နိုးထခြင်း
Vol. 1 Ch. 3
ရှုကျိုးသည် အတန်းပိုင်ဆရာ၏ လမ်းညွှန်မှုအောက်၌ တစ်ခြားသော ကျောင်းသူ၊ကျောင်းသားများနှင့်အတူ ကျောင်းအတွင်းရှိ ကုဗတုံး ပုံသဏ္ဍာန် အဆောက်အအုံထံသို့ ဦးတည်သွားခဲ့သည်။
ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းက အလွန်ကျယ်ဝန်းသော ခန်းမတစ်ခုဖြစ်သည်ဆိုသည်ကို မြင်တွေ့လိုက်ရသည်။
ပထမနှစ်အတန်းမှ ကျောင်းသားအများစုသည် ဤနေရာတွင် စုစည်းနေကြပြီး၊ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် စိတ်မထိန်းနိုင်တော့ဘဲ၊ ရေရွတ်ပြောဆိုလာခဲ့သည် “ နိုးထခြင်း စမ်းသပ်မှုက စတော့မှာလား? “
မျှော်လင့်ထားခဲ့သည့်အတိုင်းပင် နောက်ထပ် စက္ကန့်အနည်းငယ်ခန့် အကြာတွင် အတန်းပိုင် ဆရာချောင်ရုံမှ စကား ပြောလာခဲ့သည် “ မင်းတို့တွေထဲက အများစုက နိုးထခြင်းစမ်းသပ်မှုနှင့် ရင်းနှီးနေသင့်ပြီလေ၊ ဟုတ်တယ်မလား? “
ရှုကျိုးအပါအဝင် လူတိုင်းက ခေါင်းငြိမ့်ပြလိုက်သည်။
ပထမနှစ် စသည်မှာ နှစ်ဝက်မျှ ရှိနေပြီဖြစ်သောကြောင့် သူတို့သည် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် အဆိုပါ အကြောင်းကို သိနေကြပြီး ဖြစ်သည်။
ချောင်ရုံမှ ဆက်လက်၍ ပြောကြားလာခဲ့သည် “ နိုးထခြင်း စမ်းသပ်မှုက မင်းတို့ရဲ့ ကျင့်ကြံရေး စွမ်းရည်တွေကို စမ်းသပ်တာပဲ။ တကယ်လို့ အောင်မြင်တယ်ဆိုရင် မင်းတို့တွေက ကျင့်ကြံဖို့အတွက် သင့်တော်တယ် “
“ ဆန့်ကျင်ဘက်အနေနဲ့၊ တကယ်လို့ မင်းတို့က စွမ်းရည်ကို မနှိုးနိုင်ဘူးဆိုရင်၊ မင်းတို့က ကျင့်ကြံနိုင်သေးပင်မဲ့၊ မင်းတို့ရဲ့ သိုင်းပညာ အလားအလာကတော့ တော်တော်လေး ဆိုးရွားနေလိမ့်မယ် “
“ အဲ့တာကြောင့် ကျရှုံးတဲ့လူတွေက ကျေးဇူးပြုပြီးတော့ စာပေလမ်းကြောင်းဆီကိုပဲ ပြန်လာကြပါ၊ အဲ့တာကို ငါထပ်မပြောဘူး “
သူ၏ စကားများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လူအများစုသည် သူတို့၏ လက်သီးများကို ဆုပ်နေကြတော့သည်။
တစ်ချို့သော ကျောင်းသူကျောင်းသားများသည် ပြိုင်ဆိုင်လိုသော အမူအရာများကိုပင် ဖော်ထုတ်ပြသလာကြသည်။
ရှုကျိုးသည်လည်း တိတ်တဆိတ် လက်သီးဆုပ်နေခဲ့သည်။
သူ့ထံတွင် ဝှက်ဖဲဖြစ်သည့် ကိုယ်ပွားရှိသော်လည်း အကယ်၍ သူသာ စွမ်းရည်ကိုနှိုးနိုင်မည်ဆိုပါက ပြီးပြည့်စုံသွားမည်ဖြစ်သည်။
“ စွမ်းရည် ….. “ ရှုကျိုးသည် တွေးတောနေရင်းဖြင့် ရုတ်တရက် စဥ်းစားမိသွားခဲ့သည်၊ ကြက်ကိုယ်ပွား ရှိတာကိုရော စွမ်းရည်တစ်မျိုးလို့ ယူဆလို့ရတယ် မဟုတ်ဘူးလား?
