသည့်ပုံပင်။

ကြည်လင်သော စမ်းချောင်းတစ်ခုသည် သူ၏အတွေးထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး၊ လန်းဆန်းအေးမြသွားစေကာ သူ၏စိတ်ဝညာဥ်ကို များစွာအားဖြည့်ပေးလာခဲ့သည်။

“ အဲ့တာ …. ? “ ရှုကျိုး၏ မျက်နှာပေါ်၌ သံသယဖြစ်နေသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

အဲ့စမ်းချောင်းလေက ငါ့ရဲ့ စိတ်ကို အားဖြည့်ပေးနေတဲ့ပုံပဲ၊ ငါ့ရဲ့ အာရုံငါးပါးက ပိုပြီးတော့ ကြည်လင်ထက်မြက်လာတယ်။

သူ၏ အမြင်အာရုံသည် ပို၍ ကြည်လင်လာပြီး၊ အနံမှာလည်း ပို၍ စူးရှလာကာ၊ အကြားအားရုံသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူ၏ကိုယ်ပိုင် အခန်းထဲတွင် ထိုင်နေစဥ်မှာပင် ဘေးဘက်ရှိ လီရို့ရှီ၏ အခန်းထဲမှ ထွက်ပေါ်လာသည့် အသက်ရှူသံကိုပင် သူကြားနေခဲ့ရသည်။

[ချီ-သွေး + ၀.၅ ကယ်လိုရီ ]

[ စိတ်ဝိညာဥ် + 1Hz]

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၄ ကယ်လိုရီ

စိတ်ဝိညာဥ် : 2Hz

“ စိတ်ဝိညာဥ်က 1Hzတောင် တိုးလာတာလား? “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်။

ယခင်က သူ၏ကိုယ်ပွားကို ကျွေးမွေးခဲ့သည့် အကြိမ်တိုင်းတွင် ချီ-သွေးသာလျှင် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး၊ စိတ်ဝိညာဥ်ကား မတုန်လှုပ်ကျောက်ရုပ်သာ ဖြစ်နေခဲ့သည်။

သို့သော် ယခုတစ်ကြိမ်၌ သူ၏ စိတ်ဝိညာဥ်သည် ပထမဦးဆုံးအကြိမ်အနေဖြင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူသည် စိတ်ဝိညာဥ်က မည်သည့်အတွက်လဲဆိုသည်ကို မသိခဲ့သော်လည်း ယခုတွင်ကား နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

စိတ်ဝိညာဥ် ပိုမြင့်လေလေ၊ သူ၏ အာရုံငါးပါးက ပို၍ ကြည်လင်ထက်မြိလာလေလေဖြစ်ပြီး၊ သူ၏ အာရုံစူးစိုက်မှုမှာလည်း ပို၍ အားကောင်းလာလေလေပင် ဖြစ်သည်။

ဥပမာအားဖြင့် သူသာ အာရုံစိုက်၍ နားထောင်လိုက်မည်ဆိုပါက လီရို့ရှီ၏ အခန်းထဲမှ လှုပ်ရှားမှုများကို အလွယ်တကူ ကြားနိုင်တော့မည် ဖြစ်သည်။

၎င်းတို့သည် ယခုအချိန်အထိ သူရှာဖွေတွေ့ရှိခဲ့သော အကျိုးကျေးဇူးများဖြစ်ပြီး၊ တစ်ခြားသော အရာများ ရှိ၊ မရှိဆိုသည်ကား မသေချာသေးပေ။

“ ကောင်းတယ်၊ ဒီတစ်ခါ တိုးတက်မှုက ငါထင်ထားတာထပ်တောင် ပိုပြီးတော့ များနေတာပဲ “ ရှုကျိုးကား စိတ်အားထက်သန်စွာဖြင့် လက်သီးဆုပ်နေတော့၏။

ချီ-သွေး ၀.၅ ကယ်လိုရီ တိုးလာခြင်းကပင် သိသာသည့် တိုးတက်မှု ဖြစ်နေခဲ့ပြီ ဖြစ်ပြီး၊ ၎င်းသည် တစ်ခြားလူများ၏ လဝက်မျှ ကျင့်ကြံခြင်းမှ ရရှိသော ရလဒ်နှင့် တူညီနေခဲ့သည်။

စိတ်ဝိညာဥ် တိုးတက်မှုကား ပို၍ ကျေနပ်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်သည်။

