S အဆင့် စွမ်းရည်
Vol. 1 Ch. 4
မျက်လုံးများကို ထပ်ဖွင့်လိုက်သောအခါတွင် သူသည် ပုံရိပ်ယောင် ကမ္ဘာထဲရှိ သူ့ကိုယ်သူ ရှာတွေ့သွားခဲ့သည်။
၎င်းသည် ပုံရိပ်ယောင် ကမ္ဘာသာဖြစ်သော်လည်း အရာအားလုံးသည် အံ့ဖွယ်ကောင်းလောက်အောင် စစ်မှန်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ကျယ်ပြောလှသော မြစ်ကမ်းနံဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။
ညနက်နေခဲ့ပြီ ဖြစ်သည်။
ရုတ်တရက်ပင် ကောင်းကင်ပေါ်ရှိ လသည် သွေးစွန်းသွားသကဲ့သို့ သွေးနီရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ဗြီ !! “
လျှို့ဝှက်ဆနန်းကြယ်သော စွမ်းအင် လှိုင်းလုံးကြီးတစ်ခုသည် ကုန်းမြေအနှံ့သို့ ချက်ချင်းဆိုသလို ပျံ့နှံ့ရောက်ရှိလာခဲ့သည်။
မြေပြင် လှုပ်ခတ်ကာ တောင်တန်းများ ရမ်းခါသွားခဲ့သည်။
ရှုကျိုးရှေ့ရှိ မြစ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး၊ ရေများသည် မီတာရာနှင့်ချီသည်အထိ မြင့်တက်သွားခဲ့သည်။
“ ဒါက လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က ဖြစ်ရပ်ဆိုးကြီးကို ပုံဖော်နေတာလား? “
လျှို့ဝှက်ဆန်းကြယ်သော လှိုင်းလုံးကြီးကို ခံစားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။
စွမ်းအင်များဖြင့် ပြည့်နှက်နေသော ဓာတ်ရောင်ခြည် လှိုင်းလုံးကြီး အောက်၌ ရုတ်တရက်ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်သည် ဖယောင်းကဲ့သို့ ဖြစ်သွားခဲ့ပြီး၊ မျက်နှာမှာလည်း ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။ သူပုံစံကား ပြိုကွဲပျက်စီးလုနီးပါးပင် ဖြစ်နေခဲ့သည်။
ထိုစဥ် စွမ်းအင်အသစ် တစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
၎င်းမှာ စွမ်းရည်နိုးထလာသည့် လက္ခဏာပင် ဖြစ်သည်။
သို့သော် နောက်ထပ် စက္ကန့်အနည်းငယ်အကြာတွင် ရှုကျိုးသည် တောင့်မခံနိုင်တော့ဘဲ၊ သူ၏ အသိစိတ်သည် အတင်းအကြပ် ငြှိမ်းသက်ခံလိုက်ရပြီး၊ ချက်ချင်းဆိုသလိုပင် ပုံရိပ်ယောင် အခန်းဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
…
အခန်းနံပတ် ၅၌ ရှုကျိုးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး၊ ချက်ချင်းဆိုသလိုပင် အမောတကော အသက်ရှုနေတော့သည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် အသိစိတ် ပြိုကွဲသွားခြင်းသာ ဖြစ်သော်လည်း၊ ၎င်းသည် သူ့အား စစ်မှန်သော သေခြင်းတရား၏ အငွေ့အသက်ကို ခံစားသွားစေခဲ့ရသည်။
“ တစ်ချို့အတန်းဖော်တွေ ပြန်ထွက်လာတော့ တစ္ဆေတွေလို မျက်နှာတွေ ဖြူဖျော့နေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ “
ရှုကျိုးသည် တိတ်တိဆိတ် အံ့ဩနေပြီး၊ သူ့ကိုယ်သူ ပြန်ကြည့်နေတော့သည်။
“ ငါစွမ်းရည် နိုးထနိုင်ခဲ့ပြီလေ၊ ဟုတ်တယ်မလား? “
ယခုလေးတင် သူသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ပေါက်လာသော စွမ်းအင်အသစ်တစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အစိတ်အပိုင်းတိုင်းကို အားဖြည့်ပေးနေသည်ကို သတိပြုမိသွားခဲ့သည်။
ဆရာ၏ ပြောစကားများအရ ၎င်းသည် နိုးထခြင်း၏ လက္ခဏာပင် ဖြစ်သည်။
“ အပြင် အရင်ထွက်သင့်တယ်၊ ငါက ဘယ်အဆင့် စွမ်းရည်ကို နိုးထနိုင်ခဲ့ပါလိမ့်? “