ဒါပင်မဲ့ အဲ့တာက ကိုယ်ပွားနဲ့ဆိုင်ပြီး၊ မူလကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ။
“ ရှုကျိုး “ ဘေးနားတွင် ရှိနေသော ဝမ်ယွဲ့ဟွေသည် ရုတ်တရက် ပြောလာခဲ့သည် “ မင်းအစ်မကလည်း ငါတို့ကျောင်းကပဲ ဆိုတာကို ငါမှတ်မိပါသေးတယ်၊ ဟုတ်တယ်မလား? “
“ ငါကြားထားတာတော့ သူမက အေအဆင့် စွမ်းရည်နိုးထခဲ့တယ်တဲ့၊ အဲ့တာက ဒုဥက္ကဌကိုတောင် လန့်သွားစေခဲ့တယ် “
၎င်းကို ကြားသိလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊ တစ်ခြားလူများက ထိုအကြောင်းကို သိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ဖူးချေ။
သို့သော် ဝမ်ယွဲ့ဟွေပြောသည်မှာ မမှားပေ၊ လီရို့ရှီ၏ စွမ်းရည်ကား တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
နိုးထလာသော ပါရမီ(သို့) စွမ်းရည် အမျိုးမျိုး ရှိနေတတ်ပြီး၊ တစ်ချို့သည် ကျင့်ကြံရာ၌ များစွာ အကျိုးဖြစ်ထွန်းပြီး၊ တစ်ချို့သော အရာများကမူ တိုက်ခိုက်ရေး စွမ်းရည်များကို တိုးတက်သွားစေခဲ့သည်။
အဆိုပါ စွမ်းရည် အမျိုးမျိုးကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး စသည်ဖြင့် အဆင့် ငါးဆင့် ခွဲခြားထားခဲ့သည်။
အေအဆင့်၏ အထက်၌ ပို၍ပင် ရှားပါးသော အက်စ်အဆင့် ရှိနေသေးသည်၊ သို့သော် လင်းဂျန်ကဲ့သို့သော မြို့သေးသေးလေးတစ်ခု၌ ထိုကိစ္စအား မည်သူကမှ မကြားဖူးသလောက်နီးပါးပင် ရှားပါးလွန်းလှသည်။
A- အဆင့် စွမ်းရည်ကပင် လင်းဂျန်တစ်ကျောင်းလုံးရှိ အာရုံများကို ဖမ်းစားရန် လုံလောက်နေပြီ ဖြစ်သည်။
လီရို့ရှီ၏ စွမ်းရည်ကား သာမန်အေအဆင့်များထပ် များစွာသာလွန်နေပြီး၊ A+ဟုပင် သတ်မှတ်ခဲ့ရသည်။
နိုးထမှု စမ်းသပ်ပွဲ ကာလအတွင်း၌ သူမသည် ဒုဥက္ကဌကို ထိတ်လန့်သွားစေခဲ့သည်ဟုပင် ပြောဆိုနေကြသည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့၏။
“ ငါကရော စွမ်းရည်တစ်ခု နှိုးနိုင်မလားဆိုတာကို ငါသိချင်မိသား “ သူသည် တစ်ကိုယ်တည်း တီးတိုးပြောဆိုနေတော့သည်။