ထိုကဲ့သို့သော တိုးတက်မှုများနှင့်အတူ သူသည် လာမည့် ထိပ်ဆုံး အယောက် ၁၀၀ စိန်ခေါ်မှုအတွက် ပို၍ ယုံကြည်ချက် ရှိလာတော့လေသည်။

…

နောက်တစ်နေ့ နံနက်ခင်းတွင် မနက်စာစားခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် ခါတိုင်းလိုပင် ကျောင်းသို့ ထွက်ခွာသွားတော့သည်။

ရှုကျိုး၏ နောက်ရှိ မီတာ ၂၀၀ အကွာတွင် လီရို့ရှီသည် ခါတိုင်းလိုပင် တစ်လှမ်းချင်း နောက်မှ လိုက်နေခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် လီရို့ရှီထံတွင် ခါတိုင်းကဲ့သို့ အေးစက်သော အမူအရာ ရှိမနေခဲ့ဘဲ၊ သူမ၏ သွယ်လျသော မျက်ခုံးလေးများ တင်းကြပ်နေခဲ့သည်။

“ သားရဲ စွမ်းရည်၊ ဟမ် ……. “ လီရို့ရှီ၏ အတွေးများသည် မရှင်းမလင်း ဖြစ်နေခဲ့သည်။

ယမန်နေ့က သူမသည် တစ်စုံတစ်ခုအား ကျောင်းအုပ်ကြီးထံမှ မတော်တဆ ကြားမိခဲ့သည်။

ရှုကျိုး၏ Sအဆင့် စွမ်းရည်သည် သားရဲ စွမ်းရည်ဖြစ်သည့် နဂါး အသွင်ပြောင်းခြင်း ဖြစ်နေခဲ့သည်။

မသေမျိုး နဂါးခန္ဓာဟု ခေါ်ဆိုသော အရာသည် လုပ်ကြံဖန်တီးထားခြင်း ဖြစ်ပြီး၊ ထိုကဲ့သို့သော စွမ်းရည်မျိုးသည် ဤကမ္ဘာပေါ်တွင် လုံးဝမရှိသော အရာဖြစ်သည်။

၎င်းကို ကြားသိလိုက်ရပြီးသည့်နောက်၌ လီရို့ရှီ၏ ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။

သူမ၏ မောင်ငယ်လေးသည် သူမအား လုံးဝလိုက်မှီတော့မည် မဟုတ်ပေ။

“ သားရဲ စွမ်းရည် နိုးထတဲ့ လူတစ်ယောက်က မကျင့်ကြံနိုင်ဘူး “ လီရို့ရှီ၏ မျက်ခွံလေးများ အနည်းငယ် ကျဆင်းသွားခဲ့သည်။

သူမ၏အမြင်တွင် ရှုကျိုးသည် အားလုံး၏ လှည့်စားခြင်းကို ခံနေရပြီး၊ သူ့ဆရာ၏ လှည့်စားခြင်းကိုပင် ခံနေရပြီ ဖြစ်သည်။

တကယ်လို့ သူသာ သိသွားမယ်ဆိုရင် အဲ့ဒီထိုးနှက်ချက်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။

ထို့ကြောင့် သူမသည် သူ့ကို ပြောပြမည် မဟုတ်ပေ။

သို့သော် သူမသည် မျက်မှောင်ကြုတ်နေသေးစဲဖြစ်သည်။

ငါတောင် သိနေပြီဆိုတော့ တစ်ခြားလူတွေကရော?

တကယ်လို့ ကျောင်းက တစ်ခြားလူတွေပါ သိသွားမယ်ဆိုရင် ပြင်ဆင်လို့ မရတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်လာလိမ့်မယ်။

ဒါက ရှုကျိုး တစ်ယောက်တည်းရဲ့ ကိစ္စ မဟုတ်ဘူး၊ တစ်ကျောင်းလုံးရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်နေတဲ့ ကိစ္စပဲ။

တကယ်လို့ တစ်ခုခုသာ မှားသွားမယ်ဆိုရင် မုန်တိုင်းထန်သွားလိမ့်မယ်။

၎င်းကို တွေးမိသွားသောအခါတွင် လီရို့ရှီ၏ အမြဲလိုလို အေးစက်နေတတ်သည့် မျက်နှာလေးပေါ်တွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

