← Chapters

နဂါးတစ်ကောင် ဖြစ်လာခြင်း

Vol. 1 Ch. 5

နဂါးတစ်ကောင် ဖြစ်လာခြင်း

Vol. 1 Ch. 5

အနက်ဝတ် အဖိုးအိုသည် အလောတကြီး လမ်းလျှောက်လာခဲ့သည်။

ဆရာတစ်ဦးသည် ရှုကျိုးကို ညွှန်ပြ၍ ပြောလာခဲ့သည် “ သူပါ၊ ဆရာချောင်ရဲ့ အတန်းက ရှုကျိုးလို့ခေါ်တဲ့ ကျောင်းသားပါ “

ကျောင်းအုပ်ကြီး၏ အကြည့်သည် ရှုကျိုးဆီသို့ ရုတ်တရက် ရောက်ရှိသွားခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများသည် ရတနာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ တောက်ပသွားခဲ့သည်။

တစ်ခဏခန့် ကြာပြီးသည့်နောက်၌ သူသည် သူ၏ မုတ်ဆိတ်ကို ပွတ်၍ ဟက်ဟက်ပက်ပက် ရယ်မောလာခဲ့သည် “ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ လင်းဂျန်မြို့မှာ Sအဆင့် စွမ်းရည် မတွေ့ရတာ ဆယ်စုနှစ်တော်တော်တောင် ကြာနေခဲ့ပြီ “

“ အဲ့တာက ငါတို့ကျောင်းမှာ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ? “

ကျောင်းအုပ်ကြီးသည် ချောင်ရုံကို တစ်ချက်ကြည့်ကာ သက်ပြင်းချနေတော့သည် “ ချောင်ရုံ၊ လူငယ်လေး၊ မင်းက တကယ်ကြီးကို ကံကောင်းနေတာပဲ “

ချောင်ရုံသည် ခေါင်းခါ၍ ပြုံးနေခဲ့ပြီး၊ ကူရာကယ်ရာမဲ့စွာ ပြောလာတော့သည် “ ကျောင်းအုပ်ကြီး၊ ကျွန်တော့်ကို မစပါနဲ့ဗျာ “

“ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်ကျောင်းသားဆီမှာ ဘယ်လို စွမ်းရည်မျိုးရှိလဲဆိုတာကို အရင် စစ်ဆေးပေးပါ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ရှုကျိုးကို လှည့်ကြည့်လာခဲ့သည်။

“ ရှုကျိုး၊ ငါ့ကို ကြည့်ခွင့်ပေးပါဦး “ ကျောင်းအုပ်ကြီးသည် သူ၏မုတ်ဆိတ်ကို ဆွဲနေရင်းဖြင့် ပြောလာခဲ့သည် “ မင်းဆီမှာ ဘယ်လိုစွမ်းရည်မျိုး ရှိနေလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ “

“ ဟုတ်ကဲ့ပါ “

ရှုကျိုးသည် ခေါင်းငြိမ့်ပြ၍ သူ၏ညာလက်ကို ချက်ချင်း ဆန့်ထုတ်ပေးလိုက်သည်။

ကျောင်းအုပ်ကြီးသည်လည်း လက်ဆန့်လာခဲ့ပြီး၊ ရှုကျိုး၏ နဖူးကိုထိလာတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

သို့သော် နောက်ထပ်စက္ကန့် အနည်းငယ်အကြာတွင် သူသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် ချောင်ရုံအပါအဝင် ဆရာအားလုံးသည် သိလိုစိတ်များ ဖြစ်သွားကြသည်။

ကျောင်းအုပ်ကြီးက ဘာတွေ့သွားတာလဲ?

တစ်ချိန်တည်းမှာပင် ရှုကျိုးထံတွင်လည်း သိလိုစိတ်များ ပြည့်နှက်နေခဲ့သည်။

သူသည် သူ၏ မရီဒန်များထဲတွင် စက်ဝိုင်းပုံသဏ္ဍာန်ကဲ့သို့ လှည့်ပတ် စီးဆင်းနေသည့် စွမ်းအင်တစ်ခုကို ခံစားမိနေခဲ့သည်။

ကျောင်းအုပ်ကြီးက ဘာတွေ့သွားတာလဲ?