လီရို့ရှီသည် ထိုမျှ အစွမ်းထက်သော စွမ်းရည်ကို နှိုးနိုင်ခဲ့ပြီး၊ အကယ်၍ သူကသာ မည်သည့် စွမ်းရည်ကိုမှ မနှိုးနိုင်ခဲ့ဘူးဆိုပါက၊ ၎င်းသည် များစွာ ရှက်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။
ဘေးနားတွင် ရှိနေသော ဝမ်ယွဲ့ဟွေသည် သူ၏စကားကို ကြားသွားကာ သူ့အား နှစ်သိမ့်ပေးလာခဲ့သည် “ မင်းရဲ့ အစ်မက တော်တော်ကြီးကို တော်တယ်၊ မင်းလည်း သေချာပေါက် နှိုးနိုင်ပါလိမ့်မယ် “
ရှုကျိုးကား ပြုံးရုံသာ ပြုံးနေပြီး၊ မည်သို့မျှ မတုံ့ပြန်လိုက်ပေ။
လီရို့ရှီသည် သူ၏အစ်မဖြစ်သော်လည်း၊ သူမသည် သူ့မိထွေး၏ သမီးဖြစ်သောကြောင့်၊ သူတို့ကြားတွင် မည်သည့်သွေးသားဆက်နွယ်မှုမှ မရှိပေ။
သူသည် ငယ်စဥ်ကတည်းက ဖျားနာတတ်ကာ အမြဲလိုလို အအေးမိခြင်း (သို့) ဖျားနာခြင်းတို့ ဖြစ်လေ့ရှိတတ်သည်။
လီရို့ရှီကမူ ငယ်ရွယ်စဥ် အချိန်ကတည်းက ထူးချွန်ပြောင်မြောက်လှသော ကျင့်ကြံရေး စွမ်းရည်ကို ပြသခဲ့ပြီး၊ နယ်ပယ်တိုင်းတွင် ကျွမ်းကျင်ကာ လှပသည့် လူတစ်ဦးဖြစ်သည်။
ကဏ္ဍပေါင်းစုံ ကျွမ်းကျင်ခြင်းနှင့်အတူ သွေးသားတော်စပ်မှု မရှိခြင်းတို့ကို ပေါင်းစပ်လိုက်ခြင်းသည် လီရို့ရှီနှင့် သူ့အား ပို၍ဝေးကွာသွားစေခဲ့သည်။
ထို့ကြောင့် မူလကိုယ်၏ ပိုင်ရှင်သည် ငယ်ရွယ်စဥ်အချိန်ကပင် သူမကို ဖိနှိပ်နိုင်ရန်အတွက် ရည်မှန်းချက်တစ်ခု ချမှတ်ခဲ့သည်။
ရှုကျိုးသည် အတွေးယာဥ်ကြောထဲတွင် နစ်မြုပ်နေခဲ့ပြီး၊ အနားရှိ ဝမ်ယွဲ့ဟွေကမူ သူက နိုးထခြင်း စမ်းသပ်မှုနှင့် ပတ်သက်၍ စိုးရိမ်နေသည်ဟုသာ ထင်သွားခဲ့သည်။
သူသည် ရှုကျိုး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ဆိုးရွားပြီး၊ သူ့ထံတွင် အောင်မြင်နိုင်ခြေ မရှိဘူးဆိုသည်ကို သိနေခဲ့သည်။
“ ရှုကျိုးရာ၊ စိတ်မပူစမ်းပါနဲ့ “ ဝမ်ယွဲ့ဟွေမှ ပြုံးပြလာခဲ့သည် “ တကယ်လို့ မနိုးထလာဘူးဆိုရင်တောင်မှ ငါရှိပါတယ်ကွာ “
ရှုကျိုးသည် သူ့ကို ကြည့်လိုက်ပြီး၊ သူ၏မျက်နှာပေါ်၌ ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည် “ ဒါဆိုရင်လည်း ကျေးဇူးပဲကွာ “
နိုးထမှု စမ်းသပ်ပွဲကား မစတင်သေးပေ။
သူမှ စွမ်းရည်တစ်ခုကို အောင်မြင်စွာ နှိုးနိုင်မည်လားဆိုသည်ကား မသေချာသေးပေ။
