အတန်းရွေးချယ်ခြင်း
Vol. 1 Ch. 2
အမြန်မွှေနှောက်ပြီးသည့်နောက်၌ ရှုကျိုးသည် အစားအစာများကို ပန်းကန်တစ်ခုလုံး ပြည့်နှက်သွားသည်အထိ ထည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူသည် သူ၏ စိတ်အာရုံအနည်းငယ်အား ကြက်ကို ထိန်းချုပ်ထားရန် ခွဲခြမ်းလိုက်ပြီး စတင်၍ စားသောက်နေတော့သည်။
ကြက်ဖကြီးသည် အစပိုင်းတွင် အနည်းငယ် လေးတိလေးကန် ဖြစ်နေခဲ့သော်လည်း၊ အစာနှင့် ထိတွေ့ခဲ့ပြီးသည့်နောက်၌ ၎င်းသည် ချက်ချင်းဆိုသလို နိုးနိုးကြားကြား ရှိသွားပြီး၊ အစာအား အငမ်းမရ ဆိတ်စားနေတော့သည်။
ရှုကျိုးသည် သူက သူ၏စိတ်အာရုံအား များစွာထိန်းချုပ်ထားရန် မလိုဘူးဆိုသည်ကို နားလည်သွားခဲ့သည်၊ ကြက်ဖကြီးသည် အလိုအလျောက် စားသောက်မည် ဖြစ်ကာ၊ ၎င်းသည် ကြွက်သားမှတ်ဉာဏ်များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် ပုံပင်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ခေါင်းငြိမ့်နေတော့သည်၊ မဆိုးပါဘူး၊ ကြည့်ရတာတော့ အစာကျွေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး တွေးပူနေဖို့ မလိုတော့ဘူးထင်တယ်။
သူသည် အခန်းထဲမှ ထွက်လာတော့သည်။
ဇည့်ခန်းထဲ၌ သူ၏အဖေ ရှုတျန်ဟိုင်နှင့် ငယ်ရွယ်လှပသော မိန်းကလေးတစ်ဦးသည် ထမင်းစားစားပွဲတွင် ထိုင်နေကြသည်။
ကောင်မလေးသည် ရှုကျိုး၏ အစ်မဖြစ်သည့် လီရို့ရှီဖြစ်ပြီး၊ သူမသည် အစားအစာများကို အနည်းငယ်စီ စားသုံးနေပြီး၊ သူမ၏လှုပ်ရှားမှုတိုင်းသည် ကျက်သရေရှိကာ လှပလွန်းနေခဲ့သည်။
ဖခင်ဖြစ်သူသည် ရှုကျိုးအား စိုးရိမ်တကြီး ကြည့်လာခဲ့သည် “ ကျိုးလေး၊ မင်းတို့က မနက်ဖြန်ဆိုရင် ဘာသာရပ် ခွဲရတော့မှာလေ၊ ဟုတ်တယ်မလား? “
“ ဟုတ်ပါတယ် “ ရှုကျိုးသည် ခေါင်းငြိမ့်ပြကာ ခုံပေါ်သို့ ထိုင်ချလိုက်သည်။
ရှုတျန်ဟိုင်သည် လေးနက်သော အသံနေအသံထားဖြင့် မေးမြန်းလာခဲ့သည် “ မင်းရဲ့ အထက်တန်းကျောင်း အထူးပြုအတွက် ဘယ်သာဘာရပ်ကို ရွေးမလဲဆိုတာ စဥ်းစားပြီးပြီလား? “
ဤကမ္ဘာသည် ကမ္ဘာမြေနှင့် ကွဲပြားလှပြီး၊ အထက်တန်းကျောင်း အထူးပြုဘာသာရပ်သည် ပထမနှစ်တွင် စတင်မည် ဖြစ်သည်။
၎င်းတို့အား အနုပညာနှင့် သိပ္ပံတို့အဖြစ် ခွဲခြားထားခြင်း မဟုတ်ဘဲ၊ စာပေနှင့် သိုင်းပညာအဖြစ် ခွဲခြားထားခဲ့ခြင်း ဖြစ်သည်။