တစ်ခဏခန့် ကြာပြီးသည့်နောက်၌ ကျောင်းအုပ်ကြီးသည် သူ၏လက်ကို ရုတ်လိုက်သည်၊ သို့သော် သူ၏အမူအရာကား အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး၊ တစ်ခါတစ်ရံတွင် ဝမ်းသာကျေနပ်နေပြီး၊ တစ်ခါတစ်ရံတွင် မျက်မှောင်ကြုတ်သွားခဲ့သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ချောင်ရုံသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ ပြောပြပါဦး၊ ဘာစွမ်းရည် အမျိုးအစားလဲဗျ? “

ဆရာများသာလျှင် မဟုတ်ဘဲ၊ ထွက်မသွားဘဲ ခန်းမတံခါးပေါက်တွင် ပုန်း၍ ကျန်နေခဲ့သည့် ကျောင်းသားတစ်ချို့ကပင် ဤနေရာသို့ စူးစူးစိုက်စိုက် ကြည့်နေကြပြီး၊ နားများ စွင့်ထားကြသည်။

မထင်မှတ်ထားစွာဖြင့် နောက်ထပ် စက္ကန့် အနည်းငယ်အကြာတွင် ကျောင်းအုပ်ကြီးသည် သူ၏လက်ကို ရုတ်တရက် ဝေ့ယမ်းလိုက်ရာ လေပြင်းတစ်ခု ဖြစ်ပေါ်လာတော့၏။

“ အတန်းထဲ ပြန်သွားကြ၊ ခိုးနားထောင်ခွင့် မရှိဘူး “

ကျောင်းအုပ်ကြီး၏ အသံသည် ဟိန်းထွက်လာခဲ့ပြီး၊ အဆိုပါ ကျောင်းသားအားလုံးကို မောင်းထုတ်လိုက်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ချောင်ရုံနှင့် တစ်ခြားဆရာများသည် အနည်းငယ် အံ့ဩသွားကြသည်။

ထို့နောက်တွင် သူတို့အားလုံး၏ အမူအရာများသည် တလေးတနက် ဖြစ်လာကြသည်။

ကျောင်းအုပ်ကြီးသည် ကျောင်းသားများ ခိုးနားထောင်နေခြင်းကို တားမြစ်လိုက်သည့် ပုံပေါ်နေသော်လည်း၊ အဆိုပါ လှုပ်ရှားမှုသည် နက်နဲသော ဆိုလိုရင်းတစ်ခုကို အရိပ်အမြွက် ပြလိုက်ခြင်း ဖြစ်သည်။

၎င်းသည် ရှုကျိုးနိုးထခဲ့သော စွမ်းရည်က အလွန်အမင်း အရေးကြီးပြီး၊ တစ်ခြားလူများ မကြားသင့်ဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ရှုကျိုးသည်လည်း ၎င်းကို သဘောပေါက်သွားခဲ့သည်။

သူသည် ကျောင်းအုပ်ကြီးအား နီးနီးကပ်ကပ် ငေးကြည့်နေတော့သည်။

ဘယ်လို စွမ်းရည်မျိုးမို့လို့ ဒီလောက်တောင် လျှို့လျှို့ဝှက်ဝှက် လုပ်နေရတာလဲ?

နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ကျောင်းအုပ်ကြီးသည် ဖြည်းညှင်းစွာ စကားပြောလာခဲ့သည် “ တကယ်လို့ ငါသာ မှန်နေမယ်ဆိုရင်၊ အဲ့တာက တော်တော်ကြီးကို ရှားတဲ့ Sအဆင့် စွမ်းရည်ပဲ၊ တော်တော်လေးကို ရှေးကျတယ် “

“ တစ်ချို့ Sအဆင့် စွမ်းရည်တွေကြားမှာတောင်မှ အဲ့တာက အစွမ်းထက်ဆုံး အမျိုးအစားပဲ “

အဆိုပါစကားလုံးများသည် ဆရာများ၏ အသက်ရှုသံများကို ရပ်တန့်သွားစေခဲ့သည်။

ထို့နောက်တွင် သူတို့အားလုံးသည် လေးလေးပင်ပင် အသက်ရှူသွင်း၍ ရှုကျိုးကို တစ်ပြိုင်နက် ကြည့်လာကြသည်။