…

ရှုကျိုးကား သူအကြိမ်ပေါင်းများစွာ သွားခဲ့ဖူးသည့် လမ်းကြောင်းအတိုင်း လမ်းလျှောက်နေလျက်ရှိ၏၊ သို့သော် ယနေ့တွင် တစ်ခုခုမှားယွင်းနေသည်ကို သူသတိပြုမိနေခဲ့သည်။

တစ်စုံတစ်ဦးသည် သူ့အား နောက်ယောင်ခံလိုက်နေခဲ့သည်။

အရင်က ရှုကျိုးသည် ၎င်းကို သတိမပြုမိခဲ့သော်လည်း၊ ယခုတွင်မူ ထူးခြားသော အာရုံများကြောင့် သူသည် တစ်စုံတစ်ဦးက သူ၏အရှိန်အတိုင်း နောက်မှလိုက်လာသည်ကို သတိပြုမိနေခဲ့သည်။

လမ်းချိုးတစ်ခုကို ရောက်လာခဲ့သောအခါတွင် သူသည် နောက်လှည့်ကြည့်လိုက်သည်။

စက္ကန့်ပိုင်းမျှအကြာတွင် သူ၏နှလုံးသား ခုန်ပေါက်သွားခဲ့သည်။

“ အစ်မလား? “

သူမက ငါ့နောက်ကို လိုက်နေတာလား?

ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ?

သူက တစ်သီးတစ်သန့် နေတတ်တာပါ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်နေရတာလဲ?

“ တိုက်ဆိုင်မှုတစ်ခုများလား? “ ရှုကျိုးကား အတွေးများနေတော့သည်။

တစ်လမ်းတည်း သွားနေကြတာဆိုတော့ လူချင်းတွေ့ကြတယ်ဆိုတာက သာမန်ပါပဲကွာ၊ သူသည် ထိုကိစ္စနှင့် ပတ်သက်၍ များများစားစား တွေးမနေတော့ပေ။

…

ရှုကျိုးကား ကျောင်းသို့ သွားနေစဲဖြစ်သည်။

သို့သော် ကျောင်းတွင်မူ ဂယက်ရိုက်နေခဲ့ပြီ ဖြစ်သည်။

ပထမနှစ် အတန်း၁၌

ဆံပင်တိုနှင့် ကောင်လေးတစ်ဦးသည် သူ၏အတန်းဖော် တစ်စုအား တီးတိုးပြောပြနေခဲ့သည်။

“ သတင်းကြီးဟေ့၊ ငါ့အစ်ကိုဆီကနေ ငါဘာကြားခဲ့ရလဲဆိုတာကို ခန့်မှန်းကြည့်ကြ? “

“ အတန်းရှစ်က Sအဆင့် စွမ်းရည်ပိုင်ရှင်က ချီ-သွေး တိုးတက်အောင်လုပ်ဖို့အတွက် တော်တော်လေးခက်တယ် “

အဲ့ဒီစွမ်းရည် ကျင့်ကြံရေး အရင်းအမြစ်တွေက အများကြီး လိုပြီးတော့၊ ချီ-သွေး တိုးတက်မှုကလည်း တော်တော်ကြီးကို နှေးတယ်တဲ့ “

“ သူ့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက ငါတို့ရဲ့ စီအဆင့် စွမ်းရည်ထပ်တောင် ပိုပြီးတော့ နှေးသေးတယ်တဲ့ “

ထိုစကားလုံးများကိုကြားလိုက်ရပြီးသည့်နောက်တွင် ပတ်ပတ်လည်ရှိ အတန်းဖော်အားလုံး တအံ့တဩဖြစ်သွားကြသည်။

“ အစ်ကိုဟောင်၊ အတည်ကြီးလား? “

“ ဒါပင်မဲ့ ဆရာချောင် ပြောတာကတော့ အဲ့စွမ်းရည်က ပြိုင်ဘက်ကင်းတယ်ဆို? “

ဆံပင်အတိုနှင့် ကောင်လေးဖြစ်သူ ဟွမ်ဟောင်မှ အခိုင်အမာ ပြောဆိုလာခဲ့သည် ” သူ့ရဲ့ စွမ်းရည်က နယ်ပယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာက အမှန်ပဲ၊ ဒါပင်မဲ့ သူ့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက တကယ်ကို တော်တော်ကြီး နှေးတာကွ “

“ တကယ်လို့ သူက ပြိုင်ဘက်ကင်းနေတယ်ဆိုရင်တောင်မှ မတိုးတက်လာဘူးဆိုရင် ဘာအသုံးကျမှာလဲ? “