စာပေကား ယဥ်ကျေးမှုကို အဓိကထားသော လမ်းကြောင်းဖြစ်ပြီး၊ သိုင်းပညာကမူ သိုင်းပညာလမ်းကြောင်းကိုသာ ဦးတည်ထားခဲ့သည်။
အထက်တန်းကျောင်းတွင် ဘာသာရပ်ကို စောစောစီးစီး ရွေးချယ်ရသည့် အကြောင်းအရင်းကား ဤကမ္ဘာကြီးတွင် ပထမနှစ်သို့ ရောက်လာပါက လူတစ်ဦးအား အရွယ်ရောက်ပြီဟု သတ်မှတ်ကြပြီး၊ ထိုကဲ့သို့သော လူကသာလျှင် ကျင့်ကြံရေး နည်းလမ်းများဖြင့် ထိတွေ့နိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့ကသာ စောစီးစွာ ထိတွေ့မိသွားပါက ၎င်းသည် ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်သွားနိုင်ပြီး၊ ခန္ဓာကိုယ်ကိုပင် ထိခိုက်သွားစေနိုင်လေသည်။
ရှုကျိုး ပြန်မဖြေနိုင်ခင် အချိန်မှာပင် အစ်မဖြစ်သည့် လီရို့ရှီမှ ပြောလာခဲ့သည် “ ဆုံးဖြတ်ချက် စောစောချဖို့ မလိုပါဘူး “
“ မနက်ဖြန် ခွဲခြားရေး ပြီးသွားရင် နင်က နိုးထခြင်း စမ်းသပ်မှု ခံယူရနိုင်တယ်၊ တကယ်လို့ ကျရှုံးသွားမယ်ဆိုရင်၊ တကယ်လို့ နင်က သိုင်းပညာလမ်းကြောင်းကို ရွေးချယ်ထားတယ်ဆိုရင်တောင်မှ စာပေလမ်းကြောင်းဆီကို ပြန်ပို့ခံရလိမ့်မယ် “
သူမသည် အစားဆက်စား၍ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပေါ့၊ တကယ်လို့ နင်က ယုံကြည်ချက် မရှိဘူးဆိုရင် စာပေလမ်းကြောင်းကို တိုက်ရိုက်ရွေးလိုက်လို့ရတယ် “
လီရို့ရှီသည် သူ့အား အေးစက်စွာ စိုက်ကြည့်လာခဲ့သည် “ မျှော်လင့်ချက် ကြီးကြီးမားမား မထားနဲ့၊ ကျရှုံးဖို့ ပြင်ဆင်ထား၊ အဲ့လို နည်းလမ်းနဲ့မှ တကယ်လို့ နင် ကျရှုံးသွားရင် သိပ်မခံစားရတော့မှာ “
သူ့အစ်မဆီမှ ထိုကဲ့သို့ ပြတ်သားသည့် စကားလုံးများဖြင့် ရင်ဆိုင်နေရသော်လည်း ရှုကျိုးကား ပြုံးနေစဲဖြစ်ပြီး လုံးဝမအံ့ဩသွားခဲ့ပေ။
လီရို့ရှီသည် သူ၏အစ်မဖြစ်သော်လည်း သွေးသားဆက်စပ်မှု မရှိပေ၊ ငယ်စဥ်ကတည်းက ထူးချွန်သည့် သူမ၏ အရည်အချင်းများနှင့် ပေါင်းစည်းလိုက်ပါက သူမသည် သူမ၏ နာမကျန်းဖြစ်ကာ အားနည်းနေတတ်သည့် မောင်ငယ်လေးအပေါ်၌ အမြဲလိုလို အနည်းငယ် မောက်မာလေ့ရှိတတ်သည်။
သို့သော် လီရို့ရှီ၏ စကားလုံးများသည် မောက်မာမှုဆီမှ ရောက်ရှိလာခြင်း မဟုတ်ဘဲ၊ စိုးရိမ်ပူပန်မှုတို့ထံတွင် မြစ်ဖျားခံနေခဲ့ခြင်း ဖြစ်သည်။
ကိုယ်ကာယ ပိုသန်စွမ်းလေလေ၊ နိုးထနိုင်ခြေ များလေလေပင် ဖြစ်သည်။
လီရို့ရှီ၏ စိတ်ထဲ၌ ဖျားနာ၊ အားနည်းနေတတ်သည့် ရှုကျိုးထံ၌ အခွင့်အရေး အနည်းသာလျှင် ရှိ၏။