…
အချိန် ကုန်ဆုံးလာခဲ့ပြီး၊ နိုးထမှု စမ်းသပ်ပွဲမှာလည်း တရားဝင် စတင်လာခဲ့ပြီဖြစ်သည်။
“ နာမည်အခေါ်ခံရတဲ့ ကျောင်းသားတွေက ပုံရိပ်ယောင်စက်တွေထဲကို အစဥ်လိုက် ဝင်ကြပါ “
ဆရာတစ်ဦးမှ အော်ပြောလာခဲ့သည်။
ထိုစဥ် ရှုကျိုးမှာလည်း ခန်းမ အလယ်ရှိ အခန်းပုံသဏ္ဍာန်ရှိ စက် ၁၀လုံးကို မြင်တွေ့သွားခဲ့သည်။
၎င်းတို့သည် နိုးထခြင်း စမ်းသပ်ပွဲအတွက် အသုံးပြုသည့် စက်ပစ္စည်းများ ဖြစ်ပြီး၊ ၎င်းတို့အား ပုံရိပ်ယောင်စက်များဟု ခေါ်ဆိုကြသည်။
၎င်းတို့အထဲသို့ ဝင်ရခြင်းသည် တစ်ခြား ကမ္ဘာတစ်ခုထဲသို့ ဝင်သွားရသည်နှင့် တူညီသည်ဟု ပြောလေ့ရှိကြသည်။
၎င်းတို့ကို အသုံးပြုရန်အတွက် အရင်းအမြစ် များများ သုံးစွဲပေးရလေ့ရှိ၏၊ ထို့ကြောင့်ပင် သိုင်းပညာ လမ်းကြောင်းက အပိုစားရိတ်များ လိုအပ်ခြင်း ဖြစ်သည်။
နာမည်အခေါ်ခံရသော ကျောင်းသားဆယ်ဦးသည် တစ်ဦးပြီး တစ်ဦး အထဲသို့ ဝင်သွားကြသည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ အဆိုပါ ကျောင်းသားဆယ်ဦးသည် ပုံရိပ်ယောင်စက်များထဲမှ ထွက်လာကြသည်။
၎င်းတို့၏ ထိပ်ပိုင်းတွင်လည်း စမ်းသပ်မှု ရလဒ်များကို ဖော်ပြထားခဲ့သည်။
ဘီအဆင့် တစ်ဦး၊ စီအဆင့် နှစ်ဦး၊ ဒီအဆင့် နှစ်ဦး၊ အီးအဆင့် လေးဦးနှင့် ကျရှုံးသူတစ်ဦး။
ကျောင်းသား ဆယ်ဦးကြားတွင် တစ်ဦး ကျရှုံးခဲ့သည်။
ဆရာများသည် ကျရှုံးမှုကို လျစ်လျူရှုထားလိုက်ပြီး၊ ဘီအဆင့် စွမ်းရည်နိုးထခဲ့သည့် ကျောင်းသားကိုသာ အာရုံစိုက်နေကြသည်။
“ ဘီအဆင့် စွမ်းရည်၊ မဆိုးပါဘူး “
“ အဲ့တာက ပထမနှစ်ကလေ၊ ဟုတ်တယ်မလား? အောင်မြင်မှု တစ်ခုပဲ “
ခန်းမအလယ်၌ အတန်းတစ်ခုချင်းစီမှ ဆရာများသည် အားကျနေသော လေသံများဖြင့် ချီးကျူးလာကြသည်။
ဘီအဆင့်သည် စွမ်းရည်နိုးထခဲ့သည့် လူများကြားတွင် ထိပ်တန်းအဆင့်အဖြစ် ယူဆနိုင်လေသည်။
အဆိုပါ ဖြစ်ရပ်သည် ရှိနေသော ကျောင်းသားအားလုံးကို မျှော်လင့်ချက်များဖြင့် ပြည့်ဝသွားစေခဲ့သည်။
လူအများစုသည် ကြမ်းတမ်းသော အမှန်တရားကို ပြန်လည် သတိရသွားကြသည်။
အကယ်၍ သူတို့သာ ကျရှုံးသွားခဲ့မည်ဆိုပါက ………..