မျှော်လင့်ချက်နှင့်အတူ ရှုကျိုးသည် ခေါင်းဆောင်းကို ချွတ်၍ မတ်တပ်ထရပ်ကာ အပြင်ထွက်သွားတော့သည်။
…
ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီ ဖြစ်သည်။
ဆရာနှင့် ကျောင်းသား အားလုံးတို့သည် ခန်းမ၏အလယ်ကိုသာ စူးစူးစိုက်စိုက် ငေးကြည့်နေကြသည်။
အခန်းနံပတ်၅၏ ဖန်သားပြင်ပေါ်၌ ရွှေရောင် စာလုံးတစ်ခုသည် ပြိုးပြိုးပြတ်ပြတ် တောက်ပနေခဲ့သည်။
“ Sအဆင့် စွမ်းရည် !! “
ဆရာတစ်ဦးမှ တအံ့တဩ ပြောဆိုလာခဲ့သည်။
တစ်ခြားသော ဆရာများမှာလည်း အံ့အားသင့်နေသော အမူအရာများဖြင့် အခန်းနံပတ် ၅အား တအံ့တဩ စိုက်ကြည့်နေကြသည်။
ကျောင်းသားတစ်ယောက်က Sအဆင့် စွမ်းရည်ကို တကယ်ကြီး နှိုးနိုင်ခဲ့တာလား?
“ Sအဆင့် စွမ်းရည်၊ အဲ့ကျောင်းသားက ရှုကျိုးလား? “
“ တစ်သောင်းမှာတစ်ခုပဲ ရှိနိုင်တဲ့ Sအဆင့်စွမ်းရည် “
ဆရာများသည် သူတို့၏ တည်ငြိမ်မှုများကို ပြန်လည် ရရှိလာကြသည်နှင့်အမျှ အားလုံးသည် အခန်းနံပတ် ၅ကို အံ့ဩတကြီး ငေးကြည့်နေကြပြီး၊ အခန်းတံခါး ပွင့်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
ကျောင်းသားများကမူ ပို၍ပင် အံ့အားသင့်နေကြသည်။
အတန်းရှစ်ရှိ ဝမ်ယွဲ့ဟွေ၏ မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး၊ သူ၏မျက်နှာတွင်လည်း အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ ဘုရားရေ !! “
“ အဲ့ကောင်က ငယ်ငယ်လေးတည်း ရှူနာရှိုက်ကုန်း ဖြစ်နေတာ မဟုတ်ဘူးလား? “ ဝမ်ယွဲ့ဟွေသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ သူက ငါ့ကို လိမ်ခဲ့တာများလား? “
ထိုစဥ် အတန်းတစ်ရှိ အေအဆင့် စွမ်းရည် နိုးထခဲ့သည့် ကျောင်းသားကား အသက်ရှုနှုန်းများ မြန်ဆန်နေခဲ့သည်။
“ Sအဆင့် စွမ်းရည်၊ ဘယ်လိုလုပ်ပြီးတော့ အဲ့လိုဖြစ်နိုင်မှာလဲ? “
“ အဲ့တာက ဒဏ္ဍာရီလာ စွမ်းရည်လေ၊ လင်းဂျန်မြို့မှာ ပေါ်မလာခဲ့တာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ? “
“ ဘာလို့ အခုမှ ပေါ်လာရတာလဲ? “
“ Sအဆင့် စွမ်းရည်နဲ့ ယှဥ်လိုက်မယ်ဆိုရင်၊ ငါက ဘာကောင်ဖြစ်သွားမှာလဲ? “
ထိုအခိုက်အတန့်တွင် သူ၏ စိတ်ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။
အေအဆင့် စွမ်းရည် ပိုင်ဆိုင်သူတစ်ဦးအနေဖြင့် သူသည် အစတွင် ကျောင်း၏ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်ခဲ့သော်လည်း၊ ယခုတွင်ကား ထိုကဲ့သို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
သူ့ထပ် ပို၍ ကောင်းမွန်၊ သာလွန်သည့် စွမ်းရည်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် သူ့ထံ၌ မည်သည့်နာကျည်းချက်မှ မရှိပေ။
အဘယ့်ကြောင့်ဆိုသော် Sအဆင့် စွမ်းရည် ပိုင်ဆိုင်သည့် လူတိုင်းသည် ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့် ဖြစ်သည်။
“ ကျွီ “
ထိုစဥ် အခန်းနံပတ် ၅၏ တံခါး ပွင့်ဟလာခဲ့သည်။
ရှုကျိုးသည် ပုံရိပ်ယောင် အခန်းထဲမှ ထွက်လာခဲ့ပြီး၊ အားလုံး၏ မှင်သက်နေသော အကြည့်များကို မြင်တွေ့လိုက်ရသောကြောင့် သူသည် အနည်းငယ် အံ့ဩသွားပြီး၊ ဖန်သားပြင်ကို အလောတကြီး ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူကိုယ်တိုင်ပင် ကြောင်အသွားခဲ့သည်။
ငါက Sအဆင့် စွမ်းရည် နိုးထခဲ့တာလား?