“ တကယ်လို့ မင်းတို့က ငါ့ကို မယုံဘူးဆိုရင်၊ မင်းတို့ဘာဘာသာ နဂါး အသွင်ပြောင်းခြင်းအကြောင်းကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်ကြ။ အဲ့တာက Sအဆင့် စွမ်းရည်ဆိုတာက အမှန်ပဲ၊ ဒါပင်မဲ့ သားရဲစွမ်းရည် အမျိုးအစား ဖြစ်နေတယ်လေ။ လူတွေအတွက် လုံးဝ မသင့်တော်ဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင် အားလုံးသည် သူတို့၏ ဖုန်းများကို ထုတ်ကာ ရှာဖွေနေကြတော့သည်။

မကြာခင်မှာပင် အံ့ဩတကြီး ဖြစ်သွားသော အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။

“ တကယ်ကြီးကို မှန်နေတာပဲဟ “

“ သားရဲ စွမ်းရည်လား? “

“ အဲ့တာဆိုရင် လူသားတွေက အဲ့စွမ်းရည်ကို ကျင့်ကြံလို့ မရဘူးပေါ့? “

“ အဲ့တာက အသုံးမဝင်တဲ့ စွမ်းရည် မဟုတ်ဘူးလား? “

“ အစ်ကိုဟောင်၊ သေချာရဲ့လားဗျ? “

“ ဆရာချောင် ပြောတာက မသေမျိုး နဂါးခန္ဓာလို့ ပြောခဲ့တာ မဟုတ်ဘူးလား? “

ချက်ချင်းဆိုသလိုပင် အားလုံးသည် သူတို့၏ သံသယများကို ဖော်ထုတ်လာကြသည်။

ဟွမ်ဟောင်ကမူ အလေးအနက်ထား၍ ပြောပြလာခဲ့သည် “ ဘာလို့ ငါက လိမ်နေရမှာလဲ? “

“ ငါက ပထမနှစ်ရဲ့ ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲမှာ ရှိနေတာလေ၊ အကုန်လုံးက အမှန်တွေပဲဆိုတာကု ငါ့ရဲ့နာမည်ကို တိုင်တည်ပြီးတော့ ကျိန်ဆိုပါတယ် “

“ ပြီးတော့ အဲ့စကားတွေကို ငါ့အစ်ကိုက ငါ့ကို ပြောပြခဲ့တာကွ “

“ ငါ့ရဲ့ အစ်ကိုက တတိယနှစ် ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲက ထိပ်တန်း ၁၀ယောက်ထဲက တစ်ယောက်လေ၊ သူက အဲ့ဒီလျှို့ဝှက်ချက်ကို သူ့ဆရာဆီကနေ ကြားခဲ့တာတဲ့။ အဲ့တာက ဘယ်လိုလုပ်ပြီး သတင်းမှား ဖြစ်နိုင်မှာလဲ? “

“ ဆရာချောင် ပြောခဲ့တာတွေကတော့ ကျောင်းရဲ့ မျက်နှာကို ကာကွယ်ဖို့ ဖြစ်နိုင်တယ် “

“မသေမျိုး နဂါးခန္ဓာက လုံးဝမရှိတဲ့ စွမ်းရည်ကြီးလေ “

သူ၏ စကားသံ ရပ်တန့်သွားသောအခါတွင် လူတိုင်း တုန်လှုပ်သွားကြသည်။

တကယ်ကြီးကို အဲ့လိုဖြစ်နေတာလား?

အတန်း၈ အတန်းပိုင်ဆရာ ဆရာချောင်က လူတိုင်းကို လိမ်လိုက်တာလား?

အတန်းဖော် တစ်ဦးသည် မနေနိုင်တော့ဘဲ ပြောလာခဲ့သည် “ ဘုရားရေ၊ ဆရာချောင်က တော်တော်လေးကို ရဲတာပဲ၊ လူအများကြီးကို လိမ်ခဲ့တယ် “

ဟွမ်ဟောင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ ဒီကိစ္စက ပြန့်သွားလို့ မရဘူး။

သူသည် လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည် “ ငါက မင်းတို့ကောင်တွေကိုပဲ ပြောပြတာနော်၊ ဒီကိစ္စ ပြန့်သွားလို့ မရဘူး “