ဒုတိယ အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ၊ မည်သူကမှ သူတို့ကို ဖြေသိမ့်ပေးမည် မဟုတ်ဘဲ၊ သူတို့သည် စာပေလမ်းကြောင်းဆီသို့သာ ပြန်သွားကြရမည် ဖြစ်သည်။
…
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ပိုများသော ကျောင်းသားများသည် ဘီအဆင့် စွမ်းရည်များကို နှိုးလာနိုင်ခဲ့သည်။
အေအဆင့် စွမ်းရည်နိုးထလာခဲ့သည့် ကျောင်းသားတစ်ဦးပင် ရှိနေခဲ့သောကြောင့် ဆရာအားလုံး အံ့အားသင့်သွားခဲ့ရသည်။
သို့သော် ရှုကျိုး၏ အတန်းဖြစ်သည့် အတန်းရှစ်တွင်ကား ဘီအဆင့် စွမ်းရည် ရှိသည့် လူပင် မရှိဘဲ၊ စီအဆင့် စွမ်းရည်နိုးထခဲ့သည့် လူအနည်းငယ်သာ ရှိနေခဲ့သည်။
“ ဆရာချောင်ရေ၊ ကြည့်ရတာတော့ ခင်ဗျားရဲ့ အတန်းမှာ ထူးချွန်တဲ့ ကျောင်းသား မရှိတော့ဘူးလို့ ထင်တယ်နော်? “
“ တကယ်ပါပဲ၊ ဘီအဆင့်လေးတောင် မရှိဘူး၊ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ !! “
ဆရာများသည် ချောင်ရုံ့ကို စနောက်လာကြသည်။
ချောင်ရုံ၏ အမူအရာကား အနည်းငယ် မကျေမနပ် ဖြစ်နေသည့်ပုံပင်၊ ဒီနှုန်းအတိုင်းသားဆိုရင်တော့၊ ငါ့ရဲ့ အတန်းက အောက်ဆုံးအဆင့်နဲ့ပဲ အဆုံးသတ်ရတော့မယ်ထင်တယ်။
အတန်းတစ်မှ ဆရာတစ်ဦးသည် ရယ်မောလာခဲ့သည် “ ချောင်ကြီးရေ၊ တကယ်လို့ အဲ့တာက အလုပ်မဖြစ်ဘူးဆိုရင်၊ မင်းကို ငါက ဘီအဆင့် စွမ်းရည်ရှိတဲ့ ကျောင်းသားတစ်ယောက် ငှားပေးသင့်လား? “
သူ၏အတန်းတွင် ဘီအဆင့် စွမ်းရည် နိုးထခဲ့သည့် လူသုံးဦးရှိနေပြီဖြစ်ပြီး၊ အေအဆင့် စွမ်းရည် နိုးထခဲ့သည့် လူမှာလည်း အတန်းတစ်မှပင်ဖြစ်သည်။
အတန်းရှစ်ထပ် အတော်လေး သာလွန်နေခဲ့ပြီ ဖြစ်သည်။
၎င်းကို ကြားသိလိုက်ရပြီးသည့်နောက်၌ ချောင်ရုံကား နှာခေါင်း ရှုံ့လာခဲ့သည် “ မင်းက ဘာတွေ ဂုဏ်ယူနေတာလဲ? “
“ မသိရင် မင်းရဲ့ အတန်းမှာ အက််စအဆင့် စွမ်းရည် နိုးထခဲ့တဲ့ လူရှိတာ ကျနေတာပဲ “
လူအုပ်ကြီးကား ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သည်။
အက်စ်အဆင့် စွမ်းရည်ဆိုသည်မှာ မည်မျှရှားပါးလိုက်သနည်း?