“ အစွမ်းဆုံး စွမ်းရည်လား? “

“ ဒါဆိုရင် ရှုကျိုးရဲ့ စွမ်းရည်က Sအဆင့် စွမ်းရည်တွေကြားထဲမှာတောင်မှ ထိပ်တန်းအဆင့်မှာ ရှိနေတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား? “

“ ဆရာချောင်က ဒီလို ထူးချွန်တဲ့ ကျောင်းသားမျိုးကို ရှာတွေ့ခဲ့တာ တကယ်ကြီးကို ကံကောင်းတာပဲဗျို့ “

ကျန်ရှိနေသော ဆရာများသည် မနာလို၊ အားကျမှုများ ဖြစ်သွားကြသည်။

ထိုစဥ် ချောင်ရုံသည် သူ၏ ဘဝင်ခိုက်နေသော အမူအရာကို ထိန်းသိမ်းရန် ကြိုးပမ်းနေခဲ့သည်။

သူသည် တည်ငြိမ်စွာ ပြောလာခဲ့သည် “ ကောင်းပြီ၊ ကောင်းပြီ၊ ရှုကျိုးရဲ့ စွမ်းရည်က အားကောင်းတယ်ဆိုတာကို ငါသိပါတယ် “

“ မြန်မြန်လေး ပြောပြပါဦး၊ အဲ့တာက ဘာအမျိုးအစားလဲ? “

သို့ရာတွင် ကျောင်းအုပ်ကြီးသည် ရုတ်တရက် ချောင်းဟန့်ပြီး၊ ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက အတန်းထဲကို အရင်ပြန်သွားလိုက်ပါ “

ရှုကျိုး : ??

ငါတောင် နားထောင်လို့ မရဘူးလားဟ?

ငါသိလို့မရတဲ့ လျှို့ဝှက်ချက်တစ်ချို့ ပါနေတာများလား?

ရှုကျိုးသည် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ကျောင်းအုပ်ကြီး၊ ကျွန်တော်ရော နားထောင်လို့ မရဘူးလားဗျ? “

ကျောင်းအုပ်ကြီးသည် အေးဆေးတည်ငြိမ်စွာ ပြောလာခဲ့သည် “ တကယ်လို့ မင်းဆီမှာ မေးခွန်းတွေ ရှိတယ်ဆိုရင် နောက်မှ ချောင်ရုံကို မေးလို့ရတယ် “

“ ကောင်းပါပြီ “

ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

နောက်ကျရင် ဆရာချောင်က ငါ့ကို သေချာပေါက် ပြောပြမှာပါကွာ။

…

ရှုကျိုးထွက်သွားပြီးသည့်နောက်၌

ခန်းမထဲတွင် ချောင်ရုံသည် သက်မကြီး ချ၍ ပြောလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ ရှုကျိုး နိုးထခဲ့တဲ့ စွမ်းရည်က တကယ်ပဲ ဘယ်လိုအမျိုးအစားလဲဗျ? “

ကျောင်းအုပ်ကြီးမှ ရှုကျိုးကို ထွက်သွားခိုင်းခဲ့သည့် အခိုက်အတန့်တွင် သူသည် တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို ခံစားမိနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် နောက်ဆက်တွဲ စကားလုံးများသည် ရှုကျိုးအတွက် အဆင်မပြေနိုင်သောကြောင့် ဖြစ်သည်။

ကျောင်းအုပ်ကြီးသည် သူ့အား တစ်ချက်ကြည့်၍ ပြောလာခဲ့သည် “ ရှုကျိုး နိုးထခဲ့တဲ့ စွမ်းရည်က နဂါးအသွင်ပြောင်းခြင်း ဖြစ်သင့်တယ် “

“ နဂါးအသွင်ပြောင်းခြင်းလား? “

၎င်းကို ကြားလိုက်ရသောအခါတွင် ဆရာများသည် တစ်ဦးနှင့် တစ်ဦး ကြည့်လိုက်ကြပြီး၊ စိတ်ရှုပ်ထွေးသွားကြသည်။