ရှုကျိုး ရုန်းမထွက်နိုင်ခင်မှာပင် အတန်းပိုင်ဆရာ ချောင်ရုံသည် ချောင်းဟန့်၍ ကျယ်လောင်သော အသံဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဘာလို့ အဲ့မှာ ရပ်နေရသေးတာလဲ၊ Sအဆင့် စွမ်းရည်လေးပဲ နိုးထခဲ့တာ မဟုတ်ဘူးလား? “
“ မြန်မြန်လုပ်၊ အဖွဲ့ထဲကို ပြန်ဝင်လာခဲ့ “
ထိုအချိန်၌ ချောင်ရုံသည် စိတ်ဓာတ်များ တက်ကြွနေခဲ့ပြီး၊ အမြဲလိုလို တင်းမာနေတတ်သည့် သူ၏ အမူအရာကပင် သိသိသာသာ နူးညံ့ပျော့ပြောင်းနေခဲ့ပြီ ဖြစ်သည်။
သူသည် တစ်ခြားအတန်းမှ ဆရာများကို မထီမဲ့မြင်စွာဖြင့် စိုက်ကြည့်လိုက်သည်။
အတန်းရှစ်မှာ ပါရမီရှင် မရှိဘူးလို့ မင်းတို့တွေဘဲ ပြောခဲ့ကြတာ မဟုတ်ဘူးလား?
မင်းတို့ရဲ့ မျက်လုံးတွေကိုကျယ်ကျယ်ဖွင့်ပြီး အဲ့တာက ဘာကြီးလဲဆိုတာကို ကြည့်လိုက်ကြ။
တစ်ခြားအတန်းမှ ဆရာအားလုံး၏ မျက်နှာများ ရှံ့တွသွားခဲ့သည်၊ ချီးပဲ၊ ချောင်ကြီးရဲ့ ကံတရားက အဲ့လောက်တောင် ကောင်းနေတာလားဟ?
“ ရှုကျိုး၊ မဆိုးပါဘူး၊ တျန်ဟိုင်ရဲ့ သားဖြစ်ထိုက်ပါပေတယ် “ ဟု ချောင်ရုံမှ ချီးကျူးလာခဲ့သည်။
ဆရာအားလုံးသည် ရှုကျိုးထံ၌ ထူးချွန်သော အစ်မတစ်ဦးရှိသည်ဆိုသည်ကို သိထားကြသည်။
ယခုတွင်ကား ရှုမိသားစုသည် Sအဆင့် စွမ်းရည်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီဖြစ်ပြီး၊ ၎င်းသည် တကယ်ပင် အောင်ပွဲခံရမည့် အရေးကိစ္စတစ်ခု ဖြစ်သည်။
ရှုကျိုးသည် ဖော်ရွေသော အပြုံးဖြင့်သာ ပြုံးနေခဲ့ပြီး၊ မည်သည့်အရာကိုမှ မပြောလာခဲ့ပေ၊ လူအုပ်ထဲသို့ ဝင်သွားတော့မည့် အချိန်၌ ချောင်ရုံသည် သူ၏ပခုံးကို ပုတ်လာခဲ့သည်။
“ မင်းက လူတန်းရဲ့ အရှေ့မှာ ရပ်ရမှာ “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ အတန်းရှစ်၏ အရှေ့သို့ ခြေချလိုက်သည်။
သူသည် ဆရာ၏ ရည်ရွယ်ချက်ကို နားလည်နေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သူသည် အတန်းရှစ်၏ အဓိက ဇာတ်ဆောင် ဖြစ်နေပြီဖြစ်သောကြောင့် ဖြစ်သည်။
သူသာရှိပါက အတန်းရှစ်အား မည်သူက အထင်သေးရဲကြတော့မည်နည်း?