ပြည်နယ်မြို့တော်ဖြစ်သည့် ဂျန်မြို့မှာပင် လက်တစ်ဆုပ်စာထပ် ပိုမရှိပေ။
…
အချိန်ကြာလာသည်နှင့်အမျှ ကျောင်းသားအများစုသည် သူတို့၏ စွမ်းရည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။
စမ်းသပ်မှုမလုပ်ရသေးသည့် လူများကမူ ပို၍ စိတ်လှုပ်ရှားလာကြသည်။
“ ရှုကျိုး၊ အခန်းနံပတ် ၅ “
အဆုံးတွင် ဆရာတစ်ဦးသည် ရှုကျိုး၏ အမည်ကို ခေါ်လာခဲ့ပြီ ဖြစ်သည်။
“ နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီလား? “
“ ရှုကျိုး၊ သွားတော့ “ ဟု ချောင်ရုံမှ သူ့အား အနည်းငယ် ခေါင်းငြိမ့်ပြလာခဲ့သည်။
ချောင်ရုံသည် ရှုကျိုး၏ ဖခင်ဖြစ်သူ ရှုတျန်ဟိုင်၏ အသိမိတ်ဆွေဟောင်းတစ်ဦး ဖြစ်သောကြောင့် ရှုကျိုး၏ နိုးထခြင်းနှင့် ပတ်သက်၍ အတော်လေး စိုးရိမ်ပူပန်နေခဲ့သည်။
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်ပြီး၊ မတ်တပ်ထရပ်ကာ ခန်းမအလယ်ရှိ အခန်းဆီသို့ လမ်းလျှောက်သွားတော့သည်။
ပုံရိပ်ယောင် အခန်းဆီသို့ ချဥ်းကပ်လာသည်နှင့်အမျှ ၎င်းက သူတွေးထင်ထားသည်ထပ် ပို၍ များစွာ လက်ရာမြောက်ကြောင်း သူသဘောပေါက်သွားခဲ့သည်။
အခန်း၏ အပြင်ဘက်အပိုင်းသည် ခေတ်မှီသေသပ်သော ဒီဇိုင်းဖြစ်ပြီး၊ မဲပြာရောင် သတ္တု ပုံစံကွက်များဖြင့် ဖုံးအုပ်ထားပြီး၊ အလင်းပြန်နေသောကြောင့် လက်တွေ့နှင့် ပုံရိပ်ယောင်ကြားတွင် ထင်ယောင်ထင်မှား ဖြစ်သွားစေခဲ့သည်။
“ ငါအောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာက နောက်ဆက်ဖြစ်လာမဲ့ အရာပေါ်မှာ မူတည်နေပြီ “
ရှုကျိုးသည် အခန်း၏ ဝင်ပေါက်တွင် ရပ်နေပြီး၊ ထို့နောက်တွင် သူ၏ စိတ်အခြေအနေနှင့် အသက်ရှုသံကို ချိန်ညှိ၍ အထဲသို့ ဝင်သွားတော့သည်။
အခန်း၏ အတွင်းပိုင်းတွင်ကား ကြိုးရာနှင့်ချီပြီး အခန်းနှင့် ချိတ်ဆက်ထားသည့် ခေါင်းဆောင်းတစ်ခု ရှိနေခဲ့သည်။
ရှုကျိုးသည် တွေဝေတုံ့ဆိုင်း မနေဘဲ၊ ၎င်းကို ကောက်ကိုင်၍ သူ၏ဦးခေါင်းပေါ်သို့ တင်ထားလိုက်သည်။
နောက်ထပ် စက္ကန့်အနည်းငယ် အကြာတွင် သူ၏ အသိစိတ်သည် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။
၎င်းကား နိုးထခြင်း စမ်းသပ်မှု၏ အစကနဦးပင် ဖြစ်သည်။