ထို့အပြင် ရှုတျန်ဟိုင်ကလည်း အလေးအနက်ထား၍ ပြောလာခဲ့သည် “ ရှုကျိုး၊ သားရဲ့ အမှတ်တွေက ကောင်းတယ်လေ၊ တကယ်လို့ နိုးထမှု ကျရှုံးသွားမယ်ဆိုရင်တောင်မှ၊ စာပေလမ်းကြောင်းက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ “
ရှုကျိုးသည် ဖခင်ဖြစ်သူအား ပြုံး၍သာ ကြည့်နေခဲ့သည် “ တကယ်လို့ မကြိုးစားကြည့်ဘူးဆိုရင် မသိနိုင်ဘူးလေ၊ ကျွန်တော်က အောင်မြင်သွားနိုင်မလားပဲ? “
ပွင့်ပွင့်လင်းလင်းပြောဆိုရပါက ယခင်က သူ၏အခြေအနေဖြင့်ဆိုလျှင်တောင်မှ သူသည် သိုင်းပညာလမ်းကြောင်းကိုသာ ရွေးချယ်မည်ဖြစ်သည်။
သူ၏ ယခင်ဘဝမှ အကြီးမားဆုံးသော အိမ်မက်သည် သူ၏ ထူးချွန်ပြီး ဂုဏ်ယူဖွယ်ကောင်းသည့် အစ်မကို အမှီလိုက်နိုင်ရန်ဖြစ်ပြီး၊ အဆိုပါ မှတ်ဉာဏ်များကို ဆက်ခံထားသည့် ရှုကျိုး၏ နှလုံးသားထဲတွင် ထိုကဲ့သို့သော ဆန္ဒတစ်ခု ရှိနေခဲ့သည်။
ထိုစကားကို ပြောလိုက်ပြီးသည့်နောက်၌ ရှုကျိုးသည် မည်သည့်မှတ်ချက်မှ မပေးဘဲ တိတ်တဆိတ် စားသောက်နေတော့သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုတျန်ဟိုင်သည် တွေဝေ တုံ့ဆိုင်းသွားပြီး၊ သူ၏မျက်လုံးများထဲတွင် အပြစ်ရှိနေသည့် အရိပ်အယောင်များဖြင့် သားငယ်ဖြစ်သူကို ကြည့်နေတော့သည်။
ရှုကျိုး၏ မွေးမိခင်ဖြစ်သူ ဆုံးပါးသွားသည့် လွန်ခဲ့သော ဆယ်နှစ်မှစ၍ ရှုကျိုးသည် အနည်းငယ် သီးသန့်ဆန်လာခဲ့သည်။
ရှုတျန်ဟိုင်သည် အဆိုပါ အထီးကျန်မှုကို တောင့်မခံနိုင်တော့ဘဲ၊ လီယန်ဖင်းနှင့် နောက်အိမ်ထောင် ပြုလိုက်ပြီး၊ ထိုအချိန်က သူသည် ရှုကျိုးအပေါ်တွင် တာဝန်ပျက်ကွက်ခဲ့မိပြီး၊ သားဖြစ်သူသည် ယခုတွင် သူနှင့် ပို၍ စိမ်းကား ဝေးကွာနေခဲ့ပြီ ဖြစ်သည်။
ယခုတွင်ကား သားဖြစ်သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အရွယ်ရောက်လာခဲ့ပြီဖြစ်သော်လည်း၊ သူသည် သူ့အမေဖြစ်သူ၏ အားနည်းပြီး ဖျားနာတတ်သည့် ကိုယ်ခန္ဓာကို အမွေဆက်ခံထားခဲ့သည်။
ထို့ကြောင့် ရှုတျန်ဟိုင်သည် အမြဲလိုလို အပြစ်ရှိစိတ် ခံစားနေခဲ့ရသည်။
သားဖြစ်သူဆီမှ သိုင်းပညာကို ရွေးချယ်မည်ဟု ပြောလာခဲ့သည့် စကားကို ကြားသိလိုက်ရသောအခါတွင် သူသည် ၎င်းက မသင့်တော်ဘူးဟု ခံစားရကာ အကြံဉာဏ် အနည်းအငယ် ပေးချင်နေခဲ့သော်လည်း၊ စကားလုံးများသည် နှုတ်ခမ်းဝတွင်သာ တစ်ဆို့နေခဲ့ပြီး၊ မည်ကဲ့သို့ စပြောရမလဲဆိုသည်ကို ဝေခွဲရခက်နေတော့သည်။