အတန်းရှစ်ရှိ လူအားလုံးသည် ဂုဏ်ယူဝင့်ကြွားနေသော အမူအရာများဖြင့် သူတို့၏ ခေါင်းများကို မော့ထားကြသည်။
ရှုကျိုးကမူ အတန်းရှစ်၏ ထိပ်ဆုံးတွင် မတ်တပ်ရပ်၍ စိတ်ခံစားချက်များ လှိုက်တက်လာခဲ့သည်။
“ ငါက Sအဆင့် စွမ်းရည်ကို တကယ်ကြီး နိုးထနိုင်ခဲ့တာပေါ့ “ ရှုကျိုးသည် အဆိုပါ စွမ်းရည်၏ တန်ဖိုးကို ကောင်းစွာ သိနေသောကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့သည်။
ကျန်ကျိုး တစ်ခုလုံးတွင် တစ်ရာထပ် လျော့နည်းသော ကျောင်းသားများကသာလျှင် Sအဆင့် စွမ်းရည် နိုးထခဲ့ကြသည်။
ကျန်ကျိုးကား လူဦးရေ ဆယ်ဘီလီယံရှိသည့် ကြီးမားသော ပြည်နယ်ကြီးတစ်ခုဖြစ်သည်။
ဆယ်ဘီလီယံထဲမှ လူတစ်ရာ
ထိုလူများသည် ပါရမီရှင်များကြားထဲမှ ပါရမီရှင်များဖြစ်ပြီး၊ သူတို့အား တစ်သန်းတွင် တစ်ယောက်သာ ရှိနိုင်သည့် လူများဟု ပြောမည်ဆိုလျှင်တောင်မှ ၎င်းသည် ချဲ့ကားပြောဆိုရာကျမည် မဟုတ်ပေ။
…
နိုးထခြင်းစမ်းသပ်ပွဲအား ဆက်လက် ကျင်းပနေခဲ့သည်။
မကြာခင်မှာပင် တန်းရှစ်မှ ပါရမီရှင် နောက်တစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ဝမ်ယွဲ့ဟွေသည် အေအဆင့် စွမ်းရည် နိုးထခဲ့သည်။
ဂျန်မြို့တော်မှာပင် အေအဆင့် စွမ်းရည်အား တန်ဖိုးထားရပြီး ထိုစွမ်းရည် ပိုင်ဆိုင်သည့် လူများကို ပါရမီရှင်များအဖြစ် သတ်မှတ်ထားကြသည်။
သို့သော် ရှုကျိုးနှင့် ယှဥ်လိုက်မည်ဆိုပါက သူသည် အနည်းငယ် လွှမ်းမိုးခံထားရသည်။
ချောင်ရုံသည် ဝမ်ယွဲ့ဟွေအား အတန်းရှစ်ကို အတူတကွ ကိုယ်စားပြုရန်အတွက် ရှုကျိုး၏ နံဘေးတွင် ရပ်ခိုင်းလိုက်သည်။
တစ်ခြားသော အတန်းများမှ ဆရာများကမူ မနာလို အားကျမှုဖြင့် ငေးကြည့်နေကြသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် အတန်းရှစ်သည် ပါရမီရှင်နှစ်ဦးသာလျှင် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး၊ ကျန်ရှိနေသော လူများထဲတွင် ဘီအဆင့် စွမ်းရည်ပင် မပေါ်ပေါက်ခဲ့ဘဲ၊ စီအဆင့် စွမ်းရည်ရှိသည့် လူအနည်းငယ်သာလျှင် ပေါ်လာခဲ့သည်။
…
တစ်နာရီ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ နိုးထခြင်း စမ်းသပ်ပွဲကား ပြီးပြည့်စုံစွာ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။
ကျောင်း၏ ခေါင်းဆောင်များသည် စင်ပေါ်တွင် ရပ်၍ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ အခုဆိုရင် နိုးထခြင်းစမ်းသပ်ပွဲ ပြီးသွားပါပြီ၊ အတန်းတိုင်းက စနစ်တကျ ထွက်ခွာပေးကြပါ “