အသက်အရွယ် ကြီးရင့်သော ဆရာအနည်းငယ်ကသာလျှင် မျက်မှောင်များ ကြုတ်နေပြီး၊ တလေးတနက် ဖြစ်နေကြသည်။

ကျောင်းအုပ်ကြီးမှ ဆက်လက်၍ ပြောကြားလာခဲ့သည် “ တကယ်တော့ အဲ့တာက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာစွမ်းရည် အမျိုးအစားပဲ “

“ သူ့ရဲ့ နာမည်အတိုင်းပဲ၊ နဂါးအသွင်ပြောင်းခြင်း စွမ်းရည် နိုးထပြီးတဲ့နောက်မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ နဂါးဆန်လာပြီး၊ နဂါးမျိုးနွယ်အဖြစ် အသွင်းပြောင်းသွားမှာ၊ အဲ့တာက နဂါးမျိုးနွယ်စုရဲ့ အစွမ်းထက်တဲ့ ခွန်အားနဲ့ အသက်ဓာတ်ကို ပိုင်ဆိုင်ထားတယ် “

“ နဂါးမျိုးနွယ်စုဆိုတာက ဒဏ္ဍာရီထဲက အစွမ်းအထက်ဆုံး မျိုးနွယ်စုတွေထဲက တစ်ခုဆိုတာကို မင်းတို့အားလုံးသိကြပါတယ်။ သူတို့က သူတို့ရဲ့ နတ်ခန္ဓာတွေကြောင့် ကျော်ကြားတယ် “

“ အဲ့တာကြောင့် နဂါးအသွင်ခြင်းစွမ်းရည် နိုးထပြီးတဲ့နောက်မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က နယ်ပယ်တူတွေထဲမှာ အသန်မာဆုံး ဖြစ်သွားလိမ့်မယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် အားလုံးသည် တအံ့တဩဖြစ်သွားကြသည်။

ခန္ဓာကိုယ်က နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားမှာလား?

အဲ့လို ထူးခြားလွန်းတဲ့ စွမ်းရည်က တကယ်ကြီး ရှိနေတာလား?

သို့ရာတွင် ချောင်ရုံ၏ အမူအရာသည် အနည်းငယ် လေးလံနေလျက်ရှိပြီး၊ တစ်စုံတစ်ခုကို မှတ်မိသွားခဲ့သည့်ပုံပင်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကျောင်းအုပ်ကြီးက ထပ်မံ၍ ပြောကြားလာခဲ့သည် “ ဒါပင်မဲ့ ပုံမှန်ဆိုရင် အဲ့ဒီစွမ်းရည်က မွန်းစတားတွေကြားမှာပဲ နိုးထတတ်တာ၊ သားရဲ မျိုးနွယ်စုတွေကြားထဲမှာတော့ အဲ့တာက ထိပ်တန်းစွမ်းရည်တစ်ခုပဲ “

“ ဒါပင်မဲ့ တကယ်လို့ အဲ့တာကသာ လူသားတွေဆီမှာ နိုးထလာခဲ့မယ်ဆိုရင်တော့၊ အဲ့တာက ကောင်းတဲ့အရာ မဟုတ်ဘူး “

ဆရာတစ်ဦးသည် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလာခဲ့သည် “ ဘာလို့ အဲ့ဒီလို ပြောရတာလဲဗျ? “

ကျောင်းအုပ်ကြီးသည် ခေါင်းခါနေတော့သည် “ နဂါးအသွင်ပြောင်းခြင်းဆိုတာက ခန္ဓာကိုယ်က နဂါးအဖြစ် ပြောင်းသွားမှာကို ဆိုလိုတာလေ၊ ဒါပင်မဲ့ လူသားတွေက ဘယ်လိုလုပ်ပြီးတော့ နဂါးဖြစ်နိုင်မှာလဲ? အဲ့တာက မဖြစ်နိုင်ဘူး “