ရှုကျိုးက ၎င်းကို ဂရုမစိုက်ဘူးဆိုသည်အား သူ မသိပေ။
ထိုစဥ် ရှုကျိုးသည် အစားကို မြန်မြန်စားကာ ကြက်ဖကြီး ဘာလုပ်နေမလဲဆိုသည်ကို ကြည့်ချင်နေခဲ့သည်။
ညစာစားပြီးကြသည့်နောက်၌
ရှုကျိုးသည် အခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့ရာ၊ ကြက်ဖကြီးသည် အဝတ်ဟောင်းတစ်ခုအပေါ်တွင် မှိန်းနေသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ စိတ်အာရံကို မခွဲထားသည့်အချိန်တွင် ၎င်းသည် ပုံမှန်အားဖြင့် မှိန်းနေသည့် အခြေအနေတွင်သာ ရှိနေတတ်သည်။
ရှုကျိုးသည် ကြက်ဖကြီးကို တွန်းဖယ်၍ သူ၏ အဝတ်နှင့် ၎င်းကြောင့် ပျက်စီးသွားသော ကျောင်းဘောင်းဘီတို့ကို ကောက်ယူလိုက်သည်။
သူသည် ၎င်းကို စိတ်မဆိုးသွားဘဲ၊ မြေပြင်ပေါ်ရှိ ပန်းကန်လုံးကို လှည့်ကြည့်လိုက်သည်။
“ အကုန်လုံး စားပြီးသွားပြီလား? “ ရှုကျိုးကား အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊ ပန်းကန်သည် အတော်အတန် ကြီးမားသော်လည်း ဗလာဖြစ်နေခဲ့ပြီ ဖြစ်သည်။
အဆိုပါ ကြက်ဖကြီးထံ၌ အစာစားချင်စိတ်များ များပြားနေသည့်ပုံပင်။
ထိုညတွင် ရှုကျိုးသည် အဆိုပါ ကြက်ဖကြီး၏ ဘေးနားတွင် နေနေခဲ့ပြီး၊ ၎င်းထံတွင် အလေးသွားချင်စိတ် မရှိဘူးဆိုသည်ကို တွေ့ရှိခဲ့ရသည်မှာ အံ့ဩဖွယ်ကောင်းလှသည်။
“ အဲ့တာက စားသမျှ အရာအားလုံးကို အပြည့်အဝ စုပ်ယူလိုက်တာများလား? “
ရှုကျိုးသည် မျက်နှာပြင်ကို ကြည့်လိုက်ပြီး၊ အသားတင် အလေးချိန် မပြောင်းလဲသွားဘူးဆိုသည်ကို သတိပြုမိသွားသည်။
တစ်ရက်လျှင် တစ်ကီလိုဂရမ်မျှသာ တက်လာသည့်ပုံပင်။
ရှုကျိုးကား အတွေးနက်နေတော့သည်။
…
နံနက်ခင်း ၇နာရီခွဲ အချိန်
လင်းဂျန်မြို့ နံပတ် ၁ အထက်တန်းကျောင်း
ရှုကျိုးသည် အဖြူရောင် ကျောင်းဝတ်စုံ၊ အနက်ရောင် အပေါ်အကျ်ီ နှင့် အနက်ရောင် သားရေဖိနပ်တို့ကို ဝတ်ဆင်၍ ကျောင်းတံခါးကို ဖြတ်၍ လမ်းလျှောက်နေခဲ့သည်။
သူ၏ ဘေးပတ်ပတ်လည်တွင် အလှပြင်ဆင်စရာ မလိုသည့် ငယ်ရွယ် နုပျိုပြီး၊ တူညီသော ဝတ်စုံကို ဝတ်ဆင်ထားကြသည့် ကြည့်ကောင်းသော ကျောင်းသားကျောင်းသူများစွာ ရှိနေခဲ့သည်။
“ အထက်တန်းကျောင်းကို ပြန်တက်ရလိမ့်မည်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး “ ရှုကျိုးသည် အနည်းငယ် လွမ်းဆွတ်တမ်းတနေသကဲ့သို့ ခံစားသွားခဲ့ရသည်။