“ ဒါနဲ့ ပထမနှစ် အတန်းရှစ်က ရှုကျိုးကတော့ ကျေးဇူးပြုပြီးတော့ ဒီမှာပဲ နေခဲ့ပေးပါ “
ထွက်ခွာရန် ပြင်ဆင်နေသော ရှုကျိုးသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ခေါင်းငြိမ့်ပြကာ ထောင့်တစ်နေရာသို့ သွား၍ စောင့်ဆိုင်းနေတော့သည်။
မကြာခင်မှာပင် ကျောင်းသားအားလုံး ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ကျယ်ဝန်းလှသော ခန်းမကြီးထဲတွင် ရှုကျိုးနှင့် ဆရာတစ်ချို့သာလျှင် ကျန်ရှိနေတော့သည်။
အဆိုပါ ဆရာတစ်ဦးချင်းစီတိုင်းသည် ရှုကျိုးအား စူးစူးစိုက်စိုက် စိုက်ကြည့်နေကြပြီး၊ သူတို့၏မျက်လုံးများသည် မီးစိမ်းများဖြင့် တောက်ပနေသည့်ပုံပင် ဖြစ်နေခဲ့သည်။
ဆရာတစ်ဦးမှ ပြုံးပြ၍ ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ ငါတို့က မင်း ဘယ်လိုစွမ်းရည်မျိုးကို နှိုးနိုင်ခဲ့လဲဆိုတာကို သိချင်နေလို့ပါ “
Sအဆင့်၊ အေအဆင့်၊ ဘီအဆင့် …. စသည်ဖြင့် အဆင့်များ ခွဲခြားထားခဲ့သော်လည်း၊ Sအဆင့် စွမ်းရည်မှာပင် အမျိုးအစားများစွာ ရှိနေခဲ့သည်။
တိတိကျကျ ပြောရမည်ဆိုပါက ၎င်းက မည်သည့် စွမ်းရည်အမျိုးအစားဖြစ်လဲ ဆိုသည်နှင့် ၎င်းက ကျင့်ကြံရေးဆီသို့ မည်ကဲ့သို့သော အကျိုးအမြတ်များ ယူဆောင်ပေးလာမလဲဆိုသည်အား နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။
ရှုကျိုးကား ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်သည်၊ သူသည်လည်း သူ၏ စွမ်းရည်က မည်သည့်အရာဖြစ်မလဲဆိုသည်ကို အလွန်သိချင်နေခဲ့သည်။
လေ့ကျင့်ပြီးသည့်နောက်မှသာလျှင် ၎င်းကို သိရမည် ဖြစ်သည်။
ပုံမှန်အားဖြင့် သူသည် အမြဲလိုလို အားနည်း၊ ဖျားနာလေ့ရှိပြီး၊ ၎င်းသည် သူ့အား မည်သည့်စွမ်းရည်မှ မနိုးထနိုင်အောင် တားဆီးနေခဲ့သည်။
သို့သော် ယခုတွင်ကား သူသည် စွမ်းရည်နိုးထခဲ့ရုံတင်မဟုတ်ဘဲ၊ ရှားပါးလွန်းလှသော Sအဆင့် စွမ်းရည်ကိုပါ ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
ရှုကျိုးကိုယ်တိုင်ကပင် စိတ်ရှုပ်ထွေးနေခဲ့သည်။
ချောင်ရုံသည် သူ၏ပခုံးကို ပုတ်လာခဲ့သည် “ ကျောင်းအုပ်ကြီး လာမဲ့အချိန်ကို စောင့်ကြတာပေါ့၊ သူက မင်းကို တပည့်အဖြစ် ခေါ်သွားနိုင်တယ် “
ရှုကျိုးကား အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊ ကျောင်းအုပ်ကြီးက တပည့်ခေါ်တာလားဟ?
ထို့နောက်တွင် သူ၏ စိတ်ထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် ခန်းမထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
“ Sအဆင့် စွမ်းရည်လား? ဘယ်မှာလဲ? ကြည့်ရအောင် “