“ အဲ့တာက အကြောင်းအရင်းတစ်ခုပဲ “

“ ဒုတိယတစ်ခုကတော့ နဂါးအသွင်ပြောင်းခြင်းစွမ်းရည်က အရင်းအမြစ် အများကြီး လိုတယ်၊ သာမန်လူတစ်ယောက်ထပ် အဆပေါင်းသန်းနဲ့ချီတဲ့ အရင်းအမြစ်တွေ လိုအပ်တယ် “

“ နယ်ပယ်ချိုးဖျက်ခြင်းကလည်း တော်တော်ကြီးကို ခက်တယ် “

“ တကယ်လို့ မွန်းစတားတစ်ကောင်သာ ဖြစ်နေမယ်ဆိုရင်တော့၊ နယ်ပယ်ချိုးဖျက်နိုင်ဖို့အတွက် တစ်ခြားမွန်းစတားတွေကို တိုက်ရိုက်ဝါးမြိုလိုက်လို့ရတယ်၊ ဒါပင်မဲ့ လူသားတွေကတော့ အဲ့လိုမလုပ်နိုင်ဘူး “

“ လူသားတွေရဲ့ စုပ်ယူနိုင်စွမ်းက မွန်းစတားတွေလောက် အားမကောင်းဘူး၊ အဲ့တာကြောင့် ထိရောက်မှုရှိဖို့အတွက် အဆီအနှစ်အဖြစ် စုစည်းထားရမယ် “

“ တကယ်လို့ အရင်းအမြစ်တွေပဲ သုံးစွဲရမယ်ဆိုရင်တော့ အဲ့တာက ပြဿနာ မရှိဘူး၊ ဒါပင်မဲ့ …… အဲ့တာက သန်းနဲ့ချီတဲ့ အရင်းအမြစ်တွေကို သုံးမယ်ဆိုရင်တောင်မှ မွန်းစတားမျိုးနွယ်စုက စွမ်းရည်ရဲ့ အလားအလာက သိပ်မကောင်းဘူး “

“ မွန်းစတားမျိုးနွယ်စုရဲ့ စွမ်းရည်တွေ နိုးထခဲ့တဲ့ လူတစ်ချို့ရှိတယ်၊ သူတို့ကို ဘီလီယံနဲ့ချီတဲ့ အရင်းအမြစ်တွေ သုံးပေးခဲ့တဲ့ ရှားပါးဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်။ ဒါပင်မဲ့ သူတို့က ပထမအဆင့်မှာပဲ ပိတ်မိနေကြပြီး၊ ဒုတိယအဆင့်ဆီကိုတောင် မချိုးဖျက်နိုင်ကြဘူး “

အဆုံးတွင် ကျောင်းအုပ်ကြီးသည် နောင်တတကြီးဖြင့် ခေါင်းခါနေတော့သည်။

ဤနေရာသို့ ရောက်မလာခဲ့ခင်အချိန်က သူသည် တပည့်မွေးမည်ဟုပင် စဥ်းစားခဲ့လေသည်။

၎င်းကား လင်းဂျန်မြို့၌ ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ပေါ်လာတတ်သည့် Sအဆင့် စွမ်းရည်ဖြစ်သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် ၎င်းသည် လူသားတို့အတွက် မသင့်တော်သော သားရဲမျိုးနွယ်စုစွမ်းရည် တစ်ခုဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် တပည့်မွေးမည့်အကြောင်းကို စကားပင် မဟခဲ့ချေ။

( မွန်းစတားမျိုးနွယ်၊ သားရဲမျိုးနွယ်က အတူတူပါပဲ၊ သူ့မူရင်းဟာကိုက တစ်ခုတည်းကို တစ်သမတည်းမသုံးထားတာပါ၊ အဲ့တာကြောင့် ကျွန်တော်လည်း အလျင်းသင့်သလို အဲ့နှစ်ခုလုံးကို သုံးပါမယ် )

ကျောင်းအုပ်ကြီးသည် ထိုကဲ့သို့သော စွမ်းရည်က လူသားတစ်ဦးထံတွင် မည်သည့်အတွက်ကြောင့် နိုးထလာခဲ့ရလဲဆိုသည်ကို ဝေခွဲမရ ဖြစ်နေခဲ့သည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့သော စွမ်းရည်သည် မွန်းစတားများထံတွင် ပေါ်လာတတ်သော အရာဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ဆရာများမှာလည်း နားလည်သွားကြပြီး၊ တစ်ဦးပြီးတစ်ဦး သက်ပြင်းများ ချနေကြတော့သည်။