“ သိပါတယ်၊ ကျုပ်တို့ ပါးစပ်တွေကို ပိတ်ထားမယ် “

“ ဟုတ်တယ်၊ ဟုတ်တယ်၊ စိတ်ချထားလိုက်ပါ အစ်ကိုဟောင်ရာ၊ ကျုပ်တို့က အဲ့အကြောင်းကို မဖြန့်ပါဘူးဗျ “

အတန်းဖော် အားလုံး ကတိပေးလာခဲ့သည်။ ၎င်းကို မြင်လိုက်ရသောအခါမှသာလျှင် ဟွမ်ဟောင် စိတ်သက်သာရာရသွားသည်။

သူသည် ၎င်းအား အတန်း၁အတွင်း၌သာ ပြောရဲခြင်း ဖြစ်သည်။ အကယ်၍ ၎င်းက ဆရာချောင်ရုံ၏ နားထဲသို့ ရောက်သွားမည်ဆိုပါက၊ သူ ပြဿနာတက်သွားရမည် ဖြစ်သည်။

သို့ရာတွင် ဟွမ်ဟောင် မသိသော အရာကား ထိုကိစ္စသည် လျင်မြန်စွာ ပျံ့နှံ့သွားခြင်းပင် ဖြစ်သည်။

…

“ ကြားပြီးကြပြီလား? အတန်း၈က ရှုကျိုးရဲ့ ကျင့်ကြံရေး အမြန်နှုန်းက တော်တော်ကြီးကို နှေးတယ်တဲ့ “

“ အရေးကြီး သတင်းဗျို့၊ မသေမျိုး နဂါးခန္ဓာက အတုကြီးတဲ့ “

“ ဆရာချောင်ရုံက ကျောင်းရဲ့ မျက်နှာကို ကာကွယ်ဖို့အတွက် မသေမျိုး နဂါးခန္ဓာကို လုပ်ကြံဖန်တီးလိုက်တာတဲ့။ တကယ်တော့ အတန်း၈က လူဆီမှာ နိုးထခဲ့တဲ့ စွမ်းရည်က နဂါး အသွင်ပြောင်းခြင်းတဲ့၊ အဲ့တာက ကျင့်ကြံလို့မရတဲ့ သားရဲ စွမ်းရည်တဲ့ “

“ ဒီသတင်းက အာမခံချက်ရှိတယ်၊ အဲ့တာက အတန်း၁က ကျောင်းသားတစ်ယောက်ရဲ့ အစ်ကို၊ တတိယနှစ် ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲက ထိပ်တန်း ၁၀ယောက်စာရင်းဝင် လူတစ်‌ယောက်ဆီကနေလာတာ၊ သူက လျှို့ဝှက်ချက်တွေ အများကြီး သိထားတယ်တဲ့ “

“ ကြားပြီးကြပြီလား? ချောင်ရုံက လူတိုင်းကို လှည့်စားခဲ့တာတဲ့ “

“ ကြားပြီးကြပြီလား? ချောင်ရုံက အမှန်တရားကို ဖုံးကွယ်ထားတာတဲ့၊ မသေမျိုး နဂါးခန္ဓာက အသုံးမဝင် ကျင့်ကြံလို့မရတဲ့ စွမ်းရည်တဲ့ “

“ … “

ကောလဟာလများသည် နေရာအနှံ့တွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

တစ်ဦးမှ ဆယ်ဦး၊ ဆယ်ဦးမှ အယောက် ၁၀၀ စသည်ဖြင့် ပျံ့နှံ့သွားပြီး၊ မကြာခင်မှာပင် တစ်ကျောင်းလုံး အံ့ဩတုန်လှုပ်သွားကြသည်။

သတင်းများ ပျံ့နှံ့လာသည်နှင့်အမျှ ဇာတ်လမ်းမှာလည်း ပြောင်းလဲသွားခဲ့သည်။

အချိန်တိုအတွင်းမှာပင် လင်းဂျန် ပထမ အထက်တန်းကျောင်း တစ်ကျောင်းလုံးသည် ကောလဟာလများဖြင့် အုံ့အောသောင်းနင်း ဖြစ်နေခဲ့သည်။

ရှုကျိုးကမူ ထိုကိစ္စနှင့် ပတ်သက်၍ လုံးဝမသိဘဲ၊ နံနက် ၈နာရီတိတိတွင် ကျောင်းဝင်းထဲသို့ ခြေချလာခဲ့သည်။

All Chapters