သူသည် မျက်နှာပြင်ကို ဖွင့်လိုက်သည်။
ကိုယ်ပွား : အကွက်အပြောက်ပါသော ကြက်ဖ
အဆင့် : ၀
အသားတင် အလေးချိန် : ၄ကီလိုဂရမ်
နံနက်အစောပိုင်း အချိန်မှာပင် ကြက်ဖကြီးသည် အလေးချိန် တစ်ကီလိုဂရမ် တိုးသွားခဲ့ပြီ ဖြစ်သည်။
မနေ့ကနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ၎င်းသည် နှစ်ကီလိုဂရမ် ကြီးလာခဲ့ပြီ ဖြစ်သည်၊ သို့သော် ရှုကျိုးသည် မည်သည့်တိုးတက်မှုကိုမှ မခံစားခဲ့ရပေ၊ ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ သူ၏အားနည်းမှုကြောင့်လည်း ဖြစ်နေနိုင်သေးသည်။
စာသင်ခန်းကား စကားပြောဆိုနေကြသော ကျောင်းသားများဖြင့် ဆူညံပူညံ ဖြစ်နေလျက်ရှိ၏။
သူတို့သည် ဖြစ်လာမည့် အတန်းခွဲခြင်း ဖြစ်စဥ်အကြောင်းကို စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေကြခြင်း ဖြစ်သည်။
ရှုကျိုး သူ၏ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ သူ၏ အတန်းဖော်မှ ပခုံးဖက်လာခဲ့သည် “ ရှုကျိုး၊ ငါတို့ ခွဲရတော့မယ် “
“ ခွဲရတော့မှာလား? “ ရှုကျိုးသည် သူ့အား စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
ထိုလူသည် တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်နေပြီး၊ ကြေးရောင် အသားအရည်ရှိသော ဝမ်ယွဲ့ဟွေဖြစ်သည်။
ဝမ်ယွဲ့ဟွေကား သက်ပြင်းချနေခဲ့သည် “ ဟုတ်တယ်၊ ငါတို့က ခွဲရတော့မယ်၊ ပြီးတော့ ငါက သိုင်းပညာလမ်းကြောင်းကို သွားတော့မှာ “
“ ရှုကျိုး၊ မင်းမရှိရင် ငါက ဘာလုပ်နေရတော့မှာလဲ? “
“ … “
ရှုကျိုးသည် အနည်းငယ် ဆွံ့အသွားခဲ့သည်၊ ဤလူသည် သူ၏အကောင်းဆုံး အတန်းဖော်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် သူသည် သူ့အား သူ၏ အိမ်စာများကို ကူးယူခွင့် ပေးထားသောကြောင့် ဖြစ်သည်။
“ ငါလည်း သိုင်းပညာလမ်းကြောင်းကို သွားမှာလေ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝမ်ယွဲ့ဟွေသည် ရယ်မောလာခဲ့သည် “ ရှုကျိုး၊ ငါ့ကို ဟာသမလုပ်စမ်းပါနဲ့ကွာ “
ရှုကျိုးသည် ခေါင်းခါ၍ မည်သည့်အရာကိုမျ ဆက်မပြောတော့ပေ။
ဝမ်ယွဲ့ဟွေ၏ မျက်လုံးများထဲ၌ ရှုကျိုးသည် စာပေလမ်းကြောင်းနှင့် သင့်တော်သော လူတစ်ဦးဖြစ်သည်။