အဆုံးတွင် ကျောင်းအုပ်ကြီးသည် ရှုကျိုးအား မည်သည့်အတွက်ကြောင့် ထွက်သွားခိုင်းရလဲဆိုသည်ကို သူတို့အားလုံး နားလည်သွားကြသည်။

ကျောင်းအုပ်ကြီးသည် ရှုကျိုးအား စိတ်ဒဏ်ရာ မရသွားစေရန် ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချောင်ရုံမှ အေးဆေးတည်ငြိမ်စွာ မေးမြန်းလာခဲ့သည် “ ဒါက ကျင့်ကြံရေး အရင်းအမြစ် ပြဿနာလေးပဲမလား? “

“ တကယ်လို့ မလောက်ဘူးဆိုရင် ငွေသုံးပြီး ဝယ်မယ်။ ငွေနဲ့ရှင်းလို့ရမယ်ဆိုရင် အဲ့တာတွေက ပြဿနာဟုတ်ပါတော့မလား? “

ထိုစကားကို ပြောလာခဲ့ပြီးသည့်နောက်၌ သူလှည့်ထွက်သွားတော့သည်။

သူအနည်းငယ် မပျော်မရွှင် ဖြစ်နေသည်ဆိုသည်မှာ သိသာလှပေသည်။

ဆရာတစ်ဦးသည် သူ၏နောက်ကျောကို ကြည့်နေရင်းဖြင့် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည် “ ဆရာချောင်က နားမလည်သေးဘူးပဲ၊ ငွေသုံးမယ်ဆိုရင်တောင်မှ သားရဲမျိုးနွယ်စုရဲ့ စွမ်းရည်ကို ကျင့်ကြံဖို့ခက်တယ် “

“ မဟုတ်ဘူး၊ ချောင်ရုံက နားလည်တယ် “

ကျောင်းအုပ်ကြီးသည် ခေါင်းကို အနည်းငယ် ခါရမ်းလိုက်သည် “ သူက လက်မခံနိုင် ဖြစ်နေတာ “

တစ်ခြားသော ဆရာများသည် အနည်းငယ် အံ့ဩသွားပြီး၊ သက်ပြင်းများ ချနေကြကာ နောင်တအပြည့်ဖြင့် ခေါင်းတခါခါ ဖြစ်သွားကြသည်။

ဆရာတစ်ဦးမှ ရေရွတ်ပြောဆိုလာခဲ့သည် “ အဲ့ဒီ စွမ်းရည်က ရှုကျိုးအတွက် ကောင်းတဲ့အရာ မဟုတ်ဘူးလေ၊ ချောင်ရုံက သူ့ကို ပြောပြမှာလား? “

ထိုစကားကြောင့် တစ်ခြားဆရာများသည် သိလိုစိတ်များ ပြသလာကြသည်။

အကယ်၍ ရှုကျိုးသာ ထိုအကြောင်းကို သိသွားမည်ဆိုပါက မိုးပြိုကျသကဲ့သို့ပင် ဖြစ်သွားနိုင်လေသည်။

ထိပ်တန်းအဆင့် Sအဆင့် စွမ်းရည်ဖြစ်နေရာမှ ရုတ်တရက်ဆိုသလိုပင် ကျင့်ကြံရခက်သည့် သားရဲမျိုးနွယ်စု၏ စွမ်းရည် ဖြစ်သွားခဲ့သည်။

ထိုကဲ့သို့သော ရိုက်ချက်သည် မည်သူမဆို တောင့်ခံနိုင်သော အရာမဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ကျောင်းအုပ်ကြီးအပါအဝင် ကျန်ရှိနေသော ဆရာအားလုံးသည် ဆရာချောင်ရုံက ရှုကျိုးအား မည်ကဲ့သို့ ရှင်းပြမလဲဆိုသည်ကို သိချင်နေကြသည်။

All Chapters