သိုင်းပညာလမ်းကြောင်းအတွက်ကား ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်တင်မဟုတ်ဘဲ၊ ငွေကြေးနှင့် အရင်းအမြစ်များစွာကိုလည်း လိုအပ်မည် ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်များက ပြည်နယ်မှ ၎င်းတို့ကို ထောက်ပံ့ပေးခဲ့သည်၊ သို့သော် ယခုတွင်ကား လူအများစုသည် ပါရမီရှင် မဟုတ်ပါက အဆိုပါ ထောက်ပံ့ကြေးများကို နှစ်သက်ကြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆင်းရဲနွမ်းပါးသော နောက်ခံ(သို့) မွေးရာပါရောဂါရှိသည့် ကျောင်းသားများသည် ယေဘူယျအားဖြင့် စာပေလမ်းကြောင်းကိုသာ ရွေးချယ်လေ့ရှိတတ်သည်။
ရှုကျိုး၏ မိသားစုကား မနွမ်းပါးလှပေ၊ သူ၏မိဘများသည် တစ်လလျှင် ၁သောင်းကျော်ကျော် ရပြီး၊ သူ့အစ်မဖြစ်သူ၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် နေစားရိတ်များကို လျှော့ချထားနိုင်ပြီ ဖြစ်သည်။
ရှုကျိုး တိတ်ဆိတ်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဝမ်ယွဲ့ဟွေ၏ ပြုံးပျော်နေသော မျက်နှာသည် ဖြည်းညှင်းစွာ မှိန်ဖျော့သွားပြီး၊ တလေးတနက် ဖြစ်သွားခဲ့သည် “ ရှုကျိုး၊ စိတ်မပျက်ပါနဲ့၊ စာပေလမ်းကြောင်းမှာလည်း အလားအလာကောင်းတွေ ရှိပါတယ်ကွာ “
“ ငါသိတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုစဥ် အတန်းပိုင်ဆရာသည် အခန်းထဲသို့ ဝင်လာခဲ့သည်။
သူသည် ရိုးရှင်းသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဆံပင်ဖြူနှင့် မျက်နှာထားတင်းနေခဲ့သည်။
“ နောက်လာမည့် ဘာသာရပ် ရွေးချယ်ခြင်းကို အားလုံးက သိနေကြပြီလို့ ဆရာ ယုံကြည်တယ် “
“ သိုင်းပညာဖြစ်ဖြစ်၊ စာပေဖြစ်ဖြစ် အလျင်စလို မလုပ်ကြနဲ့ “
“ မင်းတို့ရဲ့ မိသားစုနောက်ခံ ဒါမှမဟုတ် ခန္ဓာကိုယ် ကြံ့ခိုင်ရေးက ဘယ်လိုပဲ ရှိနေရှိနေ၊ နိုးထမှု စမ်းသပ်ရေးကိုပဲ အရင်လုပ်ကြပါ “
“ တကယ်လို့ မင်းတို့ကသာ အဆင့်မြင့် စွမ်းရည်တွေကို နှိုးနိုင်ခဲ့မယ်ဆိုရင်၊ သိုင်းပညာကို ရွေးချယ်ကြ၊ တကယ်လို့ မင်းတို့ရဲ့ မိသားစုနောက်ခံက မတောင့်တင်းဘူးဆိုရင်တောင်မှ, ကျောင်းကနေ မင်းတို့ကို ထောက်ပံ့ပေးဖို့ ကြိုးစားလိမ့်မယ် “
“ ကောင်းပြီလေ၊ လျှောက်ပြောမနေတော့ဘူး၊ အားလုံးပဲ ငါ့နောက်ကို လိုက်ခဲ့ကြ “
ထိုစကားလုံးများနှင့်အတူ သူသည် အတန်းထဲမှ ထွက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် တစ်တန်းလုံး ပွက်လောရိုက်သွားတော့သည်။